သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ စစ်အစိုးရ ဆက်ဆံရေး


ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ စစ်အစိုးရ ဆက်ဆံရေး
ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ စစ်အစိုးရ ဆက်ဆံရေး

ကချင်ပြည်နယ် လိုင်ဇာမှာ ရှိနေတဲ့ ဗိုလ်မှုးကြီးစင်ဟွာ ကို ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရ အခြေအနေများအကြောင်းကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ မြောက်ပိုင်းတိုင်း တိုင်းမှုးဗိုလ်ချုပ်စိုးဝင်း, ကို KIA (Kachin Independence Army) ကချင်လွတ်မြောက်ရေးအဖွဲ့က ဒုတိယ ဥက္ကဌ ဒေါက်တာလဂျာ နဲ့ ဒုတိယ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့က ပြီးခဲ့တဲ့ အပတ်တွင်းတုန်းက သွားရောက်တွေ့ဆုံ ခဲ့ကြပေမဲ့ ဒီတွေ့ဆုံမှုဟာ သာမန်တွေ့ဆုံမှုသာဖြစ်ပြီး ကေအိုင်အို ကို နယ်ခြားစောင့်တပ် ပြောင်းရေး ဖိအားပေးမှုတွေနဲ့ မပတ်သက်ပါကြောင်း ကေအိုင်အိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်းရေးမှုး ဗိုလ်မှုးကြီးစင်ဟွာ က ပြောပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာ ရှိနေတဲ့ ဗိုလ်မှုးကြီးစင်ဟွာ ကို ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရအခြေအနေများအကြောင်းကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ ဒီ အသွင်ကူးပြောင်းရေးကိစ္စမှာ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ကျနော်တို့က အမြဲတမ်း အတူနေတယ်ဆိုတော့ ဒီလိုပဲ ရံဖန်ရံခါ လိုအပ်ရင် အဲဒီလိုပဲ တိုင်းမှုးကြီးက တွေ့ချင်တယ်ဆိုရင် သွားသွားပြီး တွေ့ဆုံကြပါတယ်။ အဲဒီ သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အခု ဗိုလ်မှုးကြီးက ဒီကိစ္စကို အထွေအထူး မဟုတ်ဘူးဆိုပေမယ့် ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရကြားမှာ ညှိနှိုင်းနေကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကိစ္စကလည်း အခုအချိန်အထိ အဖြေမထွက်သေးဘူးဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်လက် ဆွေးနွေးနေမှုတွေ ရှိနေတုန်းလား။ ဘာတွေလုပ်နေကြပါသလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အဲဒါကတော့ အပိုင်းတပိုင်းကတော့ ခဏနားနေတဲ့သဘော။ ဒီ BGF (Border Guard Force) ကိစ္စကတော့ ကျနော်တို့ ကေအိုင်အို ဘက်က လက်ခံဖို့ အခက်အခဲရှိတော့ ကျနော်တို့ လက်မခံဖို့ အဲဒါကိုလည်း အစိုးရဘက်က နားလည်းသဘောပေါက် လက်ခံတော့။ အခုအခါမှာ ကျနော်တို့လည်း အသွင်ကူးပြောင်းရေးဆိုတာ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတော် အသွင်ပြောင်းလဲနေတဲ့ အခြေအနေပေါ် မူတည်ပြီး ကျနော်တို့လည်း အသွင်ပြောင်းဖို့ အဆင်ပြေအောင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာလည်း ကျနော်တို့က မူအားဖြင့် လက်ခံထားတယ်။ ကျနော်တို့ ကေအိုင်အို ကလည်း အဆင်ပြေတဲ့ ပုံစံနဲ့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ကူးပြောင်းရေး၊ ပြောင်းလဲနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေမှုတွေ ဖြစ်တဲ့အနေအထားဘက်ကို ပြောင်းလဲဖို့ကို ကျနော်တို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်သွားမယ့် အနေအထားမှာ အစိုးရနဲ့ နားလည်းမှုရထားတယ်လို့ ပြောလို့ရတယ်။ လောလောဆယ်တော့ မဆွေးနွေးသေးဖို့၊ ကျနော်တို့ဘက် ဘယ်လို ခြေလှမ်းပြောင်း ကူးပြောင်းမယ်၊ အသွင်ကူးပြောင်းမယ်ဆိုတာကို ကျနော်တို့အဖွဲ့အတွင်းမှာ အချိန်ယူ ညှိနှိုင်းဆွေးနွေးရမယ်။ ညှိနှိုင်းဆွေးနွေးဖို့ ကျနော်တို့ စီစဉ်နေတယ်။ အဲဒါကြောင့် အစိုးရနဲ့ လောလောဆယ် ဒီကိစ္စကို အထူးဆွေးနွေးတဲ့ အနေအထား လောလောဆယ် မရှိသေးဘူး။ အဲဒါကြောင့် ဗိုလ်မှုးဂွမ်မောတို့ သွားတယ်ဆိုတာ ဒီကိစ္စမဟုတ်ဘူး။ ဒီခေါင်းဆောင်တော့ လောလောဆယ်တော့ မဆွေးနွေး မဖြစ်သေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စမှာ ကျနော်တို့ နားလည်းထားတာကတော့ ကေအိုင်အို အဖွဲ့ အနေနဲ့ ပြန်ပြီး အဆိုပြုတင်ပြချက်တချို့ ကေအိုင်အိုရဲ့ လိုလားချက်၊ အသွင်ပြောင်းရေးကို လုပ်ရမယ်ဆိုတာ မူအားဖြင့် လက်ခံတယ်။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မယ်ဆိုတာနဲ့ ပတ်သက်လို့ ပြန်ပြီးတင်ပြထားတာရှိတယ်လို့ ကြားပါတယ်။ အဲဒါလေးကို တကယ့် အရေးကြီးတဲ့ အခြေခံအချက်လေးတချို့ ကျနော်ကို နည်းနည်း ရှင်းပြပေးပါ။ ဘယ်လို အချက်တွေ လိုလားတယ်ဆိုတာ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အခုအခါကတော့ ကျနော်တို့က ဘယ်လိုဘယ်ပုံ ဘယ်နည်းနဲ့ ပြောင်းလဲမယ်ဆိုတာတော့ အခုတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ ကျနော်တို့ဘက်မှာလည်း ဆွေးနွေးနေတုန်း။ ဟိုတုန်းကတော့ PDF ဆိုတော့ ကျနော်တို့က BGF မဟုတ်ဘဲနဲ့ ကျနော်တို့လည်း အကိုတို့လည်း ကြားမှာပဲလေ KRGF (Kachin Regional Guard Force) တို့ ဘာတို့ အဲဒါမျိုး…

ဦးသန်းလွင်ထွန်း ။ ။ ဒေသအတွင်း ကာကွယ်ရေးတပ်ဖွဲ့ ပုံစံမျိုး ပြောင်းလဲဖို့ လိုလားတယ်ဆိုတာကို ပြောချင်တာလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အဲဒါကတော့ ဟိုတုန်းကပေါ့။ ကျနော်တို့ အဲဒီအဆိုကို ပြုခဲ့ဘူးတယ်။ ဒါပေမဲ့ အစိုးရဘက်ကလည်း အဲဒါကို လက်မခံတော့။ ကျနော်တို့အနေနဲ့ ဒါတွေအားလုံးကတော့ လောလောဆယ်တော့ တပိုင်းကတော့ ရပ်သွားတယ့်သဘော ရှိတာပေါ့။ အခုကတော့ အသွင်ပြောင်းရေးဆိုတာ ဘယ်ပုံဘယ်နည်း သွားမယ်ဆိုတာကို အခု အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ အဖွဲ့ အတွင်းမှာလည်း အားလုံးကို ပြန်စဉ်းစားပြီးမှ၊ ကျနော်တို့အဖွဲ့အတွင်းမှာ အချင်းချင်း သေချာညှိနှိုင်းအဖြေရှာပြီးမှ ပြန်တင်ပြသွားနိုင်မယ်။

ဦးသန်းလွင်ထွန်း ။ ။ နယ်ခြားစောင့် ကာကွယ်ရေးတပ်ဖွဲ့ နဲ့ regional လို့ခေါ်တဲ့ ကေအိုင်အို လိုလားတဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ ဆိုတာ ပုံစံအားဖြင့် ဘယ်လိုများ ကွာခြားချက် ရှိပါသလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ ဟုတ်ကဲ့ အဲဒီအပိုင်းကတော့ ကျနော်တို့က KRGF ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ ဆိုတာကိုလည်း လောလောဆယ် အဲဒီဘက်သွားမယ်ဆိုတာလည်း ပြောလို့ မရတော့ဘူး။ အခုအခါက ကျနော်တို့လည်း အခြေခံအားဖြင့် ပြန်စဉ်းစားရတော့မယ်ဆိုတော့ အဲဒီအပိုင်းတော့ ကျနော် မပြောလို့တော့ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အခု ဗိုလ်မှုးကြီး ပြောနေတဲ့ သဘောက နယ်ခြားစောင့် အသွင်ပြောင်းရေးကိစ္စဟာ အခုမြန်မာစစ်အစိုးရဘက်က သတ်မှတ်ထားတဲ့ ရက်ကျော်လွန်သွားပြီဆိုပေမယ့်လည်း ဒီကိစ္စကို ရက်အပိုင်းအခြားမရှိ ရွှေ့ဆိုင်းထားလိုက်တယ်ဆိုတဲ့ နှစ်ဦးသဘောတူ ရွှေ့ဆိုင်းထားလိုက်တယ်ဆိုတဲ့ သဘောကို ပြောချင်တာလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။နယ်ခြားစောင့်အနေနဲ့ အသွင်ပြောင်းဖို့ဆိုတာကို ကျနော်တို့က လက်ခံဖို့ကို အခက်အခဲ ရှိတယ်။ အဲဒီတော့ လက်မခံနိုင်ဘူးပေါ့။ ကျနော်တို့က အစိုးရကို အတိအလင်း အဖြေပေးပြီသာ။ ကျနော်တို့အဖွဲ့ကိုတော့ နိုင်ငံတော်ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနေတယ်။ အသွင်ကူးပြောင်းရေး ပြောပြော ကျနော်တို့လည်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို မူအရ လက်ခံထားတယ်။ လက်ခံထားတယ်ဆိုတော့ အဲဒါကို ဘယ်လိုပြောင်းလဲမလည်းဆိုတာကို ကျနော်တို့အဖွဲ့ကို ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ပြောင်းလဲရေးလုပ်ဖို့အတွက် ကျနော်တို့အဖွဲ့အတွင်းမှာ နည်းလမ်းရှာ၊ အချင်းချင်း အဖြေရှာ တိုင်ပင်ပြီးမှ ပြောင်းလဲသွားဖို့ အနေအထားပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီကိစ္စက လက်ငင်းအားဖြင့် ပြေလည်မှုမရနိုင်သေးဘူးဆိုတော့ လက်တလော အခြေအနေမှာ ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးအခြေအနေက ပြေလည်တယ်လို့ ပြောနိုင်သလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အခုကတော့ ပုံမှန်အခြေအနေအတိုင်းပါ။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်ဘာကြောင့် မေးရသလဲဆိုတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဗုံးပေါက်ကွဲမှုတွေ၊ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်။ ဒါ ကချင်ပြည်နယ်အတွင်းမှာ။ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေး ယူထားတဲ့ ဒေသအတွင်းမှာဖြစ်တဲ့ အကြမ်းဖက်ကိစ္စတွေ။ အဲဒါမတိုင်ခင် ဒေသအတွင်းမှာ မိုင်းဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်ဆိုပြီး မြန်မာစစ်အစိုးရဘက်က ပြောတာတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီလက်နက်ပစ္စည်းတွေဟာ ကေအိုင်အို ဘက်ကဖြစ်တယ်ဆိုတဲ့ သွယ်ဝိုက်ပြောကြားမှုတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ကြား၊ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် ပြောဆိုဆွေးနွေးမှုတွေ ရှိနေပြီလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အဲဒါကတော့ မိုင်းဗုံးတွေ အစိုးရဘက်က သိမ်းဆီးရမိတယ်ဆိုတာက တချို့ကတော့ မှန်ပါတယ်။ အဲဒါက ဗန်းမော်လမ်းဘက် … အဲဒါကတော့ ၂၈ ရက်နေ့ မတိုင်ခင်။ ဟိုဘက်အပိုင်းပေါ့။ ကျနော်တို့ BDF ကိစ္စ အထူးအလေးပေးပြီးတော့ ညှိနှိုင်းနေတဲ့ အစောပိုင်းကာလ ကိစ္စတွေပါ။ အဲဒီအပိုင်းက တကဏ္ဍ၊ တပိုင်းကတော့ ကျနော်တို့ နားလည်းမှုရသွားတဲ့ သဘောပေါ့။ အရှေ့ပိုင်းကတော့ ကျနော်တို့လည်း အဓိက နောက်ဆုံးရက် သတ်မှတ်ချက်ပါတော့ အဲဒါလေး ရှိတဲ့အခါကြတော့ ကျနော်တို့ဘက်ကလည်း တပ်ပိုင်းဆိုင်ရာ အနေနဲ့ ပြင်ဆင်ဖို့ လုပ်ရတဲ့ အနေအထားတွေ ရှိတယ်ပေါ့။ အဲဒီအပိုင်းလောက်ပါ။ ဒီဘက်ပိုင်းတော့ အခုလောလောဆယ်တော့ အစိုးရနဲ့ ကျနော်တို့က အခုနပြောသလို အစိုးရနဲ့ ကျနော်တို့ကြားမှာ ပုံမှန်အခြေအနေပဲ ရှိတယ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စကို ဘယ်တော့ ဆွေးနွေးပွဲတွေ ပြန်လုပ်မလဲ၊ ဘယ်တော့ ပြန်လည်ညှိနှိုင်းမှုတွေ လုပ်မယ်ဆိုတာ သတ်မှတ်ချတွေ ရှိနေပြီလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ သတ်မှတ်ချက် ဒီနောက်ပိုင်းမှာ ရက်သတ်မှတ်ချက် အတိအကျ မရှိပါဘူး။ ကျနော်တို့ဘက်ကနေ အချိန်ယူ လုပ်ဆောင်မှုပေါ်မှာ မူတည်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အတွင်းမှာ လူငယ်တွေ၊ လူတချို့ အဖမ်းခံရတဲ့ကိစ္စတွေ ရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒီအထဲမှာ ကေအိုင်အို အဖွဲ့ဝင်တွေပါတယ်ဆိုတာကိုလည်း ကြားရတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အို က ဘယ်လို တုံ့ပြန်မှုတွေ လုပ်ထားပါသလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အဲဒါကတော့ အခုတလောပဲ ကျနော်တို့ မီဒီယာတို့ ဘာတို့မှာ လူ (၆၀) တို့ ဖမ်းတယ်တို့ ဘာတို့ မီဒီယာမှာ ဖြစ်ပေါ်တာ ရှိတယ်။ အဲဒါတွေကတော့ ကျနော်ကိုယ်တိုင်လည်း အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ သွားတွေ့ပါတယ်။ တွေ့တော့လည်း ဒါတွေက တကယ့်တကယ်တော့ အဲဒီလောက် အပြင်မှာ ပြောသလောက် မဟုတ်ပါဘူး။ သူတို့လည်း မြစ်ဆုံ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တယ့်အခါကြတော့ သူတို့ဘက်က တာဝန်အရ ဒီဟာ အဖြေပေါ်အောင် လိုအပ်တာ စစ်ဆေးမေးမြန်းမှု တချို့တော့ရှိတယ့် အနေအထား ရှိပါတယ်။ အခုတလောလည်း လူနှစ်ယောက်လောက် တာဝန်ရှိတဲ့လူက ပြောတာပါ။ သတင်းတွေမှာတော့ လူ (၆၀) လောက် ဖမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတယ်။ နှစ်ယောက်လောက် ခေါ်ပြီး မေးမြန်းပြီးမှ ပြန်လွှတ်တာ။ ခဏခေါ်ယူ မေးမြန်းပြီး ပြန်လွှတ်တယ်။ အပြင်မှာ ပြောသလောက်တော့ အဖမ်းအဆီးကတော့ အဲဒီလောက် မများပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့လည်း လွန်ခဲ့တဲ့ (၂) နှစ်ကျော် (၃) နှစ်လောက်က ကေအိုင်အို ဥက္ကဌကြီးကိုယ်တိုင်က ဒီမြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ထားတဲ့ စာ တစောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထံကို ပေးပို့ဘူးတယ်ဆိုတာကို ကျနော်တို့ ကြားသိရဘူးပါတယ်။ အဲဒီတော့ ဒီ မြစ်ဆုံစီမံကိန်း နဲ့ ကေအိုင်အို အနေနဲ့ ဘယ်လို သဘောထားပါသလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ မြစ်ဆုံစီမံကိန်းကတော့ ကျနော်တို့ ရပ်တည်ထားတယ့် သဘောက အခုပြောလို့ ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင်က စာထုတ်ပြီးတော့ တရားဝင်လမ်းကြောင်းကနေ ကန့်ကွက်တာတော့ ရှိတာပေါ့။ ရပ်တည်ချက်ကတော့ ဒီလိုပါဘဲ။ ဒီဟာကတော့ ပြည်သူလူထုတွေရဲ့ အားလုံးကလည်း ဒီအပေါ်မှာ စိုရိမ်မှုရှိတာပေါ့။ အားလုံးကလည်း မလိုလားတဲ့ အနေအထားရှိတော့ ကျနော်တို့ ကေအိုင်အို ရပ်တည်ချက်ကလည်း အဲဒီလိုပါဘဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီထက် လုပ်ငန်းအကောင်အထည် ဖော်လာတဲ့အချိန်မှာ ကေအိုင်အို အနေနဲ့ တခြားကန့်ကွက်မှုတွေ ဘာတွေ ဆက်လုပ်ခဲ့ပါသလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အခုနောက်ပိုင်းတော့ ကျနော်တို့က မလုပ်ပါဘူး။ ကျနော်တို့ကတော့ ကျနော်တို့ ဌာနသဘောထားလည်း သူ့လမ်းကြောင်းမှန်ဘက်ကနေ … အစိုးရဘက်က တာဝန်ယူ လုပ်ဆောင်တဲ့ ကိစ္စဆိုတော့ ကျနော်တို့ သဘောထားကို အစိုးရကို တင်ပြတဲ့နည်းလမ်းနဲ့ပဲ ကျနော်တို့ရဲ့ ဆန္ဒကို အစိုးရကို အသိပေးတဲ့နည်းနဲ့ပဲ ဖော်ထုတ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကေအိုင်အို အဖွဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကို နိုင်ငံရေး လမ်းကြောင်းအရ ပိုမိုဖြေရှင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီ၊ ငြိမ်းချမ်းရေးယူခဲ့ပြီးကတည်းက ထင်ရှားပါတယ်။ အခု လတ်တလောတည်း မြန်မာနိုင်ငံမှာ ၂၀၁၀ အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုပြီး ကြေညာပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းမှာ KSPP () ကချင်ပြည်နယ် တိုးတက်ရေးပါတီ လို့ခေါ်မယ့် ဒေါက်တာတူးဂျာ တို့ ဦးဆောင်ဖွဲ့တဲ့ ပါတီပေါ်လာတယ်။ ဒီ ပါတီအနေနဲ့ အခုအချိန်ထိ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ မရသေးတဲ့ အခြေအနေက ကေအိုင်အို နဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လို ပတ်သက်နေပါသလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ အဲဒါကတော့ အစိုးရကနေ ကျနော်တို့နဲ့ ဘယ်လို ပတ်သက်နေတယ်ဆိုတာ အစိုးရဘက်က ဘယ်လိုယူဆမလဲ မသိဘူး။ ကျနော်တို့ဘက်ကတော့ ဒါက ဘာမှ ပတ်သက်မှု မရှိပါဘူး။ ဒါကလည်း ဒေါက်တာတူးဂျာတို့ အဖွဲ့လည်း အစိုးရ ချမှတ်ထားတယ့် အစိုးရဘောင်အတွင်းကနေ ဘယ်ဥပဒေနဲ့ ညီညွတ်လုပ်ဆောင်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော်တို့က ဒီလိုပဲ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ ဒေါက်တာတူးဂျာတို့ KSPP နဲ့ ကေအိုင်အို တို့က တရားဝင် ပတ်သက်မှု မရှိဘူးလား။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ ဟုတ်ကဲ့ တရားဝင် ပတ်သက်မှု မရှိပါဘူး။ ဒါက ဥပဒေလမ်းကြောင်းနဲ့အညီ အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ပါတီတခုရဲ့ ဥပဒေစည်းမျဉ်းနဲ့ဖြစ်အောင်။ အဲဒီလိုပါပဲ ကျနော်တို့က သူတို့နဲ့ အရင်တုန်းက ဒေါက်တာတူးဂျာတို့ ဘာတို့ဆိုတာ ကေအိုင်အို အဖွဲ့ဝင်ဟောင်း ဖြစ်တာလွဲလို့ တခြား ပတ်သက်တာ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါဆိုရင် ကေအိုင်အို အနေနဲ့က ကေအိုင်အိုက လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ကေအိုင်အေ ရှိတယ်။ ကေအိုင်အို အဖွဲ့အစည်းအနေနဲ့က တရားဝင်ပါတီအနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ အစီအစဉ် မရှိဘူးလား။ ကျနော် မေးချင်တဲ့မေးခွန်းက ကေအိုင်အို အနေနဲ့ ဘာကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်တာလဲ။

ဗိုလ်မှုးကြီးစင်ဟွာ ။ ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ အခုကတော့ ကေအိုင်အို အနေနဲ့ ဆက်လက်ရပ်တည်သွားဖို့။ လောလောဆယ် ကေအိုင်အို ကို အသွင်ပြောင်းရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာကို မပြောလိုဘူး။ ဒါကတော့ မပြောနိုင်သေးဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့က လက်ရှိအနေအထားအတိုင်းပဲ ဆက်လက်ရပ်တည်သွားဖို့။ ဒါကလည်း အခြေအနေ အရပ်ရပ်ကြောင့်လို့ ကျနော်တို့ အဲဒီလို ပြောရမယ် ဖြစ်ပါတယ်။

XS
SM
MD
LG