သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နဲ့ အလုပ်သမားများ အခွင့်အရေး


မြန်မာနိုင်ငံ နဲ့ အလုပ်သမားများ အခွင့်အရေး
မြန်မာနိုင်ငံ နဲ့ အလုပ်သမားများ အခွင့်အရေး

ဆယ်စုနှစ်ကျော် ဆုံးရှုံးနေတဲ့ အခွင့်အရေးတရပ်ဖြစ်တဲ့ လွတ်လပ်စွာ လှုပ်ရှားစည်းရုံးခွင့် တနည်းအားဖြင့် အလုပ်သမားဖွဲ့စည်းခွင့်ဆိုတာကို လာမယ့် ရွေးကောက်ပွဲပြီးရင် မြန်မာအလုပ်သမားတွေ အပြည့်အဝ ရရှိကြတော့မယ်လို့ မျှော်မှန်းပြောဆိုချက်တွေ ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံအလုပ်သမားများ သမဂ္ဂ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားပိုင်ခွင့်ဆိုတဲ့ အခွင့်ရေးတခုကို ဆုံးရှုံးနေခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ မကြာသေးခင်က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီး (International Labor Organization) ရဲ့ တိုက်တွန်းချက်တွေနဲ့အတူ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ပြန်လည်ဖွဲ့ခွင့်ရမယ့် အလားအလာတွေ ပေါ်နေပါတယ်။ လက်တွေ့တော့ ဖြစ်မလားသေးပါဘူး။ ဦးမောင်မောင် ကို ကျနော် ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းက မြန်မာနိုင်ငံမှာ အလုပ်သမားတွေအနေနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားပိုင်ခွင့်ဆိုတဲ့ အလုပ်သမဂ္ဂဖွဲ့စည်းပိုင်ခွင့် ဆုံးရှုံးနေရတာ ဘယ်လောက်အထိ ကြာသွားခဲ့ပြီလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ မှတ်မိသလောက်ကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းကတည်းက လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို အလုပ်သမားသမဂ္ဂ၊ နိုင်ငံရေးပါတီတွေကို ပိတ်ပင်ထားခဲ့တာ အဲဒီအချိန်ကတည်းက ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နှစ်ပေါင်းဆိုရင် ဆယ်စုနှစ် တော်တော်လေးကြာနေပြီဆိုတော့ သမဂ္ဂ ဖွဲ့စည်းခွင့်ဆိုတာကို ဗမာပြည်အတွင်းမှာ တောင်းဆိုတိုက်ပွဲ ဝင်မှုတွေ မရှိခဲ့ဘူးလား။

ဦးမောင်မောင် ။ ။ ရှိခဲ့ပါတယ်။ ဦးနေဝင်း လက်ထက်တုန်းက ဆင်မလိုက် သင်္ဘောကျင်း တောင်းဆိုတဲ့ကိစ္စ၊ ဆန်ကိစ္စ တိုက်ပွဲဝင်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ သို့သော် အပြင်ပြင်ဆိုင်ရာရဲ့ မီဒီယာကို ပိတ်ထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာက မသိတဲ့ကိစ္စ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဆိုရင် ကျနော်တို့ မီဒီယာတွေမှာ နောက်ပိုင်း ကြားလာခဲ့ရတာတော့ မကြာသေးခင်ကဘဲ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကြီး (ILO) ရဲ့ တိုက်တွန်းမှုနဲ့အတူ မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ပြန်လည်ဖွဲ့စည်းခွင့် အလားအလာတွေ ပေါ်နေတယ်။ ဒါပေမဲ့ နောက်ဆက်တွဲသတင်းတွေအရ မြန်မာနိုင်ငံမှာ ရှေ့နေ ဦးပိုးဖြူတို့လို အဖွဲ့အစည်းတွေကနေ အလုပ်သမား သမဂ္ဂ တည်ထောင်ခွင့် မှတ်ပုံတင် လုပ်ခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ကြားသိရတယ်။ ဒါတွေက ဘာဖြစ်လို့ လောလောဆယ် ခွင့်မပြုသေးတာလဲ။

ဦးမောင်မောင် ။ ။ ခွင့်မပြုနိုင်တာကတော့ အခုမှ မဟုတ်ပါဘူး ၆၂ ခုနှစ်ကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။ တခါ ၁၉၈၈ ခုနှစ်တုန်းကလည်း ၆/၈၈ ဥပဒေကို ထုတ်ပြန်ပြီး သူတို့က အလုပ်သမား သမဂ္ဂ အစည်းအရုံးတွေကို ပိတ်ပင်ထားတယ်။ နောက်တခါ ထောင်ဒဏ် (၅) နှစ်အထိ ချမယ်လို့ သတ်မှတ်ထားတာတွေ ရှိတယ်။ လက်တွေ့လည်း ကျနော်တို့ အဖွဲ့အစည်းက လူ (၃၃) ယောက်က ထောင်ထဲမှာ ရှိနေပါသေးတယ်။ ဒါတွေက ဘာဖြစ်လို့ ပိတ်ထားတယ်ဆိုတာကိုတော့ နအဖ သိတယ်။ နိုင်ငံရေးအရ ကြောက်လို့ ဖြစ်တယ်။ တကယ်ကြတော့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကနေ ၁၉၈၉ ကတည်းက ဒါကို ဗမာပြည်မှာ အလုပ်သမား သမဂ္ဂတွေ လွတ်လပ်စွာ ရှိသင့်တယ်လို့ တောင်းဆိုနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ILO နဲ့ မြန်မာနိုင်ငံ ဆက်သွယ်လှုပ်ရှားမှုတွေကို မသွားခင်မှာ ဒီထက်ပိုပြီး ရိုးရှင်းတဲ့ အမေးတခု၊ ထင်သာမြင်သာ ရှိသွားအောင် ပြန်ပြီး ရှင်းပြပေးစေချင်တာက အလုပ်သမားတွေအနေနဲ့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းပိုင်ခွင့်ဆိုတာ ဘာအတွက်ကြောင့် အရေးကြီးခွင်ကျယ်ကိစ္စတခုလို့ ယူဆရသလဲ။

ဦးမောင်မောင် ။ ။ အလုပ်သမားတွေက သူတို့ကို ကိုယ်စားပြုပြီး ပြောဖို့လူ လိုပါတယ်။ အလုပ်ရှင်တွေကတော့ ပိုက်ဆံပေးတဲ့လူ အုပ်ချုပ်လူတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့ လိုအပ်တာတွေကို ဆုံးဖြတ်ပြီး လုပ်တာဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး စားဝတ်နေရေး ပြဿနာ၊ ကုန်ဈေးနှုန်း ပြဿနာတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ ဝင်ငွေ မလောက်ဘူးဆိုတဲ့ကိစ္စ၊ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်တဲ့ကိစ္စ၊ လုပ်ငန်းခွင်မှာ ကျန်းမာရေး အခက်အခဲဖြစ်တာတွေ အားလုံးကို ပြောဖို့က စုပေါင်းတောင်းဆိုဖို့ အင်္ဂလိပ်လို့ collective bargaining လုပ်ဖို့အတွက်ကို ကျနော်တို့မှာ အစုအဖွဲ့ မရှိပါဘူး။ ဒါက အပြည်ပြည်ဆိုင်ရာ လက်ခံထားတဲ့အချက် ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံလုပ်နည်းနဲ့ အတူ ရှိဖို့သင့်တယ်။ ဒါကြောင့်မို့ အလုပ်သမားတွေကို ကိုယ်စားပြုဖို့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ဖို့ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ အလုပ်သမားတွေကြားထဲမှာ သာရေးနာရေး ကိစ္စတွေထက်ပိုတဲ့ တခြား စုပေါင်းပြီးတော့ အခွင့်အရေး တောင်းဆိုမှုတွေရှိဖို့ သမဂ္ဂလို့ အဖွဲ့အစည်းတွေ လိုတဲ့သဘောပေါ့။

ဦးမောင်မောင် ။ ။ ဟုတ်ပါတယ်။ သူတို့ရဲ့ အဓိက စီးပွားရေး၊ လှုမှုရေး အခက်အခဲတွေကို စုပေါင်းတောင်းဆိုဖို့ လိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တုန်းကတော့ အလုပ်သမားအစည်းအရုံး၊ လယ်သမားအစည်းအရုံးတွေ ရှိခဲ့ကြတယ်။ အခုနောက်ပိုင်း စစ်အစိုးရလက်ထက်မှာ ဈေးကွက်ဖွင့်စီးပွားရေးခေတ်ထဲကို ဝင်လာတဲ့အခါကြတော့ နိုင်ငံတကာက လုပ်ငန်းရှင်တွေလည်း ဝင်လာတယ်။ စက်ရုံ အလုပ်ရုံတွေ ပိုပေါ်လာတယ်။ ပုဂ္ဂလိကကဏ္ဍ ပိုကျယ်ပြန့်လာတယ်။ အဲဒီအခါကြတော့ ပုဂ္ဂလိကကဏ္ဍတွေမှာ ဒီလို လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်က အခုလောလောဆယ် မရှိနိုင်သေးဘူးလား။

ဦးမောင်မောင် ။ ။ အုပ်ချုပ်တဲ့ လူက ပိတ်ပင်ထားတဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေက ခွင့်ပြုမယ်ဆိုရင်တောင် လုပ်လို့ မရသေးဘူး။ လူ (၅) ဦးထက် ပိုမစုရဘူးဆိုတဲ့ ကိစ္စ - ၆/၈၈ နဲ့ ပိတ်ပင်ထားတဲ့အတွက်ကြောင့် အလုပ်ရှင် နဲ့ အလုပ်သမား ပြေလည်ရင်တောင်မှ ကျနော်နိုင်ငံမှာ ဖွဲ့လို့မရသေးဘူးဆိုတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီး (ILO) ရဲ့ ပါဝင် လုပ်ဆောင်ပေးချက်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ILO အဖွဲ့ကြီး အနေနဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် နဂိုတုန်းက ကျနော်တို့ ကြားကြားနေရတာကတော့ အတင်းအဓမ္မ အလုပ်သမား ခိုင်းစေမှု ပပျောက်ရေးကိစ္စကိုပဲ တော်တော်လေး ဦးတည်ပြီး ဖိအားပေးပြောဆိုမှုတွေ ရှိတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းမှာတော့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုတဲ့ အပိုင်းဘက်ကို နည်းနည်းအသံထွက်လာတာကို တွေ့ရတယ်။ အဲဒါ ဘာကြောင့်လည်းဆိုတာကို နည်းနည်းလေး ပြောပြပေးပါ။

ဦးမောင်မောင် ။ ။ အဓိကကတော့ အဓမ္မလုပ်အားပေးမှု ပပျောက်စေဖို့ အလုပ်သမားတွေ၊ လယ်သမားတွေက စုပေါင်းပြီးတော့ ကျူးလွန်မှုကို တိုင်တည်ဖို့ အာဏာပိုင်တွေကို အကြောင်းကြားဖို့ဖြစ်ဖြစ်၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို အကြောင်းကြားဖို့ဖြစ်ဖြစ် အစုအဖွဲ့ ရှိဖို့လိုပါတယ်။ သူတို့ကို ကိုယ်စားပြုပြီး ပြောပေးမယ်လူ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ် အခိုင်းခံရတဲ့လူတွေက တောတွေ၊ ဝေးလံတဲ့နေရာတွေဖြစ်တော့ မြို့ပေါ်လာပြီး တိုင်ကြားဖို့ မဖြစ်နိုင်ဘူး။ ဒီလူတွေကို ကိုယ်စားပြုဖို့ အစုအဖွဲ့တွေ လိုပါတယ်။ ဒါကြောင့်မို့ ILO နဲ့ ILO မှာ ပါတဲ့ အလုပ်ရှင်၊ အလုပ်သမား အစိုးရဆိုတဲ့ ကိုယ်စားလှယ် သုံးပွင့်စလုံးက ဗမာပြည်မှာ အဓိကကြတာကတော့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ရှိဖို့လိုတယ်။ ဒါမှ အခြေခံမှာ ကိုယ်စားပြုနိုင်မယ်။ အခြေခံ ကိုယ်စားပြုနိုင်မှ အဓမ္မ အလုပ်ကြမ်းခိုင်းစေမှုတွေ ပျောက်မယ်ဆိုတဲ့အတွက်ကြောင့် ILO မှာ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဖွဲ့စည်းမှုကို ဖော်ထုတ်ဖို့ လိုတယ်ဆိုတာကို တွန်းတင်လာတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ကြမ်းခိုင်းစေမှု ပပျောက်ရေးအတွက် တိုင်တန်းမှုတွေ လုပ်တဲ့နေရာမှာ တိုင်တန်းသူတွေကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းတွေ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေလို အလုပ်သမားသမဂ္ဂဆိုတာ ဒေသဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ ပေါ်ပေါက်လာဖို့ လိုတဲ့သဘောပေါ့။

ဦးမောင်မောင် ။ ။ အခြေခံမှာ ဒေသဆိုင်ရာမှာဖြစ်ဖြစ်၊ နယ်မြေ၊ မြို့နယ်တွေမှာဖြစ်ဖြစ်၊ ဗဟိုမှာဖြစ်ဖြစ် ဒါတွေက အစုအဖွဲ့တွေကို ကိုယ်စားပြုနိုင်တဲ့ အနေအထားရောက်အောင် လုပ်ဖို့က အခြေခံ အလုပ်သမားသမဂ္ဂတွေ ရှိဖို့လိုတယ်။ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ အခြေခံမှာ ဖွဲ့ဖို့ဆိုတာကို တောင်းဆိုတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အလုပ်သမားအဖွဲ့ချုပ်ကြီး (ILO) ရဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ထပ်ပြီးမေးရမယ့် မေးခွန်းတွေကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နှစ်စဉ် ဆုံးဖြတ်ချက်တွေချတယ်၊ ဆွေးနွေးမှုတွေလုပ်တယ်။ ဒါပေမဲ့လည်း ILO ဆွေးနွေးပွဲတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုတဲ့ သုံးပွင့်ဆိုင်လာပြီး ကိုယ်စားပြုရမယ့် အနေအထားတွေမှာ မြန်မာနိုင်ငံမှာ အခု အလုပ်သမားသမဂ္ဂ မရှိဘူးဆိုတော့ ပြီးခဲ့တဲ့ အရင်နှစ်တွေတုန်းက မြန်မာပြည်က ကိုယ်စားလှယ်တွေ ဒီလိုသုံးပွင့်ဆိုင် စုံညီတက်ရောက်နိုင်ခြင်း မရှိဘူးပေါ့။ တက်ရောက်ဖို့ ကြိုးစားခဲ့တာတွေ ရှိပါသလား။

ဦးမောင်မောင် ။ ။ တက်ရောက်ဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် အလုပ်သမားကိုယ်စားလှယ် အနေအထားနဲ့ လာတာပေါ့။ ဒါပေမဲ့ အလုပ်သမားကိုယ်စားလှယ် အစစ်တွေ မဟုတ်ခဲ့ဘူး။ အုပ်ချုပ်ရေးပိုင်ကတွေ ဖြစ်ခဲ့တယ်။ ဖိုမင် အဆင့်တွေ ဖြစ်ခဲ့တယ်။ အဲဒီအခါမှာ ပိုပြီဆိုးတာက ဘာလည်းဆိုတော့ အလုပ်ကိုယ်စားလှယ် ဆိုတဲ့နေရာမှာ လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်များ မဟုတ်ဘဲနဲ့ ဥပမာ ဌာနဆိုင်ရာ ညွှန်ကြားရေးမှုးချုပ်က ဦးဆောင်ပြီး “ဟေ့ကောင် မင်းလာခဲ့ အလုပ်သမားအနေနဲ့ လိုက်သွား” - ဒီလူက အလုပ်သမားအစစ်တော့ ဖြစ်တယ်။ သို့သော် လွတ်လပ်စွာ ရွေးကောက်ထားတဲ့ အလုပ်သမားသမဂ္ဂက လာတာမဟုတ်တဲ့အတွက်ကြောင့် ILO က နှစ်စဉ် credential challenge ဆိုတဲ့ အရည်းအချင်းစစ်တဲ့ အဖွဲ့ကနေ စစ်ဆေးတဲ့အခါမှာ အမြဲတမ်း ရှုံးသွားတဲ့အတွက်ကြောင့် ဗမာနိုင်ငံ အရှက်ကွဲခဲ့ရပါတယ်။ နောက်ဆုံး ၂၀၁၀ မှာတော့ နအဖ က အလုပ်သမားကိုယ်စားလှယ် ခေါ်မလာတော့ပါဘူး။ ခေါ်မလာတော့ ဘာဆုံးရှုံးသွားသလည်းဆိုတော့ အလုပ်ရှင်ကိုယ်စားလှယ်ကလည်း ILO ထဲမှာ မဲထဲခွင့် မရခဲ့ဘူး။ ဒီအတွက်ကြောင့် မပြည့်စုံခဲ့ဘူး။ အစိုးရက တာဝန်ခံလာတဲ့နေရာမှာ အလုပ်သမားသမဂ္ဂ ပါမလာဘူး။ မပါတဲ့အတွက်ကြောင့် အပြစ်ဒဏ်အနေနဲ့ အစိုးရက ခေါ်လာတဲ့ အလုပ်ရှင်က မဲပေးခွင့်မရတဲ့အတွက် နိုင်ငံအနေနဲ့ အများကြီး ဆုံးရှုံးခဲ့တဲ့ အနေအထားတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေလာတော့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားတွေ ပါမလားဘူး။ အလုပ်ရှင်နဲ့ အစိုးရပဲ ပါတယ်။ ဒီနေရာမှာ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ဦးမောင်မောင်တို့ရဲ့ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUB - Federation of Trade Unions of Burma) အခန်းကဏ္ဍက ILO အစည်းအဝေးပွဲတွေမှာ ဘယ်လိုရှိပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့က ယိုးဒယား-ဗမာ နယ်စပ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကျနော် အခုန တင်ပြခဲ့သလို ကျနော်တို့ ရဲဘော်ရဲမေ (၃၃) ယောက် က အခုအချိန်အထိ နအဖ အချုပ်ထဲမှာ ရှိနေပါတယ်။ အများဆုံး ကျနေသူက ကိုမျိုးအောင်သိုက်၊ မြစ်ကြီးနားထောင်မှာ ရှိတယ်။ တသက်တကျွန်း ကျနေပါတယ်။ ကျနော်တို့က ပြည်ပမှာ ကိုယ်စားပြုလှုပ်ရှားပေမယ့် ပြည်တွင်းမှာ အစုအဖွဲ့တွေ ရှိပါတယ်။ ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်း ဝန်ထမ်းတွေဖြစ်ဖြစ်၊ ပုဂ္ဂလိတဦးချင်း ကျနော်တို့ အဖွဲ့ဝင်တွေ ရှိပါတယ်။ ကျနော်တို့ကတော့ ကိုယ်စားပြုတဲ့ နေရာမှာ ITUC ခေါ်တဲ့ ကမ္ဘာ့အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တဦးအနေနဲ့ အလုပ်သမားကိုယ်စားလှယ်မှာ နှစ်စဉ်တက်ရောက် ပြောကြားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကတည်းက အခုအထိ နှစ်စဉ် ဗမာပြည်ကိုယ်စား၊ ဗမာပြည် အလုပ်သမားတွေ ကိုယ်စား ဝင်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တကယ်လို့များ အခုထွက်နေတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲက ကျင်းပပြီးစီးသွားပြီပေါ့။ တကယ်ဖြစ်မဖြစ်တော့ ကျနော်တို့ မသိသေးဘူး။ ရွေးကောက်ပွဲ ပြီးစီးသွားပြီ အခြေခံဥပဒေသစ် ပေါ်လာပြီဆိုရင် ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရလို့ ဖွဲ့စည်းခွင့် ပေါ်လာခဲ့ရင် ဥပမာအားဖြင့် ၂၀၁၁ ILO ညီလာခံမှာ မြန်မာအစိုးရကနေ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အလုပ်သမား ကိုယ်စားလှယ်ပေါင်းစုံနဲ့ တက်ရောက်လာခဲ့ရင် ဦးမောင်မောင် တို့ရဲ့ အခန်းကဏ္ဍက မှေးမှိန်သွားစရာ ရှိလား။ ပျောက်ကွယ်သွားစရာ ရှိလား။

ဦးမောင်မောင် ။ ။ မရှိပါဘူး။ အလုပ်သမားသမဂ္ဂလောကမှာ pluralism အများပါဝင်ရမယ်ဆိုတာ ရှိပါတယ်။ ပြည်တွင်းမှာ ဖွဲ့တဲ့ သမဂ္ဂတွေ ပေါ်လာလို့ရှိရင် ပြည်တွင်းမှာ ရှိသလို။ တခုတော့ ရှိပါတယ် လွတ်လပ်လာတဲ့အခါ သမဂ္ဂတွေ ပေါ်လာရင် ကျနော်တို့က ဖျက်ပေးသင့်ရင် ဖျက်ပေးမယ်၊ နောက်ဆုတ်သင့်ရင် နောက်ဆုတ်မယ့် အနေအထားမှာ ရှိပါတယ်။ ကျနော်တို့က ဆုံးဖြတ်ထားပြီသာပါ။ ကျနော်ပြောချင်တာက နအဖ ရဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲကို ယုံဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ ကျနော်တို့ အခုန တင်ပြသလို ၁၉၈၉ ခုနှစ်ကတည်းက freedom of associations လွတ်လပ်စွာ ဖွဲ့စည်းမှုကို ILO က တောင်းဆိုထားခဲ့တယ်။ ၂၀၀၉ မှာလည်း မဖြစ်ခဲ့ဘူး။ အနှစ် (၃၀) ရှိခဲ့ပြီ။ မဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ယုံကြည်စရာ အကြောင်းမရှိဘူး။ နောက်တချက် သူတို့ တချိန်လုံး ပြင်မယ်ဆိုပြီး မပြင်ခဲ့ဘူး။ နောက်တချက်က ၆/၈၈ ဆိုတာနဲ့ ပိတ်ထားတော့ ဒီ ဥပဒေတွေပဲဖြစ်ဖြစ် ဒီလို ဥပဒေတွေနဲ့ အလားသဏ္ဍာန်တူတဲ့ အကြောင်းရာ ထုတ်တာတွေကို ဖျက်သိမ်းပေးမှ တကယ် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်မှာ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကြီး ဖြစ်သည်တိုင်အောင် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်ခြင်းမပေါ်ခြင်းကို ILO နဲ့ အလုပ်သမားသမဂ္ဂတို့က ဝိုင်းဆုံးဖြတ်ကြမှာပါ။ ရွေးကောက်ပွဲ ပြီးသွားလို့ ဒါတော့ ပြီးသွားပြီလို့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၀၈ က အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ဒီ အခြေခံဥပဒေထဲမှာ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားပိုင်ခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့ပိုင်ခွင့်နဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ ပြဌာန်းထားတဲ့ အချက်တွေ ရှိရဲ့လား။

ဦးမောင်မောင် ။ ။ ILO က အခုပြောတာကတော့ အခြေခံဥပဒေထဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့ဖို့ပေါ်တယ် ဒါကြောင့်မို့ အားရှိတယ်လို့ ပြောသလို။ ကျနော် ပြန်တင်ပြချင်တာကတော့ သက္ကရာဇ် ၂၀၀၉ ILO ညီလာခံမှာ ကျနော် တင်ပြထားတာ ရှိပါတယ်။ နအဖ ရေးဆွဲထားတဲ့ အခြေခံဥပဒေ အပိုဒ် (၃၅၄) မှာ ရေးဆွဲထားတာက freedom of associations လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတယ့် အနေအထားရှိတယ်။ ဒါကြောင့်မို့ ပြင်ပေးပါ။ တဆက်တည်းမှာ ၆/၈၈ နဲ့ ၂/၈၈ တို့ကို ပြင်ပေးပါဆိုတာတွေကို တောင်းဆိုထားပါတယ်။ ဒါကြောင့်မို့ ဒီဟာတွေကို ပြင်ပေးဖို့က အဓိကကျတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်လည်း အခြေခံဥပဒေမှာ ဒီအပိုဒ်တွေ ပြင်ဖို့လိုတယ်။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်လို့။ နောက်တခုက အဓမ္မလုပ်အားပေးနဲ့ ဆိုရင်လည်း နအဖရဲ့ အခြေခံဥပဒေ အပိုဒ် (၁၅) အပိုဒ်ခွဲ (၈) မှာပါတာကလည်း အဓမ္မလုပ်အားပေးကို အားပေးသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီ (၂) ချက်ကို ပြင်ပေးပါလို့ ILO တောင်းဆိုထားတာရှိတော့ ကျနော်တို့အနေနဲ့က ယုံကြည်မှု ခဲယဉ်းတယ်။ လွတ်လွတ်လပ်လပ် ဖြစ်မယ်မထင်တဲ့ အတွက်ကြောင့် အခုနပြောသလို ဘယ်လောက်ပဲ ရွေးကောက်ပွဲပြီးပြီ ဒီ ဥပဒေတွေ မပြင်သေးရင် အပြည်ပြည်ဆိုင်ရာက လက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု ပပျောက်ရေးဆိုတာက ရွေးကောက်ပွဲ၊ အသစ်လာမယ့် အခြေခံ ဥပဒေသစ်တွေ ပြဌာန်းလာပြီ၊ အတည်ပြုလာပြီဆိုရင်တောင် အတော်လေးကို လှုပ်ရှားတိုက်တွန်းပေးရအုန်းမယ်ဆိုတဲ့ အနေအထားပေါ့။

ဦးမောင်မောင် ။ ။ ဟုတ်ကဲ့ ကျနော် တင်ပြချင်တာကတော့ ဘယ်လောက်ပဲ လုပ်ပေးမယ် ပြောပြော ဒါတွေ အားလုံးကို ကိုယ့်ဘာသာတိုက်မှ ရမှာဖြစ်ပါတယ်။ အခုလည်း လုပ်ပေးမယ် ရွေးကောက်ပွဲ စောင့်နေစရာ မလိုပါဘူး။ ၆/၈၈ ကို ဒီနေ့ ဖျက်ချင်ရင် ဖျက်လိုရပါတယ်။ ဒါကို ကျနော်တို့ တိုက်ဖို့လိုတယ်၊ ဒါကို ကျနော်တို့က ဆက်ပြီးတိုက်ပွဲ ဝင်သွားမယ်။ ပြီးတော့ ကိုယ်လိုချင်တာကိုတော့ တောင်းမှရမယ်။ ကိုယ်တွန်းတွန်းတိုက်တိုက် လုပ်မှရမယ်လို့ ပြောချင်ပါတယ်။

XS
SM
MD
LG