သုံးရလွယ်ကူစေသည့် Link များ

ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲမယ့် လယ်သမားအကျိုးဆောင် လှုပ်ရှားမှု

  • ဦးစံမိုးဝေ

ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲမယ့် လယ်သမားအကျိုးဆောင် လှုပ်ရှားမှု

ဦးစံမိုးဝေ ။ ။ အမျိုးသားလွှတ်တော်ရဲ့  အမတ်တဦးလည်းဖြစ်၊ ချမ်းသားကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ဦးခင်ရွှေရဲ့  ဇေကမ္ဘာကုမ္မဏီ က မင်္ဂလာဒုံမြို့ နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေ (၈၀၀) ကျော်ကို မတန်တဆဈေးနဲ့ လျော်ကြေးပေး သိမ်းယူခဲ့ပြီးနောက် လယ်သမားတွေကို ခြိမ်းခြောက်မောင်းထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေပါတယ်။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားအများစုဟာ မွန်တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို မကျေနပ်ကြတဲ့အတွက် လယ်သမားတွေက ဦးခင်ရွှေ နဲ့ ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲတော့မယ်လို့ သတင်းရပါတယ်။ လျော်ကြေးပေးတုန်းက ယူခဲ့ကြပြီး၊ အခုဘာကြောင့် တရားစွဲကြသလဲလို့ လယ်သမားတွေဘက်ကနေ ကိုယ်စားလှယ်လုပ်ပြီး တရားစွဲဆို ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးနေမျိုးဝေ ။ ။ ဒီလိုဗျာ လျော်ကြေးပဲခေါ်ခေါ်၊ သဒ္ဒါကြေးပဲခေါ်ခေါ်၊ ကရုဏာကြေးပေးခေါ်ခေါ် ကြိုက်သလိုခေါ် သေချာတာက ကျနော် ဒီမှာပြောချင်တာက အဓိကပြောချင်တာက ကျနော်တို့ တောင်သူလယ်သမားတွေ၊ အဲဒီ ရွာသားတွေက ဇေကမ္ဘာကြီးကို ကရုဏာကြေး ပေးပါလို့ သွားတောင်းတာလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်မလုပ်ချင်တော့ပါဘူးလို့ သွားပြောတာလည်း မဟုတ်ဘူး။ ရွာထဲမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေရင်းထိုင်ရင်းနဲ့ လယ်ယာလုပ်ငန်းကို လုပ်စားနေရင်းနဲ့ အဲဒီတုန်းကတော့ ရဝတ အဖွဲ့ဝင် ဦးဘိုးကြီး က တကြိမ်ခေါ်တယ်။ ဘယ်ကိုခေါ်လဲဆိုတော့ ဓမ္မဝိဟာရ ဓမ္မရုံကို ခေါ်တယ်။ လယ်သမားတွေကို စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတုန်း လယ်သမားတွေက မထိုးကြဘူး။ နောက်တကြိမ်ခေါ်တယ်။ ဘယ်သူမှ မသွားကြတော့ဘူး။ အဲဒီတော့ သူ့ဆီက ကရုဏာကြေးလည်း လိုချင်တယ့် လူတွေ မဟုတ်ဘူး။ လျော်ကြေးလည်း လိုချင်ကြတဲ့လူတွေ မဟုတ်ဘူး။ သူ့ကို မြေရောင်းချင်ကြတဲ့ လူတွေလည်း မဟုတ်ဘူး။ နိုင်ငံတော်က သိမ်းတာလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူတို့က ပေးတယ်လို့ပြောတော့ ပေးတယ် ဟုတ်တယ် ယူတယ်။

ဦးစံမိုးဝေ ။ ။ အဲဒီ မြေနေရာတွေက မစိုက်ပျိုးဘဲထားတဲ့ မြေလွတ်မြေရိုင်းတွေ မဟုတ်ဘူးပေါ့။

ဦးနေမျိုးဝေ ။ ။ ဘဏ်စာအုပ်တွေ၊ သီးစားပေးထားတဲ့ ပြေစာ စာရွက်လေးတွေ ရှိတယ်။ အဲဒါတွေ ဘဏ်ချေးငွေစာအုပ်တွေ အကုန်ရှိတော့ ဘယ်လိုလို့ မြေလွတ်မြေရိုင်း ဖြစ်မလဲ။ အဲဒါတွေက လယ်သမားတွေဆီမှာ အဟောင်းတွေ ရှိသေးတယ်။ သီးစားကို ရုတ်ပြစ်လိုက်တာ ၂၀၁၁ ကြမှ ရုတ်ပြစ်လိုက်တာ။ ဒါပေမဲ့ ၂၀၁၀ ဟိုဘက်ကဟာတွေ အကုန်လုံး သူတို့ အဟောင်းအစုတ်တွေ ရှိသေးတယ်။ ဒါက သေချာတာပေါ့။ မြေစာရင်းတို့ဘာတို့လည်း သိတာပေါ့။

ဦးစံမိုးဝေ ။ ။ ဇေကမ္ဘာကုမ္မဏီ က ပေးတဲ့ လျော်ကြေး - တစ်ဧကကို သုံးသိန်းဆိုတာ တန်ရာတန်ကြေး မဖြစ်လို့လားခင်များ။

ဦးနေမျိုးဝေ ။ ။ မဖြစ်ဘူးလေ။ တန်ရာတန်ကြေး ဆိုရင် လယ်သမားတွေက ဘယ်ပြောမလဲ။ အဲဒီနေရာမှာ အဲဒီကာလထဲက - ရန်ကုန် မင်္ဂလာဒုံဆိုတာ ကျနော်နဲ့ နီးနီးလေး။ ကျနော်နေတဲ့ နေရာကနေ မြို့ လယ်ခေါင်ပဲ။ အဲဒီနေရာတွေမှာ လယ်တဧက က သိန်း သုံးဆယ်လောက် အဲဒီကာလလောက်ကတည်းက ရှိတယ်။ အခု ကျနော်တို့နေတဲ့ ဘိုးကလေး၊ နိဒုံ တို့ဆိုရင်တောင် ရှစ်သိန်း လောက်ရှိတယ်။ အဲဒီတော့ ဒီနေရာက ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ ပေါ် ကတ္တရာလမ်းတွေနဲ့ သွားလို့ရတဲ့ နေရာတွေမှာ သိန်း သုံးဆယ်လောက် ရှိတာ။ တန်ရာတန်ကြေးဆိုရင် လယ်သမားက ဘာမှကို မပြောတော့ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း တန်ရာတန်ကြေးနဲ့ အဲဒီလို တရားမဝင် ရောင်းကြတာတွေကို သိကြတယ်။ တချို့  နေရာတွေမှာ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ လာပြောလို့ကတော့ လုံးဝ လုပ်လည်းမလုပ်ပေးဘူး။ ကူလည်းမကူညီဘူး။ သူ့ဘာသာ သူဌေး ဝယ်သွားပါစေ၊ သူတို့ ကျေနပ်လို့ လုပ်သွားခဲ့ပြီး နောက်မှ မကျေနပ်ဘူး၊ ဘာညာဆိုက ကျနော်တို့က ဘာမှ ကူညီမဆောင်ရွက်ပေးဘူး။

ဦးစံမိုးဝေ ။ ။ နေရာတွေကို သိမ်းတဲ့အချိန်တုန်းက စက်မှုဇုံ တည်ဆောက်ဖို့ဆိုပြီး သိမ်းတာလို့ လယ်သမားတွေက သိထားပြီး အခု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်တဲ့ စာနဲ့ ရှေ့ နေတွေ ရထားတဲ့ စာတွေအရ၊ ဇေကမ္ဘာကို စပါးစိုက်ပျိုးဖို့ ခွင့်ပြုထားတာ ဖြစ်တယ်။ မစိုက်ပျိုးရင် လယ်သမားတွေကို ပြန်ပြီးတော့ ပေးရမယ်လို့ ရေးထားတဲ့အကြောင်း ဦးနေမျိုးဝေ က ပြောပါတယ်။

ဦးနေမျိုးဝေ ။ ။ ရန်ကုန်တိုင်း ဒေသကြီးက ထုတ်တဲ့စာမှာ လက်ရှိ စက်မှုအပိုင်း လေး အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအနေနဲ့ သီးခြားချထားပေးထားခြင်းသာဖြစ်၍ စပါးကိုသာ စိုက်ပျိုးခွင့်ရှိကြောင်း။ လယ်စိုက်ပျိုးခွင့်မပြုပါက သီးခြားချထားပေးခြင်းကို ပြန်လည်ရုတ်သိမ်းမည် ဖြစ်ကြောင်း။ အဲဒါ တိုင်းဒေသကြီးက ထုတ်တဲ့စာ။ လယ်သမားတွေပြောတာဆို။ မွန်တွေဆို ဘာမှ မပြောတတ်ဘူး။ သူတို့ဟာသူတို့ဆို ဘာမှ လုပ်လို့မရဘူး။ နောက်တခါ သူ့ရှေ့ နေတွေ ထုတ်တဲ့စာ - ဦးကျော်ထွဋ်မြင့် နဲ့ ဦးအောင်မြင့်အေး ရေးတဲ့စာမှာ ထူးခြားတာ ပြပါမယ်။ ဘယ်လိုပါသလဲဆိုရင် - ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက လယ်သမားများအား ခွင့်ပြုသင့်ပါကြောင်း ပြန်ကြားခဲ့သည်။ သူ့စာထဲမှာပဲ တိုင်းဒေသကြီးက ဇေကမ္ဘာကို command ပေးထားတာ။ ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးခြင်းမရှိရင် လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ခွင့်ပြုပါ ဆိုတဲ့ စာတွေလည်းရှိတယ်။ ပြီးတော့ သူတို့ကိုလည်း အဆင့်ဆင့် လိမ်လည်ရယူထားတာ နံပတ် တစ် ကိစ္စ။ နံပတ် နှစ် ကိစ္စက သူ့ကို စက်မှုဇုံ လုပ်ခိုင်းထားတာ မဟုတ်ဘူး။ နံပတ် သုံး ကိစ္စက ဇေကမ္ဘာကြီးက တခါမှ အဲဒီမှာ စပါးမစိုက်ဘူး။ မစိုက်ရင် လယ်သမားတွေကို စပါးစိုက်ပျိုးခွင့် ပေးပါဆိုပြီး ညွှန်ကြားခဲ့ပြီသာ။

ဦးစံမိုးဝေ ။ ။ တကယ်တော့ စက်မှုဇုံအတွက် မဟုတ်ဘဲ၊ မြေကွက်ဖော်ပြီးတော့ ရောင်းစားဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဦးနေမျိုးဝေ ။ ။ စက်မှုဇုံဆိုရင် စက်ရုံအလုပ်ရုံ ပေါ်ရမှာပေါ့။ အခုဟာက အဲဒီမှာ အကွက်ကောက်ရိုက်ပြီး အဲဒီမှာ ဒေါ်နန်လင်းလင်းထွန်း၊ ဒေါ်ကြာမော်၊ ဦးအိုက်မောင်၊ ဦးကျော်စိန်လင်း စသဖြင့် ဦးထွန်းနိုင် အဲဒီလို နံမည် ဆိုင်ဘုတ်တွေ အများကြီးတပ်ထားတယ်။ တပ်ထားတယ်ဆိုတာ လိမ်တာဗျ။ လိမ်တာဆိုတာက မြေယာဥပဒေအဟောင်းကြောင့် ဖြစ်ရတာ။ မြေယာဥပဒေအဟောင်းက ဘာလဲဆိုတော့ လယ်မြေကို လန (၃၉) ဆိုတဲ့ အမိန့်အရ အခြားနည်း သုံးခွင့်ရှိတယ်။ လန (၃၉) ဆိုတဲ့ အမိန့်မရရင် အခြားနည်းတွေ သုံးခွင့်မရဘူး။ အဲဒီတော့ သူတို့က လန (၃၉) မကျဘဲနဲ့ အဲဒီလို မြေကွက်ဖော်ပြီး ရောင်းစားချင်ကြတဲ့အခါကြတော့ လယ်မြေပျက်အောင် သူတို့က အရင်ဖျက်ပြရတယ်။ လယ်မြေပျက်သွားပြီဆိုရင် လန (၃၉) ကို ထုတ်ပေးတဲ့အလေ့အထ ရှိတယ်။ အဲဒီလို ပုံစံမျိုးဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ လန (၃၉) ဆိုတာ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပြောတာ ဖြစ်ပါတယ်။ လယ်ယာမြေကို ဘာကြောင့် ဖျက်ရပါသလဲ။ စိုက်ပျိုးလို့ မဖြစ်တဲ့ မြေဖြစ်တဲ့အကြောင်း ထောက်ခံချက်ရအောင် ဖျက်ရတာလို့ ဆိုပါတယ်။ ဘယ်လို လုပ်ကြသလဲဆိုတာကိုလည်း ဦးနေမျိုးဝေ က အခုလို ရှင်းပြပါတယ်။

ဦးနေမျိုးဝေ ။ ။ အရမ်းချမ်းသာတဲ့ လူတွေက ရင်းတာပေါ့။ ဘယ်လို ရင်းသလဲဆိုရင် အဲဒီနေရာကို လန (၃၉) လျှောက်ဖို့အတွက်ကို ဘာလုပ်လိုက်သလဲဆိုရင် လယ်သမားတွေကို စပါးစိုက်ခိုင်းထားတယ်။ စပါးစိုက်ခွင့်လည်း ပေးထားတယ်။ ပေးထားပြီးတော့ စိုက်တဲ့စပါးကို လျော်သေးတယ်။ လယ်သမားတွေကို သုံးသိန်း သုံးတင်း ပေးတဲ့အပြင် နောက်ထပ် သုံးသိန်း ထပ်ရသေးတယ်။ ဘယ်လိုရသလဲဆိုရင် - ငါ သုံးသိန်းပေးမယ် စပါးစိုက်ထားဆိုပြီး တနှစ်စိုက်ခိုင်းထားတယ်။ စိုက်လည်းစိုက်ကော စပါးလေးတွေက ဖြစ်နေပြီ။ ဖြစ်နေတဲ့အချိန်မှာ ရေမြောင်းတွေကို ပိတ်ပြစ်လိုက်တယ်။ အဲဒီအခါ လယ်သမားတွေက သူဌေး ဘယ်လိုလုပ်တာလဲ။ ကျုပ်တို့ စပါးတွေ ဘာညာပြောရင်။ သူဌေး က မပူနဲ့ ငါက မေတ္တာရှိတဲ့ကောင်။ သိပ်ရက်စက်ကောင်။ အဲဒီစပါး တစ်ဧက စိုက်။ ဘယ်လောက်ထွက်မလဲမေးတာ။ လယ်သမားက နှစ်သိန်းခွဲ၊ သုံးသိန်းရမယ် ပြောရင်။ ငါက လေးသိန်း ပေးမယ်။ စိုက်တဲ့လူစိုက်၊ မစိုက်တဲ့လူစိုက် နဲ့ အကုန်လုံးကို ပျမ်မျှခြင်း သုံးသိန်းနဲ့လျော်တယ်။ တမင် စိုက်ခိုင်းတယ်။ တမင် ပိုက်ဆံပေးတယ်။ တမင် ရေမြောင်းပိတ်တယ်။ အဓိပ္ပါယ်က ဘာလုပ်တာလည်းဆိုရင် စပါးတွေက ရေလည်းပိတ်လိုက်ကော ညှိုးခြောက်သွားတယ်။ အဲဒီအချိန်မှာ စိုက်ပျိုးရေးက လူတွေကို ခေါ်ပြီးတော့ ဒီနေရာတွေရဲ့  မှတ်တမ်းကို တင်စမ်းပါ။ မင်းသဘောထား မှတ်ချက်ပေးဖို့ ဓါတ်ပုံရိုက်ပါ။ ဝန်ထမ်းက အဲဒီမှာ အခိုင်ဖြစ်သွားတယ်။ ဝန်ထမ်းကလည်း သူနဲ့ ပေါင်းထားတာလည်း ဖြစ်ရင်ဖြစ်မယ်။ သူက သင်ပေးတာလည်း ဖြစ်ရင်ဖြစ်မယ်။ စပါးတွေ ညှိုးနွမ်နေတဲ့ပုံ ဓါတ်ပုံရိုက်ပြီး တင်လိုက်တဲ့အခါကြတော့ လန (၃၉) ရဲ့  အထောက်အထားကို ဝန်ထမ်းကလည်း ဥပဒေဘောင်လွတ်လွတ်လေး သဲဆန်သောမြေ၊ ရေမရတဲ့မြေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ရေးတင်တယ်။ လန (၃၉) ကျမှလာလျှင် သူက အိုးအိမ်လုပ်လို့ရတယ်။ စက်မှုဇုံ လုပ်လို့ရတယ်။ အိမ်ဆောက်ပြီး ရောင်းလို့ရတယ်။ ပေးလို့ရသွားတယ်။ အဲဒီ ပုံစံမျိုးတွေ လုပ်တာ။

ဦးစံမိုးဝေ ။ ။ ဦးနေမျိုးဝေ အနေနဲ့ ဒီကိစ္စမျိုးတွေမှာ ဘာကြောင့် ဝင်ပါလာရသလဲဆိုတာကိုတော့ အခုလို ပြောပြပါတယ်။

ဦးနေမျိုးဝေ ။ ။ ကျနော်တို့ကတော့ လယ်သမားတွေ ပြေလည်ရင် ပြီးတာပဲ။ လယ်သမားတွေ ဘယ်လိုနည်းနဲ့ပဲ ပြေလည်လည် ကျနော်တို့က စွဲစရာလည်း မလိုဘူး။ လယ်သမားနဲ့ ဦးခင်ရွှေ တို့ ချစ်ကြခင်ကြရင် ကျနော်တို့က ပြဿနာ မရှိဘူး။ အခုဟာက အလိုမတူဘဲနဲ့ မဒိမ်းကျင့်တဲ့ သဘောမျိုးပဲ။ ဒါမျိုးဖြစ်သွားတာပေါ့။ အလိုမတူဘဲ လယ်မြေတွေကို ပိုက်ဆံမဟာတရားပေးပြီး ယူတယ်။ ပိုက်ဆံကို မယူလည်းသိမ်းမယ်။ မပေးလည်းသိမ်းမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ ကျိုက်မရောတို့ ဘက်မှာလည်း အဲဒီလိုမျိုးပဲ။ မွန်ကြီးတွေ ပြောတဲ့အသံ ကျနော်မှာရှိတယ်။ ကျိုက်မရောဘက်ကလည်း မွန်တွေပဲ။ သူတို့ကပြောတယ် - ပိုက်ဆံမပေး … မယူလည်း သိမ်းမယ်၊ မရောင်းလည်း သိမ်းမယ်။ မရောင်းလည်း ဝယ်မယ်။ အဲဒီလိုမျိုးတွေ ပြောတာ။ မွန်တွေက သက်သေခံတာပဲ။ ကျနော်မှာ အသံဖိုင်တွေ ရှိတယ်။

ဦးစံမိုးဝေ ။ ။ ဦးခင်ရွှေ ဟာ ငွေကြေးချမ်းသာရုံတင်မကပါဘူး လွှတ်တော်အမတ်တယောက် ဖြစ်တဲ့အပြင် အစိုးရရဲ့  ထိပ်ပိုင်းပုဂ္ဂိုလ်ကြီးတဦးရဲ့  ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပါနေသူ ဖြစ်နေတော့ ဦးနေမျိုးဝေ တို့အနေနဲ့ တရားယှဉ်ပြိုင်ရာမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးနေမျိုးဝေ ။ ။ ကျနော် မျှော်လင့်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်တယ်ဆိုတာ ကျနော်တို့က ဒီလို သူကို ကျနော်တို့က အပြစ်ပေးစေချင်တာ မဟုတ်ဘူး။ ကျနော်တို့က တရားစွဲရတယ်ဆိုတာက အမှန်ပေါ်ပေါက်စေချင်တာ။ သူကို အပြစ်ပေးတာ မပေးတာတွေ ကျနော်တို့ စိတ်မဝင်စားဘူး။ နစ်နာတဲ့လူတွေ ပြေပျောက်စေချင်တာ။ ကျနော်တို့ သူကို မုန်းတာတွေ၊ ချစ်တာတွေလည်း မရှိဘူး။ ရှိတာက လယ်သမားတွေ နစ်နာတယ်။ အလိုမတူဘဲနဲ့ ဒီဟာက မတရားအပြုခံရတယ်ဆိုရင် ဒါက နစ်နာတယ်။ နစ်နာတဲ့အတွက် နစ်နာသူကို ကုစားနိုင်ရင် ကျနော်တို့ ကျေနပ်ပြီ။ အဲဒီအတွက်ပဲ ကျနော်တို့က သူ့ကို တရားစွဲတာ။ အစကတော့ သိပ်စိတ်မပါပေမယ့် ဒီအောင်ပွဲက နိုင်ငံရေးအောင်ပွဲတခု ဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်က လုပ်တော့တာ။ ဘယ်လို နိုင်ငံရေး အောင်ပွဲလဲဆိုရင် ဒီမိုကရေစီ ကူးပြောင်းလာတဲ့ကာလမှာ ဒီဘက်ကို ကူးပြောင်းသွားပြီဆိုတာကို အစိုးရဘက်ကလည်း အမြဲတမ်း ကြွေးကြော်နေတဲ့အချိန်မှာ ကျနော်တို့က မှန်ကန်မှုတွေကို ဖော်ဆောင်နိုင်ပြီဆိုရင် ပြည်သူလူထုကလည်း ပိုမို ယုံကြည်လာမယ်။ ယုံကြည်လာမယ်ဆိုရင် မှန်တယ့်ဘက်ကနေ တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ယုံကြည်လာမယ်။ အဲဒါကြောင့် ကျနော်တို့က အနိုင်တိုက်မှာပါ။

ဦးစံမိုးဝေ ။ ။ ဒါဆိုရင် တရားစီရင်ရေးကို ယုံကြည်မှု ရှိတယ်ပေါ့။

ဦးနေမျိုးဝေ ။ ။ ကျနော် ယုံကြည်မှု မရှိဘူး။ သံသယရှိတယ်။ ကျနော်ကို အပြစ်တင်ရင်လည်း ခံရမယ်။ ဒါပေမဲ့ သံသယ ရှိတဲ့အတွက် ကျနော်အနေနဲ့ မီဒီယာ အား။ ဒီ မီဒီယာ အားတွေနဲ့ ချုပ်လုပ်ပြီး လုပ်သွားပါမယ်။ အစိုးရကိုလည်း အမြဲတမ်း စာပို့တာတွေ ဘာတွေ ဖြစ်စဉ်အမှန်တွေကို တင်ပြသွားမယ်။ နောက် ဗွီဒီယို မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတဆီ ပို့တာတို့ ဘာတို့လည်း လုပ်တာပေါ့။ အဲဒီိလို နည်းမျိုးစုံ လုပ်ပြီးမှ တရားစွဲမှာ။ တရားရေးမဏ္ဍိုင်ကို အရမ်းအကန် ယုံဖို့ ကျနော်မှာ အင်အားမရှိပါဘူး။ ယုံကြည်လောက်တဲ့ အင်အား ကျနော်မှာ မရှိပါဘူး။

ဦးစံမိုးဝေ ။ ။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေ ကိုယ်စားလှယ်အဖြစ်နဲ့ ဇေကမ္ဘာကုမ္မဏီကို တရားစွဲဖို့ ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG