သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UN လူ့အခွင့်အရေးကော်မရှင်ရဲ့ စစ်အစိုးရအပေါ် အရေးယူလုပ်ဆောင်မှု ထိရောက်မှုရှိမရှိ


UN လူ့အခွင့်အရေးကော်မရှင်ရဲ့ စစ်အစိုးရအပေါ် အရေးယူလုပ်ဆောင်မှု ထိရောက်မှုရှိမရှိ
UN လူ့အခွင့်အရေးကော်မရှင်ရဲ့ စစ်အစိုးရအပေါ် အရေးယူလုပ်ဆောင်မှု ထိရောက်မှုရှိမရှိ

ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဆွစ်ဇာလန် (Switzerlan) နိုင်ငံ၊ ဂျနီဗာ (Geneva) မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် (United Nations Human Rights Commission) ရဲ့ ၁၆ ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်း၊ အရင်နှစ်တွေက ချမှတ်ထားတဲ့ တိုက်တွန်းချက်နဲ့ ဆုံးဖြတ်ချက် တွေကို လိုက်နာခြင်းမရှိသေးတဲ့အတွက် ဝမ်းနည်းကြောင်း၊ ထပ်မံဆော်သြမှုတွေ ပြုလုပ်လို ပါကြောင်း စတာတွေကနေလွဲပြီး တကယ်တန်းလက်တွေ့အရေးယူဖို့ တင်ပြချက်၊ အဆိုပြု ချက်တွေ ပါဝင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်ပရောက်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

ဒေါက်တာသောင်းထွန်း ။ ။ အဲဒါကျတော့ လုပ်ထုံးလုပ်နည်းနဲ့ ဆိုင်သွားတယ်။ လက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာအောက်မှာ ကျနော်တို့ ဘယ်လောက်အထိ လုပ်နိုင်သလဲ၊ လုပ်ပိုင်ခွင့်ပေးထားတဲ့ အတိုင်းအတာအောက်မှာဆိုရင် အလွန်ဆုံး မျှော်မှန်းနိုင်တာက လူ့အခွင့်အရေးကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်တယ်။ အဆိုးဆုံးကတော့ပေါ့ အင်မတန် ရှားပါးတဲ့ကိစ္စကတော့ လစ်ဗျားလို နိုင်ငံကိုပေါ့နော်။ အခြေအနေတွေ ဖြစ်လာတဲ့အခါမှာ လူ့အခွင့်ရေး ကောင်စီ အဖွဲ့ဝင်ဖြစ်နေခဲ့ရင် ဒါကို ရပ်ဆိုင်းထားလို့ ရတယ်ပေါ့။ ဒီထက်ပိုပြီးတော့ လူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်မရှိဘူး။

ကုလသမဂ္ဂ mechanism မှာ အဓိကလုပ်ပိုင်ခွင့်က လုံခြုံရေးကောင်စီပဲ။ လုပ်ပိုင်ခွင့်ရှိတာက စုံစမ်းမယ်၊ စစ်ဆေးမယ်၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဝေဖန်မယ်။ နောက်တခုက နိုင်ငံတကာရဲ့ သဘောထားပေးမယ်ပေါ့။ အဲဒီ လုပ်ပိုင်ခွင့်ဘောင်ထဲက ကြည့်မယ်ဆိုလို့ရှိရင်တော့ လက်ရှိ ချလိုက်တဲ့ ဆုံးဖြတ်ချက်က ဗမာပြည်ရဲ့လက်ရှိလူ့အခွင့် အရေး အခြေအနေတွေကို ထင်ဟပ်တယ်။ တကယ့်ကို ဝေဖန်မှုတွေလည်းရှိတယ်။ အကြံပြုမှုတွေရှိတယ်လို့တော့ ကျနော်ပြောရမှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထင်ထင်ရှားရှား ထောက်ပြရမယ်ဆိုလို့ရှိရင် အထူးသဖြင့် မြန်မာစစ်တပ်ကနေပြီးတော့ ဒါမှမဟုတ် မြန်မာစစ်ခေါင်းဆောင်တွေကနေပြီးတော့ လူသားတို့အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အသုံးအနှုန်းကို ကြည့်ရတာက အရင်အကြိမ်တွေ ကနေပြီးတော့ ရှုတ်ချထားတာတွေ၊ ဒါတွေကို ပြုပြင်ဖို့လုပ်ထားတာတွေကို မလိုက်နာသေးတာကို တွေ့ရတယ်။

ဒီကျူးလွန်မှုတွေဟာ လူသားတွေအပေါ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဆင့်ထိအောင် ရောက်နိုင်တယ် ဆိုတာကို သူတို့အနေနဲ့ သတိပြုမိပါတယ်ဆိုတဲ့ သဘောလောက်ပဲ ဖော်ပြပြီးတော့ ဒီကိစ္စတွေကို စုံစမ်း စစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးဆိုတဲ့ အဆိုကို လုံခြုံရေးကောင်စီကို တင်ပေးဖို့ဆိုတဲ့ တိုက်တွန်းချက်မျိုးတွေ ကျနော်တို့ မတွေ့ရဘူးလေ။ အဲဒါကရော ဘယ်လိုဖြစ်တာလဲ။

ဒေါက်တာသောင်းထွန်း ။ ။ ဂျနီဗာမှာ ဒီနေ့ပဲ ချလိုက်တဲ့ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ဟာ ပထမဦးဆုံးအကြိမ် ဗမာပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအချို့ဟာ စစ်ရာဇဝတ်မှုမြောက်တယ်၊ လူသားတရပ်လုံးကို ကျူးလွန်တဲ့ လူ့အခွင့်အရေး ပြစ်မှုမြောက်တယ်ဆိုတဲ့ နိုင်ငံတကာဥပဒေ ရှုဒေါင့်သုံးသပ်ချက်က ဒါ ပထမဦးဆုံးပါတာပေါ့နော်။

ဒီလို သုံးသပ်ချက်မျိုးက အရင်တုန်းက Special Rapporteur Quintana က လုပ်ထားပေမယ့်လို့ Resolution တော့ မပါဘူး။ ဆိုတော့… ဒီလို ဥပဒေကြောင်းအရ သုံးသပ်ပြီးလို့ရှိရင် နောက်တဆင့်က ဒီအခြေအနေတွေကြောင့်မို့လို့ န.အ.ဖ ဘက် ကနေပြီးတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ရင် ဒီလိုမျိုးလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူမှု မလုပ်ခဲ့ရင် နိုင်ငံတကာကနေ ဝင်ရောက်ရမယ်ဆိုတဲ့ ရောက်ရမှာပေါ့။ အဲဒီဆုံးဖြတ်ချက်မျိုးတွေက နောက်တဆင့်သွားဖို့အတွက် ဒီဆုံးဖြတ်ချက်တွေက လိုအပ်တဲ့ လမ်းကြောင်းတဆင့်ကို ခင်းပေးလိုက်တဲ့ သဘောလို့ ပြောလို့ရပါတယ်။ အရင်ထက်စာရင်တော့ တဆင့်တက်သွားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်က မကြာသေးခင် မနှစ်ကပဲ ပြီးသွားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆိုလို့ရှိရင်လည်း ဒီရွေးကောက်ပွဲမှာ မတရားမှုတွေရှိခဲ့တယ်၊ မသမာမှုတွေ ရှိခဲ့တယ်ဆိုတာကို ပြတ်ပြတ်သားသား ဝေဖန်မှုမရှိဘဲနဲ့ မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ရှေ့ရှုနိုင်မယ့်၊ အားလုံးပါဝင်နိုင်မယ့် အခွင့်အရေးတခုကို လက်လွတ်သွားခဲ့ရတယ်ဆိုတဲ့ အသုံးအနှုန်းလောက်လေးပဲ ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော မူလတင်ပြချက်တွေက ဘယ်လိုရှိခဲ့လဲ၊ အထူးသဖြင့် ဒါတွေကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ဆိုတဲ့ တင်ပြချက်တွေ မရှိခဲ့ဘူးလား။

ဒေါက်တာသောင်းထွန်း ။ ။ ရှိခဲ့ပါတယ်။ ဒါ ဟန်ဂေရီ (Hungary) ကနေတင်တဲ့ အဆိုကြမ်းမှာဆိုရင် ကျင်းပသွားခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ကန့်သတ်တယ်။ ဘယ်လို ကန့်သတ်မှုတွေ လုပ်တယ်ဆိုတဲ့ အသေးစိတ်တွေပေါ့နော်။ ဒါတွေကို ဖော်ပြထားတယ်။

အထူးသဖြင့် အနောက်ဒီမိုကရေစီ နိုင်ငံတွေဘက်ကတော့ ဒါကို အသိအမှတ်မပြုဘူး၊ ဒါက လွတ်လပ်ပြီး တရားမမျှတဘူး ပြောနေပေမယ့်လို့ အိန္ဒိယ၊ တရုတ်၊ အာဆီယံ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေပြီးတော့ ဒီရွေးကောက်ပွဲကို သူတို့က ဖော့ပြီးတော့ ဝေဖန်မှုတွေကို ရှောင်ရှားပြီးတော့ ကြိုဆိုမှုတွေ လုပ်လိုက်တဲ့အခါမှာ ဒီသဘောထား မတူညီချက်တွေဟာ ဒီ ဆုံးဖြတ်ချက်မှာလာပြီး ထင်ဟပ်ပါတယ်။ အဲဒီတော့ အီးယူနဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေက တင်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်းထန်တဲ့ ဝေဖန်ချက်တွေကို အိမ်နီးချင်းပိုင်းက သဘောမတူတဲ့အခါမှာ အားပျော့သွားတဲ့အပိုင်းတွေ ရှိနေတယ်။ ဒါပေမဲ့လို့ တချိန်တည်းမှာ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှုမရှိဘူးလို့၊ နောက်တခုက ကနေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကို တကယ်တန်း စုံစမ်းစစ်ဆေးမှု မရှိဘူးဆိုတဲ့ အနေအထားမျိုးတွေတော့ အိမ်နီးချင်း နိုင်ငံတွေဘက်က လက်ခံထားတယ်ဆိုတဲ့ သဘောတော့ တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တဆက်တည်းမှာပဲ ရွေးကောက်ပွဲမှာ သူတို့ သုံးလာတဲ့ အသုံးအနှုန်းတခု inclusive post election process ရွေးကောက်ပွဲအပြီးမှာမှ အားလုံးပြန်ပြီးတော့ ပါဝင်လာနိုင်အောင် လုပ်ငန်းစဉ်တခု ချရမယ်ဆိုတာက အတိအကျအားဖြင့်ဆိုလို့ရှိရင် ဘာကို ဆိုလိုတာလဲ။ အထူးသဖြင့် အခု လောလောဆယ် အားဖြင့် ဆိုလို့ရှိရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလို့ရှိရင် တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ရဖို့တောင်မှပဲ အတော်လေး ရုန်းကန်နေရတဲ့ အခြေအနေမှာ အခု ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ခေါ်ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီး တခုအနေနဲ့ သူတို့ဘက်က ကြည့်မယ်ဆိုရင်ပေါ့နော်။ အခိုင်အမာ သွားနေတယ်ဆိုတဲ့ကာလမှာ ရွေးကောက်ပွဲအပြီး အားလုံးပါဝင်ရမယ့်လုပ်ငန်းစဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ဒေါက်တာသောင်းထွန်း ။ ။ ဟုတ်ကဲ့၊ NLD ရဲ့ တရားဝင်ရပ်တည်ရေးနဲ့ပတ်သက်လို့လဲ ဆုံးဖြတ်ချက်မှာ NLD ရဲ့ ၈၈ ခုနှစ်နောက်ပိုင်း၊ တရားဝင်ရပ်တည်မှုပေါ့။ ၂ဝ၁ဝ မှာ မှတ်ပုံမတင်ပေမဲ့လို့ တရားဝင်မှုကို ခွင့်ပြုသင့် တယ်ဆိုတာ တောင်းဆိုထားတာတွေ့သလို အခုနပြောတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆိုတာက ရွေးကောက်ပွဲတော့ ပြီးသွားပြီ။ ဒီထဲမှာ မပြိုင်တဲ့သူတွေလည်းရှိတယ်။ မပြိုင်တဲ့သူတွေထဲမှာ NLD လို အဓိက လူထုထောက်ခံမှုရရှိတဲ့ အဖွဲ့အစည်းကြီးတွေ၊ နောက် တိုင်းရင်းသားပါတီတွေကလည်း အများကြီး ရှိတယ်။ ရှိတဲ့အခါကျတော့ ရွေးကောက်ပွဲကလည်း လူထုအပိုင်းက ကြည့်မယ်ဆိုလို့ရှိရင် လွတ်လပ်ပြီး တရားမျှတမှုမရှိဘူး၊ ဘာမှ မျှော်လင့်ချက်မရှိဘူး။ ဆိုတော့… အဲဒီအနေအထားမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သွားတဲ့ဟာ မဟုတ်တော့ နိုင်ငံတကာရဲ့ စဉ်းစားချက်မှာ အခု ရွေးကောက်ပွဲ ရှိပြီ၊ ရွေးကောက်ပွဲအခြေခံပေါ်မှာ ပါလီမန်လုပ်တယ်၊ ရွေးကောက်ပွဲအခြေခံပေါ်မှာ အစိုးရဖွဲ့တာတော့ ဟုတ်ပြီ။ ဒါပေမဲ့လို့ ဒီ ပါလီမန်နဲ့ အစိုးရဟာ တကယ့် ပါသင့်ပါထိုက်တဲ့ ဗမာပြည်နိုင်ငံရေးက ဇာတ်ကောင်တွေ မပါဘူး။

အဲဒီ လက်ရှိ ဖွဲ့စည်းထားတဲ့ Institutions တွေပေါ့ဗျာ၊ အဆောက်အအုံတွေအပြင် ဥပမာအားဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကောင်စီပဲဖြစ်ဖြစ်၊ အတိုင်ပင်ခံ ကောင်စီပဲဖြစ်ဖြစ်၊ ကျန်တဲ့အဓိကအင်အားစုတွေကို ဖိတ်ခေါ်ပြီးတော့မှ ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုလို့ရှိရင် ဒီကောင်စီမျိုးဟာ ဗမာပြည်ရဲ့အနာဂတ်ရေးရာကိစ္စတွေကို ဆွေးနွေးနိုင်တဲ့ ဖိုရမ်ဖြစ်လာသလို တယောက်နဲ့ တယောက် နားလည်မှု တည်ဆောက်မှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်ဖို့၊ နေရာကောင်းတွေ ဖြစ်လာမယ်၊ တိုင်းပြည်ရဲ့ တည်ဆောက်မှုအတွက် အကြံဉာဏ်ကောင်းတွေ ပြုနိုင်တဲ့ နေရာကောင်းတွေ ဖြစ်လာမယ်ဆိုတဲ့ သဘောထားအမြင်တွေရှိပါတယ်။ ဒါကိုလည်းပဲ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ သူ့ရဲ့ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ (Nambiar) သွားတဲ့အချိန်မှာ ဒီလိုမျိုး အဆိုပြုထားတာတွေရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက် ကျနော်တို့ ဆုံးဖြတ်ချက်ထဲမှာ မြင်လိုက်တဲ့အချက်တခုကတော့ ဘာလဲဆိုတော့ - တိုက်တွန်းထားတဲ့ အချက်ပေါ့နော်။ မြန်မာပြည်တွင်းမှာ တရားရေးကဏ္ဍကို ပြန်လည် ပြုပြင်ပြောင်းလဲရေး။ တရားရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးဆိုတဲ့အချက်မှာ အစောက ဦးသောင်းထွန်း ပြောသလိုပေါ့နော်။ အခုအခြေအနေက စစ်အုပ်ချုပ်ရေး မဟုတ်တော့ဘူးလို့ သူတို့ပြောတဲ့ အခြေအနေမျိုး ဆိုလို့ရှိရင် မြန်မာပြည်တွင်းမှာ တရားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်အထိများ ဖြစ်လာနိုင်စရာရှိလဲ။

ဒေါက်တာသောင်းထွန်း ။ ။ အခု အနေအထားနဲ့ ပတ်သက်လို့ကတော့ သိပ်ပြီးတော့ မတွေ့ရဘူး။ အဓိကကတော့ နိုင်ငံတခုရဲ့ တရားစီရင်ရေးမှာ Supreme Law ပေါ့။ နိုင်ငံတခုရဲ့ အဓိက တရားဥပဒေကို ချုပ်ကိုင်ထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားစီရင်ရေးနဲ့ပတ်သက်လို့ ပြဌာန်းချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တရားသူကြီးတွေကို ခန့်အပ်တဲ့ဟာတွေ၊ တရားသူကြီးတွေရဲ့ သက်တမ်းတွေကို ခန့်အပ်ထားတာတွေ၊ တရားသူကြီးတွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်မှုအပေါ်မှာ အုပ်ချုပ်ရေး ဘက်ကနေပြီးတော့ ဝင်ရောက်စွက်ဖက်မှုအတွက် ကာကွယ်ပေးထားတာတွေ၊ သူတို့ရဲ့ တရားရေးဥပဒေ ရှုဒေါင့်က ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံပြီးတော့ အုပ်ချုပ်ရေးဘက်က ဥပမာ သမ္မတအနေနဲ့ သူတို့ကို ဖြုတ်တာတို့ ဘာတို့ကို ကာကွယ်ပေးထားတဲ့ သက်တမ်းတခုကို သူတို့အတွက် ကာကွယ်စီစဉ်ပေးမှုတွေ၊ ဒါမျိုးတွေ မရှိဘူးဗျ။ အဲဒါမျိုးတွေ ရှိဖို့အတွက်က ဖွဲ့စည်းပုံကို ပြင်ပေးရမယ်။ ဖွဲ့စည်းပုံကို နိုင်ငံတကာ ဒီမိုကရေစီစံတွေ၊ လူ့အခွင့်အရေးစံတွေနဲ့ ပြင်ပေးဖို့ဆိုတာက အီးယူကနေတင်လိုက်တဲ့ ပထမမူကြမ်းထဲမှာ ပါတယ်။ ဒါပေမဲ့လို့ အိမ်နီးနားချင်း နိုင်ငံတွေဘက်ကနေပြီးတော့ န.အ.ဖကို ဝင်ကာပေးလိုက်တဲ့အခါမှာတော့ အဲဒီ အပိုဒ်က ပြုတ်ကျန်နေခဲ့တာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ အစောက ဒေါက်တာသောင်းထွန်း ပြောတဲ့ အချက်တွေကို မပြင်နိုင်ဘူးဆိုရင် အထူးသဖြင့် ဒီလို လူ့အခွင့်အရေးကောင်စီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွေ၊ ဒီကနေပြီးတော့ အမျိုးမျိုး တောင်းဆိုချက်တွေ၊ တိုက်တွန်းမှုတွေ လုပ်နေတယ်ဆိုပေမဲ့လည်း မြန်မာနိုင်ငံစစ်အစိုးရအနေနဲ့ သူတို့သွားချင်တဲ့ ပုံစံအတိုင်းပဲ ဥပေက္ခာပြုပြီး ဆက်သွားနေနိုင်မယ့် ပုံစံမျိုးဖြစ်နေမှာပေါ့။

ဒေါက်တာသောင်းထွန်း ။ ။ ကျနော်တို့မြင်တာကတော့ ကျနော်တို့ရဲ့ကြိုးပမ်းမှုပေါ့ဗျာ။ ဗမာပြည်မှာ တရားဥပဒေ စိုးမိုးရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုပဲဖြစ်ဖြစ် ဒီ လုပ်ငန်းစဉ်ကြီးပေါ့ဗျာ။ ဒီနေ့ န.အ.ဖ ဘက်က မပြင်ချင်ဘူး၊ မပြောင်း ချင်ဘူး စစ်တပ် စိတ်တိုင်းကျပဲ အုပ်ချုပ်ချင်တယ်၊ ဒါကို ကျနော်တို့ ပြောင်းလဲဖို့ဆိုရင် ရတဲ့နေရာတွေ၊ ရတဲ့အပေါက်တွေ ကနေပြီးတော့ အကုန်လုံးလုပ်ကြရမှာပဲ။ တဘက်အင်အားစုတွေအပိုင်းမှာ ဒီမိုကရေစီရေးနဲ့ ဥပဒေအရ စိုးမိုးရေးအတွေးအခေါ်မျိုးတွေ မြင်လာအောင် ရနိုင်တဲ့ အနေအထားတွေပေါ့ဗျာ။ ဥပမာ- စစ်တပ်ဆိုလည်း စစ်တပ်တခုလုံး လူဆိုးမဟုတ်ပါဘူး။ တရားစီရင်ရေးမှာဆိုလည်း တရားစီရင်ရေးမဏ္ဍိုင်ထဲမှာ ပါဝင်နေတဲ့ တရားသူကြီးအားလုံးဟာ အမှန်တရားကို မလိုလားဘူးလို့တော့ မပြောနိုင်ဘူး။ ဆိုတော့… အဲဒီ အနေအထား၊ အကန့်အသတ်တွေမှာ အသိပညာပြန့်ပွားရေးပဲဖြစ်စေ၊ ဘေးဘက်က ဝေဖန်ထောက်ပြမှုပဲဖြစ်စေ၊ ခုနပြောသလို Special Rapporteur တို့လို ပုဂ္ဂိုလ်မျိုးတွေကနေပြီးတော့ အမြဲတမ်းထိတွေ့ ဆွေးနွေးနေမှုပဲဖြစ်စေ၊ ဒါတွေကတော့ ဆက်လုပ်နေဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG