သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသီးဇွန် မြန်မာပြည် ပြန်တော့မလား


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ဗွီအိုအေမြန်မာဌာနမှူး ဦးသန်းလွင်ထွန်း က မကြာသေးခင်က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန်နိုင်ငံအခြေစိုက်၊ အခုလောလောဆယ် ထိုင်းနိုင်ငံ မဲဆော့မြို့ ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းနဲ့ ABSDF ခေါ် ကျောင်းသားများတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမိုးသီးဇွန် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဒီလပိုင်းတွေအတွင်းမှာ ပိုပြီးကြိုးစားဆောင်ရွက်လာတာ ရှိသလို၊ ပြည်ပ၊ နယ်စပ်ဒေသတွေမှာရှိနေတဲ့ အတိုက်အခံအဖွဲ့စည်းတွေ၊ လူ့ပုဂ္ဂိုလ်တွေနဲ့လည်း တဦးချင်းတွေ့ဆုံမှုတွေ၊ အဖွဲ့စည်းလိုက် တွေ့ဆုံမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်လောက်ကတော့ ပြည်ပ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး အခုလောလောဆယ် ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဦးမိုးသီးဇွန် ကိုလည်း မီးရထားပို့ဆောင်ရေးဌာနဝန်ကြီး ဦးအောင်မင်း က တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီတော့ သဘောက ဦးမိုးသီးဇွန် အနေနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့နီးစပ်နေပြီလား။

ဦးမိုးသီးဇွန် ။ ။ ကျနော်တို့ ဆွေးနွေးမှုတွေအရတော့ သိပ်တော့ မနီးစပ်သေးဘူးလို့ ကျနော်အနေနဲ့ ပြောရလိမ့်မယ်ထင်တယ်။ ကျနော်တို့က ဒီအစိုးရရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်တွေ။ ပြည်ပရောက်နေတဲ့ အထူးသဖြင့် ကျနော့်နံမည်ကို တပ်ပြီးတော့ သူတို့သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောသွားတဲ့နောက်ပိုင်းမှာ ကျနော်တို့ ဦးအောင်မင်းနဲ့ ဆွေးနွေးဖြစ်ကြပါတယ်။ သူတို့ ကျနော်ကို အကြောင်းပြန်တာကတော့ By-elections ပြီးမှ ပြန်လာဖို့ ပြောပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လို့များ ပြန်သွားမယ်ဆိုရင် ဦးမိုးသီးဇွန်အနေနဲ့ ဘာတွေများ လုပ်နိုင်ဖို့ မျှော်လင့်ပါသလဲ။ ဘာတွေများ ဆက်ပြီးဆောင်ရွက်ဖို့ မျှော်လင့်ထားသလဲ။

ဦးမိုးသီးဇွန် ။ ။ ကျနော်တို့ ဆွေးနွေးချက်တွေကတော့ အဲဒီလောက်တော့ လွယ်ကူအုန်းမယ် မထင်ဘူး။ ကျနော့်အနေနဲ့ကတော့ ဗမာပြည်ကိုပြန်နိုင်ဖို့အတွက် နှစ်ပေါင်း ၂၃ နှစ်လုံး ကြိုးပမ်းလာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် နှစ်ပေါင်း ၂၃ နှစ်လုံးလုံး တိုက်ပွဲဝင်နေခဲ့တယ်ဆိုတာက ကျနော်တို့ ဗမာပြည်ကို တချိန်ပြန်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါ။ အဲဒီ ယုံကြည်ချက်တွေအတိုင်း ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါကြတော့ ကျနော်တို့ကို မတရားအသင်း ကြေညာထားတဲ့ ဥပဒေတွေ ရှိနေပါတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ တရားဝင်ဖျက်သိမ်းဖို့ လိုပါတယ်။ လူပုဂ္ဂိုလ်အရလည်း ကျနော်ကို ၁၉၈၉ ခုနှစ်မှာ သေဒဏ်ပေးထားပါတယ်။ အဲဒီလို သေဒဏ်ပေးထားတဲ့ကိစ္စတွေကိုလည်း amnesty ဖြစ်ဖြစ်၊ ဖျက်သိမ်းကြောင်း ကြေညာဖို့ လိုပါတယ်။ အဲဒီလိုအဆင့်တွေ ပြီးမြောက်သွားမှသာလျှင် ကျနော်တို့က သွားရောက်ပြီး ဗမာပြည်ရဲ့ ယနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ပြန်လည်တည်ဆောက်ရေးတို့ကို လုပ်နိုင်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာနိုင်ငံံမှာဆိုလို့ရှိရင် အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲလာတာတွေက မြန်ဆန်နေတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့အတွက် ကိုယ်စားလှယ်လောင်းအဖြစ်ကို အတည်ပြု အမည်စာရင်းတင်သွင်းထားတာကို အတည်ပြုပေးလိုက်ပြီ။ အဲဒီတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီးတော့ တကယ်လို့များ အနိုင်ရမယ်ဆိုရင် အနိုင်ရဖို့လည်း လူတော်တော်များများက မျှော်လင့်ထားတယ်။ အဲဒီအခါကြလို့ရှိရင် ပြည်သူ့လွှတ်တော်ထဲကို ရောက်ရှိသွားပြီ။ ရောက်ရှိသွားပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း၊ ရှု့ခင်းက တော်တော်လေးကို ပြောင်းလဲသွားပြီလို့ ပြောလို့ရပြီပေါ့။ အဲဒီအခါကြရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ထဲကို ရောက်ရှိသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်များအနေနဲ့ ဘာတွေများ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ ထူးထူးခြားခြား ပိုပြီးပြောင်းလဲသွားအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဦးမိုးသီးဇွန် ။ ။ သိပ်တော့ မမျှော်လင့်နိုင်သေးဘူးလို့ ရိုးရိုးသားသား ပြောရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း၊ ကျန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်သွားတဲ့အခါမှာ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေ၊ လိုအပ်ချက်တွေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စတွေ။ အဲဒီအပေါ်မှာ ကျနော်တို့ သံသယမရှိပါဘူး။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း သံသယမရှိပါဘူး။ ဒါပေမဲ့ ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတဲ့ စိန်ခေါ်မှုတွေက ရှိနေတယ်။ အခက်အခဲတွေက တကယ်ရှိနေတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် က ဥပမာ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်ဆိုပါစို့။ ၄၈ နေရာလုံးနိုင်မယ်။ တခြား ဒီမိုကရေစီအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၁၀ မှာ နိုင်ထားတာလည်း ရှိတယ်။ အဲဒါတွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ဒီမိုကရေစီအင်အားစု စုစုပေါင်းက ၉ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဥပဒေတခုကို ပြင်ဖို့ဆိုရင် ၁၅ ရာခိုင်နှုန်းလောက် လိုပါတယ်။ အဲဒီ ၁၅ ရာခိုင်နှုန်းက ထောက်ခံထားမှသာလျှင် agenda ဆွေးနွေးနိုင်ခွင့် ရှိတယ့် အရာတခုအနေနနဲ့ ကျနော်တို့က တင်လို့ရမယ်။ အဲဒီလို တင်လို့ရပြီဆိုရင် ၇၅ ရာခိုင်နှုန်းက ထောက်ခံမှ ဥပဒေတရပ်အနေနဲ့ ဖြစ်လာမှာပါ။ ဟိုတလောက ရန်ကုန်မြို့မှာ ရေတွေ ပေးဝေရေးကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်က ဆွေးနွေးတင်ပြတဲ့အခါမှာ ကန့်ကွက်တာတွေ ခံခဲ့ရပါတယ်။ ဆိုတော့ ဒီ ရေဝေတယ်ဆိုတဲ့ကိစ္စဟာ ကောင်းတဲ့ကိစ္စတခုပါ။ ရေမလုံလောက်တဲ့ နေရာတွေမှာ။ ဒါပေမဲ့ အဲဒါကို ကန့်ကွက်တဲ့အမတ်တွေ ရှိနေတယ်။ ဒီလောက်အထိ လွယ်ကူနိုင်အုန်းမလားဆိုတာ ကျနော်တို့က စိုးရိမ်တယ်။ နောက်တခုကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာဆိုရင် ဒီမိုကရေစီနည်းမကျတာတွေက အများကြီးရှိနေပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ articles တွေ၊ ပုဒ်မတွေကို လေ့လာတဲ့အခါမှာ ၉၅ ခုလောက် ရှိနေတယ်။ အဲဒီအထဲမှာ အရေးကြီးဆုံး ဖြစ်နေတဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ သမ္မတ က စစ်တပ်က ဖြစ်ရမယ်ဆိုတဲ့ဟာတွေ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ အဲဒီလို နောက်တခုက တချို့အပိုင်းတွေမှာ အခြေခံဥပဒေ အသက်မဝင်တဲ့အပိုင်းတွေ။ အခု တော်တော်များများ ပြောကြပါတယ်။ အပေါ်ပိုင်းမှာ အပြောင်းအလဲတွေဖြစ်ပြီး အောက်ခြေမှာ မပြောင်းလဲဘူးဆိုတာဟာမျိုး။ အဲဒီလို အခက်အခဲ၊ အကြပ်အတည်းတွေ အများကြီး ကျော်ဖြတ်ရအုန်းမယ်လို့ ကျနော်အနေနဲ့ မြင်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ အပြောင်းအလဲတွေကတော့ လွယ်လွယ်နဲ့ ရေရှည် နေချင်းညချင်း ပြောင်းလဲသွားမယ် မဟုတ်ဘူးပေါ့လေ။ အဲဒီတော့ တချို့က သုံးသပ်နေကြတာကလည်း အခု ကြားဖြတ်ရွေးကောက်ပွဲကနေတဆင့် လွှတ်တော်အတွင်း နိုင်ငံရေးအခင်းအကျင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေဆီ ပိုပြီး ဦးတည်သွားပြီးတော့ အဲဒီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေနောက်ပိုင်းမှ တကယ့် လုပ်နိုင်ကိုင်နိုင်မယ့်၊ တကယ့် အတိုက်အခံနဲ့ အစိုးရ။ အဲဒီအချိန်မှာ ဘယ်သူပဲ အားသာသာ တကယ့် ပါလီမန်မှာ လွှတ်တော်နိုင်ငံရေးစနစ် အခင်းအကျင်းမျိုး ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါနဲ့ ပတ်သက်လို့ ...

ဦးမိုးသီးဇွန် ။ ။ ကျနော် ဒါကို လက်ခံပါတယ်။ လက်ခံတယ်ဆိုတာ အတိုင်းအတာတခုပေါ့။ ဒီမိုကရေစီဆိုတာ နေ့ချင်းညချင်းနဲ့ တည်ဆောက်လို့ မရခဲ့ပါဘူး။ အမေရိကမှာ ဒီမိုကရေစီကို အမေရိကန်နိုင်ငံ တည်ထောင်တာ နှစ် ၂၀၀ ရှိခဲ့ပြီ။ သူတို့ဆီမှာလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတာပါ။ ဒါပေမဲ့ ကျနော်တို့ ဗမာပြည်မှာက ၂၀၁၅ ဟိုဘက်မှာ ဒီမိုကရေစီက တဖြည်းဖြည်း လမ်းစအနေနဲ့ မြင်မလား၊ မမြင်ဘူးလားဆိုတာကို ဒီနေ့ မြန်မာပြည်က ဘာဖြစ်နေတာလဲပေါ်မှာ မူတည်တာပေါ့။ တခြား အင်္ဂလန်နိုင်ငံပဲကြည့်ကြည့်၊ အမေရိကန်နိုင်ငံမှာပဲကြည့်ကြည့် အမေရိကန်လွတ်လပ်ရေး ရလာပြီးနောက်ပိုင်းမှာ သူတို့သည် သူတို့ရဲ့ direction ဦးတည်ချက်ကို ချမှတ်နေပြီးပြီ။ ဦးတည်ချက် မှန်ထားပြီးတဲ့ကာလမှာ လားရာမှန်ထားပြီးပြီဆိုရင် ကျန်တဲ့ လမ်းကြောင်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေက ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ရယ်၊ လူထုရယ်က တသားတည်း ကျော်ဖြတ်နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ အခု ဗမာပြည်မှာကြတော့ ကျနော်တို့ရဲ့ ဦးတည်ချက်ကို မသွားသေးဘူး။ ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်ကို ရောက်တယ်ဆိုတာကိုက အများကြီးအကန့်အသတ်တွေ ရှိနေပါသေးတယ်။ နောက်တခုက မေးစရာ မေးခွန်းတွေ တကယ်ကို မညှာတမ်း အမှန်တရားကို ပြောရမယ့်ဟာတွေအတိုင်း ပြောရမယ်ဆိုရင် ကျနော်တို့က ဦးတည်ချက် နည်းနေတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ၂၀၁၅ က ဘာဖြစ်မလဲဆိုတာ ဒီနေ့ ဘာတွေလုပ်နေတဲ့အပေါ် မူတည်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဦးမိုးသီးဇွန် က အခုက ဦးတည်ချက်နဲ့ လမ်းကြောင်းကို ပြောနေတယ်။ အခုလက်ရှိအားဖြင့် မြင်နေရတာက မြန်မာအစိုးရအနေနဲ့ ပြည်တွင်းမှာလည်း ပြည်တွင်းမှာရှိနေတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြောဆိုမှုနဲ့ နိုင်ငံရေးမှာ ပါလာအောင်လုပ်ဆောင်မှုတွေ ရှိနေပြီ။ အပြင်ဖက်မှာဆိုရင်လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ဆောင်တာတွေ ရှိနေပြီ။ ပြည်ပမှာ ရောက်ရှိနေတဲ့ အတိုက်အခံတွေနဲ့ စကားပြောနေတာတွေလည်း ရှိနေပြီ။ အဲဒီတော့ ဒါတွေဟာ ဦးတည်ချက်မှန်တယ့်၊ လမ်းကြောင်းမှန်တယ့် ကိစ္စရပ်တွေဆိုပြီး အကောင်းမြင်တဲ့ဘက်ကရော မမြင်နိုင်ဘူးလား။

ဦးမိုးသီးဇွန် ။ ။ ကောင်းပါတယ်။ ဒီ မေးခွန်းက။ အခု တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အထူးသဖြင့် DKBA, KNU ရှမ်း၊ မွန်အဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်။ တကယ့် လက်တွေ့ကျကျက တိုင်းရင်းသားတွေရဲ့ ပြဿနာတွေကို ရှင်းနိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။ ကျနော် ကရင်ခေါင်းဆောင်၊ မွန်ခေါင်းဆောင်တွေနဲ့ တွေ့ရတယ်။ ဆွေးနွေးရပါတယ်။ အခုဟာက အပစ်အခတ်ရပ်စဲရေး အဆင့်မှာပဲ ရှိနေသေးတယ်။ နောက်တခါ ဒီဘက်မှာ လာဆွေးနွေးနေတဲ့ အချက်တွေမှာလည်း အလားတူပဲ။ တကယ့်ကို တိတိကျကျ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နိုင်တယ့် အနေအထား မရှိသေးဘူး။ ဦးအောင်မင်းကိုယ်တိုင်လည်း ကျနော်ကို ဆွေးနွေးသွားတာ ရှိပါတယ်။ သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ချင်တယ်။ ဒါပေမဲ့ တကယ်လို့များ ပြုပြင်ပြောင်းလဲရေးတွေဟာ ချွတ်ချော်တိမ်းစောင်းသွားမယ်ဆိုရင် ဖြစ်လာမယ့် အန္တရာယ်ကိုလည်း သူကိုယ်တိုင် အာမမခံနိုင်သေးဘူး။ အဲဒါကြောင့်မို့ သုံးသပ်နိုင်တာတခုတော့ ရှိတယ်။ အစိုးရအဖွဲ့အတွင်းထဲမှာ တချို့သော ဒီအင်အားစုတွေဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေကို တကယ် လိုလားနေတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ တချို့အင်အားစုတွေကတော့ ဒီအပေါ်မှာ လိုလားမှု၊ ယုံကြည်မှု အပြည့်အဝ မရှိသေးဘူးလို့ ကျနော်အနေနဲ့ မြင်တယ်။ ဒီလို လိုလားချင်တဲ့ အင်အားစုတွေကတော့ အခုအချိန်မှာ အရင်ကထက်စာရင်တော့ နည်းနည်းလေး ကြိုးပမ်းဆောင်ရွက်မှုလေးတွေ တွေ့လာရတယ်။ ဖြစ်လာရတယ်။ အဲဒီထက်တော့ ပိုလုပ်စေချင်တာတော့ အမှန်ပါ။ ကျနော်တို့ အဲဒီလို အင်အားစုတွေကို လက်တွဲဖို့ အဆင်သင့် ရှိပါတယ်။ အားလည်းပေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ရှေ့ဆက်ပြီး တွေ့ဆုံပွဲတွေလုပ်မယ်။ ရှေ့ဆက်ပြီး ဆွေးနွေးကြမယ်ဆိုရင် ဘယ်လို ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ ဆွေးနွေးဖို့ အလားအလာ ရှိပါသလဲ။ အထူးသဖြင့် ဦးမိုးသီးဇွန်နဲ့ နောက်ထပ် တွေ့ဆုံဖို့။ နောက်ထပ် ကမ်းလှမ်းချက်တွေ လုပ်ဖို့ ရှိနေသေးသလား။

ဦးမိုးသီးဇွန် ။ ။ အဲဒီလိုမျိုးတော့ အစီအစဉ်တွေ ရှိပါတယ်။ ဧပြီနောက်ပိုင်း၊ တိတိကျကျ ပြောရမယ်ဆိုလို့ရှိရင်။ အဲဒီလို တိုင်းပြည်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုရင်ပေါ့။ ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်ကလည်း လုပ်ခဲ့တာရှိတယ်။ အခု ဦးသိန်းစိန် လက်ထက်မှာ လုပ်လာတာ၊ ဆောင်ရွက်လာတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်မှာတော့ သူတို့က ဒီ တွေ့ဆုံဆွေးနွေးမှုတွေက ပိုပြီးပွင့်ပွင့်လင်းလင်း မရှိခဲ့တာတွေရှိတယ်။ ရလဒ်တွေ၊ ဘာဆွေးနွေးတာလဲ။ ဘယ်လိုအခြေအနေတွေလဲ။ နိုင်ငံရေးအရ interest အပေါ်မှာ အခြေခံထားသလို ဖြစ်နေတာပေါ့။ တကယ့်ကို ရလဒ်တခု ထွက်လာဖို့အတွက် ယုံကြည်ချက်နဲ့ကို လုပ်ဆောင်ခဲ့တဲ့အနေအထား မရှိခဲ့ဘူး။ အခု ဦးသိန်းစိန် အစိုးရကိုလည်း အကြံပြုချင်ပါတယ်။ ဒီ တွေ့ဆုံဆွေးနွေးမှုတွေကို ကျနော်တို့ မြန်မာနိုင်ငံသားအချင်းချင်းတွေပဲ နိုင်ငံသားအချင်းချင်းတွေ တမြေထဲတရေတည်းသောက်တွေပဲ - ဒီပြဿနာ ပဋိပက္ခတွေကို နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ မရှင်းဘူးဆိုရင်တော့ ဒီ ပဋိပက္ခကြီးက ရှည်ကြာနေတယ်။ ကျနော်တို့ တသက်ရှိခဲ့ပါပြီ။ အဲဒါ ပြည်တွင်းစစ်၊ တိုင်းရင်းသားတွေနဲ့ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်။ နောက် ဗမာပြည် ပြဿနာက ဒီလောက် ခဲယဉ်းတဲ့ ပြဿနာ မဟုတ်ဘူး။ ဘာသာရေး ပြဿနာလည်း မဟုတ်ဘူး။ လူတန်းစား ပြဿနာလည်း မဟုတ်ဘူး။ ဒီမိုကရေစီပဲ။ ဒီနေ့ နအဖ စစ်အစိုးရ ပြောနေတဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေပဲ။ ကျနော်တို့ ဒီဘက်အင်အားစုတွေကလည်း ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေပဲ။ ကျနော်တို့မှာ ဘာ condition မှ မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ condition ကတော့ ကျနော်တို့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ကျနော်တို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်လေးတခုကိုပဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးပါပဲ ဦးမိုးသီးဇွန်။ ထိုင်းနိုင်ငံ မဲဆော့မြို့မှာ ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းနဲ့ ABSDF ခေါ် ကျောင်းသားများတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမိုးသီးဇွန် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG