သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲလာတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံအပေါ် ပိတ်စို့အရေးယူမှုတွေ ချမှတ်ထားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက အရေးယူမှုတွေကို လျှော့ပေါ့ပေးလိုက်တာကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နံှခွင့်တွေ ရလာတော့မှာ ဖြစ်ပါတယ်။ အခုလိုမျိုး အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပြောင်းလဲလာတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ U.S. Campaign for Burma အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင် ကို ဗွီအိုအေမှ ကိုအောင်လွင်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးထားပါတယ်။

ကိုအောင်လွင်ဦး ။ ။ ဦးအောင်ဒင် က ဝါရှင်တန်မှာအခြေစိုက်ထားတဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တဖွဲ့ဖြစ်တဲ့ U.S. Campaign for Burma အမှုဆောင်ဒါရိုက်တာအဖြစ်နဲ့ အမေရိကန်အစိုးရအတွင်းမှာ မူဝါဒရေးရာတွေနဲ့ ပတ်သက်လို့ အကြံပေးတာတွေ၊ တိုက်တွန်းတာတွေ လုပ်တယ်ဆိုပြီးတော့ ကျနော်တို့ နားလည်းပါတယ်။ အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုက အပြန်အလှန် သံအမတ်ကြီးတွေ ခန့်အပ်တာတွေရှိတယ်။ အခုနောက်ဆုံး စီးပွားရေးဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးတဲ့ကိစ္စတွေ ရှိတယ်ဆိုတော့ ဒါနဲ့ပတ်သက်လို့ ဦးအောင်ဒင်ရဲ့ ယေဘုယျရပ်တည်ချက် ဘယ်လိုရှိပါသလဲ။

ဦးအောင်ဒင် ။ ။ သဘောထား ရပ်တည်ချက်က ဒီလိုဗျ။ ကျနော် အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ က ရောက်ခဲ့တယ်။ ရောက်တဲ့အချိန်ကစပြီး အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်နဲ့ အစိုးရကို ချဉ်းကပ်ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာ အခုဆိုရင် ၁၂ နှစ်ရှိပါပြီ။ အဲဒီကာလတွေမှာ ကျနော် အမြဲပြောလေ့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်ပြီး ပတ်သက်နေတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား လုံးဝမပါဘူး။ မြန်မာနိုင်ငံအကျိုးစီးပွား၊ မြန်မာလူမျိုးတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲအတွက် ပံ့ပိုးကူညီနေတာဖြစ်တယ်။ အဲဒီလိုမျိုး ကျနော် အမြဲတမ်းကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ ကျနော် မြင်တွေ့ရတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ အရင်ကလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဦးစားပေးတဲ့ မူဝါဒတွေ မဟုတ်တော့ဘဲနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အကျိုးစီးပွားပေါ်မှာ အခြေခံတဲ့ မူဝါဒဖက်ကို ပြောင်းလဲသွားပြီလို့ စိတ်မကောင်းဖြစ်စွာ ပြောရမှာပါ။

ကိုအောင်လွင်ဦး ။ ။ အခု အမေရိကန်ပြည်ထောင်စုက နောက်ဆုံး ဒဏ်ခတ်မှုတွေကို လျှော့တဲ့အထဲမှာ ကန့်သတ်ချက်တွေရှိမယ်လို့ ပြောခဲ့တယ်။ အစီရင်ခံစာ ပြန်တင်ရမယ်။ ကုမ္မဏီတွေအနေနဲ့ သူတို့လုပ်တဲ့ကိစ္စတွေကို ပြန်ပြီးတော့ နိုင်ငံခြားရေးဌာနတို့ဘာတို့ကို အကြောင်းကြားရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေပါတယ်ဆိုတော့ ဒါတွေက လုံလောက်မှု မရှိဘူးလား။

ဦးအောင်ဒင် ။ ။ မရှိဘူး။ လုံးလုံးမရှိပါဘူး။ သူတို့ အဲဒီလိုမျိုး စီးပွားရေးပိတ်စို့မှုတွေ လျှော့ချမယ်ဆိုကတည်းက ကျနော်တို့ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ကို အပြင်းအထန် ဝိုင်းဝန်းဖိအားပေးကြပါတယ်။ အထူးသဖြင့် ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့စည်းတွေက။ တစ်အချက်က စီးပွားရေး ပိတ်စို့မှုတွေ၊ ရင်းနှီးမြှုပ်နံှမှုတွေကို ပြန်လည်ဖွင့်ပေးမယ်ဆိုရင်တောင်မှ extractive industries လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ သံယံဇာတရင်းနှီးမြှုပ်နံှမှုတွေကို ထုတ်မယ့်လုပ်ငန်းမျိုးတွေမှာ ဝင်မသက်ဖို့။ ဥပမာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်ရတနာ၊ သတ္တုတူးဖော်တာတို့ - အဲဒီလို လုပ်ငန်းတွေမှာ မပတ်သက်ဖို့ ဒါတွေကို ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ တားဆီးခဲ့တယ်။ ကျနော်တို့တွင်မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကအစ မြန်မာနိုင်ငံရဲ့ MOG ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကန့်ကွက်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ အခု မနေ့ကကြေညာတဲ့ ကြေညာချက်မှာဆိုရင် ရင်းနှီးမြှုပ်နံှမှုတွေကို ဖွင့်ပေးရမယ်ဆိုတဲ့နေရာမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းများအပြင် ကဏ္ဍအားလုံးကို ဖွင့်ပေးလိုက်တာကို တွေ့ရတယ်။ ဒါကိုက တော်တော်စိတ်ပျက်စရာကောင်းတယ်။ ဒုတိယအချက် ကျနော်တို့ပြောတယ် အမေရိကန်ရင်းနှီးမြှုပ်နံှမှုတွေကို ခွင့်မပြုခင်၊ အဓိကလုပ်သင့်တာက safeguard measures ခေါ်တယ့် တကယ်လို့ အမေရိကန်ကုမ္မဏီတွေက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မယ်ဆိုရင် ဘယ်လိုအရေးယူကြမလဲ။ ဒါလည်း ဖြစ်နိုင်ချေရှိတယ်။ သူတို့ ဘယ်လောက်ပြောပြော အမေရိကန်ရင်းနှီးမြှုပ်နံှမှုတွေက ကမ္ဘာပေါ်မှာ အဆင့်တန်းအမြင့်ဆုံးဆိုပြီး ဘယ်လောက်ပဲ ကြွေးကြော်ကြွေးကြော် တကယ်ကြတော့ အဲဒီ သက်ဆိုင်ရာ ကုမ္မဏီတွေက သက်ဆိုင်ရာ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေလုပ်ကြရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အာဏာရှင်နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နံှမယ်ဆိုလို့ရှိရင် အာဏာရှင်စနစ်နဲ့ လိုက်လျောပြီး သူတို့ရဲ့ ကိုယ်ကျင့်တရားတွေကို မေ့ပြစ်လိုက်ကြတယ်။ ရှေ့မှာလည်း အစဉ်အလာတွေ ရှိခဲ့ကြပြီးပြီ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအခြေအနေကလည်း တကယ့်တကယ်ကြတော့ အာဏာရှင်စနစ် လွမ်းမိုးတဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့်မို့ အမေရိကန်ကုမ္မဏီတွေ မြန်မာနိုင်ငံထဲ ဝင်သွားမယ်ဆိုလို့ရှိရင် မျှော်လင့်သလို အကုန်ဆုံး ကိုယ့်ကျင့်တရားတွေနဲ့ ဆောင်ရွက်မယ်လို့ ကျနော်တို့က ယုံလို့မရဘူး။ အဲဒါကြောင့် အဲဒီလိုမျိုး မှားယွင်းခဲ့ပြီဆိုလို့ရှိရင် ကျနော်တို့ ဘယ်လိုအရေးယူမလဲ။ အရေးယူနိုင်ဖို့အတွက် binding principles ခေါ်တဲ့ ကန့်သတ်ချက်တွေ အတိအကျထုတ်ပြန်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အခု ခင်များပြောသလိုပါပဲ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဆိုရင် reporting requirements ခေါ်တဲ့ ကုမ္မဏီတွေက အမေရိကန်အစိုးရကို သူတို့ ဘယ်လိုရင်းနှီးမြှုပ်နံှမယ်။ နောက်တခါ သူတို့ရဲ့ အလုပ်သမားဆိုင်ရာ အခွင့်အရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စသဖြင့် အဲဒါနဲ့ ပတ်သက်လို့ ပေါ်လစီတွေက ဘာတွေရှိသလဲ။ နောက်တခါ မြေဝယ်မယ်ဆိုလို့ရှိရင် မြေဝယ်တဲ့အပေါ်မှာ ဘယ်ကဝယ်သလဲ။ သက်ဆိုင်ရာ မြေပိုင်ရှင်တွေကို ဘယ်လိုလျော်ကြေးပေးသလဲ စတာတွေကို ထုတ်ပြန်ကြေညာရမယ်လို့ ပြောတယ်။ သတင်းပို့ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီမှာ ရုတ်တရက်ကြည့်ရင် ကောင်းသလိုထင်ရတယ်။ ဒီကုမ္မဏီတွေက လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူး။ ဒါပေမဲ့ သူတို့ ဒီလိုမျိုး အမေရိကန်အစိုးရကို အမေရိကန်ပြည်သူတွေက ဘယ်လိုမျိုး ရင်းနှီးမြှုပ်နံှတယ်ဆိုတာကို အတိအကျ အစီရင်ခံရမယ်။ သို့သော် အဲဒီမှာ အားနည်းချက်က ဘာလဲဆိုရင် အဲဒီလို အစီရင်မခံခဲ့ရင် ဘာလုပ်မလဲ၊ ဘယ်လိုအရေးယူမလဲဆိုတဲ့ ကန့်သတ်ချက်မပါဘူး။ ဆိုတဲ့အခါကြတော့ အခုနက ဘယ်လောက်ပဲ သတင်းပို့ရမယ်ပြောပြော။ အမေရိကန်ကုမ္မဏီတခုက သတင်းမပို့ဘဲ နေလို့ရတယ်။ အဲဒီလို သတင်းမပို့တဲ့အတွက်ကြောင့်လည်း အဲဒီကုမ္မဏီကို ဘာနဲ့မှ အရေးယူလို့မရဘူး။

ကိုအောင်လွင်ဦး ။ ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖက်က အမေရိကန်တို့ဘာတို့လို့ အင်နဲ့အားနဲ့ ရင်းနှီးမြှုပ်နံှမှုတွေ၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ဝင်လာနိုင်ရင် ဗမာလူထုက အနည်းအကျင်းတောင်မှ အကျိုးအမြတ် မခံစားနိုင်ရဘူးလား။

ဦးအောင်ဒင် ။ ။ ရင်းနှီးမြှုပ်နံှမှုဆိုတာ အမျိုးမျိုးရှိမှာပေါ့။ ကျနော်သိသလောက်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပါတယ်။ ရင်းနှီးမြှုပ်နံှမှုတွေလုပ်ဖို့ ဖိတ်ခေါ်တာတွေရှိတယ်။ အဓိကရည်ရွယ်ချက်က အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးပေးစေချင်လို့။ မြန်မာနိုင်ငံအတွင်းမှာ အလုပ်လက်မဲ့ပြည်သူတွေ အများကြီးရှိနေပြီဆိုတော့ ပြည်ပက ရင်းနှီးမြှုပ်နံှမှုတွေ လာခြင်းအားဖြင့် အလုပ်အကိုင်တွေ ပိုများလာမယ်။ ကျနော်မြင်တာကတော့ ရည်ရွယ်ချက်ကောင်းပါတယ်။ သို့သော် တကယ်တမ်း အခုလို အခြေအနေမှာ တကယ်တမ်း ဝင်လာမယ့် ရင်းနှီးမြှုပ်နံှမှုက နှစ်မျိးပဲရှိတယ်။ တမျိုးက Caterpillar, Coca-Cola, GE တို့ ဝင်လာကြတယ်။ သူတို့က ပစ္စည်းရောင်းဖို့လာတာ။ သူတို့ ပြင်ပမှာထုတ်တဲ့ ပစ္စည်းကို မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို ရောင်းဖို့ရောက်လာကြတာ။ ဆိုတော့ အဲဒါမျိုးက လူထုအတွက် ဘာမှအကျိုးမရှိဘူး။ ပြည်တွင်းမှာ အရောင်း စင်တာတွေ ပေါ်လာမယ်။ အရောင်းစင်တာတွေမှာတော့ အလုပ်အကိုင်တွေ ပေါ်လာမယ်။ ဒါပေမဲ့ တကယ်ကြတော့ သူတို့က ပြည်ပကထုတ်တဲ့ ပစ္စည်း products ကို မြန်မာနိုင်ငံထဲမှာ လာရောင်းတာ။ စီကရက်ကုမ္မဏီ၊ အရက်ကုမ္မဏီတွေ ဝင်လာမယ်။ ပစ္စည်းရောင်းချမယ့် ကုမ္မဏီတွေ ဝင်လာမယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေကတော့ ကျနော်တို့အတွက် သိပ်အကျိုးမရှိဘူး။ နောက်တခု ဒုတိယဝင်လာမှာက မြန်မာနိုင်ငံအတွင်းက သံယံဇာတပစ္စည်းတွေကို အမြတ်ထုတ်မယ့်ကုမ္မဏီတွေ။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သတ္တု၊ ကျောက်မျက်ရတနာ အဲဒါတွေကို တူးဖော်ထုတ်ယူမယ့် ကုမ္မဏီတွေ ဝင်လာကြလိမ့်မယ်။ အဲဒီ ကုမ္မဏီတွေ လာတဲ့အခါကြတော့ စဉ်းစားကြည့် တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမလဲ။ သူတို့က သူတို့နည်းပညာနဲ့လာမယ်။ ပြီးတော့ တိုင်းပြည်ထဲက သံယံဇာတတွေကို ရသလောက်ထုတ်မယ်။ ပြီးလို့ရှိရင် သူတို့ယူသွားမယ်။ အစိုးရနဲ့ သူတို့ကြားမှာတော့ ဘယ်လောက်ခွဲဝေယူမယ်ဆိုတဲ့ အချိုးအစားတော့ ရှိမယ်။ ဒါပေမဲ့ အဲဒါယူသွားကြမယ်။ ဆိုတော့ သံယံဇာတပစ္စည်းဆိုတာ extractive လို့ခေါ်တယ်။ ထုတ်သွားပြီး ပြန့်ဖြည့်လို့မရဘူး။ ကျွန်းပင်ကြီး ခုတ်ဖြတ်ပြီးရင်တော့ ကျွန်းပင်ကို ပြန်စိုက်လို့ ရနိုင်သေးတယ်။ ဒါပေမဲ့ ကျောက်မျက်ရတနာတွေ၊ သတ္တုတွေ၊ ရေနံတွေက ထုတ်သွားပြီးရင် ပြန်ပြီးတော့ဖြည့်လို့ရတဲ့ သံယံဇာတတွေ မဟုတ်ဘူး။ ဆိုတော့ အဲဒီမှာတင် တိုင်းပြည်ရဲ့ ဆုံးရှုံးမှုက အဲဒါပဲ။ ထပ်ဖြစ်မယ်။ အဲဒီမှာ အခုနပြောတဲ့ သံယံဇာတပစ္စည်းတွေ တူးဖော်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ရှိလာမယ်။ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွား ထိခိုက်မှုတွေ ရှိလာမယ်။ ရွာတွေ ရွှေ့ပြောင်းရတာ၊ မြစ်တွေကို ဖျက်ဆီးပစ်တာ စသဖြင့် သက်ဆိုင်ရာဒုက္ခတွေ အများကြီးရောက်လာမယ်။ အခုနပြောသလို တိုင်းပြည်အတွက် ဘာအကျိုးရှိသလဲဆိုရင် မရှိဘူး။ ဒီပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက ရေနံကို ထုတ်လို့ရရင်ထုတ်၊ ပြီးရင်ပြန်သွားကြမယ်။ ကျနော်တို့ဆီမှာ နည်းပညာလည်း ကျန်ခဲ့မှာမဟုတ်ဘူး။ အခုလို တိုင်းပြည်ရဲ့ အခြေအနေ ကမောက်ကမအချိန်မှာ စီးပွားရေးပိတ်စို့မှုတွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် ဝင်လာမယ့် ရင်းနှီးမြှုပ်နံှမှုက နှစ်မျိုးပဲရှိတယ်။ အခုနပြောတဲ့ ပြည်ပကထုတ်တဲ့ပစ္စည်းကို လာရောက်ရောင်းမယ့် ကုမ္မဏီတွေရယ်။ နောက် ပြည်တွင်းမှာရှိတဲ့ သံယံဇာတပစ္စည်းကို ရသလောက်အမြတ်ထုတ်မယ့် ကုမ္မဏီတွေ ဒီနှစ်မျိုးပဲ အဓိကလာလိမ့်မယ်။ ဆိုလိုတာက စိတ်ကူးရင်ကြည့်ပေါ့။ Apple ကုမ္မဏီက မြန်မာပြည်မှာ ကုမ္မဏီထောင်၊ စက်ရုံတွေထောင်ပြီးတော့ iPad 2 ထုတ်မယ်။ ကောင်းတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် သိပ်ကောင်းမယ်။ စက်ရုံထောင်တဲ့အတွက် ပြည်တွင်းမှာ ပြည်သူတွေ အလုပ်ရမယ်။ iPad 2 လို ပစ္စည်းမျိုးကို ထုတ်တဲ့အတွက်ကြောင့် ပြည်တွင်းကလူတွေ နည်းပညာတွေရမယ်။ အဲဒီလိုမျိုးကတော့ ချက်ချင်းပါ။ လက်ရှိ အခြေအနေမှာ ဖြစ်လာမှာ မဟုတ်ဘူး။ ဆူလွယ်နှပ်လွယ် လက်ရှိအခြေအနေနဲ့ ကိုက်ညီ၊ လိုက်လျောညီထွေအောင် အမြတ်ထုတ်မယ့် စီးပွားရေးသမားတွေတော့ ဝင်လာကြလိမ့်မယ်။ အဲဒီလူတွေကိုလည်း ပြည်တွင်းမှာ စောင့်ကြိုနေတာကလည်း အလိုတော်ရိစီးပွားရေးသမားတွေက စောင့်ကြိုနေကြတယ်။ ဒါကြောင့်မို့ အခုလိုမျိုး စီးပွားရေးပိတ်စို့မှုကို အလျင်စလို ရုတ်သိမ်းလိုက်တာ တိုင်းပြည်အတွက်၊ လူထုအတွက် အကျိုးမရှိဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ အဲဒီတော့ အခု ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို ခွင့်ပြုလိုက်တာကိုရော မြန်မာနိုင်ငံအတွက် အကျိုးမရှိနိုင်ဘူးလား။

ဦးအောင်ဒင် ။ ။ အဲဒါလည်း မရှိဘူး။ မရှိဘူးဆိုတာက လက်ရှိကာလမှာ အမေရိကန်ဒေါ်လာကို သုံးခွင့်မရဘူး။ Credit card သုံးခွင့်မရဘူး။ အခု ခွင့်ပြုလိုက်တယ်။ အမေရိကန်ကုမ္မဏီတွေက အမေရိကန်ဘဏ်တွေကတဆင့် မြန်မာဘဏ်တွေကို ငွေလွှဲလို့ရပြီ။ ဒါမှလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နံှမှုတွေအတွက် ငွေကြေးသုံးစွဲလို့ရမှာ။ တဖက်မှာစောင့်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ စောင့်နေတဲ့ ဘဏ်တွေက ဘာတွေရှိသလဲဆိုတော့ အစိုးရပိုင်ဘဏ်တွေရှိမယ်။ စစ်တပ်ပိုင်ဘဏ်ရှိမယ်။ ပြီးတော့ အလိုတော်ရိ စီးပွားရေးသမားတွေပိုင်တဲ့ ဘဏ်တွေရှိမယ်။ အဲဒီတော့ အမေရိကန်အစိုးရဖက်ကပို့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ငွေကြေးတွေက အခုနက ပုဂ္ဂိုလ်တွေရဲ့ လွမ်းမိုးထားတဲ့ ဘဏ်စနစ်ကိုပဲ ရောက်သွားတဲ့အခါကြတော့ အကျိုးအမြတ်က သူတို့ဆီပဲရှိတယ်။ အခုထိ မြန်မာနိုင်ငံထဲမှာက မြန်မာပြည်သူတွေအားလုံး၊ အမျိုးသားဓနရှင်တွေအားလုံး လွတ်လပ်စွာ ယှဉ်ပြိုင်ရပ်တည်နိုင်တဲ့ စီးပွားရေးစနစ် မရှိသေးဘူး။

ကိုအောင်လွင်ဦး ။ ။ ဒီလို အခြေအနေတွေကို အမေရိကန်အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေက သတိမပြုကြမိကြဘူးလား။

ဦးအောင်ဒင် ။ ။ အဲဒါတော့ မဟုတ်ဘူး။ သတိပြုမိကြတယ်။ လတ်တလောမှာ ဖြစ်နေတာက အမေရိကန်အစိုးရရဲ့ မူဝါဒကို လွမ်းမိုးတဲ့ အချက် (၃) ချက်ရှိတယ်။ တချက်က ဘာလဲဆိုတော့ တရုတ်။ အမေရိကန်အစိုးရ ၂၁ ရာစုကို ဘယ်လောက်အထိပြောသလဲဆိုရင် Pacific Century လို့တောင်ပြောတာ။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ၊ အရင်းအမြစ်၊ အရင်းအနှီးတွေအားလုံးကို Asia နဲ့ Pacific ဒေသတွေကို ရွှေ့မယ်။ ရွှေ့လည်းရွှေ့နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာရှနဲ့ ပစ္စဖိတ်ဒေသမှာ ပိုပြီး စီးပွားရေးအရ၊ စစ်ရေးအရ အားကောင်းလာတဲ့ တရုတ်ကို ယှဉ်ပြိုင်ဖို့အတွက် balance လုပ်ဖို့အတွက်။ အဲဒီအတွက်ကိုလည်း ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေက တောင်းဆိုကြတယ်။ အာဆီယံနိုင်ငံတွေက တောင်းဆိုကြတယ်။ သူကလည်း အမေရိကန်အစိုးရရဲ့ လက်ရှိ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒသည် အရှေ့အလယ်ပိုင်းဒေသမှာ မဟုတ်တော့ဘူး။ မြောက်ကိုရီးယား မဟုတ်တော့ဘူး။ အာဖဂန်နိစ္စတန်၊ အီရတ်မဟုတ်တော့ဘူး။ အရှေ့အာရှနဲ့ ပစ္စဖိတ်ဒေသ။ အဲဒီအချိန်မှာ တရုတ်ကို အမေရိကန်အစိုးရ၊ မြန်မာအစိုးရ အရင်ကဆို အလွန်အကျွံအားကိုးတယ်။ အခု မြန်မာအစိုးရဖက်က အချက်ပြတယ်။ သူတို့ တရုတ်ကို ကျောခိုင်းစွန့်ခွါတော့မယ်။ အဲဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ စိတ်ဝင်စားမှု အရမ်းကြီးသွားခဲ့ပြီ။ မြန်မာအစိုးရသာ တရုတ်ကို ကျောခိုင်းစွန့်ခွါလာမယ်ဆိုရင် သူတို့ကလည်း ဝမ်းသာကြိုဆိုဖို့ အဆင်သင့်ပဲ။ အဲဒီအခါကြတော့ အဲဒီလို ကျောခိုင်းစွန့်ခွါလာတာ ပိုမိုခိုင်မာလာအောင် အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတို့၊ လိုက်လျောမှုတို့၊ ဆုချမှုတို့ လိုအပ်ပြီလို့မြင်တယ်။ နှစ်အချက်ကတော့ နိုဝင်ဘာ ရွေးကောက်ပွဲ။ လာမယ့် နိုဝင်ဘာလမှာ အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ လုပ်တော့မယ်။ အဲဒီအချိန်မှာ အမေရိကန် စီးပွားလုပ်ငန်းရှင်ကြီးတွေက အများကြီး ဝင်ပတ်သက်နေကြတယ်။ သူတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ကိုယ်စားပြုတဲ့ lobby အုပ်စုတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ချဉ်းကပ်တယ်။ အစိုးရအဖွဲ့ကို ချဉ်းကပ်တယ်။ တဖတ်မှာလည်း သူတို့ ရွေးကောက်ပွဲ အနိုင်ရရေး campaign တွေအတွက် အထောက်အပံ့တွေ အများကြီး အကူအညီပေးကြတာပေ့ါ။ အဲဒါတွေကလည်း သူတို့အပေါ် အကျိုးသက်ရောက်မှု အတော်ရှိတယ်။ အမေရိကန် စီးပွားရေးသမားကြီးတွေက ကန့်ကွက်ကြတယ်။ သူတို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမှု မရခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ အခုအချိန်မှာ ခွင့်ပြုမယ်ဆိုရင် အချိန်မှီသေးတယ်။ ဝင်ရောက်ယှဉ်ပြိုင်လို့ ရသေးတယ်။ ဒါကြောင့်မို့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ အားကြိုးမာန်တက် တောင်းဆိုနေတာ ရှိနေသေးတယ်။ ငွေကြေးအမြောက်အမြား သုံးပြီးတော့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ထိပ်တန်းခေါင်းဆောင်တွေကို ချဉ်းကပ်စည်းရုံးနေတာတွေရှိတယ်။ ဒါတွေက အခုအချိန်မှာ တော်တော်လေး လွမ်းမိုးနေတယ်။ တတိယအချက်ကတော့ အိုဘားမားရဲ့ ခံစားချက်။ သူကို အမေရိကန်သက်တမ်းတလျှောက်မှာ အရွေးခံလာရပြီးနောက် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ အတွေ့အကြုံမရှိတဲ့လူလို့ ဝိုင်းပြီး ပြစ်တင်ဝေဖန်ကြတာတွေရှိတယ်။ အထူးသဖြင့် ပြိုင်ဖက်နိုင်ငံရေးပါတီ ရီပတ်ဘလင်က။ နိုင်ငံခြားရေးမူဝါဒ ဘာမှအတွေ့အကြုံမရှိဘူးပေါ့။ သူ့သက်တမ်း လေးနှစ်သက်တမ်းမှာလည်း တကယ်တမ်းကြတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး အောင်မြင်မှုက အတော်နည်းတယ်။ အရှေ့အလယ်ပိုင်ပြဿနာတွေကို သူမဖြေရှင်းနိုင်ခဲ့ဘူး။ အီရန်ဖြစ်တဲ့ နျူကလီယားပြဿနာ မဖြေရှင်းနိုင်ခဲ့ဘူး စသဖြင့်ပေါ့။ တဖက်မှာ မြန်မာနိုင်ငံကို ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံက သူ့အတွက် အောင်ပွဲတခုလို့ ပြောလို့ရတယ်။ အောင်ပွဲတခုလို့ မြင်နေပုံရတယ်။ မြန်မာပြည်အနေအထားက တစုံတရာ တိုးတက်လာပြီ။ တိုးတက်မှုတွေရဲ့ အဓိကက အာဏာရှိတဲ့ ပုဂ္ဂိုလ်ကိုယ်၌က ပြောင်းလဲမှုတွေလုပ်လို့။ အဲဒီလို ပြောင်းလဲတဲ့လူကို အားပေးရမယ်။ ကူညီရမယ်။ ဒါမှလည်း သူက လာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်ပွဲတရပ်အဖြစ် မြန်မာနိုင်ငံကိစ္စကို ကြွေးကြော်လို့ရမယ်။ အဲဒီလိုမျိုးလည်း ရှိပုံရတယ်။ အဲဒီတော့ ဒီ (၃) ချက်က လတ်တလောမှာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို လွမ်းမိုးထားတဲ့ အချက်တွေပါ။

XS
SM
MD
LG