ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း (ဗွီအိုအေဌာနမှူး) က လတ်တလော စစ်ရေးတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေကြား အခြေအနေ၊အကြောင်းအရာများကိုသိရှိနိုင်ဖို့ထိုင်းနိုင်ငံ၊ဘန်ကောက်အခြေစိုက် ကေအိုင်အေအဖွဲ့၊ နိုင်ငံခြားဆက်ဆံရေးနဲ့ ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးဂျိမ်းစ်လမ်ဒေါင် (James Lum Dau)ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲပြီး အခြေအနေတင်းမာခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာတပ်ဖွဲ့တွေကြား ကြာသပတေးနေ့၊ ဇွန်လ ၉ ရက် မှာ ပြင်းထန်တဲ့တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက် သေကြေဒဏ်ရာ ရမှုတွေရှိခဲ့ပြီး သောကြာနေ့ကတော့ နှစ်ဘက်သုံ့ပန်းတွေတွ လဲလှယ်ပြီး စစ်ပွဲရပ်သွားခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲထားခဲ့တဲ့ ကချင် (KIA) အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား သဘောတူညီချက်တွေဟာ လုံးဝပြယ်ပျက်သွားပြီလားဆိုတဲ့ မေးခွန်းကို ဘန်ကောက်မြို့မှာ ရှိနေတဲ့ ကေအိုင်အေ အဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လမ်ဒေါင် က အောက်ပါအတိုင်း ပြောဆိုပါတယ်။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ကျနော်တို့က အပစ်အခတ်ရပ်စဲထားခဲ့တယ်။ အဲဒါ လူကြီးအချင်းချင်း တရားဝင် သဘောတူညီထားတယ်။ အဲဒီဟာကို နှစ်ဘက်စလုံး ဖျက်သိမ်းတာမရှိသေးဘူး။ ကျနော်တို့ ချမှတ်ထားတဲ့ ရှေ့တန်းက ရဲဘော်တွေကို ချမှတ်ထားတဲ့ဟာကျတော့ အစိုးရဘက်က မပစ်လာသမျှ ကာလပတ်လုံး ကျနော်တို့က စ-မပစ်ဖို့ဆိုတဲ့ ချမှတ်ချက် ချထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလို ကေအိုင်အို ကချင်ဘက်ကနေ ငြိမ်းချမ်းဘက်ကို လိုလားတယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တကယ်စိတ်ဆန္ဒရှိတယ်ဆိုပေမဲ့လည်း လက်တွေ့ဖြစ်နေတဲ့ အခြေအနေအရ ဆိုလို့ရှိရင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကဆိုရင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့ပြီး လူအသေ အပျောက်တွေလည်း ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကစလို့ တိုက်ပွဲတွေ (၃) ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်။ အလားတူပဲ မြန်မာအစိုးရ သတင်းစာတွေထဲမှာ ကေအန်အေအဖွဲ့ကို သောင်းကျန်သူအဖွဲ့အနေနဲ့ သတ်မှတ် ခေါ်ဝေါ်လာတာတွေရှိတော့ လက်တွေ့သဘောအရတော့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားနေပြီလား။ ဒါမှမဟုတ်လို့ရှိရင် ပျက်ပြားလုနီးပါး ရှိနေပြီဆိုတဲ့အချက်ကို ဖော်ညွှန်းမနေဘူးလား။
ဂျိမ်းစ်လမ်ဒေါင်။ ။ အဓိကအချက်ကတော့ ကျနော်တို့ထင်တယ်။ လူကြီးတွေရဲ့ အမိန့်ကို အောက်က ရှေ့တန်းက ရဲဘော်တွေ နားမထောင်လို့။ ဒါတွေက အုပ်ချုပ်ရေးမှာ လိုအပ်တာတွေ ရှိတယ်။မနေ့မနက်ကဖြစ်ခဲ့တာဘာကြောင့်လဲ။ သူတို့ကလာပြီး ဝိုင်းတယ်။ ဝိုင်းတဲ့အတွက်သူတို့က စ ပစ်တယ်။ နောက် တိုက်ပွဲတွေ ဖြစ်တယ်။ အခု ဒီနေ့အထိ အခုန ဆရာပြောသလို အခါပေါင်းများစွာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ဒါတွေကတော့ ခါတိုင်းဖြစ်တဲ့ပြဿနာကို လူကြီးအချင်းချင်းပြန်ပြီး ဆွေးနွေးခြင်း အားဖြင့် ဖျန်ဖြေနိုင်တယ်။ တကယ်လို့ လူကြီးတွေသာလျှင် ရှေ့တန်းကိုတိုက်ပွဲဝင်ပါ။ ဒီလိုသာ အမိန့်ရှိခဲ့ရင်တော့ ဒီကိစ္စတခု၊ ပြဿနာတခုပေါ်တိုင်း လူကြီးတွေဖြေရှင်းနိုင်ဖို့ အလားအလာမရှိဘူး။ ဒီနေ့အထိတော့ ကျနော်တို့ ဖြေရှင်းနိုင်တယ်။
ဦးသန်းလွင်ထွန်း။။အခု နောက်ဆုံးဖြစ်တဲ့ ပြဿနာကတော့ကျနော်တို့ကြားရတဲ့သတင်းတွေအရဆိုရင် မြန်မာစစ်တပ်အရာရှိ နှစ်ဦးအပါအဝင် စစ်သားတချို့ကို ကချင်ဘက်က ဖမ်းဆီးခဲ့တဲ့အတွက်ကြောင့် မြန်မာစစ်တပ်ဘက်က လာဝိုင်းတာကနေ စဖြစ်တာလို့ ကြားရပါတယ်။ အဲဒါက ဘယ်လို အကြောင်းတွေကြောင့် ဖြစ်ရတယ်ဆိုတာကို ဗိုလ်မှူးကြီးတို့ ဘယ်လောက်အထိ သတင်းတွေ ရပါသလဲ။
ဂျိမ်းစ် လမ်ဒေါင် ။ ။ သူတို့က ကျနော်တို့ သတ်မှတ်ထားတဲ့နယ်မြေကို ဝင်လာတယ်။ ဝင်လာတဲ့အတွက် သူတို့သိပါတယ်။ အဲဒီနေရာမှာ ဝင်လို့မရဘူးဆိုတာ။ ကျနော်တို့ သူတို့သတ်မှတ်ထားတဲ့ နေရာကိုလေးစားသလို သူတို့ကလည်း လေးစားရမှာပေါ့။ ဒါကတော့ ငြိမ်းချမ်းရေးကို နှစ်သက်တဲ့၊ ငြိမ်းချမ်းရေးကို ဆုပ်ကိုင်ထားတဲ့အခြေအနေ အသွင်ဆောင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ သူ ဝင်လာတယ်။ ဝင်လာတဲ့အတွက် ရဲဘော်တွေက မဝင်လာနဲ့ အဲဒီနေရာကနေ မဖြတ်ပါနဲ့၊ အဲဒီလို ပြောရင်းနဲ့ ဝင်လာတဲ့အခါမှာ - ဒါတွေကတော့ တဦးပေါ်တဦး သိပ်အထင်သေးတဲ့ပုံစံမျိုး ရှိတာပေါ့။ တဦးနဲ့တဦး မျက်နာဖျက်ကြတာပေါ့။ အဲဒါကြောင့် ဒါ ဘယ်နည်းနဲ့မှ တခြားရှေုာင်ရှားလို့ မရတဲ့အပေါ်မှာ မူတည်ပြီးမှ ဒါတွေကြောင့် အချင်းချင်း ဖမ်းကြတာပေါ့။ ဒါကတော့ သဘာဝကျပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ အခြေအနေအရဆိုရင် ကေအိုင်အိုအဖွဲ့နဲ့ လိုင်ဇာဌာနချုပ်။ ဒေသတွင်း ဆက်ဆံရေးဆိုလို့ မြန်မာစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာချုပ်နဲ့ ကြားမှာပဲ ဆက်ဆံရေးရှိနေပြီးတော့ အခုလောလောဆယ် အပစ်အခတ်ရပ်စဲရေး ကိစ္စတောင်မှ တိုင်းအဆင့်မှာပဲ တပ်မအဆင့်မှာပဲ လုပ်ရပါတယ်။ အဲဒီတော့ ကေအိုင်အိုအဖွဲ့နဲ့ တကယ်တမ်း သမ္မတဦးသိန်းစိန် တက်လာတဲ့ အစိုးရ အဖွဲ့ကြား နေပြည်တော် နဲ့ ဆက်ဆံရေး ပြတ်တောက်နေတယ်လို့ ကြားရပါတယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်နေရပါသလဲ။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ခါတိုင်းဆက်ဆံနေတာဆိုရင် အဲဒီ မြောက်ပိုင်းတိုင်းကတဆင့် နေပြည်တော်ဘက်နဲ့ ဆက်ဆံနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြားမှာ သူတို့ဘာသာသူတို့ မြောက်ပိုင်းတိုင်းမှာ ရောက်နေတဲ့ တပ်မတော်တွေကလည်း သူတို့စိတ်က ဘယ်လိုလုပ်ရင်ကောင်းမယ်၊ သူတို့ဘာသာ strategy လုပ်နေမှာပေါ့။ အဲဒီ strategy က ဟို နေပြည်တော်က မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေ ပေါ်နေတာက အဲဒီဒေသရဲ့ အခြေအနေဖြစ်လိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကေအိုင်အို ဌာနချုပ်နဲ့ နေပြည်တော်နဲ့ ဆက်ဆံရေးကြားမှာ တကယ်တမ်း ထိရောက်တဲ့ ဆက်ဆံရေးလမ်းကြောင်း မရှိဘူးဆိုတဲ့ အခြေအနေရှိနေတာပေါ့။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ဒါလည်း တခုမှန်ကန်ပါတယ်။ဘာကြောင့်လို့ဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့တော့ ခါတိုင်းလိုပဲ အပစ်အခတ်ရပ်စဲရေးဟာ မပျက်ပြားသေးပါဘူးဆိုတဲ့ဟာ အခိုင်အမာ ယုံကြည်တယ်။ တဘက်ကတော့ အဲဒီလို မဟုတ်ဘူးဆိုရင် အဲဒီကြားမှာ နည်းနည်းပြက်တောက်မှု ရှိပါတယ်။ နောက်ပြီးတော့ လုံးလုံးလျားလျား ပြတ်တောက်ပြီလား။ ရန်ကုန်မှာလည်း ကျနော်တို့ရဲ့ ကိုယ်စားလှယ်ရုံး ရှိပါတယ်။ နောက်ပြီးတော့ မြစ်ကြီးနား။ တော်တော်များများမှာလည်း ရှိပါတယ်။ တကယ်လို့ နေပြည်တော်ရဲ့ အမိန့်အရ လုပ်မယ်ဆိုရင် မြို့မှာထားရှိတဲ့ ကိုယ်စားလှယ်ရုံးတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အစောပိုင်းက ဗိုလ်မှူးကြီးလမ်ဒေါင် ပြောပါတယ်။ ကေအိုင်အိုနဲ့ မြန်မာစစ်တပ် ကြားမှာ နဂိုရ်တုန်းက တကယ့်ကို တရားဝင် သဘောတူညီထားတဲ့ ကတိကဝတ်တွေ ရှိတယ်ပေါ့။ ကျနော်သိရတဲ့ အချက်တွေအရဆိုရင်လည်း ၁၉၉၀ နှစ်အလယ်ပိုင်းတွေမှာ ငြိမ်းချမ်းယူခဲ့တဲ့အဖွဲ့တွေ ကြားထဲမှာ ကေအိုင်အိုအဖွဲ့ ကချင်အဖွဲ့တခုတည်းပဲ တရားဝင် စာချုပ်စာတမ်းနဲ့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲခဲ့တာဆိုတဲ့ အချက်လည်း ရှိပါတယ်။ အဲဒီတော့ အဲဒီငြိမ်းချမ်းရေးအချက်အလက် စာချုပ်စာတမ်းနဲ့ အချက်အလက်တွေထဲမှာ ဘယ်လိုအတိအကျ သဘောတူညီချက်တွေ ရှိပါသလဲ။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ဖြစ်တယ်။ အဲဒီနေမှာ ကျနော်တို့ မြစ်ကြီးနား မြို့ မှာ သဘောတူညီချက် ရပါတယ်။ အဲဒီမှာ အချက်တွေအများကြီး ရှိပါတယ်။ ကျနော်တို့ ဆွေးနွေးတဲ့ အထဲမှာ။ ဒီမှာ အရေးကြီးဆုံးက ဘာတွေလဲဆိုရင် လက်နက်ကို ကိုင်ထားမယ်၊ ဒါပေမဲ့ တိုက်ဖို့မဟုတ်ဘူး။ အခြေအနေအရ ကာကွယ်ဖို့။ နောက် ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ development ဖွံ့ဖြိုးတိုးတက်ရေး လုပ်တဲ့နေရာမှာ (၃) မျိုး ရှိတယ်။ တမျိုးကတော့ အစိုးရအနေနဲ့ လုပ်နိုင်တဲ့နည်းလမ်း သူ့နေရာနဲ့သူ လုပ်သွားမယ်။ နံပတ်နှစ်အနေနဲ့ ကေအိုင်အိုအနေနဲ့ သီးသန့်လုပ်မယ့်နေရာရှိတယ်။ တတိယ အနေနဲ့ကတော့ တပ်မတော်နဲ့ ကေအိုင်အို ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်မယ်။ နောက်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဆွေးနွေးမယ်၊ လုပ်မယ်ဆိုရင် ကျနော်တို့က တပ်မတော် ဖြစ်တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးနဲ့ မဆွေးနွေးဘူး။ နောင်တက်လာမယ့် အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဖြစ်တယ်။ ဒါတွေကတော့ အဓိကကျတဲ့အချက်တွေ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နောက်ဆုံးပြောသွားတဲ့အချက်ဖြစ်တဲ့ နောင်တက်လာမယ့် အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတော့ အခု သမ္မတဦးသိန်းစိန်အစိုးရနဲ့ ကေအိုင်အိုကြား ဆွေးနွေးပွဲတွေ ဖြစ်မလာဘူးလား။ ဖြစ်လာဖို့ အလားအလာရှိရဲ့လား။
ဂျိမ်းစ် လမ်ဒေါင် ။ ။ လက်တဘက်ထဲနဲ့ လက်ခုပ်တီးမယ်ဆိုရင် အသံမမြည်ဘူး။ ကျနော်တို့ကတော့ အဆင်သင့်။ သမ္မတသိန်းစိန်ကလည်း သူ့မှာ ပြဿနာအမျိုးမျိုးနဲ့ တိုင်းရေးပြည်ရေး - ကျနော်တို့ နားလည်မှု အများကြီး ပေးပါတယ်။ အဲဒီတော့က သူသာ ကြေညာတယ်။ ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားပါတယ် ဆိုတာကို ကျနော်တို့က ဝမ်းသာတယ်။ ဝမ်းသာပြီးတော့ မျှော်လင့်တယ်။ ဒါပေမဲ့လို့ ငါးသိန်းနီးပါးလောက် လုပ်နေတဲ့ တပ်မတော်ဟာ ဒီခေါင်းဆောင်တယောက် သွားပြီးတော့ ပြောခြင်းအားဖြင့် ချက်ချင်းဖြစ်မလာနိုင်ဘူးဆိုတာကို ကျနော်တို့ အပြစ်မတင်ပါဘူး။ အဲဒါ တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်ဘက်မှာ ကေအိုင်အိုနဲ့ နိုင်ငံရေးအရ ဆက်သွားဖို့ဆိုတဲ့ကိစ္စမှာ တဘက်က အယူအဆကတော့ ကေအိုင်အို ကချင်တပ်မတော်အနေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သဘောတူညီချက်ကို ဆန့်ကျင်နေခဲ့တယ့် အတွက်ကြောင့်မို့လို့ဆိုပြီးတော့ ယူဆထားပုံ ရပါတယ်။ အဲဒီတော့ ဒီအခက်အခဲတွေ မပြေလည်သေးဘဲနဲ့ နိုင်ငံရေးအရ ဘယ်လိုတွေ့ဆုံမှုတွေ လုပ်မလဲ။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ဒါတွေကတော့ ကျနော်တို့ဘက်မှာ နားလည်မှုပေးထားသလို အစိုးရဘက်ကလည်း နားလည်မှု။ အရင်တုန်းက တပ်မတော်နဲ့ နားလည်မှုပေးလို့ မရဘူးထား။ ဒါပေမဲ့ အခု ပြည်သူလူထုတွေ ရွေးကောက်တင်မြောက်လာတဲ့ အစိုးရအနေနဲ့ဆိုရင် ပြည်သူလူထုဘက်က ရပ်တည်ပြီးတော့ သူတို့ စဉ်းစားပါလိမ့်မယ်။ ဒါကြောင့် ဗြုန်းကနဲ ပြောင်းလဲသွားနိုင်မယ်လို့ ကျနော်ကတော့ မယုံကြည်ဘူး။ သဘာဝကျကျနဲ့ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်မယ်လို့ အဲဒီလို ယုံကြည်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်တော့ ဒီကြားထဲမှာ ကေအိုင်အေအဖွဲ့ကလည်း လက်နက်ကို စွဲကိုင်ထားတယ်။ နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းရေးကို ဆန့်ကျင်နေတယ်။ ဒါ့အပြင်ကို မကြာသေးခင်ကာလအတွင်းမှာ ကေအိုင်အေ နယ်မြေအတွင်းမှာ ပြည်သူလူထုတွေအတွက် ကေအိုင်အေ အသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိလာတယ်ဆိုတော့ ဒါတွေဟာ တဖတ်က မြန်မာစစ်တပ်ကို ဆွပေးနေတဲ့ အနေအထားမျိုးတွေ ဖြစ်မလာစေဘူးလား။
ဂျိမ်းစ် လမ်ဒေါင် ။ ။ သူတို့ကတော့ သူတို့ ရပိုင်ခွင့်ထက် အဆပေါင်းများစွာ သူတို့သုံးနေတယ်။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ ပြည်သူလူထုကြားမှာ နည်းနည်းပါးပါးလုပ်တဲ့ဟာ ဒါကတော့ ကိုယ့်မှာလည်း တာဝန်ရှိတယ်။ ဘာတခုမှာ ကိုယ့်မှာတာဝန်ရှိတဲ့ မလုပ်ဘို့ဆိုရင်တော့ တာဝန်မယူရာကြတာပေါ့။ ဒါကတော့ တာဝန်အရ တာဝန်ရှိနေတဲ့အရ အဲဒါတွေကို လုပ်နေတယ်လို့ ကျနော်တို့ ခံယူတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကေအိုင်အို အဖွဲ့အနေနဲ့ မကြာသေးခင်က နယ်စပ်ဒေသတွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းပြီး မဟာမိတ်ဖွဲ့တယ်ဆိုတဲ့ အချက်ကရော။ ဒါက မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရကို တနည်းတလမ်းအားဖြင့် ဖိအားပေး၊ ခြိမ်းခြောက်နေတယ်ဆိုတဲ့ ပုံစံမျိုး သဘော မသက်ရောက်သွားစေဘူးလား။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ဒါတွေကတော့ ကျနော်တို့လုပ်တာတမျိုး လူတွေက အဓိပ္ပါယ်ယူတာတမျိုး။ ဟိုတုန်းက NDF ဆိုတာ National Democratic Front ဆိုတာ ၁၉၇၆ ခုနှစ်မှာ ဖွဲ့တယ်။ အဲဒါကတော့ ပူးပေါင်းပြီးတော့ အစိုးရကိုတိုက်ဖို့ဖြစ်တယ်။
ဒီနေ့ကျတော့က ပြည်သူလူထုတွေ ရွေးကောက်တင်မြောက်လာတဲ့ အစိုးရ တက်လာတဲ့အတွက်ကြောင့် အဲဒီဟာ အချိန်ကိုက်ဖြစ်ပြီး ငြိမ်းချမ်းရေးနည်းအရ၊ နိုင်ငံရေးအရ သွားတွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်တယ်။ အဲဒါ အရင်တုန်းက တဖွဲ့စီ သွားဆွေးနွေးတဲ့အခါမှာ တဖွဲ့စီဆိုတာ ဘာအဓိပ္ပါယ်မှ မရှိဘဲ။ ဒါကြောင့် ဒီနေ့ကတော့ တော်လှန်ရေးအဖွဲ့အားလုံးက စုရုံးပြီးတော့ အဖွဲ့တခုက အောက်က ပေါ်လစီ တခု။ အဲဒီအောက်မှာ အစိုးရနဲ့ အောင်မြင်အောင် နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဗိုလ်မှူးကြီးအနေနဲ့ ကေအိုင်အိုအဖွဲ့ရဲ့  ဗဟိုကော်မတီဝင်လည်းဖြစ်တော့ အခု နေပြည်တော်မှာရှိနေတဲ့ အစိုးရသစ်ရဲ့ ခေါင်းဆောင်တွေကို ဘယ်လိုအကြောင်းအရာများ အဓိကထား မေတ္တာရပ်ခံဖို့ လုပ်ချင်ပါသလဲ။
ဂျိမ်းစ် လမ်ဒေါင် ။ ။ ကျနော်တို့ တိုင်းပြည်က ဒီအချိန်မှ မငြိမ်းချမ်းဘူးဆိုရင် ဘယ်အချိန်မှာ ငြိမ်းချမ်းမလဲ။ နည်းနည်းကြာသွားရင် ဘာဖြစ်သွားနိုင်မလဲဆိုတာကို အားလုံး ကွက်ကွက်ကွင်းကွင်း မြင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေ ပြဿနာ ပိုပြီးမကြီးသေးတဲ့အချိန်မှာ ကျနော်တို့ နားလည်းမှုရှိစွာနဲ့ ပြည်ထောင်စု စိတ်ဓါတ် မွေးပြီးမှ ကြိုးစားကြရအောင်လို့ ကျနော်က တောင်းခံလိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဘန်ကောက်မြို့ မှာရှိတဲ့ ကေအိုင်အေအဖွဲ့ရဲ့  နိုင်ငံခြားဆက်ဆံရေးနဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လမ်ဒေါင် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။