သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုင်ရာ သိကောင်းစရာ


အာဖဂန်နစ္စတန် (Afghanistan) နိုင်ငံ နေတိုးတပ်ဖွဲ့ (North Atlantic Treaty Organization - NATO) တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲ တပ်မှုးကြီး ဗိုလ်ချုပ်ကြီး စတန်လေ မက်ခစ္စတယ်လ် (Stanley McCrystal) ဟာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးနဲ့ သံတမန်ရေးရာ အရာရှိများကို ပုတ်ခတ်ပြောကြားခဲ့တဲ့အတွက် ရာထူးမှ ဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်ချုပ်ကြီး မက်ခစ္စတယ်လ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အောက်မှာ ထိန်းချုပ်မှုရှိရမယ်ဆိုတဲ့ ဒီမိုကရေစီစံနစ် အခြေခံကျင့်စဉ်ကို ထိခိုက်စေတာမို့ အခုလို အရေးယူခဲ့ရတာဖြစ်ကြောင်း သမ္မတအိုဘားမား က ပြောဆိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိန်ခွင်လျှာညှိပြီး ထိန်းချုပ်ရေးမှာ အရပ်သားအုပ်ချုပ်ရေးအစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ တရားစီရင်ရေး ဆိုပြီး အဓိက မဏ္ဍိုင်ကြီး (၃) ခုသာရှိပြီး လက်နက်ကိုင်တပ်ဖွဲ့၊ စစ်တပ်တို့ဟာ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းအဖြစ် အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ နာခံလုပ်ကိုင်သွားရမည်ဖြစ်ကြောင်းလည်း ဒီဖြစ်ရပ်က သက်သေထူပြခဲ့ပါတယ်။

နိုင်ငံတကာ အရပ်ဘက် စစ်ဘက်ကဏ္ဍကို အထူးပြုလေ့လာနေတဲ့ ဦးဝင်းမင်း (ဟားဗက်တက္ကသိုလ်) ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးဝင်းမင်း ။ ။ အမေရိကန်နိုင်ငံအပါအဝင် ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံက ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ အကြီးဆုံးအုပ်ချုပ်ရေး အရာရှိ ဝန်ကြီးချုပ် (သို့မဟုတ်) သမ္မတ ဖြစ်ဖြစ် သူတို့က စစ်တပ်ရဲ့ အကြီးဆုံးဖြစ်တဲ့ Commander of Chief မြန်မာလို ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) စစ်သေနာပတိချုပ် ရာထူးမှာ ရှိထားတဲ့အတွက် စစ်တပ်နဲ့ ပတ်သက်တဲ့ ထိပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ သူတို့အနေနဲ့ အဓိက အာဏာအရှိဆုံးဖြစ်တယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ စစ်တပ်အကြီးအကဲတွေ ခန့်တာတွေ၊ ဖြုတ်တာတွေ အားလုံးကို သူတို့လုပ်ခွင့် ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုကြတော့ ဥပမာအားဖြင့် ဒီလို အမေရိကန်လို နိုင်ငံမျိုးမှာ စစ်တပ်အနေနဲ့ အရပ်ဘက်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေတွေဟာ ကမောက်ကမ ဖြစ်လာပြီး မတည်မငြိမ် ဖြစ်နိုင်တဲ့အနေအထားတွေ ရှိနိုင်တာကြောင့် လက်နက်ကိုင်အင်အားစု၊ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အာဏာကို ဝင်ပြီးထိန်းသိမ်းလိုက်ရပါတယ်ဆိုတာမျိုးကို လုပ်ပိုင်ခွင့်ရှိလား၊ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဦးဝင်းမင်း ။ ။ ကျနော်ကတော့ မထင်ဘူး။ အခုန ပြောခဲ့သလိုပဲ ဒီမိုကရေစီ ရှိထားပြီး နိုင်ငံတွေမှာတော့ အရပ်သားအစိုးရအနေနဲ့က စစ်တပ်က စွပ်စွဲရလောက်အောင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ တခုအရေးပါတာတခုကတော့ သမ္မတ အိုဘားမား အနေနဲ့ အခုအချိန်မှာ အားနည်းတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်၊ အီရန်အရေး၊ မြောက်ကိုရီးယားအရေးအခင်းတွေ နောက်ပြီးတော့ BP နဲ့ ပတ်သက်တာတွေ အဲဒါတွေကို မဖြေရှင်းနိုင်ခဲ့ဘူးပေါ့။ အားနည်းတယ်လို့ အားလုံးက ဝိုင်းပြောနေချိန်မှာ အခုလို စစ်ဗိုလ်ချုပ်ကြီးက အရပ်သားအစိုးရအဖွဲ့ကို လှောင်ပြောင်လုပ်လာတဲ့အတွက် သူရဲ့ အရပ်သားအစိုးရက အားနည်းတဲ့ဆိုတဲ့ image ကို အရမ်းထိသွားမှာ စိုရိမ်ပုံရတယ်။ အဲဒါကြောင့် ဒီလို ပြင်းပြင်းထန်ထန် အာဏာရှိတယ်၊ ငါက strong leadership ဖြစ်တယ်ဆိုတာကို ပြချင်တဲ့အနေနဲ့ လုပ်ခဲ့ရပုံပေါက်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောပြောရမယ်ဆိုရင် ဒီမိုကရေစီစံနစ်မှာ တိုင်းပြည်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ချိန်ခွင်လျှာညှိတယ်ဆိုတဲ့ နေရာမှာ အစိုးရကို ချိန်ခွင်လျှာညှိပေးနိုင်တာက လွှတ်တော်နဲ့ တရားစီရင်ရေးဌာနတွေ ရှိနိုင်တယ်။ စစ်တပ် မဟုတ်ဘူး။ စစ်တပ်ဆိုတာက လက်နက်ကိုင် ဝန်ထမ်းတပ်ဖွဲ့ အင်အားစုတခုအနေနဲ့ အရပ်သားအစိုးရ ချုပ်ကိုင်မှုအောက်မှာပဲ ရှိရမယ်ဆိုတဲ့ ယတိပြတ် ဒီမိုကရေစီသဘောထားကို ဖော်ညွှန်းနေတာပေါ့။

ဦးဝင်းမင်း ။ ။ အတိအကျလို့ ပြောလို့ရပါတယ်။ စစ်တပ်က ရှင်းရှင်းပြောရရင်တော့ အစိုးရတရပ်ရဲ့ အာဏာကြီး (၃) ရပ် ဖြန့်ဝေထားတဲ့အထဲမှာ မပါဘူး။ စစ်တပ်ဟာ အရပ်သား အုပ်ချုပ်ရေးအောက်မှာ ရှိနေတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အာဏာကြီး (၃) ရပ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ ဥပဒေပြုရေး တို့ဖြစ်ပါတယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး (၃) ခုကပဲ အာဏာကို ဖြန့်ဝေခွဲဝေပြီးတော့ တခုနဲ့တခုကို အပြန်အလှန်ထိန်းနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က ထိန်းရေးမရှိပါဘူး။ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေးအောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တိုက်ရိုက်ရှိတဲ့အတွက် အုပ်ချုပ်ရေးရဲ့ အမိန့်ကို တိုက်ရိုက်နာခံရတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့က ဒီကိစ္စကို အမေရိကန်ပြည်တွင်းရေး၊ နိုင်ငံရေးအနေနဲ့ ရှုမြင်ပြီး စိတ်ဝင်တစားရှိနေသလို၊ မြန်မာနိုင်ငံရေးကို ကြည့်နေကြတဲ့ လူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရှေ့ရှုနေတဲ့ အခြေအနေတွေနဲ့ အခု အဖြစ်အပျက်ကို နှိုင်းယှဉ်ကြည့်ချင်တဲ့ ဆန္ဒလေးတခု ဖြစ်လာတယ်။ ဘာလည်းဆိုတော့ မြန်မာနိုင်ငံမှာက ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က အတိပြုခဲ့တဲ့ စစ်အစိုးရရဲ့ အခြေခံဥပဒေထဲမှာက ပြည်သူက ရွေးကောက်ထားတဲ့ အရပ်သားအစိုးရထဲမှာ စစ်တပ်ရဲ့ ပါဝင်ခွင့်၊ စစ်တပ်ကနေ အရပ်သားအစိုးရကို ချုပ်ကိုင်နိုင်ခွင့် အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို အတိအကျ ပြဌာန်းပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားတာကို တွေ့ရတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အရပ်သား၊ စစ်ဘက် နှစ်ဖက် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုသုံးသပ်ပါသလဲ။

ဦးဝင်းမင်း ။ ။ မြန်မာနိုင်ငံနဲ့တော့ ဗြောင်းပြန်ကွာတယ်လို့ ပြောနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အရပ်သား အုပ်ချုပ်ရေးက စစ်တပ်ပေါ်မှာ လွှမ်းမိုးမှုရှိတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးက အရပ်သားအစိုးရအပေါ်မှာ လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို ၂၀၀၈ အခြေခံဥပဒေက ပြနေတာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကာကွယ်ရေးဦးစီးချုပ်မှာ အာဏာတော်တော်များများ ရှိနေပါတယ်။ အရေးကြီးတဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက် အာဏာများအောင် လုပ်ထားတာကို တွေ့ရပါတယ်။ ဘယ်လို လုပ်ထားသလဲဆိုရင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတက အဖွဲ့ဝင်တယောက်ပဲ ဖြစ်နေတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်က သူရဲ့လူတွေ တစုက နေရာယူထားတယ်။ အဲဒီအခါကြတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တိုင်းပြည်အာဏာသိမ်းချင်တယ်ဆိုရင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတဆင့် သူက အာဏာသိမ်းလို့ရတယ် အနေအထားရှိနေတာကို တွေ့ရပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာက သမ္မတအနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ် စစ်တပ်အကြီးအကဲကို ခန့်ခွင့်မရှိပါဘူး။ ဆိုလိုတာက သူကိုဖြုတ်ခွင့်လည်း မရှိပါဘူး။ အမေရိကမှာက သမ္မတကိုယ်တိုင်က စစ်သေနာပတိချုပ် ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ခန့်ခွင့်ရှိတယ်။ တိုက်ရိုက်ဖယ်ရှားဖြုတ်ခွင့်ရှိတယ်။ စစ်တပ်က အကြီးဆုံး ထိပ်ပိုင်းအရာရှိတွေကို ထုတ်ခွင့်၊ ခန့်ခွင့်တွေ ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမျိုး မရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့ ထိပ်ပိုင်းအရာရှိတွေ အများစုပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကနေ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ထိပ်ပိုင်း စစ်တပ်အရာရှိတွေကို ခန့်အပ်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ဗမာပြည်မှာရှိနေတဲ့ စစ်တပ်ခေါင်းဆောင်တွေ အကြောင်းပြနေတဲ့ ဒီလို အခြေခံဥပဒေဖြစ်ပေါ်လာရခြင်း အကြောင်းရင်က ဗမာနိုင်ငံအတွင်းမှာရှိခဲ့တဲ့ စစ်တပ်ရဲ့ ကြီးမားတဲ့သမိုင်း အစဉ်အလာကြောင့်၊ နောက်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက် အခြေအနေတွေကြောင့် စတဲ့ အကြောင်းပြချက်ဆိုရင် နိုင်ငံတကာအနေနဲ့ လက်ခံတဲ့ အနေအထားမှာ ရှိရဲ့ လား။

ဦးဝင်းမင်း ။ ။ ကျနော်ထင်တယ် လက်ရှိကာလမှာတော့ အဲဒီ အကြောင်းပြချက်က နိုင်ငံတကာမှာ လက်ခံဖို့ အလားအလာက အလွန်နည်းသွားပြီလို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ ၁၉၆၀ နှစ်တွေတုန်းကဆိုရင်တော့ အဲဒီ အယူအဆက တစုံတရာလက်ခံဖို့ ရှိခဲ့တယ်လို့ ပြောနိုင်တယ်။ မြန်မာနိုင်ငံအပြင် တခြား အင်ဒိုနီးရှား၊ ထိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ တောင်ကိုရီးယား အပါအဝင် - အခုဆိုရင် တောင်ကိုရီးယားက အာရှမှာ ဒီမိုကရေစီ အားအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ သူအပါအဝင် အခုနဟာလိုမျိုး စစ်တပ်က ခေါင်းဆောင်တွေ တက်ပြီးတော့ တိုင်းပြည်တည်ငြိမ်အောင် အုပ်ချုပ်ခဲ့တာတွေ ရှိခဲ့တယ်။ အခုကာလမှာတော့ အဲဒီလိုမျိုး အကြောင်းပြချက်မျိုးတွေက ခက်သွားပြီ။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်အုပ်ချုပ်ရေးက တက်လာပြီး အုပ်ချုပ်တဲ့အခါကြတော့ တိုင်းပြည်တည်ငြိမ်အောင် လုပ်နိုင်တာထက်ဆရင် ပြဿနာပိုများလာတာကို တွေ့ရတဲ့အတွက် ဒီမိုကရေစီလည်း အားကောင်းလာတဲ့အတွက် နောက်ပိုင်းမှာတော့ သိပ်လက်ခံလေ့ မရှိတော့ပါဘူး။ ဒါပေမဲ့ သမိုင်းကြောင်းအရတော့ လွတ်လပ်ရေးရပြီးကာလမှာ မြန်မာပြည်မှာတော့ ဒီမိုကရေစီ ရှိခဲ့ပေမယ့် အုပ်စုတွေ၊ ဂိုဏ်ဂဏတွေများပြီးတော့ အရပ်သားအုပ်ချုပ်ရေးက တစုံတရာ အားနည်းခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီအပေါ်မှာတော့ စစ်တပ်က အာဏာသိမ်းဖို့အတွက် အကြောင်းပြချက်ကောင်းတခု ရခဲ့ပါတယ်။ တကယ်လို့ မြန်မာပြည်က အခုနက အရပ်သားတွေဘက်ကနေ အုပ်ချုပ်ရေး အားနည်းမှုမရှိခဲ့ဘူးဆိုရင် ဆိုလိုတာက အိန္ဒိယလို အရပ်သားတွေ အားကောင်းခဲ့ရင် စစ်တပ်အနေနဲ့ အဲဒီကာလတုန်းက နိုင်ငံရေး အာဏာကို ယူခဲ့ဖို့ သိမ်းခဲ့ဖို့ အလားအလာ ရှိမယ်မထင်ပါဘူး။ အခုလို သမိုင်းလည်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုတော့လည်း စစ်တပ်က သမိုင်းအကြောင်းရ ဝင်လာတယ်လို့ သူတို့ဘက်က တစုံတရာ အကြောင်းပြချက် ပေးနေအုန်းမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အခု လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ စစ်တပ်ရဲ့ ကြီးစိုးနေမှုကို ပြဌာန်းပေးထားတဲ့ အချက်တွေကို နောက်ပိုင်းမှာ ရွေးကောက်ပွဲတွေနဲ့ လွှတ်တော်တွေနဲ့ အတည်ပြုလာတဲ့ နောက်ပိုင်းမှာ ပြင်ဆင်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ယူဆပါသလား။

ဦးဝင်းမင်း ။ ။ အဲဒါကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အတိအကျပြောဖို့တော့ ခက်သေးတယ်။ ဒါပေမဲ့ အခုန စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ကို ကြည့်မယ်ဆိုရင် နှစ်တော်တော်များများ အချိန်ယူရတယ်။ နှစ် (၃၀) ကနေ (၄၀) နီးပါးလောက်တော့ အချိန်ယူရတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းသွားတာကိုတော့ တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေအထားမှာတော့ ကျနော်အနေနဲ့ ပြင်ဖို့လွယ်ပါ့မလားဆိုတဲ့ စိုရိမ်မှုတစုံတရာ ရှိပါတယ်။ အရေးကြီးတာက ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ စစ်တပ်ပိုင်း ခေါင်းဆောင်ပိုင်းအနေနဲ့က တိုင်းပြည်စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်သားပညာရှင်တွေနဲ့ တွဲလုပ်ရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး သူတို့မှာ ရှိခဲ့ကြတာ တွေ့ရပါတယ်။ ထိုင်းမှာဆိုရင် စီးပွားရေးနဲ့ ပတ်သက်တဲ့ဝန်ကြီးအတွက် အရပ်ပညာရှင်ကို ခန့်ခဲ့ကြတယ်။ အလားတူ အင်ဒိုနီးရှားမှာဆိုရင် ဆူဟာတို လက်အောက်မှာ Berkeley တက္ကသိုလ် တက်ခဲ့တဲ့ စီးပွားရေးပညာရှင်တွေကို စီးပွားရေးဝန်ကြီးဌာနကို ဦးဆောင်ပေးလုပ်ခဲ့တယ်။ အဲဒီအပေါ်မှာ စီးပွားရေးလည်း တိုးတက်လာတယ်၊ အရပ်သားတွေလည်း တွဲလုပ်နိုင်ခဲ့တဲ့အတွက် တစုံတရာ အပြောင်းအလဲတော့ ဖြစ်သွားခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကတော့ အရပ်သားတွေမှာ အခုထိ စီးပွားရေးအရ တွဲလုပ်ဖို့ ပေးလုပ်ဖို့ စီးပွားရေးကောင်းလာအောင် အဲဒီလို မလုပ်နိုင်သေးတဲ့အတွက် မြန်မာပြည်မှာတော့ လက်ရှိဖွဲ့စည်းပုံ ဥပဒေအရ ပိုကြာမလား မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေတခုကတော့ စစ်တပ်အတွင်းမှာလည်း အရပ်သားတွေအပေါ် နားလည်းနိုင်တဲ့၊ တွဲလုပ်နိုင်တဲ့ ခေါင်းဆောင်တယောက် တက်လာရင်တော့ ဖွဲ့စည်းပုံကို ပြင်ဖို့ကိစ္စကတော့ အရမ်းတော့ မခက်ခဲဘူး။ စစ်တပ်ခေါင်းဆောင်တယောက်က စိတ်ပြောင်းသွားခဲ့ရင်တော့ ဖွဲ့စည်းပုံမှာ ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကို ပြောင်းပေးလိုက်ရုံပါ။ အဲဒါဆိုရင် ဖွဲ့စည်းပုံကို လွယ်လွယ်နဲ့ ပြင်လို့ရပါတယ်။ အဲဒီလို အလားအလာမျိုးတွေ ဗိုလ်ချုပ်ကြီး ပီနိုချေ့ (Gen. Pinochet) အုပ်ချုပ်ခဲ့တဲ့ ချီလီ (Chile) နိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ အဲဒီ ဥပဒေကိုပြင်လိုက်ရင်တော့ ဖွဲ့စည်းပုံက ပြင်ရလွယ်သွားပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောက မြန်မာပြည်အနေနဲ့က စစ်တပ်ထဲမှ မင်းလောင်းသူရဲကောင်း ပေါ်လာမှာကို စောင့်နေရမယ့်သဘောမျိုး ဖြစ်နေရတာပေါ့။

ဦးဝင်းမင်း ။ ။ လက်ရှိ ဖွဲ့စည်းပုံအောက်မှာတော့ အဲဒီလိုအခြေအနေမျိုး ဖြစ်နေရတာပေါ့။ ဒါပေမဲ့ တခြားနည်းတွေအနေနဲ့ အင်ဒိုနီးရှားမှာ ပြောင်းသွားတာကိုကြည့်ရင် တစုံတရာ လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တာ၊ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ခဲ့တာ အဲဒီလိုမျိုး တခြားအားတွေလည်း ပေါင်းလာလို့ရှိရင် စစ်တပ်အတွင်းမှာ ပြည်သူနဲ့ ပေါင်းချင်တဲ့ ဗိုလ်ချုပ်ကြီးတွေထွက်လာဖို့ လွယ်တယ်။ အားကောင်းတယ်လို့ ပြောရမှာပေါ့။ ဥပမာ ဖီလစ်ပိုင်မှာဆိုရင် စစ်တပ်အတွင်းမှာ ပြောင်းချင်တဲ့ခေါင်းဆောင်ရှိနေတယ်။ လူထုလှုပ်ရှားမှုနဲ့ ပေါင်းလိုက်တဲ့အခါမှာ သူအနေနဲ့က လူထုဘက်က ရပ်တည်ပြီးတော့ ပြောင်းလဲမှုကို လုပ်သွားပေဖို့ ရခဲ့တယ်။ အလားတူပဲ အင်ဒိုနီးရှားမှာ ဆူဟာတို ကို မကျေနပ်တဲ့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အခုလက်ရှိ သမ္မတဖြစ်နေတဲ့ ဆူဆီလို ဘန်ဘန် (Susilo Bambang) အပါအဝင် အဲဒီတုန်းမှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေက အင်ဒိုနီးရှားလူထု လှုပ်ရှားမှုနဲ့ပေါင်းစပ်ပြီးတဲ့အခါမှာ သူတို့အနေနဲ့ အပြောင်းအလဲတွေ တဖြည်းဖြည်း လုပ်သွားနိုင်တာကို တွေ့ရတယ်။ အဲဒီတော့ စစ်တပ်တခုတည်းလည်း ပုံပြီးအားကိုစရာ မလိုပါဘူး။ လူထုလှုပ်ရှားမှုတွေ ဖြစ်လာရင်တော့ ပေါင်းစပ်ပြီး ဖြစ်သွားတာရှိပါတယ်။

XS
SM
MD
LG