သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ဖွံ့မှတပါး ပါတီများ စည်းရုံးရေး ခက်


ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင် စာရင်း တင်သွင်းဖို့ ကော်မရှင်က ပါတီတွေကို သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက် မှတ်ပုံတင်ရရှိပြီး နိုင်ငံရေးပါတီအချို့ ပါတီဝင်စုဆောင်းဖို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကော်မရှင်က တိကျတဲ့ ပါတီစည်းရုံးရေးကာလ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးခြင်း မရှိတာကြောင့် စည်းရုံးရေးလုပ်နေတဲ့ ပါတီတွေ အခက်အခဲတချို့ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတခုလုံး ကိုယ်စားပြုမယ့် ပါတီတွေဆိုရင် ပါတီဝင်အင်အား ၁,၀၀၀ စာရင်းတင်ဖို့ ကော်မရှင်က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့တာကြောင့်၊ သတ်မှတ်စာရင်း မတင်နိုင်ရင် ပါတီရပ်တည်ခွင့် ထိခိုက်မှာဖြစ်ပါတယ်။ ဒါကြောင့်လဲ မှတ်ပုံတင်ရပြီးတဲ့ နိုင်ငံရေးပါတီတွေဟာ မြို့နယ်ရုံးခန်းတွေကို ဖွင့်ဖို့၊ ပါတီဆိုင်းဘုတ် ထောင်ဖို့နဲ့ အခြား လူထုစည်းရုံးရေး လုပ်ငန်းတွေ စတင်လုပ်နေကြပါတယ်။ ပြည်ထောင်စု ကော်မရှင်၊ ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင် စသဖြင့် ကော်မရှင်အဆင့်ဆင့်မှာ နယ်ရုံးတွေဖွင့်ဖို့ ဘယ်လို အကြောင်းကြားရမလဲ၊ စည်းရုံးရေး အတွက် လူထုစုဝေးပွဲတွေ ဘယ်လိုလုပ်ရမလဲ စသဖြင့် ကော်မရှင်စည်းမျဉ်းတွေ တိတိကျကျ မရှိသေးပါဘူး။ ဒီ့အတွက် စည်းရုံးရေးလုပ်ငန်းတွေ ကြံ့ကြာမှုတွေ ကြုံရတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်း ကပြောပါတယ်။

“အခုကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီဆိုင်းဘုတ်တင်ဖို့ ကိစ္စတောင် လုပ်ထုံးလုပ်နည်း ဘာမှမရှိသေးဘူး။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို ၁ ရက်နေ့မှာ ဆိုင်းဘုတ်တင်မယ်ဆိုပြီး ကျနော်တို့ ကြိုးစားတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲဒီအတွက် ကျနော်တို့က ၅ ရက်နေ့ကို ရွှေ့လိုက်ရတယ်။ မနက်ဖြန်ပေါ့။ ကျနော်တို့ ဆိုင်းဘုတ်တင်မယ်။ ဆိုင်းဘုတ်တင်ပြီးမှ ကျနော်တို့ စည်းရုံးရေး ခရီးစဉ်တွေကို လုပ်ရမှာပေါ့ဗျာ။ စည်းရုံးရေး ခရီးစဉ်တွေ လုပ်တဲ့အချိန်မှာလဲ ကျနော်တို့ကို မြို့နယ်ကော်မရှင်က ဘာတွေလုပ်မယ် ဆိုတာကို ကျနော်တို့ကို ကြိုပြောဖို့တို့ ဘာတို့တော့ ပြောထားတယ်။ ဒါပေမဲ့ ဘယ်လိုအဆင့်တွေကို ဘယ်လိုလုပ်ရမယ်၊ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိလဲ ဆိုတာတော့ တိတိကျကျ ဘာမှမရှိသေးဘူး။”

နယ်လူထုဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးတာ၊ နိုင်ငံတော် ဒါမှမဟုတ် ကော်မရှင်က ပါတီစည်းရုံးရေးတွေကို တိတိကျကျ ကြေညာပေးတာ မရှိတာကြောင့် လူစုဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ စည်းရုံးရေးပွဲတွေမှာလည်း အာဏာပိုင်တွေက စောင့်ကြည့်တာကြောင့် နယ်ခံတွေမှာ လာရောက်ဖို့ တွန့်ဆုတ်နေကြတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ထောက်လှန်းရေးတွေက ရောက်တာပေါ့။ နေရာတကာမှာ သူတို့ကလဲ သတင်းယူဖို့ ရောက်တာပေါ့။ သူတို့ကို တွေ့တဲ့အခါကျတော့ ပရိသတ်က နည်းနည်း စိုးရိမ်တာပေါ့။ ကြောက်တာပေါ့၊ အဲဒါလေးပါ။ သူတို့ကတော့လဲ ဘာမှမဟုတ်ဘူး။ သတင်းယူချင်လို့ လာတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့အတွက် အခက်အခဲ နည်နည်းတွေ့တာပေါ့။”

အခုလို ရက် ၉၀ အတွင်း သတ်မှတ်ပါတီ စုစောင်းတင်ပြရမယ်ဆိုတဲ့ ကော်မရှင်အမိန့်နဲ့အတူ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်နိုင်အောင်လို့လဲ ကော်မရှင်ဘက်က ရှင်းရှင်းလင်းလင်း လုပ်ပေးသင့်တယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“သူတို့က ဘာပြောလဲဆိုတော့ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင် မစုစည်းနိုင်ဘဲ၊ ဥပမာ - ၅၀၀ စုစည်းရမယ့်ပါတီက ၅၀၀ စုစည်းရမယ်။ ၁,၀၀၀ စုစည်းရမယ့်ပါတီက ၁,၀၀၀ စုစည်းရမယ်ပေါ့။ ဒါတွေကို မစုစည်းနိုင်ဘူးဆိုရင် ဖျက်သိမ်းပစ်မယ်လို့ သူတို့က ဆိုတဲ့အတွက် စည်းရုံးရေးကာလက ပါတီ မှတ်ပုံတင်စရတဲ့နေ့က စပြီး စည်းရုံးရေးကာလအဖြစ် ကျနော်တို့ကတော့ သတ်မှတ်ထားတယ်။ ဒါမှသာလျင် ဒီ လူအင်အားတွေ၊ ပါတီဝင်စာရင်းတွေကို ကျနော်တို့ ပေးနိုင်မှာပေါ့။ မဟုတ်ဘူးဆိုရင် စည်းရုံးလို့မရဘဲနဲ့ ရုံးပေါ်မှာထိုင်နေပြီးတော့တော့ ကျနော်တို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။”

တဖက်မှာတော့ အစိုးရနောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ အားကောင်းကောင်းနဲ့ စည်းရုံးရေးလုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။ လုပ်ပိုင်ခွင့်နဲ့ ငွေကြေး အရှိန်အ၀ါကို အဓိက အသုံးချနေတယ်လို့ ဦးသုဝေက ပြောပါတယ်။

“ကြံ့ခိုင်ရေးကတော့ မူလကတည်းကလဲ သူတို့က ပါတီ အသင်းအဖွဲ့ကြီး အနေနဲ့ ရှိပြီးသား။ သူတို့ အသင်းအဖွဲ့အနေနဲ့ လုပ်နေတာလဲ ရှိပြီးသား။ နောက်ပြီး သူတို့က အခု ကြံ့ခိုင်ရေးပါတီ ဆိုတာက အသင်းနဲ့လဲ ဆက်နွယ်ပြီးနေတဲ့အခါကျတော့ တဆက်တည်း လုပ်နေတာပေါ့နော်။ နောက်တော့ သူတို့မှာ အာဏာရှိတယ်၊ ငွေရှိတယ် ဆိုတဲ့အခါကျတော့ သူတို့က အများကြီး လုပ်နိုင်တာပေါ့။ ကျနော်တို့ ကြားရသလောက်ဆိုရင် ဥပမာအားဖြင့် ကျေးရွာတရွာမှာဆိုလို့ရှိရင် သူတို့က ကျေးရွာမှာရှိနေတဲ့ သြဇာရှိတဲ့သူကို ပိုက်ဆံထုတ်ပေး၊ ကျန်တဲ့သူကို ငွေချေး၊ ကျန်တာကလဲ ရိုးရိုး လုပ်ရိုးလုပ်စဉ်အရလဲ လမ်းတွေ ဖောက်ပေးတယ်၊ ကလေးတွေ ကျောင်းထားပေးတယ် စသည်ဖြင့်ပေါ့ဗျာ။ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတာ။ ဒါ သူတို့ဘက်ကတော့ လုပ်နိုင်တဲ့အားရှိတယ်။”

အဲန်ကယ်လ်တို့ အခြေအနေမှာရော။ -

“ကျနော်တို့က အဲဒီလို လုပ်နိုင်တဲ့အား မရှိဘူးလေ။ အစိုးရ လုပ်သလိုပေါ့နော်။ သူတို့က လမ်းဖောက်တယ်၊ ကျောင်းဆောက်တယ်ဆိုတော့ ဒါ ကျနော်တို့က ဘယ်လုပ်နိုင်မလဲ။ ဒါတော့ သူတို့ကတော့ ဒီအစိုးရလုပ်တာကို သူတို့လုပ်တယ်ဆိုတဲ့ လုပ်နည်လုပ်ဟန်နဲ့ သွားတာကိုး။ ဒါမျိုးကျတော့ ကျနော်တို့ မလုပ်နိုင်ဘူးပေါ့။”

ရွေးကောက်ပွဲ ပါတီတွေ ထူထောင်ခွင့် ပေးစဉ်တုန်းကတော့ ပါတီစည်းရုံးရေးကာလ ၃ လ ခွင့်ပြုပေးမယ်လို့ အာဏာပိုင်တွေဘက်က ပြောတာဆိုတာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ၃ လ ဆိုတာ စောင့်မယ်ဆိုရင် သတ်မှတ်ပါတီဝင်ဝင် အင်အား စုစည်းနိုင်ဖို့ ခက်ခဲမယ်လို့ နိုင်ငံရေးပါတီအချို့က ယူဆကြပါတယ်။ ဒါကြောင့်မို့ ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရှိပြီလို့ သူတို့အနေနဲ့ မှတ်ယူကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။

XS
SM
MD
LG