သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလွတ်မြောက်သေးသော အကျဉ်းသားများ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာပြည်) တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းပြီး မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ အကြောင်းအရာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုကြည် အမေရိကန် ပြည်ထောင်စုကို အဓိက ရောက်ရှိလာတဲ့အကြောင်းရင်းက Into the Current မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုမှတ်တမ်းကားတခုကို ရှင်းလင်းပြောကြားဖို့နဲ့ တခြား တွေ့ဆုံပွဲကိစ္စတွေလည်း ပါတယ်လို့ သိရပါတယ်။ အဲဒါလေးကို နည်းနည်းလေး ရှင်းပြပါလား။

ဦးဘိုကြည် ။ ။ ကျနော် အဓိကလာရတဲ့အကြောင်းက မြန်မာလိုတော့ ရေဆန်လမ်း လို့ခေါ်တယ်။ အရင်တုန်းကတော့ ဒီဗွီဘီ ကနေ အပတ်စဉ် ပြသဖို့ ရှိပါတယ်။ အဲဒီကားက နိုင်ငံရေးအကျဉ်းသား နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝကို သရုပ်ဖော်ထားတာပါ။ အဲဒီ ကားကို ပြည်နယ် ခြောက်ပြည်နယ် နဲ့ တက္ကသိုလ်ပေါင်း ၁၅ ခုမှာ လိုက်ပြီးပြသတာ ရှိပါတယ်။ အဓိကတော့ နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်ထဲမှာ ရှိနေသေးတယ်။ သူတို့ကို လွှတ်ပေးဖို့ကလည်း သိပ်ကိုအရေးကြီးတယ်။ သူတို့ကို ချန်ထားခဲ့လို့ မရဘူးဆိုတာမျိုးကို အဓိကပြောချင်တာပါ။ အဲဒီအပြင် ဆီနိတ်တာတွေ၊ Derek Mitchell မြန်မာနိုင်ငံရဲ့ အထူးကိုယ်စားလှယ် သူနဲ့လည်း တွေ့ဆုံတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ လွှတ်ပေးပြီးနောက်ပိုင်းမှာ နိုင်ငံတကာကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို ဖိအားပေးပြောဆိုမှု နည်းနည်းလေး လျော့သွားသလို့ ရှိပါတယ်။ မကြာသေးခင်ကပဲ ဗြိတိန်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတချို့ကဆိုရင် ပြည်တွင်းအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မေ့မထားပါနဲ့ဆိုတဲ့ ကြေညာချက်မျိုး ထုတ်လာတာကိုလည်း တွေ့ရတယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေက မြန်မာပြည်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လွှတ်ပြီးတဲ့နောက်ပိုင်း ဘယ်လောက်အထိ ကျန်နေသေးသလဲ။

ဦးဘိုကြည် ။ ။ ကျနော်တို့ ၄၉၃ ယောက်ကိုတော့ သေသေချာချာ ပြနိုင်တယ်။ သူတို့ကို ဘယ်နေရာမှာရှိတယ်။ ဘယ်ပုဒ်မတွေနဲ့ ချထားခံရတယ်။ နောက်ထပ် ၄၀၀ ကျော်ကိုတော့ ကျနော်တို့ ဆက်စုံစမ်းနေဆဲဖြစ်တယ်။ တချို့ကလည်း လွတ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့က ဘယ်နေရာရောက်နေမှန်း ကျနော်တို့ မသိတာတွေရှိတယ်။ ဆိုတော့ ၈၀၀ ကျော် ရှိနေသေးတယ်လို့ အနှိမ့်ဆုံးပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သူတို့ရဲ့ သတ်မှတ်ချက်စံနှုန်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စာရင်းကို မြန်မာအစိုးရကို တင်ပြခဲ့တယ်။ အဲဒီ စာရင်းအပေါ် မူတည်ပြီး မြန်မာအစိုးရက လွှတ်ပေးခဲ့တယ်။ တော်တော်များများက ပြီးခဲ့တဲ့ ဇန်နဝါရီလက လွှတ်ပေးလိုက်တဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းအရ လွှတ်ပေးလိုက်တယ်ဆိုတော့ ဒီ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုတယ်ဆိုတဲ့နေရာမှာ ဘယ်လိုစံနှုန်းနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိနေလို့လဲ။

ဦးဘိုကြည် ။ ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြုစုတဲ့အခါမှာ နိုင်ငံရေးပြစ်မှုဆိုပြီး စစ်အစိုးရအဆက်ဆက်က အသုံးပြုခဲ့တာတွေ ရှိပါတယ်။ အဲဒါက စစ်အစိုးရအဆက်ဆက်ဆိုတာ ၁၉၈၀ လောက်ကတည်းကနေ စတင်အသုံးပြုတယ်။ နိုင်ငံရေးပြစ်မှုများ။ အဲဒီ နိုင်ငံရေးပြစ်မှုများနဲ့ပါတဲ့ ဥပဒေတွေနဲ့ ကျနော်တို့ စာရင်းပြုစုခိုင်းပါတယ်။ ဒါပေမဲ့ အဲဒီ ဥပဒေထဲမပါဘဲနဲ့ ကျနော်တို့ ထပ်တိုးထားတဲ့ဟာက electronic act ဒါက အခုနောက်ပိုင်းမှ ပေါ်လာတဲ့ဟာဖြစ်တယ်။ အခုနောက်ပိုင်းမှာ လူဝင်မှု့ကြီးကြပ်ရေး အက်ဒ် ၁၃/၁ - ဒါတွေကို ကျနော်တို့ ထပ်တိုးထားတာ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၃/၁ နဲ့ ဖမ်းမယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတွေအကုန်လုံးကို ဖမ်းလို့ရတယ်။ ဒါပေမဲ့ သာမန်လူတွေကို ဒီ ဥပဒေနဲ့ မဖမ်းပါဘူး။ တကယ့် လှုပ်ရှားနေတဲ့လူတွေ၊ ဒီဘက်အခြမ်းကို ရောက်တဲ့အခါမှသာ ဒီ ဥပဒေနဲ့ ဖမ်းပြီးထောင်ချတာ ရှိပါတယ်။ ဒါပေမဲ့ ဒီ ၁၃/၁ လူဝင်မှု့ကြီးကြပ်ရေး ဥပဒေကို သုံးတဲ့အခါမှာလည်း သူ့တခုတည်းကို သုံးတာမဟုတ်ဘဲနဲ့ တခြား ဥပဒေတွေ။ ဥပမာ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတယ်ဆိုတဲ့ဟာမျိုးတွေ ဒီလိုမျိုးတွေနဲ့ တွဲပြီးချတာ ရှိပါတယ်။ အဲဒီလို ဟာတွေကိုလည်း ကျနော်တို့ ထည့်သွင်းပြီး နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်ပြုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ နောက်ကြောင်းတွေကို သိထားလို့ဖြစ်ပါတယ်။ ၁၃/၁ နဲ့ ချတိုင်းကိုတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုနေတာ မဟုတ်ပါဘူး။ အဲဒီလို ခြွင်းချက်တွေပေါ်မှာ ကွာဟနေတာ ရှိနိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားဒေသတွေမှာ ဖမ်းဆီးခံနေရသူတွေရှိတယ်။ အဲဒါက သတင်းအချက်အလက်ရဖို့ အတော်လေးခက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့တိုင်းရင်းသားတွေက ဗမာလိုလည်း မပြောတတ်ဘူး။ ဆိုတော့က သူတို့က တခြားလူတွေကို ဆက်သွယ်ပြီး သတင်းပေးဖို့ ဘာညာတို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ တချို့ဟာတွေကို လွှတ်ပေးမှ သိရတာတွေရှိတယ်။ နောက် သူတို့ကနေတဆင့် တခြား တိုင်းရင်းသားတွေ ထောင်ထဲမှာ ရှိနေသေးတာကို ထပ်ပြီးသိရပါတယ်။ ဒီလိုဟာမျိုးကြတော့ မြို့ပေါ်မှာနေတဲ့ အဖွဲ့အစည်းတွေ၊ မြို့ပေါ်မှာရှိနေတဲ့ သူတွေက တော်တော်လေး အလှမ်းဝေးတဲ့ဟာမျိုးတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ပါယ်ဖော်ဆောင် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အစောပိုင်းမှာလည်း တော်တော်လေး အငြင်းပွားခဲ့တာတွေလည်း ရှိပါတယ်။ မြန်မာအစိုးရကဆိုရင် နိုင်ငံရေးအကျဉ်းသမားမရှိဘူးဆိုတဲ့ သဘောနဲ့ ဒီအသုံးအနှုန်းတောင် မသုံးခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဒီလိုအသုံးအနှုန်းကို ရှောင်လွှာပြီး ဒီစာရင်းထဲမှာပါတဲ့ လူတချို့ကို လွှတ်ပေးလိုက်တာ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့ အဆိုအရဆိုရင် ဒီစာရင်းထဲမှာ လွှတ်မပေးဘဲနဲ့ ကျန်နေခဲ့တဲ့သူတွေဟာ အထူးသဖြင့် လက်နက်မှု၊ ဒါမှမဟုတ် တခြား ရာဇဝတ်မှုတွေနဲ့ ငြိစွန်းနေလို့ လွှတ်မပေးဘဲ ချန်နေခဲ့ရတယ်လို့ ပါတာတွေရှိပါတယ်။ အဲဒီတော့ အစောက ဦးဘိုကြည် ပြောတဲ့ စာရင်းအတိအကျရှိတယ်။ နေရာအတိအကျရှိတယ်ဆိုတဲ့ လူပေါင်း ၄၉၃ ဦး - ဒီလူတွေကရော ရာဇဝတ်မှုနဲ့ ငြိစွန်းနေတာများ ရှိနိုင်သလား။

ဦးဘိုကြည် ။ ။ ရာဇဝတ်မှုရယ်လို့ မဟုတ်ဘူး။ ဥပမာ ကေအန်ယူ အဖွဲ့ဝင်တယောက်ယောက်ကို တိုက်ပွဲထဲမှာ ဖမ်းမိတယ်ဆိုရင် အဲဒီလူကို ဖမ်းပြီးထောင်ချတဲ့အခါမှာ ၁၇/၁ ဒါမှမဟုတ် ၁၇/၂ တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်။ တရားမဝင် အဖွဲ့ဝင်ဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံတော်ပုန်ကန်မှု။ ဒီလို ပုဒ်မတွေနဲ့ တပ်လေ့ရှိတယ်။ ဒီအပြင် လူသတ်မှုဆိုတာကိုလည်း တပ်လေ့ရှိတယ်။ ဆိုတော့ ဒီလိုဟာမျိုးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် တည့်သွင်းသတ်မှတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းလက်နက်ကိုင် အင်အားစုတွေကလည်း သူတို့ရဲ့ တန်တူရေး အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုတာဖြစ်တယ်။ သူတို့က ၃၀၂ ကို လူသတ်မှုဆိုပြီး ဖယ်ထုတ်တာမျိုးရှိတယ်။ တကယ်တမ်းဆိုရင် လူသတ်မှုဆိုရင် ရိုးရိုးတန်းတန်း လူသတ်မှုဖြစ်တယ်။ ဒါက ရာဇဝတ်မှု။ ဆိုတော့ ဒါကိုလည်း ကျနော်တို့ သေသေချာချာ သိပါတယ်။ ဥပဒေကြောင်းကို။ တရားမဝင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ တခြားလက်နက်ကိုင် တိုက်ပွဲထဲမှာမိတဲ့အခါကြတော့ ဒါဟာ ရိုးရိုးဓမြ မဟုတ်ဘူး။ ရိုးရိုး လူသတ်တာ မဟုတ်ဘူး။ ဒါက မတော်တစ တိုက်ပွဲထဲမှာဖြစ်ကြတဲ့အခါမှာ လူသတ်မှုဆိုတာ ဒီလိုပဲ ဖြစ်နေကြတာပဲ။ စစ်သားချင်း တိုက်ခိုက်နေကြတဲ့ကိစ္စ။ ဒါကိုတော့ နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူးလို့ အသိအမှတ်မပြုနိုင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အစောက ကျနော်ပြောခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားလို့ တဖတ်က သတ်မှတ်ပေးမယ့် တဖတ်က ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေနဲ့ ငြိစွန်းနေတယ်ဆိုပြီးတော့ သတ်မှတ်ချက်နဲ့ အခုအချိန်အထိ မလွတ်သေးတဲ့ လူတယောက်။ ဒါက သရက်ထောင်မှာ ကျန်နေခဲ့တဲ့ ကိုသန်းဇော် (ခေါ်) ကိုသန့်ဇော် ပါ။ သူက ကျနော်တို့ သိသလောက်တော့ တညင်းရေနံချက်စက်ရုံ ဗုံးခွဲတဲ့အမှု ၁၉၈၉ လောက်ကဖြစ်တာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူကို ဒီလို အကြမ်းဖက်မှုနဲ့ သေဒဏ်ပေးထားတယ်။ နောက်တော့ တသက်တကျွန်းပြောင်းပေးတယ်။ နောက်ပိုင်းမှာတော့ သူ့ဇာတ်လမ်းက တော်တော်လေး ရှုပ်ထွေးပါတယ်။ အကြမ်းဖက်မှုမှာ ဗုံးဖောက်ခွဲမှုမှာ သူမဟုတ်ဘူးဆိုတာ ထင်ရှားရဲ့သားနဲ့ သူကို ပြစ်ဒဏ်က လွှတ်ငြိမ်းချမ်းသာခွင့် မပေးဘဲနဲ့ အခုအချိန်အထိ ထောင်ထဲမှာ ရှိနေတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲဒီအကြောင်းလေးကို နည်းနည်းလေး ကျနော်ကို ပြောပြပါလား။

ဦးဘိုကြည် ။ ။ တကယ်တမ်းကြတော့ ကိုသန်းဇော် တယောက်တည်းမဟုတ်ဘူး သူနဲ့အတူတူ အမှုတွဲ ၁၈ ယောက်လောက်ရှိတယ်။ အခုလောလောဆယ်တော့ သူတယောက်တည်း ထောင်ထဲမှာရှိတယ်။ အဲဒီ အမှုတွဲ ၁၈ ယောက်ထဲက တယောက်က မြင်းခြံထောင်မှာ ဆုံးသွားတာရှိပါတယ်။ အဲဒီ နံမည်ကိုတော့ ကျနော် မေ့နေတယ်။ ကိုသန့်ဇော် ကို ၁၉၈၉ ခုနှစ် ဇူလိုင်လောက်မှာ ဖမ်းတယ်။ ဖမ်းပြီးတော့ သူတို့ကို ဦးခင်ညွှန့်က အဲဒီအချိန်တုန်းကတော့ ထောက်လှမ်းရေးအကြီးအကဲ အတွင်းရေးမှူး (၁)။ သူက သတင်းစာရှင်းလင်းပွဲတွေ သေချာလုပ်ပြီးတော့ သူတို့ကို နှစ်ကြိုးတကျွန်း အဲဒီလိုမျိုး နှစ်အကြီးကြီးတွေ ချလိုက်တယ်။ ဒီနောက်ပိုင်းမှာ သံလျှင်ရေနံချက်စက်ရုံ ဗုံးခွဲတာ၊ မြို့တော်ခန်းမ ဗုံးခွဲတဲ့ကိစ္စက ကိုကိုနိုင် လုပ်တာဆိုပြီး ကိုကိုနိုင် ကိုယ်တိုင်ကလည်း ဝန်ခံတာရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းကနေ အခုအချိန်အထိ သန့်ဇော် ကို မလွှတ်ဘဲထားထာတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ခင်ညွှန့်က လွှဲမှားပြီးဖမ်းထားတဲ့ လူတွေကို လွှတ်ပေးတယ်။ အဲဒီအချိန်တုန်းက ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာတာရှိတယ်။ ၂၀၀၄ နိုဝင်ဘာမှာ။ အဲဒီအချိန်တုန်းကလည်း ကိုသန်းဇော် ကို လွှတ်မပေးခဲ့ဘူး။ ဆိုတော့ ဗိုလ်ချုပ်ခင်ညွှန့်က ဖမ်းထားတာ မှန်သလိုလိုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က အဲဒီလိုမျိုး ဆက်ယူထားတယ်။ အဲဒီအချိန်တုန်းကလည်း ဦးသိန်းစိန် က ဝန်ကြီးချုပ်ဖြစ်နေပြီထင်တယ်။ ဆိုတော့ သူတို့မှာလည်း တာဝန်ရှိတယ်။ ဒီလူတွေ လွတ်မြောက်ဖို့အတွက်။ အခုနောက်ဆုံး ဇန်နဝါရီလ ၁၂ ရက်နေ့ လွှတ်ပေးလိုက်တဲ့အချိန်မှာ ကိုသန်းဇော် တို့ကို မတရားဖမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ပြန်လွှတ်ပေးလိုက်ပြီးတော့ မတရားအဖမ်းခံရတဲ့ ကိုသန်းဇော် က အခုအချိန်အထိ ပြန်မလွတ်သေးဘူး။ ကျနော်ကလည်း ဒါကြောင့်မို့ ဟိုတလောက ဗိုလ်ချုပ်ခင်ညွှန့်ဆီကို အိတ်ဖွင့်ပေးစာဆိုပြီ ရေးပါတယ်။ ရေးတဲ့အထဲမှာ ကိုသန်းဇော်ကိစ္စကို ဇောင်းပေးပြီးရေးတယ်။ ကိုသန်းဇော် လွတ်မြောက်ဖို့ကိစ္စမှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှာ တာဝန်ရှိတယ်။ သူမှားခဲ့တာကို ဝန်ခံဖို့လိုတယ်။ အဲဒီလိုမျိုးပဲ လွတ်လာပြီးတဲ့အခါမှာ အဲဒီလူတွေ ပြန်လည်ပြုစုပျိုးထောင်ရေးအတွက် ဒီလူက ဝိုင်းဝန်လုပ်ပေးဖို့ကို ကျနော်စာရေးတာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပိုပြီးတော့ ရှင်းအောင်ပြောမယ်ဆိုလို့ရှိရင် ကိုသန့်ဇော်က ကျနော်သိသလောက်ကတော့ တညင်းရေနံချက်စက်ရုံ ဗုံးခွဲတယ်ဆိုပြီး စွပ်စွဲခဲ့ပြီးတော့ ဖမ်းခံရတယ်။ စစ်ဆေးမေးမြန်းတဲ့အခါမှာ ဝန်ခံခဲ့ရတယ်။ ဝန်ခံပြီးတော့ သူကို သေဒဏ်ချခံရတယ်။ အဲဒါပြီးတော့ တလလောက်ကြာတော့ မြို့တော်ခန်းမမှာ ဗုံးကွဲမှုထပ်ဖြစ်တော့ အဲဒီ ဗုံးကွဲမှုမှာ မိတာက ကိုကိုနိုင် - သူကလည်း မိတဲ့အခါကြတော့ သူကိုယ်တိုင်က မြို့တော်ခန်းမမှာ ဗုံးခွဲတာလည်းသူပါပဲ။ တညင်းမှာ ဗုံးခွဲတာလည်း သူပါပဲလို့ သက်သေအထောက်အထားနဲ့ ပြပေမယ့် အစောပိုင်းက မှားယွင်းပြီးတော့ ထောင်ချထားတဲ့လူ၊ သေဒဏ်ပေးထားတဲ့လူကို ဒီကိစ္စကို ပြန်ပြီးမစစ်ဆေးတဲ့အပြင် အခုအချိန်အထိ နှစ်ပေါင်း (၂၀) ကျော် ထောင်ထဲမှာ ရှိနေရတာက ဒါဟာ အကျဉ်းထောင်စနစ်ရဲ့ မှားယွင်းမှုလို့ ပြောမလား။ တရားရေးစနစ်ရဲ့ မှားယွင်းမှုလို့ ပြောမလား။ အဲဒီတော့ သူ့ကိစ္စဟာ ဒီလိုမျိုး တခါတည်း လွှတ်ပေးသင့်တယ်လို့ ထင်သလား။ ပြန်ပြီး တရားပြန်လည် စီစစ်ပေးသင့်တယ်လို့ ထင်သလား။

ဦးဘိုကြည် ။ ။ ဒီဟာက ဘာမှပြန်လည် စီစစ်ဆေးစရာမလိုဘူး။ ချက်ချင်းကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ အဲဒီအပြင် နိုင်ငံတော်က ဒီလူနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ၊ နောက် သူ့ရဲ့ ဘဝပြန်လည်ထူးထောင်ရေးအတွက်ကို တာဝန်ယူသင့်တယ့်ကိစ္စပါ။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်က မတရားသဖြင့် မှားပြီးဖမ်းထားတယ်။ နောက်တခါ မြန်မာနိုင်ငံမှာ မျှတတဲ့ တရားစီရင်မှုရှိတာ မဟုတ်ဘူး။ ဆိုတဲ့အခါကြတော့ မျှတတဲ့ တရားစီရင်မှု မရခဲ့ဘူးဆိုတော့ ဒီလူအတွက် တော်တော်လေး နှစ်နာသွားတယ်။ အဲဒီလိုပဲ ဒီလူတယောက်တည်း မဟုတ်ဘဲနဲ့ အထဲမှာ သေဆုံးသွားတဲ့လူရှိတယ်။ နောက် ဒီလိုပဲ ဘဝပျက်သွားတဲ့လူတွေ ရှိတယ်။ ဒီလူတွေအတွက် နိုင်ငံတော်မှာ တာဝန်ကိုရှိပါတယ်။ နိုင်ငံတော်ကနေ ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ နောက်တခုက အမှန်တရားကို ဖော်ထုတ်ပေးဖို့လိုတယ်။ မှားတဲ့ခေါင်းဆောင်တွေကလည်း မှားတယ်လို့ ဝန်ခံပေးဖို့လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီအမှုမှာ တကယ့် တရားခံဖြစ်တဲ့ စောကိုကိုနိုင် တောင် ထောင်ကနေ တခါလွတ်ပြီးပြီ။

ဦးဘိုကြည် ။ ။ အခုလည်း လွတ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုက ကိုသန်းဇော် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ကြေညာချက်ထုတ်ပြီး တောင်းဆိုထားတာ ကြားမိပါသလား။

ဦးဘိုကြည် ။ ။ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးတောင်းဆိုတာတော့ မကြားမိဘူး။ ဒါပေမဲ့ လွှတ်ပေးဖို့ အကျဉ်းသားစာရင်းတွေ ပြောဆိုတဲ့အခါမျိုးမှာတော့ ကိုသန်းဇော် ကို ထည့်သွင်းပြောဆိုလိမ့်မယ် ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလောက် ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဘိုကြည်ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG