သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြေရှင်းနိုင်သေးတဲ့ ကချင်ဒေသ ပဋိပက္ခ


မဖြေရှင်းနိုင်သေးတဲ့ ကချင်ဒေသ ပဋိပက္ခ
မဖြေရှင်းနိုင်သေးတဲ့ ကချင်ဒေသ ပဋိပက္ခ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဒေသတွင်း နယ်မြေစိုးမိုးမှုတွေကို ပိုပြီးကြိုးပမ်းလာတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်လို့ ဆိုပါတယ်။ အရှေ့ဘက်နယ်စပ် တရုတ်ပြည်နယ်နဲ့ စီးပွားရေး မဟာဗျူဟာဆက်ဆံမှုမှာ အဓိကကျလာတဲ့ အဲဒီ ဒေသ အခြေအနေတွေကို ဇင်းမယ်မြို့မှာ အခြေစိုက်ရှိနေတဲ့ ကချင်သတင်းအယ်ဒီတာ ဦးနော်ဒင်းကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကေအိုင်အို ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဦးနော်ဒင် ။ ။ အခုအချိန်အထိ တရုတ်နယ်စပ်ဘက်မှာ ၄ နေရာမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ၂ သောင်းနီးပါး ရောက်လာနေပြီလို့ သိရပါတယ်။ ဆက်ပြီးတော့ ဒုက္ခသည်တွေ ထွက်ပြေးနေဆဲ ရှိနေတယ်ဆိုတာကို သိရတယ်။ အထူးသဖြင့် မြစ်ကြီးနား-ဗန်းမော် အဓိက ကားလမ်းမ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေအများစုက စစ်တပ်ကနေ သူတို့ကို ပေါ်တာဆွဲမှာကို ကြောက်လို့ သူတို့ထွက်ပြေးကြတယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ၄ နေရာဆိုတာက ဘယ်လိုနေရာတွေကို ပြောတာလဲ။

ဦးနော်ဒင်း ။ ။ လေးနေရာဆိုတာက လိုင်ဇာဌာနချုပ်မှာဆိုရင် သူတို့ရဲ့ တရားဝင်စာရင်းအရဆိုရင် ၂ ထောင်ကျော်ရှိနေပြီ။ မိုင်ဂျာရားမှာဆိုရင် သုံးရာကျော် ရောက်ရှိနေပြီ။ ဥယာဘုတ်မှာဆိုရင် တရုတ် နယ်စပ်နဲ့နီးတယ် - အဲဒီမှာလည်း အယောက် ၅၀၀ ကျော် ရောက်ရှိနေပြီတော့ ပဂျေ ဘက်မှာဆိုရင် အယောက် ၄ ထောင်ကျော် ရောက်ရှိနေတယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒုက္ခသည်တွေက မြန်မာနိုင်ငံအတွင်းဘက်ခြမ်းမှာပဲ ရှိနေတာပေါ့။ တရုတ်နိုင်ငံ ထဲကို ရောက်သွားတဲ့လူ မရှိသေးဘူးပေါ့။ ဒါက ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသ တိုက်ပွဲတွေ ကြောင့် တရုတ်နိုင်ငံထဲကို ဒုက္ခသည် သုံးသောင်းကျော်၊ သုံးသောင်းနီးပါးလောက် ဝင်ပြေးခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းစာလိုက်ရင်တော့ နည်းနည်းလေး အခြေအနေ သိပ်မဆိုးသေးဘူးလို့ ပြောနိုင်တဲ့ သဘောလား။

ဦးနော်ဒင်း။ ။ အစပိုင်းကတော့ တရုတ်အာဏာပိုင်တွေက သူတို့ကို ဖြတ်သန်းခွင့်၊ နယ်စပ်ကို ဖြတ်ကျော်ခွင့်တွေ လက်မခံဘူး။ ဒါပေမဲ့ အခု ရက်အတွင်းမှာ တရုတ်အာဏာပိုင်တွေက လက်မှတ်ရှိတာဖြစ်ဖြစ်၊ မရှိတာဖြစ်ဖြစ် ဒုက္ခသည်တွေကို ဖြတ်သန်းခွင့် ပေးထားပြီးဆိုတာကို သိရတယ်။ ဒါပေမဲ့ တိတိကျကျ တရုတ်ဘက်အခြမ်းမှာ ဒုက္ခသည်စခန်းဆိုတာ မရှိသေးဘူး။ အဲဒါကြောင့် တော်တော်များများ ဒုက္ခသည်တွေကတော့ နယ်စပ်မှာပဲ ရှိပြီးမှ ကိုယ်နည်းကိုယ့်ဟန်နဲ့ပဲ အဲဒီမှာ ခိုလှုံနေတာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို အခုလိုဖြစ်နေတဲ့ အခြေအနေအရဆိုရင် လတ်တလော နယ်စပ်ဒေသ၊ နယ်ခြားဒေသ ကုန်သွယ်မှုနဲ့ စီးပွားရေးအခြေအနေအရကရော ဘယ်လိုဖြစ်နေပြီလဲ။

ဦးနော်ဒင်း။ ။ လောလောဆယ် အခြေအနေမှာတော့ နယ်စပ်ကုန်သွယ်ရေးတို့၊ စီးပွားရေး အခြေအနေကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး နယ်စပ်စီးပွားရေးလုပ်ငန်းတွေ ရပ်နေတယ်ဆိုတာကို သိရတယ်။ ဘာကြောင့်လဲဆိုရင် နယ်စပ်ကနေပြီး အဓိက ကားလမ်းမနဲ့ ဆက်သွယ်ပြုတဲ့ အဓိက တံတားတွေကို ကေအိုင်အို လွတ်မြောက်ရေးအဖွဲ့တွေက ဗုံးခွဲဖျက်ဆီးတာတွေ အခုအချိန်အထိ လုပ်နေတုန်းဆိုတော့ သွားရေးလာရေး လုပ်ငန်းတွေကတော့ အရင်လိုမလုပ်နိုင်တော့ စီးပွားရေး လုပ်ငန်းတွေကတော့ လောလောဆယ်တော့ မရှိတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလို လတ်တလော စီးပွားရေးအခြေအနေအပြင် ဘာဖြစ်လဲဆိုတော့ စောစောက ကိုနော်ဒင်း ပြောခဲ့သလို ဒေသအတွင်းမှာ အသွားအလာအတွက် အရေးပါတဲ့ တံတားတွေ၊ လမ်းတွေကို စစ်ရေးအရ ရည်မှန်းချက်တွေနဲ့ ဖျက်ဆီးမှုတွေ လုပ်ရပြီဆိုတော့ ဒီဒေသ အတွင်းမှာ တကယ်တမ်းကျလို့ရှိရင် ဖွံ့ဖြိုးရေးအတွက် တရုတ်ပြည်ဘက်ကလည်း တော်တော်လေးကို ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေခဲ့တယ်။

အထူးသဖြင့်တော့ ဒေသတွင်း ဖွံ့ဖြိုးရေးအပြင်ကို တရုတ်ပြည်ဘက်က သူတို့အတွက် အနာဂတ်မှာ စွမ်းအင် လုံလောက်ရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ရေအားလျှပ်စစ် စီမံကိန်း၊ ရေကာတာ စီမံကိန်း ဆိုတာမျိုးတွေကို အင်နဲ့အားနဲ့ ရင်းနှီးမြုပ်နှံလုပ်နေတယ်ဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ မငြိမ်မသက် အခြေအနေတွေက တရုတ်ပြည်အတွက် ဘယ်လောက်အထိ ထိခိုက်သွားနိုင်မလဲ။

ဦးနော်ဒင်း ။ ။ တရုတ်ဘက်ကတော့ အဓိက စီးပွားရေးအရကတော့ ထိခိုက်တာကတော့ မြေကြီး လက်ခတ်မလွဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာရှိတဲ့ စီးပွားရေး အားလုံး အသေး၊ အကြီးအားလုံးကတော့ တရုတ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ ဆိုတော့ အဓိကတော့ သူက နစ်နာမှာဖြစ်တယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ဗမာပြည်မှာဆိုလို့ရှိရင် နိုင်ငံရေး ပြဿနာတွေ၊ အဓိကသော့ချက်ကြတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမှု မရှိတော့။ အဲဒီလိုမျိုး ပြဿနာတွေက ရှိလာနိုင်တဲ့ အခြေအနေကို သူ့အနေနဲ့ ကြိုတင်မြင်ထားပုံတော့ရတယ်။ အခုအချိန်အထိလည်း ကချင်ပြည်နယ်မှာ ဆိုရင် ရေကာတာလုပ်ငန်းတွေ အတော်များများမှာ တရုတ်ပြည်ကပဲ အဓိက ရင်းနှီးမြုပ်နံှထားတာဖြစ်တယ်။ အခုအချိန်အထိလည်း တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်နေတဲ့ စမ်ခန် တာပိုင် ရေအားလျှပ်စစ် စီမံကိန်းမှာဆိုရင် အဲဒီမှာ တကယ်ပဲ ရေအား လျှပ်စစ်ကိုပဲ ကေအိုင်အေအနေနဲ့ ဖျက်ဆီးမှုမလုပ်ဘူး။ ဒါပေမဲ့လည်း လျှပ်စစ်မီးကို သွယ်ပေးထားတဲ့ ကြိုးတို့၊ ဓာတ်တိုင်တို့ကို ကေအိုင်အေအနေနဲ့ ဖျက်ဆီးမှုကိုလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါကတော့ သူတို့အနေနဲ့ စစ်ရေးအရလုပ်ခြင်းဖြစ်တယ်။ စက်ရုံတို့၊ ရေကာတာတို့ကိုတော့ ဖျက်ဆီးမှုတွေ မလုပ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တခုမေးချင်တာက တရုတ်ပြည်အနေနဲ့ သူတို့ရဲ့ အနာဂတ် လောင်စာစွမ်းအင် ဖြည့်ဆည်းရေး၊ လုံလောက်ရေးအတွက် ရေရှည်စီမံချက်တွေ၊ မဟာဗျူဟာတွေ ချပြီးတော့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတာပါ။ အထူးသဖြင့် ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဒီ စီမံကိန်းအတွက်ဆိုပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စုစုပေါင်း ရေကာတာ (၄၀) လောက် ဆောက်လုပ်ဖို့ သူတို့ စီမံကိန်းတွေ ချထားပါတယ်။

အလားတူပဲ ဒီဘက် ဘင်္ဂလားပင်လယ်အော်ဘက်နေက ထွက်တဲ့ ဓာတ်ငွေ့တွေကို ဝယ်ယူဖို့ ရွှေဂက်စ် ဒေသက ဓာတ်ငွေ့တွေကို ယူဖို့ဆိုပြီး ပိုက်လိုင်းတွေလည်း ဒီဘက် ရွှေလီဘက်အထိ ယူနန် ပြည်နယ် ထဲ အထိ ဖောက်ဖို့ စီမံကိန်းတွေ ချနေပါပြီ။ အဲဒီတော့ ဒီ စီမံကိန်းတွေချဖို့အရေးမှာ ကချင်ပြည်နယ်ထဲ မှာကျတော့ ရေကာတာ ဖောက်တဲ့ကိစ္စတွေ၊ ရေကာတာ တည်ဆောက်တဲ့ ကိစ္စတွေကို လူထုကို မတိုင်ပင်ဘဲနဲ့ မြန်မာပြည် နေပြည်တော်အစိုးရကနေ တဘက်သတ် လုပ်ဆောင်တဲ့အတွက် မကျေနပ်မှုတွေရှိနေတယ်၊ ကန့်ကွက်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်တွေကို တရုတ်တွေအနေနဲ့ ရိပ်စားမိလောက်ပါတယ်။

အဲဒီတော့ ဒီဒေသအတွင်းမှာ သူတို့လိုချင်တဲ့ကိစ္စတွေ ပြေလည်သွားစေဖို့အတွက်ဆိုလို့ရှိရင် နေပြည်တော်ကနေ ချုပ်ကိုင်မှု လုံးလုံးလျားလျား ရောက်သွားလို့ရှိရင် တရုတ်အတွက် အဆင်မပြေနိုင်ဘူးလား။ အဲဒီအတွက် တရုတ်ပြည်ကနေ အခု မြန်မာစစ်တပ်ကနေ ဒေသအတွင်း စစ်တပ်ရဲ့ ချုပ်ကိုင်မှုတွေရဖို့အတွက် လုပ်ဆောင်နေတာကို တစုံတရာ တားမြစ်ခြင်း မရှိသေးဘဲနဲ့ ကြည့်နေတယ်ဆိုတဲ့ သဘောလား။

ဦးနော်ဒင် ။ ။ တရုတ်ကနေ အိမ်နီးချင်း မြန်မာပြည် နိုင်ငံရေး မတည်မငြိမ် ဖြစ်တာကိုလည်း သူက လက်ခံတယ်။ ဒါပေမဲ့ သူက နိုင်ငံရေးထက် စီးပွားရေးကိုပဲ အဓိကထားပြီးတော့ အဲဒီ ပေါ်လစီနဲ့ပဲ ဆက်သွယ်နေရတယ်။ ပူးပေါင်းနေရတာဖြစ်တယ်။ အဓိကဖြစ်တယ့် အခုနပြောတဲ့ ကချင်ပြည်နယ် လျှပ်စစ် စီမံကိန်းတွေအားလုံးကတော့ မြန်မာအစိုးရနဲ့ပဲ အဓိက တိုက်ရိုက်ဆက်သွယ်ပြီးမှ သူက လုပ်တာဖြစ်တယ်။ တဘက်က KIO ကို အဲဒီလိုမျိုး ဆက်သွယ်ပြီးမှ လုပ်တာမဟုတ်ဘူး။ အဲဒါမျိုး လုပ်တာကလည်း ကျနော်တို့ သိသလောက်ဆိုရင် အစိုးရကနေ တရုတ်ကို အဲဒီလိုမျိုး ကမ်းလှမ်း ထားတယ်။ အဲဒီလိုမျိုး ပုံစံနဲ့ပဲ သူနဲ့ပဲ တိုက်ရိုက်လုပ်ဖို့အတွက်၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ မလုပ်ဘဲနဲ့ အစိုးရ-အစိုးရအချင်းချင်းပဲ အဲဒီလိုမျိုးလုပ်ဖို့အတွက် မြန်မာဘက်က အဲဒီလိုမျိုး သဘောထားရှိတဲ့အတွက်ကြောင့် သူကအဲဒီလိုမျိုး လုပ်တာဖြစ်တယ်ဆိုတဲ့ အပိုင်းတွေလည်း ရှိခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ရေရှည် မဟာဗျူဟာကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ KIO အဖွဲ့ကို ဆူးညှောင့်ခလုတ်အဖြစ် ရှုမြင်လာတယ်ဆိုတဲ့ သဘောကိုပြောချင်တာလား။

ဦးနော်ဒင် ။ ။ အဓိကတော့ အဲဒီလိုမျိုး ဖြစ်လာအောင်ဖန်တီး ပေးတာကတော့ မြန်မာအစိုးရဖြစ်တယ်။ သူကတော့ အဲဒီလိုမျိုးပုံစံ။ အဲဒါကြောင့်မို့ အဲဒီလိုမျိုး ပုံစံနဲ့ ဖန်တီးလာပြီးမှ အဲဒီလို စီမံကိန်း လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို - အဲဒါကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုးပုံစံနဲ့ နိုင်ငံတကာကို မြင်စေပြီးမှ တဘက်က စီမံကိန်းချလိုက်တာနဲ့ အထူးသဖြင့် KIO ထိန်းချုပ်တဲ့နယ်မြေတွေမှာ အတော်များပါတယ်။ အဲဒီဒေသတွေကို သူက စစ်တပ်နဲ့ လုံခြုံရေးခေါင်းစဉ်နဲ့ နေရာယူသွားဖို့ ဖြစ်တယ်။ အဲဒီလို ပုံစံနဲ့ပဲ သူ့ရဲ့မဟာဗျူဟာ၊ စီးပွားရေး မဟာဗျူဟာနည်းလမ်းအားဖြင့် တဘက်က စီးပွားရေးအကျိုးလည်းရှိမယ်။ တဘက်က နိုင်ငံရေးအကျိုးလည်းရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်နေတာဖြစ်တယ်။ ပန်းတိုင်ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ကို အားနည်းအောင်၊ လူထုနဲ့ ကင်းကွာအောင်လုပ်တဲ့ မဟာဗျူဟာ ဖြစ်နေတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို သူတို့ ရည်မှန်းထားတဲ့အတိုင်း KIO အနေနဲ့ ရေရှည်ရပ်တည်နိုင်စွမ်း ရှိပါနိုင်တော့မလား။ ဒီလို ချေမှုန်းခံရမယ့် အနေအထားမှာ ရှိနေလား။

ဦးနော်ဒင် ။ ။ မဟုတ်ပါဘူး။ အဓိကတော့ အခုအချိန်မှာလည်း ကချင်လူထုတွေက ကန့်ကွက်တာ ကတော့ ရေအားလျှပ်စစ်ဆိုရင်လည်း မြစ်ဆုံ၊ ဧရာဝတီမြစ်ဆုံကိုပဲ ကန့်ကွက်တာဖြစ်တယ်။ ကျန်တဲ့ ရေအားလျှပ်စစ်တွေကို ကန့်ကွက်တာတော့ မရှိပါဘူး။ ဒါတွေကတော့ လုပ်လို့ရတယ်။ ဒါပေမဲ့ တဘက်မှာ အခြေခံတွက်ချက်ကြတယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ကတော့ အဓိက ဖြစ်တယ်။ အဲဒါကို မလုပ်ဘဲနဲ့ အဲဒီလို စီးပွားရေးလုပ်ငန်းတွေ၊ ရေကာတာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတာကတော့ ဘယ်လိုမှလည်း ထိရောက်မှု ရှိမှာမဟုတ်ဘူး။ နိုင်ငံရေးမပြေလည်ဘူးဆိုရင် ပိုပြီးဒုက္ခရောက်မှာကတော့ လူထုတွေဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအခြေအနေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက KIO သဘောထား ထွက် လာတာကတော့ တရုတ်နိုင်ငံအနေနဲ့ ဒီအခြေအနေကို ကြားဝင်ဖြန်ဖြေပေးသင့်တယ်။ တစုံတရာ တားဆီးပေးသင့်တယ်ဆိုတဲ့ ပြောကြားချက်မျိုးလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ တရုတ်ဘက်က ကြားဝင်လာမယ့် အခြေအနေရှိလား။ ဘာပြောပေးနိုင်တဲ့ အခြေအနေရှိလဲ။

ဦးနော်ဒင်း ။ ။ တရုတ်က လွှမ်းမိုးမှုကတော့ အတော်လေးများမယ်လို့ ကျနော်တို့ကလည်း ယုံကြည် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ ရပ်တည်နိုင်တာက တရုတ်ပြည်က စီးပွားရေးအရ၊ စစ်ရေးအရ အဓိက ကူညီပေးလို့ဖြစ်တယ်။ တဘက်မှာလည်း အခုလိုမျိုး နယ်စပ် ပြဿနာတွေ၊ တိုင်းရင်းသားပြဿနာတွေ အားလုံးကတော့ တရုတ်ပြည်ဘက်က စိတ်ကောင်း စေတနာနဲ့ ကြားဝင်ပေးလို့ရှိရင်တော့ မြန်မာပြည်ရဲ့ ပြဿနာတွေက အတော်လေး ဖြေရှင်းနိုင်ဖို့ရှိတယ်။

ဘာကြောင့်လဲဆိုတော့ အတော်ကြာကြာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ အခုအချိန်အထိလည်း အတော်လေး ထိန်းသိမ်းနိုင်တဲ့ကိစ္စကလည်း တရုတ်ပြည်ဘက်က အဲဒီလိုမျိုး မလုပ်ဖို့အတွက် ဖိအားတွေပေးတယ်။ တဘက်ကလည်း မြန်မာအစိုးရ လိုအပ်တဲ့ စီးပွားရေးအရ၊ ငွေကြေးအရ တရုတ်ဘက်က နည်းမျိုးစုံနဲ့ သူကို ချော့တဲ့ပုံစံနဲ့ စီးပွားရေးအရ အခွင့်အရေးတွေ၊ အခွင့်ကောင်းတွေ ပေးပြီးမှ နိုင်ငံရေးအရ ချော့တဲ့အပိုင်းတွေ အများကြီးကို တွေ့ရတယ်။

အဲဒီလိုမျိုး ပုံစံကြောင့် ဒီလိုမျိုး အခြေအနေအထိ ရပ်တည်နိုင်တာကို တွေ့ရတယ်။ အဲဒါကြောင့် တရုတ်ရဲ့ တကယ်ပဲ စိတ်ကောင်းစေတနာနဲ့ ကြားဝင်စေ့စပ်ပေးလို့ရှိရင် တကယ်ပဲ ကောင်းမွန်တဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်တယ်။ နိုင်ငံရေးပြေလည်မှုကို ကြားဝင်စေ့စပ်ပေးမှု မရှိဘဲနဲ့ တဘက်ကို စီးပွားရေးအရ နစ်နာအောင် လုပ်နေမယ်ဆိုရင်တော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကလည်း မြန်မာပြည်ရဲ့ ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘူးဆိုတာကတော့ ထင်ရှားပါတယ်။

XS
SM
MD
LG