သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အခြေအနေ၊ ရာသီဥတု


မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အခြေအနေ၊ ရာသီဥတု
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အခြေအနေ၊ ရာသီဥတု

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးစံမိုးဝေ က မြန်မာအစိုးရအကျဉ်းစခန်းများမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများအရေး၊ တိုင်းရင်းသားအင်အားစုများနဲ့ အပစ်ရပ်ကြိုးပမ်းလုပ်ဆောင်မှု နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲ၊ နိုင်ငံတကာရဲ့ တုံ့ပြန်လုပ်ဆောင်မှုများကို ဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ (၁၃) ရက်နေ့က မြန်မာအစိုးရက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ (၃၀၀) ကျော်ကို သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစုတစည်းတည်း ပြန်လည်လွတ်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အကဲခတ်နေသူတွေကို အံ့သြသင့်သွားစေခဲ့တယ်လို့ နိုင်ငံတကာ မီဒီယာတွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။ အမေရိကန်သမ္မတ Barrack Obama ကလည်း အဲဒီလို ဖြစ်ပေါ်တိုးတက်မှုကို ကြိုဆိုတဲ့အကြောင်း ချက်ချင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီကနေ့ လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေအကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကို ကျနော် ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးနိုင်အောင် ။ ။ အခု ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါကြတော့ အရင် စစ်အစိုးရအတိုင်း မဟုတ်ဘဲ စစ်ဥပဒေ၊ စစ်အမိန့်နဲ့ မဟုတ်ဘဲ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲလာတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်မြင်တာကတော့ ဒီအပြောင်းအလဲတွေက အပြောင်းအလဲတခုကို သေချာနိုင်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့တော့ လိုသေးတယ်။ ဒီထက်ပိုပြီး လက္ခဏာတွေ၊ ရာသီဥတုတွေ ပိုရှိလာဖို့ လိုပါတယ်။ နောက်ပြီးတော့ မနေ့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတာ အခုတခေါက် လွှတ်ပေးတာက အရေးကြီးတဲ့ လွှတ်ပေးမှုပေါ့။ ဒါပေမဲ့ တော်တော်များများ ကျန်သေးတယ်။ AAPP စာရင်းအရဆိုရင် ၁၀၀၀ လောက် ကျန်သေးတယ်။ ခြောက်ရာလောက်ကို confirm လုပ်လို့ရတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတို့၊ မီဒီယာလွတ်လပ်ခွင့် ပေးတယ်ဆိုတာကလည်း ကျနော်အမြင်အရ ပြောရရင် အမှားပြင်နေတယ်ဟာ။ အပြောင်းအလဲထက် အမှားကို ပြင်နေတဲ့အရာ။ နဂိုတည်းကမှ မရှိသင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာက အပြောင်းအလဲထက် အမှားပြင်တယ်လို့ ထင်တယ်။ မီဒီယာတွေကို လွတ်လပ်ခွင့်ပေးတာကလည်း အမှားပြင်တယ်လို့ ထင်တယ်။ NLD ပါတီနဲ့ တိုးတက်လာတာကလည်း လုပ်ရမယ့်ကိစ္စ။ ဒီမိုကရေစီထဲမှာ ကျင့်သုံးသည်ဆိုမှ နိုင်ငံရေးပါတီတွေ လက်ခံရမယ်။ ဆက်ဆံပြောဆိုရမယ်။ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးရမယ်။ အဲဒီလိုဟာမျိုးလေးတွေကို လုပ်လာတယ်လို့ပဲ ကျနော်က မြင်ပါတယ်။ အခုရှိနေတဲ့ အစိုးရကတော့ အဲဒီလိုဟာမျိုးလေးတွေကိုမှ နိုင်ငံရေးဆန်ဆန် လုပ်လာတာတွေတော့ရှိတယ်။

ဦးစံမိုးဝေ ။ ။ အခုနောက်ဆုံး မျှော်လင့်မထားဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာဟာ breakthrough ကြီးမားတဲ့အဆင့်ကြီးတခုကို ကျော်ဖြတ်လိုက်တယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီ အယူအဆကို လက်ခံပါသလား။

ဦးနိုင်အောင် ။ ။ ကျနော်အမြင်ကတော့ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဒါက အရေးကြီးတဲ့ လုပ်ဆောင်ချက်တခုလို့ မြင်ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ဒါပေမဲ့လို့ တကယ်ကိုပဲ အဲဒီဘက်က ပြောနေကြသလို၊ တကယ်ကိုပဲ နောက်ပြန်မလှည့်နိုင်တဲ့ စစ်မှန်တဲ့ ပြောင်းလဲရေးတွေ လုပ်ဖို့ကတော့ လိုနေသေးတယ်။ အထူးသဖြင့် ကျနော်ပြောချင်တာက ဘာလဲဆိုတော့ ကျနော်တို့ တနေ့ ကြိုပမ်းသင့်တာက သက်ဆိုင်တဲ့လူတွေအားလုံး ပါဝင်နိုင်တဲ့ ဗမာပြည်ကို ရှေ့ ၂၀၁၅ မတိုင်ခင် ဘယ်လိုသွားမလဲ။ ၂၀၁၅ ပြီးရင် ဘယ်လိုသွားမလဲဆိုတဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့ အစီအစဉ်ကို ကျနော်တို့ ထိုင်ပြီးဆွေးနွေးကြဖို့ လိုမယ်။ အဲဒါမှပဲ အဲဒီလို အခြေခံနဲ့ ဆွေးနွေးမှသာလျှင် တည်ငြိမ်တဲ့ ငြိမ်းချမ်းမှုကို ရောက်မယ်။ အားလုံးက ယုံယုံကြည်ကြည်နဲ့ နောက်ကျောလုံလုံနဲ့ မစိုးရိမ်ရဘဲနဲ့ ပျော်ပျော်ရွှင်ရွင် သွားနိုင်တဲ့ လမ်းကြောင်းကိုရောက်မယ်လို့ ထင်တယ်။ အဲဒီဥစ္စာကို ပေါ်ထွန်းဖို့ အရေးကြီးနေတယ်။ အဲဒါကို အားလုံးက ဝိုင်းပြီးကြိုးစားဖို့ အရေးကြီးနေတယ်။ ဦးသိန်းစိန် အစိုးရကလည်း ဒါကိုလုပ်မယ်။ တကယ်ကိုပဲ တိုင်းပြည်ကို ငြိမ်းချမ်းအောင် တိုးတက်အောင် လုပ်ချင်တယ်ဆိုရင်တော့ အဲဒါကို အလျင်အမြန် လုပ်ဆောင်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း ချင်း။ ပြီးတော့ ရှမ်းပြည်တောင်ပိုင်း (SSA-South) အစရှိတဲ့အဖွဲ့တွေနဲ့ အပစ်ရပ်သဘောတူညီမှုတွေ ရသွားခဲ့ပြီ။ အဲဒီဖြစ်စဉ်တွေပေါ် ဘယ်လိုသဘောရပါသလဲ။

ဦးနိုင်အောင် ။ ။ အဲဒီ အပစ်အခတ်ရပ်စဲရေး ရည်ရွယ်ချက်က ဘာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အပစ်အခတ်ရပ်စဲတာက ငြိမ်းချမ်းသွားတာလို့ ပြောလို့မရဘူး။ အပစ်ရပ်ရုံပဲ ရှိနေသေးတာ။ တကယ် ငြိမ်းချမ်းတယ်ဆိုတာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေအားလုံး ရသင့်ရထိုက်နေတဲ့ တန်တူရေး။ ကျနော် အမြဲတမ်းပြောတာ ရှိပါတယ်။ အခု ဖြစ်ခဲ့တဲ့ စစ်ရေးမှာ တတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲ ရှိရုံနဲ့ ကျနော်တို့ ညီအကို တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ တန်တူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အာဏာခွဲဝေမှု အဲဒါကို ဘယ်လောက်ထိ ဆွေးနွေးခွင့်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးမှ အောင်မြင်မယ်။ နောက်တခုက တယောက်ကို လက်မှတ်ထိုးနေတယ်။ နောက်တယောက်ကို တိုက်နေတယ်ဆိုတဲ့ဟာမျိုးကလည်း တကယ်တမ်း ပြန်လည်သင့်မြတ်ချင်တဲ့ စိတ်ရှိတယ်ဆိုရင် မလုပ်သင့်မလုပ်ကောင်းတဲ့ဟာ။ ဆိုတော့ ဒီတိုင်းရင်းသားတွေအားလုံး၊ လက်နက်ကိုင်တွေ ကျန်နေတဲ့အဖွဲ့တွေအားလုံး တပြိုင်တည်း ညှိပြီးတော့ တပြိုင်တည်းအတူတူ လက်မှတ်ထိုးတော့ကော ပိုပြီးမကောင်းဘူးလား။ ညီအကိုစိတ် ပိုမရှိဘူးလား။ မိသားစုစိတ် ပိုမရှိဘူးလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ တိုင်းရင်းသားအရေး၊ အကျဉ်းသားအရေး။ ပြီးတော့ အခုဆိုရင် နောက်လာမယ့်အဆင့် အရေးကြီးဆုံးကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိစ္စ ဖြစ်လာပြီလို့ ပြောဆိုလာကြပါပြီ။ အဲဒီအပေါ်မှာ ဘယ်လိုသဘောရပါသလဲ။

ဦးနိုင်အောင် ။ ။ ကျနော်တို့ တောက်လျှောက်ပြောတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးကို ကျနော်တို့ လက်ကိုမခံခဲ့တာ။ ဒါကြီးက အတင်းအကြပ်ရေးခဲ့တာ။ ဒီမိုကရေစီ အနှစ်သာရ မဟုတ်တဲ့ စံတွေလည်း အများကြီးပြင်ရမှာတွေ၊ ထည့်ရမှာတွေ ရှိတယ်။ ဆိုတော့ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေ ပြင်ရမှာပဲ။ ဒါပေမဲ့ အစိုးရဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပြောနေတာက လွှတ်တော်ထဲမှာ ပြင်လို့ရပါတယ်။ ဒါကလည်း ၂၀၁၀ ရွေးကောက်ပွဲကြီးက အားလုံးသိတဲ့အတိုင်းပဲ မဲလိမ်မဲညာတွေနဲ့ တက်လာတဲ့ အစိုးရ ဖြစ်တဲ့အခါကြတော့ စစ်မှန်တဲ့ ပြည်သူ့အသံ မဟုတ်ဘူး။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြောင်းလဲမှုတွေ။ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ အခြေခံတွေ ရှိနိုင်မယ့် ဖွဲ့စည်းပုံလိုမျိုး ခန့်ခန့်ညားညားနဲ့ လေးစားလောက်တဲ့ဟာမျိုးတွေ ဖြစ်လာအောင် လုပ်ဖို့လိုတယ်။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး။ အစိုးရဘက်က ပြောနေတဲ့ စကားအရ တတိယအဆင့်။ အဲဒါကို ကျနော်တို့က သေသေချာချာ ခိုင်ခိုင်မာမာ လုပ်ဆောင်နိုင်မှသာလျှင် ၂၀၁၅ နဲ့ ၂၀၁၅ အလွန်။ သားသမီးမျိုးဆက်တွေအတွက် ကောင်းမယ့် အခြေခံတွေ ချနိုင်မယ်လို့ ကျနော်ထင်တယ်။

ဦးစံမိုးဝေ ။ ။ အန်အယ်လ်ဒီ ပါတီဟာ တရားဝင်နိုင်ငံရေးပါတီ ဖြစ်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြီးယှဉ်ပြိုင်ပါတော့မယ်။ အဓိက အတိုက်အခံပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲကို ရောက်လာပြီဆိုလို့ရှိရင် လွှတ်တော်ထဲကနေ အပြောင်းအလဲတွေဖြစ်အောင် လုပ်လာနိုင်လိမ့်မယ်လို့ မထင်ဘူးလား။

ဦးနိုင်အောင် ။ ။ ကျနော်တို့ ခဏခဏ ပြောတာရှိပါတယ်။ ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်အနေနဲ့လည်း ပြန်လည်ပြီးတော့မှ လိုက်လျောမှု၊ ပူးပေါင်းပြတဲ့အနေနဲ့ ရွေးကောက်ပွဲမှာဝင်ပြီး ပူးပေါင်းပေးတယ်ဆိုတဲ့ သဘောမျိုးလို့ နားလည်းထားတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံး ရင်ထဲမှာ သိနေကြတာကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း ပြောင်းဖို့ဆိုတာကတော့ တော်တော်လေးခက်နိုင်တယ်။ မလွယ်နိုင်ဘူး။ အများစုက ကြံ့ဖွံ့ပါတီ နဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ ပါနေတယ်ဆိုတော့။ တကယ်တမ်းတော့ လွှတ်တော်အတွင်းမှာ လုပ်နိုင်သမျှ လုပ်တယ်ဆိုပေမယ့် ဒါက နိုင်ငံရေးအရ တယောက်နဲ့တယောက် ယုံကြည်မှုရှိလာအောင် လုပ်ပေးတဲ့သဘောမျိုးလို့ပဲ ကျနော်က အဲဒီလိုမျိုးပဲ မြင်ပါတယ်။ လွှတ်တော်ပြင်ပမှာပဲ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်နဲ့ အပြောင်းအလဲလုပ်ရမယ့် အခြေခံတွေကို ညီညီညွှတ်ညွှတ် ချနိုင်ဖို့ ကြိုးစားခြင်းက ပိုပြီး အဓိကကျမယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်တခု သိချင်တာကတော့ ဒေါက်တာနိုင်အောင်ရဲ့ အမြင်ပေါ့။ အခု ပြန်လွှတ်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အခုဆိုရင် အသက်အရွယ်တွေ ကြီးလာတဲ့အပြင် နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံတွေကလည်း ရင့်ကျတ်လာခဲ့ပြီဆိုတော့ မြန်မာ့နိုင်ငံရေးမှာ သူတို့အနေနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးမျိုး ဆက်လုပ်သင့်တယ်လို့ ထင်သလား။ ဒါမှမဟုတ် ပါတီနိုင်ငံရေးအဖြစ်နဲ့ ဝင်ရောက်ပြီး လှုပ်ရှားသင့်တယ်လို့ ထင်သလား။ ဘယ်လိုများ မြင်ပါသလဲ။

ဦးနိုင်အောင် ။ ။ ကျနော်တို့ တက်ကြွလှုပ်ရှားသူများအနေနဲ့ အတွေ့အကြုံလည်း ရလာကြပြီ။ အသက်အရွယ်လည်း ရှိလာကြပြီဆိုလို့ရှိရင်တော့ အဓိကတော့ ပြောချင်တာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေးကို ဆက်လုပ်ချင်တယ် ဆိုလို့ရှိရင်တော့ ပါတီနိုင်ငံရေးကို စဉ်းစားကြရမှာပဲ။ အဲဒီလိုမျိုးပဲ တပြိုင်တည်းမှာ လွတ်လပ်တဲ့ ဒီမိုကရေစီအခြေအနေအောက်ထဲမှာ ပါတီနိုင်ငံရေးကို စိတ်သန်ပြီး လုပ်တဲ့လူတွေ ရှိသလို။ လူထုကို အခြေခံတဲ့ တခြားနိုင်ငံရေးဥစ္စာတွေလည်း အများကြီးပါ။ ဒါကတော့ ကိုယ်အားသန်ရာအားသန်ရာပေါ့။ တယောက်ချင်းဆီမှာလည်း ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက ၈၈ ခေါင်းဆောင်တွေ တော်တော်များများ လွှတ်လာကြတဲ့ဆိုတော့ အဲဒီလို အချိန်မျိုးမှာ ကြားဖြတ်ရွေးကောက်ပွဲဆိုတဲ့ အခြေအနေကြီးက ကျနော်တို့ လိုချင်နေတဲ့ နိုင်ငံရေးရာသီဥတု အခြေအနေကြီး မဟုတ်သေးဘူး။ အဲဒီတော့ ကျနော်မြင်တာကတော့ အခုနပြောတဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ ပေါ်ပေါက်အောင် ကြိုးစားရင်နဲ့ ပေါ်ပေါက်လာတဲ့ အခြေအနေကောင်းတွေ ဖြစ်လာတယ်၊ ရာသီဥတုတွေ ဖြစ်လာရင်ဆိုတော့ လူတိုင်းလူတိုင်းက ဘယ်လို ပါတီနိုင်ငံရေးကို လျှောက်ကြရမလဲဆိုတာကိုတော့ စဉ်းစားကြရမှာပဲ။ နောက်ပြီးတော့ တချို့တွေကတော့ ကိုယ် တခြားသန်တဲ့ဥစ္စာမျိုးကိုတော့ စဉ်းစားနိုင်တာပေါ့။ ကျနော်မြင်တာကတော့ ပါတီနိုင်ငံရေးလို ပြောတဲ့အခါမှာ ပါတီတွေ အများကြီး မကွဲဘဲနဲ့ တကယ်ကိုပဲ အုတ်မြစ်ကောင်းကောင်းနဲ့ ရေရှည်ရှင်သန်နိုင်တဲ့ပါတီလိုဟာမျိုးတွေကို အခြေခံကောင်းကောင်းနဲ့ တည်ဆောက်ကြရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နိုင်ငံတကာရဲ့ ပိတ်စို့အရေးယူမှုတွေမှာ တိုင်းရင်းသားအရေး၊ နိုင်ငံသားအရေး။ ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ရေးစတဲ့ အချက်အလက်တွေနဲ့ ချိတ်ဆက်ထားတာဆိုတော့ အခုလက်ရှိ ပြောင်းလဲဖြစ်ပေါ်နေမှုနေကြောင့် အရေးယူပိတ်စို့နေမှုတွေအားလုံး ပြန်ပြီးရုတ်သိမ်းသွားသင့်ပြီလို့ ယူဆပါသလား။

ဦးနိုင်အောင် ။ ။ သူတို့ ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေ တောင်းဆိုချက်တွေရှိတယ်။ အဲဒါတွေ အစဖြစ်နေတာတွေ ရှိနေပြီ။ ဒါပေမဲ့ အကုန်အစင် မဟုတ်သေးဘူး။ ဒါပေမဲ့လည်း တဖတ်ကလည်း ဒါတွေကို စပြောင်းလဲနေတယ်၊ လုပ်ဆောင်ပေးနေတယ်အပေါ်မှာ နိုင်ငံတကာကလည်း အသိအမှတ်ပြုမှုလည်း ရှိရမယ်။ နောက်ပြီးတော့မှ ပိုတဲ့ရင်းနှီးတဲ့သဘောနဲ့ အပြုသဘောမျိုး တုံ့ပြန်တာတွေတော့ လုပ်ဖို့လိုတယ်။ အဲဒီတော့ သံတမန် ဆက်ဆံတာနဲ့။ နောက် အပြောင်းအလဲကို အစိုးရအပါအဝင် အတိုက်အခံတွေအားလုံး လုပ်သွားနိုင်တဲ့ အခင်းအကျင်းမျိုး၊ ရာသီဥတုမျိုးကို နီးနီးစပ်စပ်၊ နီးနီးကပ်ကပ် ဝင်ရောက်ဖော်ဆောင်ပေးဖို့လိုတယ်။ အဲဒီအခါကြတော့ အခုနပြောတဲ့ ပိတ်စို့ထားတဲ့၊ ရုတ်သိမ်းထားတဲ့ တချို့ကိုတော့ စပြီးတုံ့ပြန်မှု ပြရမယ်။ ဒါပေမဲ့ တပြိုင်နက်တည်းမှာ ကျနော်တို့ ပြည်သူတွေ ကြောက်လန့်နေတဲ့စိတ်တွေ ပျောက်သွားတဲ့၊ ယုံကြည်မှုတွေ ရှိလာတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်မှုဘက်မှာ ကျနော်တို့က လူသားအရင်းအမြစ် အဲဒီလိုဟာမျိုးတွေ ဖြစ်လာအောင် လုပ်ပေးနိုင်ရင် ပိုပြီးကောင်းမယ်။ နောက်တခုက အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အခါကြတော့ နှစ်ပေါင်းများစွာလည်း နေခဲ့ကြတော့ သူတို့တွေ ဘဝပြန်လည်ထူထောင်ရေးတွေ။ တကယ်လို့များ အပစ်အခတ်ရပ်စဲတေရေးတွေ ပြီးသွားလို့ ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လို့လည်း မရသေးတဲ့ အခြေအနေမှာ သူတို့တွေရဲ့ ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက်ကို စဉ်းစားပံ့ပိုးပေးတဲ့ဟာမျိုးတွေ အဲဒီလိုဟာမျိုးတွေလည်း စဉ်းစားသင့်တယ်လို့ ကျနော်မြင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်တခု သိချင်တာက အခုလို အခင်းအကျင်းမှာ ပြည်ပမှာ အခြေစိုက်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဘာတွေများ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဦးနိုင်အောင် ။ ။ ကျနော်တို့ကတော့ အခုလောလောဆယ်မှာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကို ပြောနေမယ်၊ တိုက်တွန်းနေမယ်။ နောက်ပြီးတော့ အဲဒီလို တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နေဖို့ ပြည်သူလူထုကနေ တိုက်တွန်းတဲ့ဟာမျိုးတွေဖြစ်အောင် ကျနော်တို့က နားလည်းမှုရအောင် နှိုးဆော်မယ်။ တိုက်တွန်းမယ်။ ပြည်သူဆန္ဒတွေ ဖော်ထုတ်တဲ့ဟာမျိုးတွေ ကျနော်တို့ ပန်ကြားနေမှာ ဖြစ်ပါတယ်။ ကျနော်တို့ အထဲထဲမှာ ရှိနေတဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အထဲထဲမှာ ရှိနေတဲ့ အင်အားစုတွေက သူတို့ကိုယ်တိုင်ကနေ တောင်းဆိုလို့၊ ဖန်တီးလို့ မရတဲ့ကိစ္စမျိုးတွေ ရှိလာတယ်ဆိုလို့ရှိရင်လည်း အဲဒီကိစ္စမျိုးတွေကိုလည်း ကျနော်တို့က ဆက်ပြီး ကူညီနေမယ်။ နောက်တခုက နိုင်ငံတကာကိုလည်း ဖြစ်နေတဲ့ အခြေအနေမှန်တွေ - အပေါ်ပိုင်း ခေါင်းဆောင်တွေကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ စဖြစ်နေတာရှိတယ်။ တိုင်းရင်းသားတွေနဲ့ ပြောဆိုနေတာရှိတယ်။ ဒါပေမဲ့ တကယ့် ပြည်သူလူထုရဲ့ အခြေအနေမှန်က ဘာလဲ။ ဘယ်လိုဖြစ်နေသလဲဆိုတာကို မမေ့မလျော့သွားအောင်။ အမှန်တွေ မြင်နေအောင် ကျနော်တို့ ဆက်ပြောသွားမှာရှိမယ်။ နောက်တခုက နိုင်ငံတကာကို ကျနော်တို့ ဆက်တင်ပြမှာက အခု ရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ ကြံ့ဖွံ့ပါတီအပါအဝင်။ နောက်ပြီးတော့ အပြောင်းအလဲကို ဒီမိုကရေစီရအောင် လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံတော် ယန္တယားထဲမှာ ရှိနေတယ့် ဝန်ထမ်းတွေအားလုံးက ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေနဲ့အညီ စောင့်ရွက်သွားနိုင်တဲ့ အရည်အသွေး မြှင့်တဲ့ကိစ္စမျိုးတွေကို လုပ်ဖို့အတွက် အကြံပြုတာတွေရှိမယ်။ ဝိုင်းပြီးနည်းလမ်း ရှာပေးမယ် အစရှိသဖြင့်ပေါ့။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာမယ်ဆိုရင်လည်း အဲဒီ တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း ကျနော်တို့ကိုယ်တိုင်လည်း ပါဝင်နိုင်အောင် ကြိုးစားမယ်။ အဲဒီလို ပါဝင်နိုင်မှုကနေတဆင့် ကျနော်တို့အားလုံး ဗမာပြည်ကိုပြန်လိုတဲ့ နိုင်ငံရေးကို ဆက်လျက်ဆောင်ရွက်လိုသူတွေအားလုံး ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်ပြီး နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်အောင် ဆက်ကြိုးစားသွားပါမယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာနိုင်အောင် ဟာ အစောပိုင်းကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG