ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံစစ်အစိုးရရဲ့ နှစ်စဉ်ရသုံးငွေ စာရင်းတွေကို လေ့လာနေတဲ့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နေပြည်တော်မှာ အသစ်စက်စက် လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေဆဲကာလမှာပဲ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် (budget) အသုံးစရိတ်စာရင်းတွေကို နိုင်ငံတော်ပြန်တမ်းအဖြစ် မတ်လ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ရေးနဲ့ ကာကွယ်ရေး အသုံးစရိတ်အဖြစ် စုစုပေါင်းအသုံးစရိတ်ရဲ့ ၂၄ ရာခိုင်နှုန်းနီးပါး သတ်မှတ်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကတော့ ၂ ခုပေါင်း ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ၊ စစ်အစိုးရရဲ့ နှစ်စဉ် ရသုံးငွေစာရင်းတွေကို လေ့လာနေတဲ့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကတော့ စစ်ရေးနဲ့ ကာကွယ်ရေးအသုံးစရိတ် ၂၄ ရာခိုင်နှုန်းနီးပါး ရှိတယ်ဆိုတာဟာ အမှန်တကယ် သုံးစွဲနေတာတွေထက် လျှော့တွက်ဖော်ပြထားတဲ့စာရင်း ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အခုကျင်းပနေတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာရော၊ နောင်ဆွေးနွေးပွဲတွေမှာပါ ဒီဘဏ္ဍာရေးအသုံးစရိတ် အရေးဟာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခွင့်ရမယ့် ရှိမယ့်ပုံမရဘူးလို့လည်း သူက ဆိုပါတယ်။
ဦးစိန်ဌေး ။ ။ သူတို့ထုတ်ပြန်တဲ့စာရင်းဟာ နှစ်စဉ်လည်း ဒီသဘောပဲ။ သူတို့တရားဝင်ထုတ်ပြန်တဲ့ ဂေဇက် (gazette) က ထွက်လာပြီဆိုရင် ဒါတွေကို ကဏ္ဍလိုက်တွက်တဲ့အခါကြရင်တော့ ဒီအတိုင်းပါပဲ။ န.အ.ဖ ရဲ့ ဒီဘက်နှစ်တွေမှာပေါ့လေ၊ အရင်တုန်းကတော့ ကျနော်တို့ တွက်လိုက်တာမှာ ၉၇ ခုနှစ်လောက်ကဆိုလို့ရှိရင် စစ်တပ်အသုံးစရိတ်က ၄၀ ရာခိုင်နှုန်းရှိတယ်။ တရားဝင်ထုတ်ပြန်တာပေါ့။ နောက်ပိုင်းကျ စစ်တပ်အသုံးစရိတ် သိပ်မြင့်တယ်၊ မြင့်တယ်ဆိုပြီး ပညာရှင်တွေထောက်ပြတော့ သူတို့က စာရင်းအရ ကြည့်ကောင်းအောင် လျှော့လာတယ်ဗျာ။
ဥပမာ ဆိုပါစို့၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းက ဆိုလို့ရှိရင် သူတို့ တရားဝင်တော့ နိုင်ငံတကာကို ထုတ်ပြန်တာမရှိဘူးဗျ။ ပြည်တွင်းမှာ ဗမာလိုပဲ ဂေဇက်အနေနဲ့ထုတ်တာ။ အဲဒီကနေ တွက်တဲ့အခါမှာ ၂၃ ရာခိုင်နှုန်း၊ ၂၄ ရာခိုင်နှုန်း၊ လေးပုံ တပုံပဲ ပြောကြပါစို့ဗျာ။ လေးပုံတပုံဝန်းကျင်ပဲ စစ်တပ်မှာထားတယ်။ ဒါကိုက များလှပါပြီ။ တိုင်းပြည်တပြည်ရဲ့ သန်း ၅၀ ရှိတဲ့လူထုအတွက် သုံးရမယ့် ပိုက်ဆံတွေထဲမှာ ဒီ လေးသိန်းလောက်ရှိတဲ့လူတွေအတွက်သုံးတာ လေးပုံတပုံဆိုတော့ ဘယ်လောက်များနေပလဲ။ ဒါကိုက မဟုတ်ဘူး။ တကယ်တန်းကျ ဒါ့ထက်လည်း များတယ်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ ဒါ့ထက်လည်း များနေတယ်ဆိုတာက ဘယ်လိုအကြောင်းအချက်တွေ ထောက်ပြနိုင်သလဲ။
ဦးစိန်ဌေး ။ ။ အဲဒါက ဒီလို၊ ကျနော်တို့အတွေ့အကြုံအရပေါ့။ ကျနော်တို့ ၀န်ထမ်းလုပ်စဉ်လည်း ဘတ်ဂျက်ဌာနတွေမှာ တွေ့တဲ့ အတွေ့အကြုံအရဆိုလို့ရှိရင် သူတို့က ဒီလိုပဲ ပြည်သူလူထုကို တရားဝင်အသိပေးတဲ့ ကိန်းဂဏန်းကတမျိုး၊ တကယ်လုပ်နေတာက တမျိုး၊ မ.ဆ.လ ခေတ်ကတည်းက အဲဒါတွေက ဖြစ်တော့ အဲဒါတွေက အမြဲတမ်း အကျင့်ပါနေပြီ။ ဒီအတိုင်းလည်း သွားနေတယ်။
ဒါပေမဲ့ စစ်တပ်အသုံးစရိတ် ဘာ့ကြောင့်များနေလဲဆိုတဲ့အပိုင်းမှာ ဒါက သူက တရားဝင်ထုတ်ပြန်တာနော်- ၂၃-၂၄ ရာခိုင်နှုန်းဆိုတာက။ ဆိုကြပါစို့ဗျာ။ တခြား ၀န်ကြီးဌာနတွေရှိတယ်။ လယ်ယာသစ်တော်ကဏ္ဍတို့၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတို့၊ ဆက်သွယ်ရေးတို့ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အရပ်ဘက်ဌာနတွေက စစ်တပ်အတွက်ကုန်ကျစရိတ် ဘတ်ဂျက်တွေကို ခွဲသုံးတာရှိတယ်။
သိသာတာတခုအဖြစ် ကျနော့်ကိုယ်တွေ့ကို ပြောရမယ်ဆိုရင်ကိုပဲ အခု နေပြည်တော်တို့၊ လှိုဏ်ဂူတို့ ဆောက်တဲ့ထဲမှာ ဆောက်လုပ်ရေးကနေ သွားတာတွေရှိတယ်။ ဒါ စစ်တပ်အတွက် သွားတာမဟုတ်ဘူး။ တချို့နေရာတွေက bunker တွေ ဆောက်တယ်ဗျာ။ အဲဒါကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျခံလိုက်ရတယ်။ ထူးခြားတာ ကျနော့်ကိုယ်တွေ့ တိတိကျကျ ပြောရမယ်ဆိုရင် မနှစ်က ဒီဗွီဘီကနေ ထုတ်ပြန်တဲ့ လှိုဏ်ဂူကြီးတွေ ဆောက်တာဆိုလို့ရှိရင် လှိုဏ်ဂူဆောက်တဲ့နေရာမှာဆောက်တဲ့ ဘတ်ဂျက်ကို ဘယ်ကယူလဲဆိုတော့ ဆက်သွယ်ရေး ၀န်ကြီးဌာနကနေ လွှဲယူတာရှိတယ်။ အဲလိုမျိုးတွေ၊ နောက်တခါ နယ်စပ်ဒေသတွေမှာ ဆိုလို့ရှိရင် အခု န.၀.တ၊ မ.အ.ဖ ခေတ်မှာ ထူထောင်လိုက်တဲ့ ၀န်ကြီးဌာန။ အဲဒီက ဘတ်ဂျက်တွေကို စစ်တပ်အတွက် သုံးတာတွေရှိတော့ တကယ်တမ်း ပညာရှင်တွေ ခန့်မှန်းတာက ဗမာပြည်ရဲ့ဘတ်ဂျက်ဟာ စစ်တပ်အတွက်က ၅၀ ရာခိုင်နှုန်းဝန်းကျင်၊ တခါတခါ အထက်မှာ ၆၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်ဆိုပြီး သုံးသပ်ပါတယ်။ ဒါ့ကြောင့် ဒီဂဏန်းတွေဟာ လူကြည့်ကောင်းအောင် ထုတ်ပြန်တာပဲဖြစ်တယ်။ တကယ်တမ်းမဟုတ်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးစိန်ဌေးပြောတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် အသုံးစာရင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ထောက်ပြမှုတွေ ရှိနေတယ်ပေါ့နော်။ အဲဒီနေရာမှာ စစ်တပ် အသုံးစရိတ်များတာကို ထောက်ပြတဲ့ အပြင်ကို ပိုပြီးအရေးကြီးတဲ့အချက်က နိုင်ငံတနိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပညာရေး အသုံး စရိတ်တွေ နည်းလွန်းနေတယ်ဆိုတာလည်း ထောက်ပြနေတာ ရှိတယ်လေ။
အခု ဘတ်ဂျက်မှာဆိုလို့ရှိရင် ကျန်းမာရေးဘတ်ဂျက်က ၁.၃ ရာခိုင်နှုန်း၊ ပြီးတော့ ပညာရေးအတွက် အသုံးစရိတ်က ၄.၁၃ ရာခိုင်နှုန်းဆိုတော့ ဦးစိန်ဌေးပြောသလို နိုင်ငံတကာရဲ့ထောက်ပြမှုတွေရှိလို့ စစ်အသုံးစရိတ်ကို တကယ်တန်း ရှိနေတာကနေပြီးတော့ ၅၀ ရာခိုင်နှုန်းလောက်ကနေ အခု ၂၃.၆ ရာခိုင်နှုန်းလောက်ပဲ စာရင်းပြတယ်ပဲ ထားပါစို့။
ဒီကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကို တကယ်တမ်းလိုအပ်ချက်အရ မြှင့်တင်ဖို့လိုတယ်ဆိုပြီးတော့ စီမံ၊ ဘဏ္ဍာဌာနမှာ ထောက်ပြနိုင်တဲ့ပညာရှင်တွေ၊ သူတို့အနေနဲ့ ဒီကိစ္စအပေါ်ကို လူမြင်ကောင်းအောင် လုပ်ကြဖို့ဆိုတဲ့ အတွေးအခေါ်တွေရော မရှိကြဘူးလား ခင်ဗျ။
ဦးစိန်ဌေး ။ ။ မရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စီမံ၊ ဘဏ္ဍာမှာလုပ်တုန်းက စစ်အစိုးရလက်ထက်မှာ ကျနော်နည်းနည်းမှီတယ်။ ၃-၄ နှစ်လောက်မှီပါတယ်။ အရင် မ.ဆ.လ လက်ထက်မှာပေါ့လေ။ မ.ဆ.လ ခေတ်တုန်းကလည်း ထောက်ပြပိုင်ခွင့် မရှိဘူးဗျ။ ထောက်ပြလည်း လက်ခံတာမဟုတ်ဘူး။ ဒီဘက် စစ်တပ်ခေတ်ကျတော့ ဘယ်သူမှ သွားမပြောရဲဘူး။ ပြောရင် အကုန်ဖြုတ်ပစ်တာလေ။ ခန့်တဲ့လူလည်း သူတို့ကြိုက်တဲ့လူ ခန့်တော့ ဘယ်လိုမှ ပြည်တွင်းမှာ ပြောခွင့်မရှိဘူး။
ဥပမာ- ဗဟိုဘဏ်မှာ ပညာရှင်ဆိုလို့ စီးပွားရေးတက္ကသိုလ်က ကျနော်တို့သူငယ်ချင်းတွေ တော်တော် ရာထူးကြီးကြီး ဖြစ်နေတာတွေ ရှိပါတယ်။ တပ်ထဲဝင်သွားတဲ့ လူတွေ။ အဲဒီလူတွေပဲ အုပ်ချုပ်နေတယ်ဗျ။ အဲဒီလူတွေက ဘာလဲဆိုတော့ သူတို့ထုတ်ပြန်တဲ့ဟာတွေက အထက်က ဗိုလ်သန်းရွှေက ဒါခိုင်းရင် ဒါပဲလုပ်တာပဲ။ အဲဒါကို ကျန်တဲ့လူတွေက အတွန့်တက်လို့ မရဘူး၊ အရပ်သား အတွန့်တက်မယ့်သူလည်း ဂျောင်း ပဲ။
အထူးသဖြင့် ပညာအရ သူတို့ မသုံးမဖြစ်တဲ့လူဆိုလည်း Research မှာထားတာဗျ။ ဒါက စက္ကူထုတ်တဲ့ဌာန ဗဟိုဘဏ်ကို ပြောတာနော်။ ဘတ်ဂျက်ဌာနလည်း ဒီသဘောပဲ။ သူတို့ ဘာမှ ပြင်လို့မရဘူး။ ပြင်မရတဲ့အခါကျတော့ ဒါတွေက ပြင်ရစရာအကြောင်းမရှိဘူး။
ကျနော်တို့အရင်က ဆိုပါစို့ဗျာ။ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် မ.ဆ.လ ခေတ်မှာကိုက စုစုပေါင်း ဘတ်ဂျက်ထက် တရားဝင် ၁၀ ရာခိုင်နှုန်းအထက်မှာ ရှိတယ်။ အဲဒါတောင်မှာ ဗမာပြည်မှာ ပညာရေး၊ ကျန်းမာရေး နိမ့်ကျလာတာကြည့်။ အခုက သူတို့က 2-3 percent ဆိုတာ နည်းတဲ့အခါကျတော့ ဒါ အခြေအနေမကောင်းဘူး။ ဒါ့ကြောင့်လည်း ပညာရေးနဲ့ ကျန်းမာရေးတွေ ချွတ်ခြုံကျနေတာလေ။ ဒါက သိပ်ထူးမလာဘဲ ပိုပိုဆိုးလာတဲ့သဘောမှာပဲ ရှိနေတဲ့ သဘောပဲ။
ဦးသန်းလွင်ထွန်း ။ ။ ဦးစိန်ဌေးပြောတဲ့ အတိုင်းဆိုရင် ဒါက မ.ဆ.လ ခေတ်၊ နောက် စစ်အစိုးရခေတ်ပေါ့နော်။ အဲဒီ ခေတ်တွေမှာ ဆိုလို့ရှိရင် ထောက်ပြပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အခုအခြေအနေက နည်းနည်းပြောင်းလဲလာပြီလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့်ပေါ့နော်။ ပြောင်းလဲလာပြီဆိုတာက ဗမာပြည်မှာ ရွေးကောက်ပွဲလည်းရှိလာပြီ။ အရပ်သားအစိုးရလည်း ဖွဲ့ပြီးပြီ။ အလားတူပဲ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်လည်း ရှိနေပြီဆိုတော့ စစ်အစိုးရ ပြောနေတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့နေရာမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် ချိန်ခွင်လျှာညှိပြီးတော့ ထိန်းချုပ်ယူကြတဲ့ အချက်တချက်ထဲမှာ အဓိကအားဖြင့် ဘဏ္ဍာရေးဥပဒေ၊ ဘတ်ဂျက်ဥပဒေတွေကို ပြဌာန်းတဲ့ အချက်လည်း ပါတယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ဒီအစိုးရက အခုလို သူတို့ရဲ့ ဘတ်ဂျက် အသုံးစရိတ်ကို တင်ပြပြီးလို့ရှိရင် လွှတ်တော်ထဲမှာ အခြေအတင်ဆွေးနွေးပြီးတော့မှ လွှတ်တော်အနေနဲ့ အတည်ပြုပေးရမှာ မဟုတ်ဘူးလား။
ဦးစိန်ဌေး ။ ။ ဟုတ်ပါတယ်။ ဒါက နိုင်ငံတကာကို ကြည့်ဗျာ။ ဘယ်နိုင်ငံမဆို အယောင်ပြတဲ့လူပဲဖြစ်ဖြစ် ဒီမိုကရေစီ ကျင့်စဉ်ကို သွားတဲ့လူတွေပဲဖြစ်ဖြစ် တိုင်းပြည်တပြည်ရဲ့အသက်ဆိုတာက ဘတ်ဂျက်ဗျ။ စီးပွားရေး၊ ဓနဥစ္စာနဲ့ ပတ်သက်လို့ စီမံခန့်ခွဲတဲ့ ဘတ်ဂျက်က အရေးအကြီးဆုံး။ အခု အမေရိကားကို ကြည့်ဗျာ။ ပြည်နယ်တွေကိုပဲကြည့်ကြည့်၊ ဖက်ဒရယ်တွေကိုပဲကြည့်ကြည့် ဘတ်ဂျက်ဆိုရင် အသည်းအသန်ပဲ။ ဘတ်ဂျက်က Key အဓိကပဲ။ အဲဒီတော့ ဘတ်ဂျက်ကို လွှတ်တော်ကနေ အတည်ပြုပြီးမှ balance ပေါ့ဗျာ။ တိုင်းပြည်ရဲ့စီးပွားရေးမှာ သုံးသင့်သလား၊ မသုံးသင့်ဘူးလား။ ၀င်ငွေတွေ ဘယ်လိုရအောင်ကောက်မလဲပေါ့နော်။ သုံးတာတင်မဟုတ်ဘူး။ ထွက်ငွေ ၀င်ငွေတွေကိုလည်း ကြည့်ရ သေးတာ။ သုံးဖို့အတွက် ၀င်ငွေ… ဒါတွေလည်း ကြည့်ရသေးတယ်ဗျ။ အဲဒီတော့ ဒါတွေကို အသည်းအသန် ဆွေးနွေးပြီးတော့မှ အတည်ပြုပြီးမှ လုပ်ရတာ။ ဗမာပြည်ကတော့ မ.ဆ.လ ခေတ်ကလည်း ဒါ မရှိခဲ့ဘူး။ လွှတ်တော် ဆိုတာလည်း မည်ကာမတ္တ၊ န.၀.တ နှစ်နှစ်ဆယ်ကတော့ ပြောမနေနဲ့တော့။ ဗိုလ်သန်းရွှေရဲ့ တချက်လွှတ်နဲ့ သွားခဲ့တာ။ အခု လွှတ်တော်လာတဲ့အခါကျတော့ လွှတ်တော်ကြီးက ဘတ်ဂျက်ကော်မတီဆိုတာ ကျနော်မတွေ့သေးဘူး။ အခုလေးကပဲ သတင်းဌာနမှ ကျနော် ကြည့်လိုက်တယ်။ ငွေစာရင်းအဖွဲ့ဝင်ဆိုလား။ အခေါ်လေးကတော့ မေ့တေ့တေ့ ဖြစ်သွားတယ်။ အဲဒီမှာ အရပ်သား အမတ် ၂ ယောက် ပေါ့ဗျာ။ အတိုက်အခံအမတ်လို့ပဲ ဆိုကြပါစို့။ NDF အမတ်တွေလို့ ပြောတယ်။ ချင်းတို့၊ ရခိုင်တို့ နည်းနည်းပါတယ် ပြောတယ်။ အဲဒါလည်း တယောက် နှစ်ယောက်ပဲ ပါတာဗျ။
ဆိုတော့ ဒီလွှတ်တော်က ဘာလုပ်နိုင်မှာလဲ။ အခုလည်း ကြည့်၊ ခုနက ဦးသန်းလွင်ထွန်း ကျနော့်ကို ပြောတာ မှတ်မိလိုက်တယ်။ သူတို့ ဒီလွှတ်တော်ကြီး ကျင်းပဖို့ မတိုင်မီမှာတောင်မှ ဘတ်ဂျက်ကို န.အ.ဖက တရားဝင် ထုတ်ပြန်ပစ်တာကိုက အမြီးအမောက် မတည့်ဘူးဗျာ။
ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ အဲဒီအချက်ကိုပဲ ကျနော်မေးချင်တာပါ။ အထူးသဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပတာက ဇန်န၀ါရီလကုန်ပိုင်းမှာ။ ဒီရက်ပိုင်းအတွင်း၊ အဲဒီ မတိုင်ခင်လေးမှာကိုပဲ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဒီ ဘဏ္ဍာရေးဥပဒေကို ပြဌာန်းပြီးတော့ နိုင်ငံတော် ပြန်တမ်းအဖြစ်ကို မတ်လ ၁ ရက်နေ့က ထုတ်ပြန်လိုက်တယ်ဆိုတော့ ကျနော်တို့အခု မသဲကွဲသေးတဲ့အချက်က အခု ထုတ်ပြန်လိုက်တဲ့ ဘတ်ဂျက်ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးခွင့် မရှိတော့ဘူးလား ဆိုတဲ့ အချက်ပါ။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးစိန်ဌေးအနေနဲ့ ဘယ်လို ခန့်မှန်းသလဲခင်ဗျ။
ဦးစိန်ဌေး ။ ။ အဲဒါကြောင့် ပြောတာပေါ့။ ကျနော်တို့နှစ်စဉ် ဗမာပြည်ရဲ့ ဘတ်ဂျက် year က ဧပြီလ ၁ ရက်နေ့မှာ စတာဗျ။ ဧပြီလ ၁ ရက်နေ့မှာ စတာဆိုတော့ ဥပမာ ဧပြီလ တရက်နေ့ မတိုင်ခင် တရားဝင်ထုတ်ပြန်ရင် ရတာပဲ။ ရေးဆွဲတာကတော့ ဘတ်ဂျက်ဌာနက ပညာရှင်တွေက ဆွဲရတာပေါ့။ စီမံဘဏ္ဍာမှာ ဘတ်ဂျက်ဌာန ရှိပါတယ်။ အခုလည်း ရှိမှာပါ။ အဲဒီ ဘတ်ဂျက်ဌာနကနေပြီးတော့ ရေးဆွဲတယ်။
မနှစ်က ဘယ်လောက်ကုန်ခဲ့တယ်။ ဘယ်ကဏ္ဍအတွက် ဘယ်လောက်ကုန်ခဲ့တယ်။ အသေးစိတ်ပေါ့ဗျာ။ အဲဒါကြီးကို ကျနော်တို့က အစိုးရအဖွဲ့ကို တင်ပြရတယ်။ တင်တဲ့အခါမှာ သူ့မူအရ အစိုးရအဖွဲ့က လွှတ်တော်ကိုတင်။ ဒီလိုသွားရတာကိုဗျ။ အခုဟာက လွှတ်တော်လည်း ခေါ်နေပြီ။ လွှတ်တော်ခေါ်တာကို ရက်ပိုင်းလေးမှ မစောင့်နိုင်အောင် ဘာလုပ်တာလဲဆိုတော့ လူမြင်လို့တောင် မကောင်းဘူး။ ဒါရှင်းနေပြီဗျာ။
လွှတ်တော်ကိုစောင့်ပြီး တရားဝင်ချင်တယ်ဆိုရင် လွှတ်တော်တင်ပြ၊ ဒါကို ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြ - ဒီလို သွားရမှာလေ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဦးအောင်တင်ပြပြီးတော့ ဗိုလ်သန်းရွှေအမိန့်နဲ့ ထုတ်လိုက်တယ်ဆိုတော့ ထုတ်တာက ၂၇ ရက်၊ ဟုတ်တယ်နော် ။ မတ်လ ၁ ရက်ဆိုတော့ တလလေး ကွာတယ်။ တလလောက်ပဲထားကြပါစို့။ ဘာလို့ တလ မစောင့်နိုင်တာလဲ။
နောက်ပြီးတော့ ကျနော်ပြောမယ်။ ခုနကပြောသလို မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် year က ဧပြီ ၁ ရက်နေ့မှာ စတဲ့အခါကျ တော့ ထုံးစံအားဖြင့် မတ်လလောက်မှာ တရားဝင်ထုတ်ပြန်တာဗျ။ ဘာလို့ မတ်လကို မစောင့်နိုင်တာလဲ။ အဲဒါက သဘာဝမကျဘူးလေ။ အဲဒါကြောင့်မို့လို့ ကျနော် စောစောက ပြောခဲ့သလိုပဲဗျာ။ စစ်တပ်အတွက်သုံးထားတဲ့ဟာတွေကို လူသိမခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ အတိုက်အခံကနေထပြီးမှ ပြောလို့ရှိရင်လည်း ဒါတွေကို သူတို့က ရှုတ်တယ်ကွာ-ဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့ အတွေ့အကြုံအရဆိုရင် ဒီပိုက်ဆံတွေဟာ ဆတ်ဆတ်ထိ မခံဘူးဗျ။ ခင်ဗျားတို့ ကျနော်တို့ မှတ်မိမယ်။ ၈၈ အရေးအခင်းဖြစ်တော့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ စစ်တပ်ကသိမ်းသွားတာ မှတ်မိတယ်မဟုတ်လား။ အဲဒါကို ၀န်ကြီးဌာကလူတွေက ထုတ်ပြန်လို့ ဦးထွန်းဝေတို့ဆိုလို့ရှိရင် ထောင်ကျပါပကော။
အဲဒီတော့ ကျနော်ပြောချင်တာက စစ်တပ်က ပိုက်ဆံဆိုရင် အသည်းအသန်ဗျ။ ဒါကြောင့် အရပ်စကားပြောရလို့ ရှိရင်တော့ လွှတ်တော်ကြီး ကျင်းပခါနီးနေပြီ။ လွှတ်တော်ကို ဘာလို့မစောင့်ဘဲနဲ့ ဦးအောင်လုပ်တာလဲ။ ဒါ ရှင်းနေပြီလေဗျာ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တဖက်က ပြောရမယ်ဆိုရင်တော့ ဒီနှစ်ကတော့ ထားလိုက်ပေါ့ဗျာ။ ဒါပေမဲ့လည်း နောက်နှစ်တွေမှာဆိုရင်ရော လွှတ်တော်ထဲမှာ ဘတ်ဂျက် အသုံးစရိတ်တွေကို အစိုးရအနေနဲ့ စနစ်တကျတင်ပြပြီးတော့ လွှတ်တော်ဘတ်ဂျက်ကော်မတီတွေ၊ ဘဏ္ဍာရေးကော်မတီတွေကနေပြီး စီစစ်၊ မေးမြန်းပြီးတော့ အတည်ပြုပေးတာတွေ၊ ချပေးတာတွေ ပြင်ဆင်တာတွေလုပ်နိုင်မယ်လို့ မျှော်လင့်သလား ခင်ဗျ။
ဦးစိန်ဌေး ။ ။ ခင်ဗျားတို့ မီဒီယာတွေလို နိုင်ငံတကာဌာနတွေကနေ၊ စာနယ်ဇင်း ဌာနတွေပေါ့ဗျာ။ ပြည်တွင်းပြည်ပ သတင်းဌာနတွေ ဒီလို ပြောလာရင်တော့ သူတို့ နည်းနည်းလေးတော့ ဂရုစိုက်ရင် စိုက်မှာပေါ့လေ။ ဒါပေမဲ့ အယောင် ဆောင်တော့ ဖြစ်လာနိုင်တယ်။ အယောင်ဆောင် ဖြစ်လာနိုင်တယ်ဆိုတာက သူတို့လွှတ်တော်ကြီးလည်း ကျင်းပပြီ။ အခုနတင်ပြသလိုပဲ၊ ဘတ်ဂျက်ဆိုတာ တိုင်းပြည်ရဲ့အသက်၊ အမေရိကန်နိုင်ငံကြည့်၊ အင်္ဂလန်နိုင်ငံကြည့်၊ ကြိုက်တဲ့ နိုင်ငံ ကြည့်။ ကုန်ကုန်ပြောရလို့ရှိရင် အာဏာရှင်နိုင်ငံ ကြည့်အုံးဗျာ။ လွှတ်တော်ရှိရင် လွှတ်တော်ကိုတင်ပြပြီး အတည်ပြုချက် ယူတာပဲ။ မ.ဆ.လ ခေတ်ကလည်း လုပ်ခဲ့တာပဲ။ အဲဒီတော့ ဒါတော့ လုပ်မှာပဲ။ လုပ်ပေမဲ့ မှန်မှန်ကန်ကန် လုပ်မှာလား ဆိုတော့ ကျနော်တော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် အခုနက တင်ပြခဲ့သလို ငွေကြေးသည် အဓိကဖြစ်တယ်။ သူတို့ စစ်တပ်အစသုံးစရိတ်ကို သူတို့ဘယ်လိုမှ မချနိုင်ဘူး။ မချနိုင်ရင် ပြဿနာရှိမယ်။
နောက်တခုက လွှတ်တော်ထဲမှာတင်ပြလည်း လွှတ်တော်အတိုက်အခံက ဘယ်လောက်ထိ အားကောင်းလို့လဲ။ နောက်နှစ်လည်း အားကောင်းဖို့မရှိဘူး။ နောက်ငါးနှစ်တိတိလည်း အားကောင်းနိုင်စရာ အကြောင်းမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်။ အခု လက်ရှိ လွှတ်တော်နှစ်ရပ်လုံးထဲမှာ ကြီးစိုးထားတာက ကြံ့ဖွံ့က ကြီးစိုးထားတယ်။ ဒီထဲမှာ သူတို့စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားသေးတယ်။ အတိုက်အခံဆိုတာက ကျနော်ထင်တယ်။ 5% တောင်မရှိဘူး။ အဲဒီလူတွေ ကြိုက်သလောက်ပြော၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ လွှတ်တော်ဥက္ကဌကလည်း စစ်တပ်က ဗိုလ်ရွှေမန်းဥက္ကဌ။ ဟိုဘက်ကလည်း စစ်တပ်ကလူပဲ။ ဆိုတော့ ဒီလူတွေက တချက်လွှတ်အမိန့်နဲ့ ပယ်လိုက်ရင် ပီးသွားမှာပဲ။
အဲဒီတော့ ကျနော်ပြောချင်တာက မ.ဆ.လ ခေတ်က ကျနော်တို့ ကြုံခဲ့ပြီးပါပြီ။ ဦးနေ၀င်းရဲ့လွှတ်တော်ကြီးကို ကြုံခဲ့ပြီးပါပြီ။ ဒီအတိုင်းပဲသွားမှာပဲ။ ထူးမလာဘူးခင်ဗျာ။ ကြိုက်တာလုပ်မှာ။ သို့သော် Formalize တော့ လုပ်မှာပေါ့။ လူမြင်ကောင်းအောင် ပုံစံကျအောင်တော့ လုပ်မှာပေါ့။