သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပထမအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့အပေါ် မြန်မာ့အရေး သုံးသပ်သူတွေဖြစ်ကြတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က သုတေသနမှူး ဦးအောင်သူငြိမ်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်နေသူ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေးသားနေသူ ဦးဇော်မင်း တို့နဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်း တွေ့ဆုံပြီး ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ကျနော်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပ ပထမဦးဆုံး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုအောင်သူငြိမ်း နဲ့ ကိုဇော်မင်းတို့ရဲ့ အမြင်သဘောထားတွေ ကျနော်တို့ ဆွေးနွေးကြပါမယ်။ ဆိုတော့ ကိုအောင်သူငြိမ်းနဲ့ စပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလိုမျိုး ပြည်ပခရီးစဉ်ထွက်မယ်ဆိုတဲ့ အသံတွေ၊ သတင်းတွေ ကျနော်တို့ကြားရတယ်။ ပထမတော့ ဥရောပကိုသွားမယ်။ အဲဒီကနေ ရုတ်တရက်ဆိုပဲ ထိုင်းနိုင်ငံခရီးစဉ်က ပထမဦးဆုံး ဖြစ်လာတယ်။ အဲဒီလို ကြားရတဲ့အချိန်မှာ ကိုအောင်သူငြိမ်း ခေါင်းထဲကအတွေး ဘယ်လိုဖြစ်သွားသလဲ။

ဦးအောင်သူငြိမ်း ။ ။ တခုကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းပေါ့။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ပထွက်တယ်။ နောက်တခါကြတော့ ထိုင်းနိုင်ငံမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေရှိတယ်။ ဒုက္ခသည်တွေ၊ တခြား အတိုက်အခံအဖွဲ့အစည်းတွေလည်း ရှိကြတဲ့အခါကြတော့ ဘာပဲပြောပြော ဒါကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းလို့ ထင်တယ်။ နောက်တခုကြတော့ ထိုင်းနဲ့ မြန်မာဆိုတာက တဖက်နဲ့တဖက် ဆက်နွှယ်မှုတွေက အများကြီးရှိတယ်။ အဲဒါကြောင့်လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ကိုဇော်မင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးဇော်မင်း ။ ။ ကျနော် မြင်တာလည်း ဒီလိုပါပဲ။ အလားတူပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ ကျနော်တို့က ထိုင်းနိုင်ငံနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေက ကမ္ဘာတည်သ၍ ဆက်ဆံနေရမယ်။ အခုလို ထိုင်းနိုင်ငံကို မမျှော်လင့်ပဲ ရောက်လာတဲ့အခါမှာ အထူးသဖြင့် ဒီနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားက သုံးသန်းလောက်ရှိတယ်ဆိုတော့ သူတို့အတွက်လည်း ပိုပြီး အားတက်စရာကောင်းတယ်။ ကိုယ့်တိုင်းပြည်က ခေါင်းဆောင်တယောက် အခုလို ထိုင်းနိုင်ငံကို ရောက်လာတယ်။ အလုပ်သမားရေးရာနဲ့ စတင်ပြီး တွေ့ဆုံတယ်၊ ပြောတယ်ဆိုတော့ ကျနော်တို့က တော်တော် ဝမ်းသာပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ တဆက်တည်းပဲ ကိုဇော်မင်းကို ဆက်မေးပါရစေ။ အလုပ်သမားရေးဆိုတဲ့အခါကြတော့။ ညဖက်ရောက်တယ်။ နောက်နေ့ရောက်တော့ မဟာချိုင်းသွားတယ်။ အလုပ်သမားတွေနဲ့ တွေ့တယ်။ စကားပြောတယ်။ ဆွေးနွေးတယ်။ အလုပ်သမားအရေးတွေ ပြောတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် က ရွှေ့ပြောင်းအလုပ်သမားအရေးကို ဒီလောက် အာရုံစိုက်ပြီး လုပ်ကိုင်ပြောဆိုတယ်လို့ ကိုဇော်မင်း ယူဆသလဲ။

ဦးဇော်မင်း ။ ။ ကျနော်ယူဆတာက ကျနော်တို့နိုင်ငံက ဆင်းရဲမွဲတေနေတာကြာပြီ။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံမှာ ကိုယ်တိုင် လူတွေက အလုပ်မရှာနိုင်တဲ့အခါကြတော့ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်ပြီးတော့ ဆိုင်ရာဆိုင်ရာ အလုပ်တွေရှာကြတယ်။ အဲဒီလို ရှာတဲ့အခါမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာကတော့ စီးပွားရေးကောင်းတဲ့အခါကြတော့ ပိုပြီး အများကြီးလာတယ်။ သန်းနဲ့ချီပြီးရှိတယ်။ ဆိုတော့ ဒီ အလုပ်သမားတွေအရေးတွေဟာ ကျနော်တို့ တိုင်းပြည်အရေးပါပဲ။ တနေ့ ကျနော်တို့ တိုင်းပြည်တည်ငြိမ်ပြီးတော့ ပြန်လည်တည်ဆောက်နိုင်မယ်။ စီးပွားရေး ပြန်ကောင်းလာမယ်ဆိုရင် ဒီ အလုပ်သမားတွေက ကိုယ့်နေရပ်ကို ကိုယ်ပြန်ကြပါလိမ့်မယ်။ အဲဒီအခါကြတော့ ဒီလူတွေက အရေးပါလာတယ်။ အခုလည်း သူတို့က အရေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သုံးသန်းပတ်ဝန်းကျင်ရှိတဲ့ အလုပ်သမားတွေ ရတဲ့ လခတွေကနေ ဗမာပြည်ကို ပြန်ပို့တဲ့ငွေဟာ တွက်ကြည့်မယ်ဆိုရင် နည်းတာမဟုတ်ဘူး။ အဲဒါကြောင့်လည်း ဗမာပြည်အတွက် ငွေရေးကြေးရေးကဏ္ဍက ကြည့်မယ်ဆိုရင် အရေးကြီးတယ်။ အထဲက သူတို့မှာရှိတဲ့ မိသားစုတွေလည်း သူတို့ကို မှီခိုရတယ်။ ဒါကြောင့်မို့ ဒီအရေးဟာ အလုပ်သမားရေးဟာ အရေးပါတယ်။ လုပ်သင့်တာဆိုတာကို မြင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ တဆက်တည်း ကိုအောင်သူငြိမ်း နဲ့ ကိုဇော်မင်း သဘောထားကို သိချင်တာက ဒေါ်အောင်ဆန်းစုကြည် က ထိုင်းကိုလာတယ်။ အလုပ်သမားအရေး လုပ်တယ်။ ဒုက္ခသည်စခန်းကို သွားတယ်။ ဒါပေမဲ့ ဒီခရီးစဉ်အတွင်းမှာ ကျနော်တို့ သိထားသလောက် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ၈၈ နောက်ပိုင်းထွက်လာကြပြီး၊ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒီ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ မြန်မာနိုင်ငံအပြောင်းအလဲမှာ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ သူတို့လည်း ဒီအပြောင်းအလဲမှာ ပါဝင်ရမယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ကျနော်ကြားထားမိတာ ရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က ဒီ ခရီးစဉ်အတွင်းမှာ အဲဒီ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ဟာ၊ တခါ တိုင်းရင်းသားအဖွဲ့အစည်းတွေ - ဆိုလိုချင်တာက ကရင်အမျိုးသားအစည်းအရုံး၊ ကျန်တဲ့ အဓိကကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သေသေချာချာ တွေ့ဆုံမယ်ဆိုတဲ့ အစီအစဉ်မျိုးကို ကျနော်တို့ မကြားရသေးပါဘူး။ ဒီအပေါ်မှာ ကိုအောင်သူငြိမ်း ဘယ်လိုသုံးသပ်မိပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ တခုရှိတာတော့ ထိုင်းနိုင်ငံရဲ့ sovereignty ခေါ်တဲ့ အချုပ်အခြာအာဏာပေါ့။ ဒါကိုလည်း တဖတ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဂရုစိုက်တာမျိုး ဖြစ်ကောင်းဖြစ်မယ်။ နောက်တခုကြတော့ ကျနော်တို့နိုင်ငံမှာ လက်ရှိ ဥပဒေအရ မတရားအသင်းဆိုတဲ့ဟာမျိုး သတ်မှတ်ခံထားရတဲ့ အနေအထားမျိုးတွေရှိတော့ အကန့်အသတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ ဘာပဲပြောပြော ပြောရမယ်ဆိုရင် အပြင်ဖက်မှာ ရောက်နေတဲ့ ဒုက္ခသည်ပဲဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရဖြစ်ဖြစ် အားလုံးက အိမ်ပြန်ချင်တယ်။ တချိန် လုံလုံခြုံခြုံ၊ အေးအေးချမ်းချမ်းဖြစ်တဲ့အခါမှာ ပြန်ချင်တာပေါ့။ နောက်တခုကြတော့ အားလုံးကလည်း ဒီမိုကရေစီရေးအတွက် တစိတ်တပိုင်း ပေးဆပ်လှုပ်ရှားနေတဲ့ လူတွေကြီးပဲ။ ဆိုတော့ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် က သူတို့အတွက် ဘာမျှော်လင့်ချက် ပေးနိုင်မလဲ။ ဒါလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် က သူတို့ကို ဘယ်လိုသဘောထားသလဲပေါ့။ သူတို့ကို ထည့်စဉ်းစားတာ ရှိရဲလား။ ဒီခရီးစဉ်မှာ သူဘာပြောမလဲဆိုတာမျိုးလည်း စောင့်နေကြတယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ကျော်သိန်း ။ ။ ကိုဇော်မင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာကတော့ တွေ့သင့်တယ်ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ ဒီဖက်မှာက အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေမှာလည်း အမျိုးသမီးအရေး၊ ခလေးစစ်သားအရေး၊ မြေမြှုပ်မိုင်းကိစ္စ။ ဒါတွေလည်းရှိတယ်။ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေး လုပ်နေတဲ့အဖွဲ့တွေလည်း ရှိတယ်။ နောက်တခါ လက်နက်ကိုင်၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ တဖွဲ့နှစ်ဖွဲ့လောက် တွေ့ပြီး ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ မတွေ့ရင်လည်း ဟိုလူတွေလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ဒီတကြိမ်၊ ဒီတခေါက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို မတွေ့နိုင်ရင်တောင်မှ မပြန်ခင်မှာ ဒီဖက်မှာရှိတဲ့ တလျှောက်လုံး မြန်မာပြည် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးကို၊ အုပ်စုအသီးသီးကို ဒေါ်စုအနေနဲ့ သတင်းစကားတခုခုတော့ အမှာပါသွားလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်တယ်။

ဦးကျော်ကျော်သိန်း ။ ။ ကိုဇော်မင်း … ဒေါ်အောင်ဆန်းစုကြည် ကို World Economic Forum က ဖိတ်တယ်။ အဲဒီလိုမျိုး အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဗွီဒီယိုကတဆင့် သတင်းစကားတွေပါတာကို ပြီးခဲ့တဲ့နှစ်တွေက ကြားခဲ့ကြည့်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် World Economic Forum ကို ဖိတ်ကြားခြင်းခံရတာဟာ သူက လက်ရှိမှာ နိုင်ငံခေါင်းဆောင်တယောက် တရားဝင် မဟုတ်သေးဘူး။ အမျိုးသားခေါင်းဆောင်အဖြစ်တော့ အများက အသိအမှတ်ပြုထားတာရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘယ်လောက်အရေးပါသလဲလို့ ယူဆသလဲ။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာက ဒီနေရာမှာ ဒီ World Economic Forum ကို ဒေါ်အောင်ဆန်းစုကြည် လာတဲ့အတွက်ကြောင့်မို့ ဒီ စီးပွားရေးဖိုရမ်ကိုလာတဲ့ တခြား နိုင်ငံတကာခေါင်းဆောင်တွေလည်း ဒေါ်စုနဲ့ ထိတွေ့ခွင့်ရမယ်။ ပြောခွင့်ဆိုခွင့်၊ ဆွေးနွေးခွင့်တွေ ရမယ်။ အဲဒီလို ရတဲ့အချိန်မှာ ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ နောက်မကြာခင် ဝင်လာစရာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ၊ တိုက်ရိုက်တွေ၊ ဖက်စပ်တွေ။ ဒီလို လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် လုပ်ငန်းမျိုးတွေ မြှုပ်နံှဖို့။ အကျိုးမရှိဘဲ လာပြီးအမြတ်ထုတ်မယ့် သံယဇာတကိုပဲ ထုတ်ယူပြီးတော့၊ ဈေးပေါပေါနဲ့ ယူသွားတာမျိုး။ အဲဒီလိုဟာမျိုးတွေ မဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်။ သို့သော်လည်းပဲ လက်တွေ့မှာ ဘာပြန်မြင်သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ တိုင်းပြည်မှာလည်း ချစ်ခင်ကြတယ်။ မေတ္တာရှိကြတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နံှမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ လက်ရှိ အစိုးရလက်ထဲမှာပဲ ရှိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် က ဒီ ဖိုရမ်ကို လာတဲ့အခါမှာ သင်္ကေတအရတော့ အင်မတန်ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်လုပ်နိုင်မလဲ။ အကန့်အသတ်တွေက ဒေါ်စုအတွက် ဘယ်လောက်များမလဲဆိုတာကို ကျနော်တို့ ဆက်စောင့်ကြည့်ဖို့လိုတယ်။ ကျနော် မျှော်လင့်တာတခုရှိပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ အဲဒီ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ နိုင်ငံတွေမှာရှိတဲ့ လာမယ့် ရင်းနှီးမြှုပ်နံှမယ့် ကုမ္မဏီတွေဟာ ဗမာပြည်အတွက် အလွန်အကျွံအမြတ်ထုတ်တာမျိုး မဖြစ်အောင်၊ သူတို့ပဲ အမြတ်ရပြီး ကျနော်တို့ တိုင်းပြည်သားတွေက အခွန်ပဲမကျန်ရစ်ခဲ့အောင်တော့။ အဲဒီလို ကိစ္စမျိုးတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို သူတို့ နိုင်ငံကိုလာဖို့ သူတို့ကိုယ်တိုင် ပထမဦးဆုံး ကြိုရဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက မျှော်လင့်နေကြတာပါ။ သူတို့ကိုယ်တိုင်လည်း ထုတ်ပြောကြတယ်။ အသီးသီး ဖိတ်ထားကြတယ်ဆိုတာ ကျနော်တို့အားလုံးလည်း သိထားကြတယ်။ ထိုင်းနိုင်ငံကိုလာတယ်။ ထိုင်းဝန်ကြီးချုပ်က ပထမဦးဆုံး ပြည်ပခရီးစဉ်မှာ ကြိုခွင့်ရတယ်၊ တွေ့ဆုံခွင့်ရတယ်။ စကားပြောခွင့်ရတယ်။ အဲဒါက ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ရေရှည်အနာဂတ် ဆက်ဆံရေးအတွက် ဘယ်လောက်အထိ အကျိုးဖြစ်နိုင်မယ်လို့ ယူဆလို့ရမလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ အခု ဒေါ်အောင်ဆန်းစုကြည် က တကယ်သာ သူလုပ်နိုင်မယ်ဆိုရင် ထိုင်းနဲ့မြန်မာ ဆက်ဆံရေး၊ ချစ်ကြည်ရေးကိစ္စတွေကြားမှာ တကယ်ကို သံတမန်ကောင်းသဖွယ် လုပ်နိုင်ပါတယ်။ ဆိုတော့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် တလျှောက်လုံး ကျနော်တို့ လှုပ်ရှားမှုတွေမှာ အဓိက ထောက်ခံခဲ့တာ ထိုင်းကတက်ကြွလှုပ်ရှားတဲ့ အုပ်စုတွေလည်းပါတယ်။ နောက်တခါကြတော့ ထိုင်းမှာ တချို့ ပါလီမန်အမတ်တွေလည်း ကျနော်တို့ မြန်မာပြည်အရေး တစိုက်စိုက်မတ်မတ် ပြောဆိုခဲ့တာတွေရှိတယ်။ နောက်တခါကြတော့ အထူးသဖြင့် academic community - ဥပမာ ချူလာလောင်ကွန်း (Chulalongkorn) တက္ကသိုလ်ဆိုရင် ဒေါ်စုကို ပါရဂူဘွဲ့တွေ ပေးဖူးတာတွေရှိတယ်။ နောက်တခါ ထမားဆက် (Thammasat) တက္ကသိုလ် စသဖြင့် ရှိပါတယ်။ နောက်တခုကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု၊ စီးပွားရေးကိစ္စတွေကလည်း ဗမာပြည်မှာ တော်တော်ကိုဆက်သွယ်နေတယ့် အနေအထားလည်းရှိတယ်။ ဒီအနေအထားမှာတော့ ကျနော်အမြင်က ဒေါ်စု က ဒီ academic community ပါမောက္ခ၊ ပညာရှင်တွေနဲ့လည်း တွေ့သင့်တယ်။ တကယ်ဆိုရင် ထိုင်းနိုင်ငံက ကျနော်တို့အတွက် ပညာရေးအရ အများကြီးကူညီနိုင်ပါတယ်။ နောက်တခုက အခုနပြောသလို ကျနော်တို့ကို တလျှောက်လုံး ထောက်ခံခဲ့တဲ့ တက်ကြွလှုပ်ရှားတဲ့ လူတွေ၊ အုပ်စုတွေနဲ့လည်း တွေ့သင့်ပါတယ်။ နောက် ကျနော်တို့ တလျှောက်လုံး သမိုင်းအရ ဆက်ဆံမှုတွေ ရှိလာတဲ့အခါကြတော့ ဒါတွေနဲ့လည်း ပတ်သက်လို့ စဉ်းစားသင့်တယ်။ နောက်ဆုံး စီးပွားရေးအင်အားစုတွေကိုလည်း မပစ်ထားသင့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်တကယ်ပြောကြေးဆိုရင် ထိုင်းနဲ့ မြန်မာ နှစ်ဖက်နှီးနွှယ်မှုတွေက အများကြီးရှိတယ်။ အဲဒီ အနေအထားမှာ ဒါတွေက အရေးကြီးတယ်လို့ထင်တယ်။

ဦးဇော်မင်း ။ ။ ကျနော်အမြင်ကလည်း အဲဒီလိုပဲ။ အကုန်လုံးတော့ မတွေ့နိုင်ဘူးပေါ့။ ဒါပေမဲ့လို့ တော်တော်များများနဲ့ တွေ့နိုင်တဲ့ နည်းလမ်းမျိုးကို စီစဉ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဥပမာ ဘယ်လိုမျိုးလည်းဆိုရင် သဘောက ဥပမာ Thammasat ဝန်းထဲမှာဖြစ်ဖြစ်၊ Chulalongkorn တက္ကသိုလ် ဝန်းထဲမှာဖြစ်ဖြစ် တွေ့ဆုံပွဲတခု လုပ်လိုက်မယ်ဆိုရင် ဒီမှာ ရောက်နေတဲ့ မြန်မာကွန်မြူနီတီလည်း လာနိုင်သလို၊ ထိုင်းက နိုင်ငံရေးသမားတွေ၊ ဗမာအရေး တလျှောက်လုံး ထောက်ခံလာတဲ့ နိုင်ငံရေးသမားတွေ၊ ပါလီမန်အမတ်တွေ၊ ထိုင်းမှာရှိတဲ့ academic ပညာရှင်တွေ အတော်များများ တချိန်တည်းမှာ တွေ့နိုင်တာပေါ့။ တွေ့ဆုံပွဲလေး တနာရီ၊ နှစ်နာရီလောက်။ ဟောပြောပွဲလေး လုပ်မယ်ဆိုရင်။ အဲဒီလိုမျိုး လုပ်နိုင်ရင်တော့ ကောင်းတယ်လို့ မြင်တယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒီ ခရီးစဉ်တခုလုံး ၂၄ နှစ်အတွင်း ပထမဦးဆုံးခရီးစဉ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပခရီးစဉ် တခုလုံး ထိုင်းနိုင်ငံခရီးစဉ်တခုလုံးကို ခြုံပြီးတော့ သုံးသပ်မယ်ဆိုရင် ဒီ ခရီးစဉ်နေကနေပြီးတော့ ထိုင်း-မြန်မာ ဆက်ဆံရေး၊ အလုပ်သမားအရေး၊ ဒုက္ခသည်အရေး၊ နယ်စပ်အရေး၊ လူမျိုးစုလက်နက်ကိုင်အရေး စသည်အားဖြင့် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံကြားမှာရှိနေတဲ့ အရေးကိစ္စတွေအားလုံးမှာ အနာဂတ်မှာ ဖြေရှင်းနိုင်ဖို့အတွက် အလားအလာ မျှော်လင့်ချက်ကို ဘယ်လိုသဘောထားသလဲ။

ဦးအောင်သူငြိမ်း ။ ။ အခု ပုံစံအတိုင်းဆိုရင် ထိုင်းဖက်က စိတ်လှုပ်ရှားမှုတွေဖြစ်နေတာ၊ ကြိုကြတာ အားရစရာ ကောင်းပါတယ်။ ဆိုတော့ အခုကတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းလည်း ဒီကိစ္စတွေအားလုံး လုပ်နိုင်ဖို့တော့ မမြင်ဘူး။ ဒါပေမဲ့ ကျနော် မြင်တာကတော့ ဒီ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် က သူ့ကိုယ်သူ ဘယ်လိုမျိုး တင်ပြမလဲဆိုတဲ့ ပုံစံမျိုး။ သူကို မျှော်လင့်နေတဲ့ ထိုင်း ပရိသတ်တွေ၊ သာမန်ပြည်သူတွေလည်း အများကြီး ရှိပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် က သတင်းစကား ပေးသွားစေချင်တယ်။ သူ့ရဲ့ ကောင်းမွန်တဲ့၊ ဆန္ဒမွန် စသဖြင့် ဒါမျိုး ပြသွားပြီးတော့ ပြောသွားတာမျိုးလည်း ဖြစ်စေချင်တယ်။

ဦးဇော်မင်း ။ ။ တခုတော့ရှိတယ် ဒီဟာက ဆက်တိုက်လုပ်သွားဖို့တော့ လိုတယ်။ ကျနော်တို့ နှစ်နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေးမှာ စောစောကလို အဲဒီလို ခေါင်းဆောင်ကောင်းတွေလိုတယ်။ ထိုင်းဖက်ကလည်း ဒီလိုဟာမျိုးကို လိုလားဖို့လိုတယ်။ ဒီမှာက ဗမာလို့ ပြောလိုက်ရင် image က သိပ်မကောင်းချင်ဘူး။ ဗမာဆိုတာနဲ့ နားခေါင်းရှုပ်တယ်။ အထင်သေးတဲ့ဟာတွေ ဖြစ်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အဲဒါတွေကို တစတစနဲ့ ပြန်ပြင်သွားနိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခုလက်ရှိ အစိုးရခေါင်းဆောင်တွေမှာလည်း တာဝန်ရှိတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဒါတွေ ပြန်လုပ်ဖို့လိုတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဘာတွေပါလာသလဲဆိုတာကို ပြန်ပြောရရင် စောစောက အလုပ်သမားအရေးက ပြန်ပါလာတယ်။ အလုပ်သမားတွေ ဗမာဆိုပြီး အနှိမ်မခံရအောင်၊ ဗိုလ်ကျမခံရအောင်၊ လုပ်ခတွေ ခေါင်းပုံမဖြတ်ခံရအောင်။ ဒါတွေကို တဖြည်းဖြည်းနဲ့ လုပ်ယူသွားရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ပြီး ထူးထောင်သွားနိုင်မယ်ဆိုရင် ဗမာဆိုရင် နားခေါင်းရှုပ်ချင်တဲ့ ထိုင်းတချို့ အမြင်ဟာ တဖြည်းဖြည်းတော့ ရေရှည်မှာ မှေးမှိန်သွားမယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ တကယ်လိုများ ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင်တွေ့ပြီးတော့ စကားပြောခွင့်ရမယ်ဆိုရင် ကိုဇော်မင်း ဒေါ်အောင်ဆန်းစုကြည် ကို အပြောချင်ဆုံး စကားတခွန်း ဘာများဖြစ်ပါသလဲ။

ဦးဇော်မင်း ။ ။ ကျနော် အပြောချင်ဆုံး စကားတခွန်းကတော့ အခု ဗမာပြည်မှာ အားလုံး ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှု လျှော့ချဖို့ အဲဒါကို တစိုက်မတ်မတ် အခုလက်ရှိ အစိုးရနဲ့ ကျန်တဲ့ တိုင်းပြည်ထဲမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးနဲ့ လက်တွဲပြီး ပိုလုပ်စေချင်တယ်ဆိုတဲ့ စကားလေးကို ပြောချင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ကျနော်တို့အနေနဲ့ကတော့ အခုအချိန်မှာ တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲစလာကစ တပ်မတော်ရဲ့ အခန်းကဏ္ဍလည်းပါတယ်ပေါ့။ ဆိုတော့ ဒေါ်စုအနေနဲ့ အခု ကျနော်တို့ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေ ဆက်ပြီး ဦးဆောင်နေတဲ့ အချိန်မျိုးမှာ တဖတ် အင်အားစုရဲ့ အသံလည်း နားထောင်ဖို့လည်း လိုတယ်။ သူတို့ စိုးရိမ်ချက်တွေလည်း ထည့်စဉ်းစားဖို့လိုတယ်။ ပြီးတဲ့အခါကြတော့ အားလုံး ဝိုင်းပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ လုပ်နိုင်ရင်တော့ ကျနော်တိုင်းပြည်က အကောင်းဖက်ကို ပြောင်းသွားမယ်လို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ကိုအောင်သူငြိမ်း၊ ကိုဇော်မင်း ကျေးဇူးတင်ပါတယ်။ ဗွီအိုအေ ပရိသတ်များခင်များ အဲဒါကတော့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က သုတေသနမှူး ကိုအောင်သူငြိမ်း၊ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေသူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေးသားနေသူ ကိုဇော်မင်းတို့ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း ပြည်ပခရီးစဉ်၊ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဝေဖန်အကြံပေး သုံးသပ်ချက်တွေကို ကြားခဲ့ရတာပါ။

XS
SM
MD
LG