သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အပြောင်းအလဲ နဲ့ အမေရိကန်အစိုးရ ခြေလှမ်း


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တဲ့ သံအမတ်ကြီး Derek Mitchell ကို ဦးကျော်ဇံသာက အမေရိကန်နိုင်ငံခြားရေးရုံးမှာ မတ်လ ၂၂ ရက်၊ ကြာသာပတေးနေ့က သီးသန့်တွေ့ဆုံ မေးမြန်းထားတာကို တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ခရီးစဉ်နဲ့ ဒီတခေါက် ခရီးစဉ်ကြား အသိသာဆုံး ပြောင်းလဲတိုးတက်မှုအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေမြင်တွေ့ခဲ့ရသလဲဆိုတာကို အရင်ဆုံး ပြောပါခင်များ။

Derek Mitchell ။ ။ ဒီတကြိမ်ကတော့ ရွေးကောက်ပွဲရာသီပါ။ ရွေးကောက်ပွဲအရှိန် တက်နေပါတယ်။ ဒီကိစ္စကပဲ ဆွေးနွေးမှုကို အဓိက ကြီးစိုးခဲ့ပါတယ်။ ရွေးကောက်ပွဲတော့ တကယ်ဖြစ်တော့မယ်ဆိုတဲ့ အသိရှိနေသလို။ ရွေးကောက်ပွဲက တကယ်ပဲ လွတ်လပ်ပြီး တရားမျှတမလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေတာပါ။ အမတ်နေရာ (၄၈) နေရာလောက် ဖြစ်နေပေမယ့် အခြေအနေတွေ ဘယ်လောက်ဖြစ်လာနိုင်မလဲဆိုတာ အစိုးရနဲ့ အတိုက်အခံတွေနဲ့ အချိန်ယူပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတစွာ ဖြစ်ထွန်းနိုင်မယ့် အခြေအနေရှိမလား။ လွတ်လပ်ပြီး တရားမျှတစွာ ဖြစ်ထွန်းခဲ့ပြီးရင် ဘာတွေဖြစ်လာမလဲ။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစေဖို့ ဘာတွေလိုအပ်ပါသလဲ။ ဘာတွေလုပ်ရမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲအတွက် ပြည်ပအကဲခတ် စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ကြောင်း တနေ့က ကြေညာတာကို တွေ့ရပါတယ်။ ဒါဟာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုတာကို အချက်ပြလိုက်ခြင်းပဲလို့ မစ္စတာ မစ်ရှယ် ယူဆပါသလား။

Derek Mitchell ။ ။ ဒါဟာ အင်မတန် အပြုသဘောဆောင်တဲ့ အချက်ပြမှုတရပ်ပါ။ မြန်မာပြည်မှာ တခါမှ မရှိခဲ့ဘူးသေးတဲ့ လုပ်ရပ်ပါ။ ဒါကို ကြိုဆိုရပါမယ်။ ဒါပေမဲ့ စိုးရိမ်စရာတွေက ရှိနေပါသေးတယ်။ စောင့်ကြည့်လေ့လာတယ်ဆိုတာ ရွေးကောက်ပွဲ ကျင်းပတာတခုတည်းကို ကြည့်ပြီး လွတ်လပ်တယ်၊ တရားမျှတတယ်ဆိုပြီး ပြောလို့မရပါဘူး။ ရွေးကောက်ပွဲအကြိုကာလတွေထဲက စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ လွတ်လပ်မှု ရှိရဲ့လား၊ ခြိမ်းခြောက်မှုတွေ မသာမာမှုတွေ ရှိနေသလားဆိုတာကို ကြည့်ရပါမယ်။ လူတွေနဲ့ စကားပြောရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဆဲကာလမှာ နဲ့ ကျင်းပပြီကာလနောက်မှာ ဒီလိုမျိုး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲမတိုင်မီကတည်းက ရောက်နေဖို့ လိုပါတယ်။ မဲအရေအတွက်တွေကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာပဲပြောပြော အခုလိုမျိုး လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်တာကတော့ အလွန့်အလွန်ကို အပြုသဘောဆောင်တဲ့ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲဟာ အစအလယ်အဆုံး လွတ်လပ်ပြီး၊ မျှမျှတတ ပြီးမြောက်အောင်မြင်သွားပြီးဆိုရင် အမေရိကန်ဘက်က ဘယ်လို တုံ့ပြန့်မလဲ။ ကျနော် မေးခွန်းဟောင်းကိုပဲ ပြန်မေးပါရစေ။ လုပ်ရပ်ကို လုပ်ရပ်နဲ့ တုံ့ပြန်မယ်ဆိုတဲ့ ဝန်ကြီးကလင်တန် စကားအရပြောရမယ်ဆိုရင် ဘယ်လိုလုပ်ရပ်မျိုးနဲ့ တုံ့ပြန်မလဲဆိုတာကို သိပါရစေ။

Derek Mitchell ။ ။ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ ကျနော် အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီ မဲဆန္ဒနယ်မြေ (၄၈) နေရာမှာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတခဲ့လို့ရှိရင် ကျနော်တို့ဘက်က တုံ့ပြန်မှာ သေချာပါတယ်။ တော်တော်ကို ကြီးမားတဲ့ တုံ့ပြန်မှုဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာထက် ပိုပြီးအရေးကြီးတာက မြန်မာအစိုးရဘက်က ဘယ်လောက်အထိ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲကာလမှာ ယုံကြည်မှုရှိနိုင်တဲ့ ဝန်းကျင်အခြေအနေ၊ လုံခြုံမှုအခြေအနေ ရှိနေတယ်ဆိုတာ အာမခံချက် ပေးနိုင်ရပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးတော့လည်း သူတို့ လေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါလီမန်တက်ရောက်ပြီးတော့ လွတ်လွတ်လပ်လပ် ကိုယ်စားပြုနိုင်တယ်ဆိုတာကို ပြသနိုင်မယ်ဆိုရင်တော့ ဒါတွေက ဧရာမကို ယုံကြည်မှုတည်ဆောက်ရေး လုပ်ရပ်ကြီးလည်း ဖြစ်လာပါလိမ့်မယ်။ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ ထိရောက်မှု ရှိပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒဏ်ခတ်အရေးယူမှုတွေ ရုတ်သိမ်းရေးအတွက် ရွေးကောက်ပွဲအပြင် ဘယ်လိုအချက်တွေကို စံအဖြစ် သတ်မှတ်ထားပါသလဲ။ Benchmark အဖြစ် သတ်မှတ်ထားပါသလဲ။

Derek Mitchell ။ ။ သတ်မှတ်ချက်တွေကတော့ အများကြီးပါ။ ဥပဒေ ပြုစုရေး၊ တိုင်းရင်းသား ပြဿနာပြေလည်ရေး။ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကချင်ဒေသနဲ့ တခြားဒေသတွေမှာ ရှိနေသလား။ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှုတွေ ရှိနေသလား။ ဒါတွေအားလုံး မှန်မှန်ကန်ကန် ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဆိုတာကလည်း အခိုက်အတန့် အခြေအနေကို ပြောတာမဟုတ်ပါဘူး။ အချိန်ယူ တည်ဆောက်ရတာမျိုးပါ။ အဲဒီမှာ ပိတ်ဆို့အရေးယူမှု ဘယ်တော့ ရုတ်သိမ်းရမလဲဆိုတာ ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတဲ့သဘောက ဒါ ရွေးကောက်ပွဲ free and fair ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့သည် ဆိုသည့်တိုင်အောင် ဒဏ်ခတ်မှုတွေ ဆက်လက်ရှိနေအုံးမယ်ဆိုတဲ့ သဘောပေါ့။ ဟုတ်ပါသလား။

Derek Mitchell ။ ။ ဒီရွေးကောက်ပွဲနဲ့ပဲ ဒဏ်ခတ်အရေးယူမှုတွေကို ဆုံးခန်းတိုင်စေမှာ မဟုတ်ဘူးဆိုရင် မှန်ကန်မယ်ထင်ပါတယ်။ ဒီ ရွေးကောက်ပွဲတခုတည်းနဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ သိသာမြင်သာတဲ့ တိုးတက်မှုတရပ်တော့ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဒီအတွက် တုံ့ပြန်မှာပါ။ Sanction ရုတ်သိမ်းရေးအတွက် တခြားလိုအပ်ချက်တွေ ရှိနေပါအုံးမယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ စီးပွားရေးပညာရှင်တွေ ဒီလဆိုရင် ပါမောက္ခ Joseph Stiglitz အပါအဝင် ပုဂ္ဂိုလ်တွေက ဒဏ်ခတ်အရေးယူမှုဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် ခလုတ်ကသင်းတွေဖြစ်တယ်။ အတားအဆီးတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။

Derek Mitchell ။ ။ ပါမောက္ခ Stiglitz နဲ့တကွ မြန်မာထိပ်တန်း စီးပွားရေးအကြံပေး ဦးမြင့်တို့က ပြောနေကြတာက Sanction တောင် မဟုတ်ပါဘူး။ တခြားပြည်တွင်းက အခြေအနေတွေနဲ့ အစိုးရကိုယ်တိုင် ရင်းနှီးမြုပ်နံှမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မှန်ကန်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ တာဝန်ရှိတယ်လို့ ရေးသားကြတာလို့ ကျနော်ထင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးယူပိတ်ဆို့မှုတွေဟာ အခြေခံအဟန့်အတား ဖြစ်တယ်ဆိုတာကို ကျနော်လက်မခံပါဘူး။ အစိုးရကရော တိုင်းပြည်တွင်း အခြေအနေတွေကပါ အခွင့်အခါကောင်းဖြစ်အောင် လုပ်ပေးရမှာပါ။ ကျနော်တို့ကတော့ ပြုပြင်ရေး Parner အနေနဲ့ ဒီလိုတိုးတက်မှုအခြေအနေတွေ ကူညီဖန်တီးပေးဖို့သာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲသာ free and fair ဖြစ်ခဲ့ရင် ကျနော်တို့ဟာ ဒီ အတားအဆီးတွေကို ကျော်လွှားနိုင်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်ပြီး မေးစရာတခု ရှိပါတယ်။ တကယ်လို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှု လုပ်တော့မယ်ဆိုရင် အခုလောလောဆယ်မှာ ဒီအခွင့်အရေးကို ချုပ်ကိုင်ရယူနိုင်သူတွေဟာ cronies တွေ၊ အာဏာပိုင်တွေနဲ့ အလွမ်းသင့်တဲ့လူတွေ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်နေပါတယ်။ သူတို့လက်ထဲပဲ ချမ်းသာကြွယ်ဝမှုတွေ စုပြုံးပြီး ရောက်သွားမှာပါ။ ဒါကို ဟန့်တားနိုင်ဖို့ ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားမိပါသလား။

Derek Mitchell ။ ။ စနစ်ကတော့ တဖတ်သတ်လှည့်ဖြားထိန်းချုပ် ခံလာခဲ့ရတာ အကြာကြီးပါ။ ဒါကြောင့် ကျနော်တို့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သတိထားရမှာပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးတဲ့အခါမှာ အခွင့်ထူးတွေ တနေရာရာမှာ စုပြုံးမသွားရအောင် သတိပြုရမှာပါ။ လူအများစုအကျိုးအတွက်ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ အလုပ်အကိုင်တွေဟာ အရေးကြီးဆုံးပါ။ ဒီလိုမျိုး ပြောကြားချက်မျိုးကို နေပြည်တော်မှာ ဝန်ကြီးတွေ ခေါင်းဆောင်တွေဆီကလည်း ကျနော်ကြားခဲ့ရပါတယ်။ ကျနော်တို့ ဘာလုပ်လုပ် အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ လူထုကို မျှော်လင့်ချက် ထားရှိနိုင်စေရမယ်။ ဒီ ပြုပြင်ရေးကနေ သိသာမြင်သာတဲ့ အကျိုးအမြတ်တွေ ထွက်ပေါ်လာအောင် လုပ်ရမှာပါ။ ကျနော်တို့ဟာ ပြုပြင်ရေးဆိုတာတွေကို ဗဟိုနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ဒါတွေ မတွေ့ခဲ့ရပါဘူး။ ဒီအတွက် ကျနော်တို့ တနည်းနည်းနဲ့ ကူညီနိုင်မှာပါ။ အခြေအနေတွေမှန်ရင် ဒီလို လုပ်ပေးရမှာက ကျနော်တို့ မဟုတ်ပါဘူးး။ အစိုးရကသာ လုပ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးလောက ယိုးယွင်းပျက်စီးနေတာကိုလည်း လူတိုင်းက ထောက်ပြနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ဒီ တရားစီရင်ရေး ယိုးယွင်းတဲ့ကိစ္စကို ဘယ်လိုသုံးသပ်ပါသလဲ။ ဘယ်လို ပြုပြင်ရမလဲဆိုတာကို အကြံပေးလိုပါသလဲ။

Derek Mitchell ။ ။ ဒါဟာ ရေရှည်စိမ်ခေါ်နေတဲ့ ကိစ္စရပ်ပါ။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ယေဘုယျကိစ္စပါ။ အမေရိကန်အစိုးရသာမက ရင်းနှီးမြုပ်နံှမယ့်သူတွေ စီးပွားရေးလောကသားတွေအားလုံး စိုးရိမ်ကြတဲ့ကိစ္စပါ။ တရားဥပဒေတွေ စိတ်ချရရဲ့လား။ ပဋိညာဉ်တွေ၊ ကန်ထရိုက်တွေ လိုက်နာပါမလား စတာတွေပါ။ ဆိုတော့ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး၊ လွတ်လပ်မှု အခြေခံအဆောက်အအုံခိုင်မာမှုတွေက သိပ်အရေးကြီးပါတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေမှာပါ။

ဦးကျော်ဇံသာ ။ ။ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန် ဆန့်ကျင်ရေးအယူအဆတွေ ကြားခဲ့ရပါသလား။ တွေ့ကြုံခဲ့ပါသလားဆိုတာကတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် မြန်မာနိုင်ငံသွားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အရာရှိကြီးတယောက်ကို အင်တာဗျူးလုပ်တော့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။ ကျနော်တို့ လိုချင်တာက ကျနော်တို့ တိုင်းပြည်ကို နိုင်ငံခြားက ကြိုးစွဲရာ ကနေတဲ့ တိုင်းပြည်မဖြစ်စေချင်ဘူးဆိုပြီးတော့ ပြောပါတယ်။ ဒါဟာ အနောက်ကမ္ဘာကို ရည်းစူးပြီးပြောတာပါ။ အထူးသဖြင့် အမေရိကန်ကို ပြောတာလို့ ကျနော်ထင်ပါတယ်။ ဒီကိစ္စကို သံအမတ်ကြီး ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ။

Derek Mitchell ။ ။ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံပဲ ဖြစ်ရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံ၊ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံပါ။ ခင်များတို့ ဘာလုပ်ပါလို့ ကျနော်တို့ ပြောနေတာ မဟုတ်ပါဘူး။ ပြောမှာလည်း မဟုတ်ပါဘူး။ သူတို့နိုင်ငံ အကျိုးစီးပွားအတွက် သူတို့သာ ဆုံးဖြတ်ကြရမှာပါ။ မြန်မာတွေကိုယ်တိုင် သူတို့ပြောဆိုနေတဲ့ အကျိုးရှိမယ်ထင်တဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး ပြည့်ဝရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေကိုပဲ ကျနော်တို့ ပြောနေတာပါ။ မြန်မာပြည်အရေးကို မြန်မာတွေကပဲ ဆုံးဖြတ်တာကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ မြန်မာပြည်သူတွေကိုယ်တိုင် သူတို့အရေးကို သူတို့ပြောကြားလာခြင်းဟာ ကျနော်တို့အတွက်လည်း အကျိုးရှိစေပါတယ်။ ထိပ်ဆုံးက လူနည်းစုပြောနေတဲ့စကား၊ စစ်တပ်ကပြောတဲ့စကား၊ နိုင်ငံရေးပါတီတခုတည်းက ပြောနေတဲ့စကား၊ ရေပေါ်ဆီလူတစု၊ ဆွေမျိုးသားချင်းတစုက သူတို့အကျိုးအတွက် ပြောနေတဲ့စကားကိုတော့ မလိုလားပါဘူး။ တနိုင်လုံးက ပြောတာကို ကြားချင်ပါတယ်။ ဒီအတိုင်းသာ ကျနော်တို့ မူဝါဒ ချမှတ်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို အမေရိကန်ဆန့်ကျင်ရေး စိတ်ဓါတ်အပြင် ကျန်ကိစ္စတခုက စစ်တပ်ဟာ ကန့်လန့်ကာနောက်ကွယ်မှာ ရှိနေသေးတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီ နှစ်ချက်ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် နောက်ပြန်လှည့်သွားနိုင်တဲ့ဖြစ်စဉ် ကိစ္စတွေဖြစ်တယ်လို့ သုံးသပ်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။

Derek Mitchell ။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလိုမျိုး ပြောဘူးပါတယ်။ စစ်တပ်ကြောင့် နောက်ပြန်လှည့်သွားနိုင်တယ်ဆိုတာ မှန်ပါတယ်။ စစ်တပ်ဟာ ဖွဲ့စည်းပုံမှာ သူမတူအောင် ထူးကဲတဲ့အခန်းကဏ္ဍကို ရရှိထားပါတယ်။ စစ်တပ်ဟာ ပြစ်ဒဏ်မရှိဘဲ လုပ်ကိုင်ခွင့်ကို ရထားပါတယ်။ အစိုးရ ခိုင်းတာ၊ သမ္မတ ခိုင်းတာကို မလိုက်နာဘဲ နေနိုင်တဲ့ အခွင့်အရေး ရထားပါတယ်။ ဒါဟာ စိုးရိမ်စရာအချက်ပါ။

ဦးကျော်ဇံသာ ။ ။ အခုအခါ မြန်မာပြည်သူတွေအားလုံးက သူတို့ရဲ့ မျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ပုံအပ်နေကြပါတယ်။ နိုင်ငံတကာကတောင် ဒီအတိုင်း လုပ်နေကြတာကို တွေ့ရပါတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးဟာ ဒီ မျှော်မှန်းချက်တွေအားလုံးနဲ့ ကိုက်ညီအောင် နေနိုင်မလား၊ အကောင်အထည်ဖော်နိုင်မလား။ ဘယ်လို သဘောရပါသလဲ။

Derek Mitchell ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော် သူကို အကြိမ်များစွာ တွေ့ဘူးပါတယ်။ အင်မတန် ထူးချွန်တဲ့ ပုဂ္ဂိုလ်ပါ။ တိုင်းပြည်အတွက်လည်း အထူးကို အရေးကြီးပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ပြောပါတယ်။ သူဟာ ကိုးကွယ်ဆည်းကပ်ရာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားသာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အတားအဆီးတွေကြားမှာ ဆောင်ရွက်ရမှာပါ။ စနစ်ရဲ့ အကန့်အသတ်တွေကို ကြုံရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒါဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိုင်းအဝိုင်းကရော။ သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်မှာ အပိတ်ခံပြီး နေလာခဲ့ရတာပါ။ အခု လုပ်ငန်းစဉ်အတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ သူတို့ဆီမှာ ရှိကြပါသလား။ ဘယ်လို တွေ့ခဲ့ရပါသလဲ။

Derek Mitchell ။ ။ သူတို့မှာ စံရည်စံညွှန်းတွေ ရှိပါတယ်။ လူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင် လိုက်နာကြပါတယ်။ လူထုကို နားထောင်ကြပါတယ်။ သူတို့ဟာ လွှတ်တော်မှာ သူတို့လူထုကို ကိုယ်စားပြုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကိုလည်း သံသယမရှိသလို သူ့ပတ်ဝန်ကျင်က လူတွေကလည်း ယုံကြည်ချက် အပြည့်ပါ။ အန်အယ်လ်ဒီ သာမက တခြားပါတီတွေ၊ တိုင်းရင်းသားပါတီတွေလည်း ဒီအတိုင်းပါပဲ။ ပါလီမန်မှာ ဒီပါတီတွေအပြင် USDP၊ စစ်တပ် စတာတွေလည်း ရှိပါတယ်။ သူတို့အားလုံး စုပေါင်းပြီး တိုင်းပြည်ရေး ရှေ့ခရီးကို တက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆက်လက်ပြီး သံအမတ်ကြီး Derek Mitchell က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်တွေကို မရွေးချယ်ရသေးဘူး။ အဲဒီအထဲမှာ သူပါဝင်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ရွေးကောက်ပွဲကာလမှာ သူ မြန်မာပြည်မှာ ရှိနေမှာ မဟုတ်ပေမယ့် အနီးကပ် စောင့်ကြည့်နေမှာလို့ ဆိုပါတယ်။ သူရဲ့ နောက်တကြိမ် မြန်မာပြည်ခရီးက ဧပြီလထဲမှာဖြစ်မယ်လို့ ပြောကြားသွားပါတယ်။

XS
SM
MD
LG