သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား


တိုင်းရင်းသားပါတီတွေ အနေနဲ့ ပြည်နယ် လွှတ်တော်တွေမှာ နေရာအတော်များများရဖို့ မျှော်လင့်ပေမဲ့ ပြည်နယ် လွှတ်တော်တွေဟာ တကယ်တော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ဖွံဖြိုးတိုးတက်မှုတွေကို အပြည့်အ၀ အာမခံပေးနိုင်မှု မရှိဘူးလို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ တိုင်းရင်းသားပါတီတချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက အပြည့်စုံ တင်ပြထားပါတယ်။

ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်နဲ့ ချင်းပြည်နယ်တွေက ပြည်နယ်လွှတ်တော်တွေမှာ ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ နေရာအတော်များများ ရနိုင်တယ်လို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ သုံးသပ်နေပါတယ်။

တိုင်းရင်းသား ပါတီတွေကို ဆက်သွယ် မေးမြန်းကြည့်တော့ ဒီအခြေအနေကို သူတို့ မျှော်လင့်ကြပေမဲ့ တကယ်တမ်း ဒေသခံ တိုင်းရင်းသားတွေရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေအတွက်ဆိုရင်တော့ ဒီ ပြည်နယ်လွှတ်တော်တွေက အာမခံ မပေးနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်တော့ တိုင်းရင်းသား ရပိုင်ခွင့်တွေအတွက် လက်ရှိ ဖွဲ့ည်းပုံကို ပြင်ဆင်နိုင်ဖို့ ဆိုတာကလည်း ပြည်ထောင်စုလွှတ်တော်တွင်းမှာ ဒီမိုကရက်တစ် အများစု နေရာရဖို့ လိုနေပါတယ်။ ဒီ ပြည်ထောင်စုလွှတ်တော်ကနေ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်နယ်လွှတ်တော်ဖက်ကို မျှဝေဖို့ လိုအပ်နေတယ်လို့ ရခိုင်အမျိုးသား ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသား တခြား ပါတီတွေ၊ ပြည်မထဲက ဒီမိုကရေစီကို အားပေးတဲ့ပါတီတွေနဲ့ ပူးပေါင်းပြီး ဥပဒေပြုခွင့်တွေဘာတွေ ပြန်လုပ်ပေးရမှာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျနော်တို့ ဥပဒေပြုခွင့်က တိုင်းဒေသ ၈ ခုကိုပဲ ပေးခဲ့တာကိုး။ ပြည်ထောင်စုလွှတ်တော်မှာတော့ အများကြီး ပေးထားတယ်လေ။ အဲဒီတော့ လက်ရှိပေးထားတဲ့ ပြည်နယ်တိုင်း ဒေသတွေကိုပေးတဲ့ ဥပဒေပြုခွင့် ၈ ခုနဲ့ လက်ရှိ အခြေအနေတိုင်း ဖွံ့ဖြိုးဖို့ မလုံလောက်ဘူးလို့ပဲ ကျနော်တို့က သုံးသပ်တာကိုး။ ဆိုတော့ ပြည်ထောင်စုအစိုးရ ဆိုတာက ပံ့ပိုပေးရမယ့်ဟာပဲ ရှိတယ်။ ပြည်ထောင်စုအစိုးရရဲ့ ရပိုင်ခွင့်ရှိတယ်လေ။ ဆိုပါစို့၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ပတ်သက်လို့ရှိရင် ပေးထားတဲ့ဟာတွေက နည်းတာကိုး။ ပြည်ထောင်စုအစိုးရဆီက ယူထားတဲ့ဥစ္စာတွေကို အခြေအနေအတိုင်း မျှပေးနိုင်အောင် ကျနော်တို့က တွန်းအားပေးရမယ့်သဘော။”

ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ အနေနဲ့ အခုလို ဖွဲ့စည်းပုံပြင်ရေးကို လိုလားပေမဲ့ အခု ခန့်မှန်းရတဲ့ အခြေအနေအရ ဆိုရင်တော့ ဒီ ၅ နှစ်သက်တမ်း အတွင်းမှာတော့ လုပ်နိုင်ချေမရှိဘူးလို့ ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီက စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ ပြင်ချင်တဲ့ဟာတွေလည်း ရှိတာပဲလေ။ ကျနော်တို့ အနေအထားနဲ့တော့ အခုလောလောဆယ် ဒီမိုကရေစီအင်အားစုက အခုကျနော် ပေါင်းကြည့်တာ။ စုစုပေါင်းက နေရပ်က ၁,၀၀၀ ကျော်ဗျာ။ အခုဝင်ပြိုင်နိုင်တာက ၆၀၀ ကျော်ပဲလေ။ သိပ်အပြည့်မပြိုင်နိုင်ဘူးလေ။ ကျနော် ထင်တာပေါ့နော် ဒီ ၅ နှစ်သက်တမ်းမှာတော့ ဒီအခြေခံဥပဒေကို ချက်ချင်းပြင်ဖို့ဆိုတာ မလွယ်နိုင်သေးဘူးထင်တယ်။”

အခုလို နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်ရေး ဖြစ်လာနိုင်မယ့် ယူဆပေမဲ့ တကယ်တမ်း စစ်တပ်က လေးပုံတပုံရှိပြီး၊ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက အားကောင်းနေတဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်နိုင်ရေးက လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ သံသယတော့ ဖြစ်စရာပါ။ စိုင်းအိုက်ပေါင်း ကတော့ အကောင်းမြင်ပါတယ်။

“ခောတ်မမှီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ တိုင်းပြည်ကောင်းဖို့အတွက် ဥပဒေအသစ်တွေ ပြဌာန်းဖို့ဆိုတာ ကျနော်ထင်တာ အားလုံးကတော့ ဆန္ဒတူညီမယ်လို့ ထင်တယ်လေ။ စစ်တပ်ကလည်း သူတို့လည်း မြင်လာမှာပဲလေ။ လွှတ်တော်ထဲရောက်သွားပြီဆိုရင် ကျနော်ထင်တာ နိုင်ငံသားတိုင်းမှာ ဆန္ဒရှိမှာပဲ ထင်တယ်ဗျ။ အဲဒီတော့ ခေတ်မမှီတော့တဲ့ဟာတွေ အများရဲ့ ဆန္ဒဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓါတ်တော့ ပေါ်လာမယ်ထင်တယ်။ အခုဟာက တယောက်နဲ့တယောက် မခင်မင်၊ အမြင်ချင်းမဖလှယ်ရသေးတော့ ပြောရတာခက်သေးတာပေါ့နော်။ အမြင်ချင်း ဖလှယ်လိုက်ရင် ပိုပြီးတော့ သဘောပေါက်လာမယ်။ ညှိနှိုင်းလို့လွယ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ။”

လက်ရှိ ၂၀၀၈ ဥပဒေအရ ဆိုရင် ပြည်နယ်လွှွတ်တော်ရဲ့ ဥပဒေပြု လုပ်ပိုင်ခွင့်တွေထဲမှာ အသေးစား ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေလောက်သာ ထည့်ထားပြီး ပြည်နယ်နဲ့ပတ်သက်လို့ စီမံခန့်ခွဲခွင့်၊ ပြည်နယ်တွင်းက အရင်းအမြစ်တွေကိုတောင် အပြည့်အ၀ စီမံခန့်ခွဲနိုင်ခွင့်တွေ ဘာမှပေးမထားဘူးလို့ သိရပါတယ်။

XS
SM
MD
LG