သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနိုင်ငံက မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်သုံးသပ်လာသလဲ


သြစတြေးလျနိုင်ငံက မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်သုံးသပ်လာသလဲ
သြစတြေးလျနိုင်ငံက မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်သုံးသပ်လာသလဲ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ သြစတြေးလျ အစိုးရရဲ့ ထားရှိတဲ့အမြင်တွေကို ဦးသန်းလွင်ထွန်း က သြစတြေးလျနိုင်ငံ (Australia)၊ စင်ဒီမြို့ (Sydney) အခြေစိုက် မြန်မာ့ရေးရာရုံးတာဝန်ခံ ဒေါက်တာမြင့်ချို ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့ လုပ်ကိုင်ပုံတွေ ကြည့်ရသလောက်တော့ ထူးခြားတဲ့နိုင်ငံရေး တိုးတက်မှုတွေကို မြင်ရဖို့ မရှိဘဲ လူထုကြားမှာ မကျေနပ်မှုတွေ တိုးပွါးပြီး၊ ယုံကြည်မှုတွေ နည်းပါးလာတာကိုပဲ တွေ့မြင်ရဖို့ ရှိနေတယ်လို့ သြစတြေးလျနိုင်ငံ ပါလီမန်လွှတ်တော်အတွင်း ဆွေးနွေးပွဲတခုမှာ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေ နဲ့ နိုင်ငံရေးပါတီဝင်တွေက သုံးသပ်ခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ စင်ဒီမြို့မှာ ရှိနေတဲ့ မြန်မာ့ရေးရာရုံးတာဝန်ခံ ဒေါက်တာမြင့်ချို က အောက်ပါအတိုင်း ရှင်းလင်းပြောဆိုပါတယ်။

ဒေါက်တာမြင့်ချို ။ ။ လက်ရှိ သြစတြေးလျအစိုးရထဲမှာ ပါနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အတိုက်အခံတွေ နှစ်ဘက်စလုံးက မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို အကောင်းမမြင်ပါဘူး။ တစ်အချက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အပြစ်အနာအဆာ အများကြီးရှိတဲ့ကိစ္စကိုလည်း သူတို့တော်တော်လေး စိတ်ပျက်တယ်။ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း ဖြစ်ပေါ်လာတဲ့ ပါလီမန်နဲ့ အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံ လုပ်ပုံကိုင်ပုံအားလုံးကလည်း သူတို့မျှော်လင့်သလို ဘယ်လိုမှ မတွေ့ရဘူးဆိုတော့ ဒီအပေါ်မှာ သူတို့ရေရှည်မှာ တိုးတက်မှု ဖြစ်ပေါ်လာမယ့် အလားအလာ မရှိဘူးလို့ အဲဒီလိုမြင်ပါတယ်။ သို့သော်လည်း တဖတ်ကနေ သူတို့ပြောတာက ဘယ်လိုဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံသွားတဲ့အပိုင်းတပိုင်း ရှိသလို သူတို့ဘက်ကနေ တောင်းဆိုမှုတွေ မလိုက်လျောလို့ - ဥပမာ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တကွ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ မဖြစ်သမျှ ကာလပတ်လုံး နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးသမျှကာလပတ်လုံး သူတို့လုပ်ထားတဲ့ sanction လို့ခေါ်တဲ့ ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းမှုအလားအလာ မရှိဘူးလို့ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဒေါက်တာမြင့်ချို ပြောသလို လောလောဆယ်အခြေအနေကို အကောင်းမမြင်ဘူးဆိုတဲ့ အချက်မှာတော့ စီးပွားရေးလောက၊ နိုင်ငံရေးလောကမှာ ပြောကြသလို ရေခွက်တခွက်ကို ကြည့်လိုက်တဲ့အခါကျတော့ ရေခွက်က မပြည့်ဘူးလို့ပြောမလား၊ တဝက်ပဲပြည့်နေတယ်လို့ ပြောသလား အခြေအနေမျိုးမှာ ရှိနေတယ်။ အဲဒီတော့ ဒီဖြစ်နေတဲ့ အခြေအနေတွေအားလုံးအထဲမှာ ရသမျှအခြေအနေနဲ့ ဒီထက်မက တိုးတက်အောင်လုပ်ပေးနိုင်မယ့်။ ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အခြေအနေမျိုးတွေ ဆွေးနွေးတာရှိပါသလား။

ဒေါက်တာမြင့်ချို ။ ။ လက်ရှိ သြစတြေးလျအစိုးရအနေနဲ့ မြင်တာကတော့ အပြောင်းအလဲက ပြည်တွင်းမှာရှိတဲ့ လက်ရှိအာဏာရတဲ့ အစိုးရကိုယ်တိုင် ပြောင်းလဲချင်တဲ့ဆန္ဒ ရှိဖို့လိုတယ်။ နောက်တချက်က ဒေသဆိုင်ရာ အာဆီယံအဖွဲ့အစည်းကြီးရဲ့ တိုက်တွန်းလုပ်ဆောင်မှုတွေလည်း အများကြီးလိုတယ်။ နောက်တချက်က ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံများဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ် တို့အပါအဝင်၊ အရေးကြီးတဲ့ ထိုင်းနိုင်ငံတို့လို စီးပွားရေး မိတ်ဖက်နိုင်ငံတွေကလည်း တိုက်တွန်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိမှသာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်တိုးတက်မှုတွေကို တွေ့ရမယ်လို့ မြင်တယ်။ သြစတြေးလျနိုင်ငံအဖို့ကတော့ ပထဝီနိုင်ငံရေးအရ ဝေးကွာနေပေမယ့် မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံတွေ၊ မြန်မာနိုင်ငံ စီးပွားဖက်နိုင်ငံတွေနဲ့လည်း သြစတြေးလျက ရင်းနှီမှုရှိတဲ့အပေါ်မှာဖြင့် အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ တစုံတရာတော့ တိုးတက်မှုကို ဖော်ဆောင်နိုင်မယ်လို့ သူတို့မျှော်လင့်ပါတယ်။ ဒါပေမဲ့ သတိထားပြီး မျှော်လင့်တာမျိုးပဲ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သြစတြေးလျ က လက်တွေ့ တည်နေရာ ပထဝီအနေအထားအရဆိုရင် အာရှနဲ့ အနီးစပ်ဆုံး။ အာရှဒေသလို့တောင် ပြောလို့ရတဲ့အခြေအနေဆိုတော့ အာရှဒေသအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေအားလုံးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာလည်း နေရာယူထားပါတယ်။ အထူးသဖြင့် ဒေသအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမြှင့်တင်ရေးလုပ်ငန်းတွေမှာ အတော်လေးကို တက်တက်ကြွကြွ လုပ်ဆောင်ပေးတဲ့နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဟိုတချိန်တုန်းကဆိုရင် လူ့အခွင့်အရေး မြှင့်တင်ရေးသင်တန်းတို့။ သိပ်မကြာသေးခင် နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ဖွံ့ဖြိုးဖို့အတွက် သတင်းအချက်အလက်တွေ ပိုမိုပံ့ပိုးနိုင်ရေး ရည်ရွယ်ချက်နဲ့ ABC (Australia Broadcasting Corporation) သြစတြေးလျရေဒီယို အသံလွှင်ဋ္ဌာန မြန်မာပိုင်း အစီအစဉ်တွေ လွှင့်ပေးတာတွေ လုပ်လာခဲ့တယ်။ အဲဒီတော့ ဒီအပြင် တခြားဘာတွေများ လုပ်ပေးနိုင်တာတွေ ရှိပါသလဲ။

ဒေါက်တာမြင့်ချို ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သြစတြေးလျရဲ့ စဉ်းစားချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ မြန်မာပြည်သူပြည်သားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အထွေထွေ ပတ်သက်တဲ့အကူအညီတွေကို ပိုမိုကူညီပေးနိုင်ရေးဆိုတဲ့ အပိုင်းက အခြေခံအားဖြင့် သူတို့နိုင်ငံခြားရေးမူဝါဒမှာ အဓိကထားပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ ထူးခြားတာက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ပြီး ဒေသအတွင်းရောင်းချဖြန့်ဖြူးနေတာ၊ လူကုန်ကူးမှု လုပ်နေတာ၊ အကြမ်းဖက်မှုတွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေ အစုလိုက်အပြုံလိုက် နယ်စပ်ကျော်ဖြတ် ထွက်ပြေးနေရတာ။ နောက်ဆုံး လှေသင်္ဘောတွေနဲ့ သြစတြေးလျရောက်အောင် ဖြစ်နေတာတွေအားလုံးက ပထဝီအနေအထားအရ ဝေးသောလည်း ဒေသအတွင်းမှာ ဒါတွေကို ထိခိုက်လာရင် သြစတြေးလျနိုင်ငံကိုလည်း ထိခိုက်လာနိုင်တာကြောင့် သူ့ရဲ့ အကျိုးစီးပွားအဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့်မို့ ဒီအကျိုးစီးပွားတွေအားလုံးကို ရှေ့ရှုပြီးတော့ နအဖတုန်းကလည်း သူတို့ ရဲနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေလုပ်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အရာရှိတွေကို သင်တန်းပေးတာတွေလုပ်တယ်။ ဒါ့အပြင် အာဆီယံနဲ့ ပူးပေါင်းပြီးတော့ အာဆီယံရဲ့ ခေါင်းစဉ်အောက်မှာ အကြမ်းဖက်နှိမ်းနှင်းမှုနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ တိုက်ဖျက်ရေးသင်တန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သင်တန်းတွေအများကြီးလုပ်ပါတယ်။ သို့ပေမဲ့ အဲဒီလို လုပ်ပေမယ့် သူတို့ထင်သလို မြန်မာနိုင်ငံက အာဏာပိုင်တွေက နိုင်ငံတကာရဲ့ စဉ်းစားတွေးခေါ်ချက်တွေကို အလေးထားတာမျိုးမရှိဘဲ၊ အကူအညီကိုပဲယူပြီးတော့ လုပ်ချင်တာလုပ်တဲ့အခါကြတော့ သူတို့ပေးတဲ့ အကူအညီတွေ အလဟသ ဖြစ်ကုန်တာကို သူတို့မြင်ရတယ်။ ဒါကြောင့်မို့ သူတို့မူဝါဒတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ဒေသတခုလုံးကို ခြုံပြီးတော့ ချမှတ်ထားတဲ့အတွက်ကြောင့် ကောင်းပါတယ်။ သို့သော် အဲဒီလိုကောင်းတဲ့ ပေါ်လစီကို ချမှတ်တဲ့နေရာမှာတော့ တကယ့် တာဝန်ရှိတဲ့ မြန်မာအာဏာပိုင်တွေကလည်း အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ အဲဒီလို မလုပ်ရင်တော့ သူတို့ကူညီတာကတော့ သဲထဲရေသွန်းချသလို အရာရောက်မှာ မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိအားဖြင့် ပြည်ပနိုင်ငံရပ်ခြားကို ပေးပို့တဲ့ သြစတြေးလျ အကူအညီတွေထဲမှာ မြန်မာနိုင်ငံကို ဘယ်လောက်သွားသလဲ။ နောက်ပြီးတော့ လက်တွေ့သူတို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးအတွက် အကူအညီတွေက ဘယ်လောက်အတိုင်းအတာလောက်အထိ ရှိနေသလဲ။

ဒေါက်တာမြင့်ချို ။ ။ စောစောက တင်ပြသလို သြစတြေးလျအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒမှာက နိုင်ငံခြား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေက တော်တော်လေး အရေးပါတဲ့နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံကြတော့ ဟိုတုန်းက ဒီအကူအညီတွေကို ပေးခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရပ်ထားတာရှိပါတယ်။ နောက်ပိုင်းမှာတော့ လူသားချင်းစာနာတဲ့ အကူအညီအဖြစ်နဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စောင့်ရှောက်တဲ့ကိစ္စမှာ ကူညီပေးတဲ့ ICRC ကို သူတို့ ရန်ပုံငွေတွေ ထည့်ဝင်တယ်။ ကုလသမဂ္ဂအေဂျင်စီတွေမှာ ရန်ပုံငွေတွေ ထည့်ဝင်ပြီးတော့ မြန်မာနိုင်ငံက လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ သူတို့ကူညီတယ်။ နောက်ပိုင်းကြတော့ scholarship program တွေကိုပါ သူတို့ ဖန်တီးပြီး မြန်မာပြည်သူတွေထဲက ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ၊ ဘွဲ့ရတဲ့လူတွေ၊ ပါရဂူဘွဲ့ တက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို သူတို့ scholarship တွေ ပေးဖို့ကိစ္စအထိ သူတို့ ငွေရေးကြေးရေးတွေ သတ်မှတ်တာတွေ ရှိလာပါတယ်။ ဒီငွေရေးကြေးရေးတွေ အကုန်လုံးကလည်း တဖတ်ကပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံဖို့၊ ပညာရေးမှာ ကူညီဖို့။ နောက် စိုက်ပျိုးရေးကိစ္စတွေမှာ ကူညီဖို့၊ ပြည်ပမှာ ထူးခြားတဲ့ပညာရေးတွေကို ရအောင်လို့ သူတို့ပေးနိုင်ဖို့တွေလုပ်တယ်။ နယ်စပ်ဒေသတွေမှာလည်း ဒုက္ခသည်တွေကို ပေးတဲ့ အကူအညီတွေကိုလည်း တိုးမြှင့်ပေးနေပါတယ်။ Scholarship program တွေလည်း သူတို့စဉ်းစားနေပါတယ်။ အဲဒီလိုနည်းနဲ့ လူသားချင်းစာနာတဲ့ program တွေကို ပြည်တွင်းကရှိတဲ့ လူထုနဲ့ နယ်စပ်မှာရှိတဲ့ လူထုတွေကို အများကြီးကူညီပေးဖို့ ဆုံးဖြတ်ချက်ချထားတာတွေ ကျနော်တို့ တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ကျနော်မေးသွားတဲ့အချက်ထဲမှာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက်ကို ရည်ရွယ်ပြီးတော့ ABC သြစတြေးလျ ရေဒီယိုကနေ မြန်မာပိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးနေတာတွေ ပတ်သက်လို့ ဘယ်လောက်အထိ အခုနောက်ပိုင်းမှာ တိုးချဲ့ဖို့တွေ ထိရောက်မှုတွေရှိတယ်ဆိုတာကို မြင်ရနေပြီလား။

ဒေါက်တာမြင့်ချို ။ ။ ABC မြန်မာပိုင်း ရေဒီယိုအစီအစဉ်က တကယ်တော့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၉၀ နောက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးတုန်းက ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာပို့တဲ့ထဲမှာ သြစတြေးလျအစိုးရက မြန်မာပြည်သူတွေကို ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးသိအောင် သတင်းမီဒီယာတခု ရေဒီယိုတခုကို ချမှတ်ပေးပြီးတော့ ဆောင်ရွက်ပေးဖို့ကို ဒေါ်စု က တိုက်တွန်းခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ အစိုးရတွေက အမျိုးမျိုးပြောင်းနေတဲ့အပေါ်မှာ အာရုံမစိုက်ခဲ့ဘူး။ နောက်ပိုင်း လေဘာပါတီ တက်လာတဲ့အခါကျတော့ လေဘာပါတီက ဒါကို အလေးထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့အနေနဲ့ဆိုပြီး ဒီအစီအစဉ်ကို ငွေရေးကြေးရေး အများကြီးအကုန်ကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ ကနေ့ဆိုရင် ဒီ ရေဒီယိုအစီအစဉ်ကနေ မြန်မာနိုင်ငံအထဲကို အဓိကဦးတည်ပြီးတော့ နိုင်ငံခြားမှာဖြစ်ပျက်နေတဲ့ ပညာရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ၊ နိုင်ငံတကာကိစ္စတွေ။ လူကြီးလူငယ် သိသင့်သိထိုက်တဲ့ကိစ္စတွေကို ဒီဘက်ကနေ မြန်မာလို ပြုစုပြီး လွှင့်ပေးနေတာကို တွေ့ရတော့ ထိရောက်တယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်လာတဲ့ လွှတ်တော်နဲ့ နိုင်ငံရေးအခြေအနေဖက်ကို ပြန်သွားရအောင်ပါ။ အထူးသဖြင့် သြစတြေးလျနိုင်ငံက အင်ဒိုနီးရှားနဲ့ နီးစပ်တဲ့နိုင်ငံပေ့ါ။ အာရှတိုက်ဖက်ကဆိုရင် အင်ဒိုနီးရှား က သြစတြေးလျနဲ့ ကပ်နေတဲ့ တော်တော်လေးနီးစပ်တဲ့ နိုင်ငံဆိုတော့ အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားရဲ့ အခြေအနေတွေနဲ့ ပတ်သက်လိုရှိရင် သြစတြေးလျနိုင်ငံဟာ အများအားဖြင့် အနီးကပ်ကို ထဲထဲဝင်ဝင် ပါဝင်ပြီး ပတ်သက်ခဲ့တဲ့ နိုင်ငံတခုလည်းဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းကို အနီးကပ်မြင်ခဲ့ရတယ်။ အထူးသဖြင့် လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သားပါတဲ့ လွှတ်တော်ပုံစံရဲ့ အကျိုးအပြစ်တွေကို အဓိကမြင်ခဲ့ရတဲ့နိုင်ငံတခုအနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကလည်း တကယ်တမ်းကျရင် တချိန်က အင်ဒိုနီးရှားရဲ့ စစ်ဗိုလ်တမတ်သားပါတဲ့ လွှတ်တော်ပုံစံကို အတုယူထားတယ်ဆိုတော့ သြစတြေးလျနိုင်ငံအနေနဲ့ သူတို့မြင်တွေ့ခဲ့ရတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံအပေါ်ကို ဘယ်လိုများ အကြံပြုပေးနိုင်မယ်လို့ ထင်ပါသလဲ။

ဒေါက်တာမြင့်ချို ။ ။ သြစတြေးလျက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံအခြေအနေကို မတူဘူးလို့ မြင်ပါတယ်။ အပေါ်ယံကြော ကြည့်မယ်ဆိုရင်တော့ သမ္မတဆူဟာတို တို့ လုပ်ခဲ့တဲ့ ဂိုဂါး ပါတီပုံစံမျိုးတွေ။ စစ်တပ်ရဲ့ ကဏ္ဍနှစ်ခုမှာ ဦးဆောင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ခဲ့တာတွေ။ မြန်မာနိုင်ငံမှာလည်း အဲဒီအတိုင်း လုပ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ အင်ဒိုနီးရှားစစ်တပ်ထဲမှာရှိတဲ့ တပ်မတော်သားတွေက အာဏာကို တစိတ်တပိုင်း ယူထားပေမယ့် တိုင်းပြည်ကောင်းကျိုးကိုလည်း တဖတ်ကနေ စဉ်းစားနေတာတွေရှိတယ်။ နောက်တချက်က အင်ဒိုနီးရှား ဆူဟာတိုအစိုးရက ပြည်ပမှာရောက်နေတဲ့ တကယ့်ပညာတတ် အသိုင်းအဝိုင်းထဲကနေ တိုင်းပြည်အတွက် အကျိုးရှိမယ့် လူတွေကို ပြန်လည်ခေါ်ယူပြီးတော့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျပေးပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ၊ နိုင်ငံရေးတွေကို ဦးမော့လာအောင် သူ့အနေနဲ့ အများကြီးလမ်းဖွင့်ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာကြတော့ အခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်လူထွက်တွေအားလုံးက အင်ဒိုနီးရှားစစ်ဗိုလ်တွေနဲ့ မတူဘူး။ သူတို့မှာ နိုင်ငံတကာအတွေ့အကြုံလည်းနည်းတယ်။ ဗဟုသုတလည်း ခေါင်းပါးတယ်။ ငါတကော တအားကောကြတော့ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတွေလို အမြင်မကျယ်တဲ့အပေါ်မှာ အင်ဒိုနီးရှားနိုင်ငံ ပြောင်းလဲမှုအလျင်အတိုင်း မြန်မာနိုင်ငံပြောင်းလဲမယ်လို့ သြစတြေးလျအစိုးရက မယူဆဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အင်ဒိုနီးရှားကို သူတို့ကြည့်တာ တစိတ်တပိုင်းအားဖြင့်တော့ အာဏာရှင်နိုင်ငံဆိုပေမယ့် ပြောင်းလဲမှုတွေအများကြီး အခြေအနေကို သူတို့တွေ့တယ်။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်ကြီးတွေဟာ အမျိုးသားရေးကို ရှေ့တန်းတင်သရောင်ပြပြီးတော့ တကယ့် ပုဂ္ဂလိကအရေးကိုပဲ ဦးစားပေးနေတာကို တွေ့တဲ့အခါကြတော့ အင်ဒိုနီးရှားရဲ့ အတွေ့အကြုံကို ဗမာဗိုလ်ချုပ်တွေက လိုက်နာမယ်လို့ သူတို့မယုံကြည်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အင်ဒိုနီးရှားမှာလို့ အနှစ် (၂၀) ကျော် (၃၀) အတွင်းမှာ စစ်တပ်ကြီးစိုးတဲ့အခြေအနေကနေ တဖြည်းဖြည်းရွေ့လျှောပြီးတော့ တကယ်တမ်း ဒီမိုကရေစီပုံစံမျိုး မြန်မာနိုင်ငံမှာ ရောက်လာမယ်လို့ သြစတြေးလျနိုင်ငံဖက်က မမျှော်လင့်ဘူးပေါ့။

ဒေါက်တာမြင့်ချို ။ ။ သြစတြေးလျကတော့ အဲဒီလိုမျိုးတော့ မမျှော်လင့်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့တော့ သူတို့ ယတိပျက်ငြင်းတာမျိုးတော့ မရှိပါဘူး။ တဘက်မှာ အပြင်ကနေ ဖိအားပေးတာမျိုးရှိသလို ပြည်တွင်းမှာရှိတဲ့ လွှတ်တော်အတွင်း၊ လွှတ်တော်အပြင်ကရှိတဲ့ အင်အားစုတွေကို ပိုပြီး အားကောင်းလာအောင် နိုင်ငံတကာနဲ့ ထိဆက်ပြီး လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အားပေးလုပ်ဖို့ လိုတယ်ဆိုတာမျိုး သူတို့ယူဆတယ်။ ဥပမာအားဖြင့် ဇမ်ဘာဘွေမှာဆိုရင် ဒီမိုကရေစီအင်အားစုတွေ လှုပ်ရှားမှုတွေကို ဒေါ်လာတသန်း ချပေးပြီးတော့ တစိုက်မတ်မတ် ကူညီနေတာမျိုးတွေ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုး ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက်ကို ပြည်ပက သြစတြေးလျအစိုးရ ကနေ democracy fund ဆိုပြီး ချပေးဖို့ ကြိုးစားတာတွေရှိပါတယ်။ တဘက်က အာဏာပိုင်တွေကိုပဲ နားချတာ၊ တိုက်တွန်းတာတို့၊ အပြစ်ပေးတာတွေ လုပ်နေလို့ မလုံလောက်ဘူး။ အထဲမှာရှိတဲ့ လူထုနဲ့ အင်အားစုတွေကိုလည်း ပိုပြီးအားကောင်းလာအောင် နည်းပေါင်းစုံနဲ့ ကူညီပံ့ပိုး ထောက်ခံဖို့လည်း လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတယ်။

ဦးသန်းလွင်ထွန်း ။ ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ မြန်မာရေးရာရုံးတာဝန်ခံ ဒေါက်တာမြင့်ချို နဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG