သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နဲ့ ပြည်သူလူထု အခန်းကဏ္ဍ


ရွေးကောက်ပွဲ နဲ့ ပြည်သူလူထု အခန်းကဏ္ဍ
ရွေးကောက်ပွဲ နဲ့ ပြည်သူလူထု အခန်းကဏ္ဍ

၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူတွေဖြစ်စေချင်တဲ့ အပြောင်းအလဲတွေဖြစ်လာအောင် ပြည်သူတွေဘက်က ဘာတွေများ လုပ်နိုင်ပါသလဲ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ဆောင်နေတဲ့ ဗဟုအဖွဲ့ (Vahu Development Institute) ရဲ့ ဦးအောင်သူငြိမ်း ကို မစုမြတ်မွန် က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မစုမြတ်မွန် ။ ။ မြန်မာနိုင်ငံမှာ ရှစ်လေလုံး လူထုအုံ့ကြွမှုကြီး ဖြစ်ခဲ့ပြီး (၂၂) နှစ်ကြာကာလမှာ လုပ်မယ့် ရွေးကောက်ပွဲကနေ ပြည်သူတွေ တကယ်ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့အတွက် ပြည်သူတွေအနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးသွားပါမယ်။ ကိုအောင်သူငြိမ်းက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို တောက်လျှောက်ပါဝင်လှုပ်ရှားခဲ့သူ၊ မြန်မာ့အရေးကိုလည်း အစဉ်မပြတ် လေ့လာနေသူဖြစ်တော့ ဒီကနေ့ ကျနော်တို့ ရှေ့ဘာတွေဖြစ်နိုင်မယ်ဆိုတာကို မပြောခင် လွန်ခဲ့တဲ့ (၂၂) နှစ် ရှစ်လေးလုံး မဖြစ်ခင်ကာလ ဆေးကျောင်းတက်နေချိန်ကာလမှာ မြန်မာပြည်မှာ ပြည်သူတွေက အပြောင်းအလဲတွေကို ဘယ်လောက်အထိ လိုချင်ခဲ့ကြသလဲဆိုတာကို မှတ်မိသလောက် ပြောပေးပါ။

ဦးအောင်သူငြိမ်း ။ ။ ၁၉၈၈ ခုနှစ်မှာ ကျနော်က ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် အပိုင်း (ခ) ပေါ့။ အဲဒီကာလမှာ ကျနော် သတိထားမိတာကတော့ ကျနော်တို့ တိုင်းပြည်မှာ အများကြီး အထွေထွေ မွန်းကြပ်မှု အခြေအနေနဲ့ ကြုံပါတယ်။ အဲဒီအချိန်မှာ ပထမဦးဆုံးကာလမှာ ကျနော်တို့ မိသားစုတွေကိုယ်၌က ကျောင်းပိတ်ရက်တွေဆိုရင် အလည်အပတ် သွားနိုင်တယ်။ တခြားနေရာတွေကို သွားနိုင်တယ်။ အဲဒီကနေ တဖြည်းဖြည်း ကြပ်တည်လာခဲ့တာ နောက်ဆုံး ကျနော်တို့မိသားစုမှာ ဆပ်ပြာတောင် ဆင်ခြေတုံးဆပ်ပြာမဲမဲတွေ သုံးလာရတယ်။ တခြား စားရေးသောက်ရေးတွေကအစ ကြပ်တည်လာခဲ့တယ်။ ဒီအချိန်မှာ လူတွေက တခုခုတော့ ပြောင်းရမယ်ဆိုတာတွေ မြင်လာတယ်။ အဲဒီလို ဖြစ်ရုံတင်မကဘူး တခါ ကိုဘုန်းမော်ကိစ္စ RIT မှာရှိတဲ့ ကျောင်းသားတွေကို အစိုးရက နှိမ်နင်းလိုက်တဲ့အခါကြတော့ လူတွေက ကျောင်းသားတွေရဲ့ အခွင့်အရေးကာကွယ်ပေးဖို့ ဘာမှမရှိတော့ဘူးလား မေးခွန်းတွေ ထုတ်လာတယ်။ အထူးသဖြင့်တော့ အဲဒီကာလမှာ အဓိက အကြောင်းရင်းကတော့ အဲဒီကာလမှာ အထွေထွေမွန်းကြပ်မှုပါတယ်၊ ပြီးတော့ အစိုးရက ပိုက်ဆံတွေ တရားမဝင်တော့တာ ကြေညာလိုက်တော့ လူတွေအားလုံး ချက်ချင်း ဆင်းရဲသွားတဲ့ အနေအထားမှာ အစိုးရအပေါ် ဒေါသထွက်တာလည်းပါတယ်။

မစုမြတ်မွန် ။ ။ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်မှာ ကျောင်းသားတွေထွက်ပြီးတော့ - ပထမတော့ ကျောင်းသားတွေ၊ နောက် ပြည်သူတွေ၊ ရဟန်းသံဃာတွေ ပါလာတဲ့ လူထုအုံ့ကြွမှုကြီးကို မျက်စိထဲမှာ မြင်သလောက် ပြန်ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ အဲဒီအချိန်မှာ ပထမပိုင်းမှာတော့ ကျောင်းသားလှုပ်ရှားမှုလောက်သာ ရှိပါတယ်။ တက္ကသိုလ်တွေမှာ ဖြစ်တယ်။ အစိုးရက ချေမှုန်းမယ်ဆိုတာတွေ စိုရိမ်နေရတာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေက စလုပ်တယ်။ နောက်ပိုင်းကြတော့ ရှစ်လေးလုံးနေ့ အဲဒီနေ့မှာတော့ ပြည်သူတွေ ပါလာတယ်။ လူတော်တော်များများက စိတ်လှုပ်ရှားတယ်။ အဖိုးကြီး၊ အဖွားကြီးတွေလည်း ငိုကြတယ်။ ဒါမျိုးကို မမြင်ဘူးကြဘူး။ တချို့တွေလည်း အလုပ်လုပ်နေရကနေ တန်ပြီးပြေးလိုက် လူအုပ်ကြီးနောက်ကို လိုက်ကြတယ်။ အဲဒီလို ဆန္ဒပြကြတဲ့ ကျောင်းသားတော်တော်များများကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြတယ်။ ထင်တာကတော့ အဲဒီအနေအထားမှာတော့ အစိုးရတော့ ပြုတ်ကျပြီ၊ ကျနော်တို့လည်း အောင်ပွဲခံပြီ၊ အပြောင်းအလဲတော့ ဖြစ်ပြီလို့ ထင်ကြတယ်။

မစုမြတ်မွန် ။ ။ အပြောင်းအလဲတော့ မဖြစ်ခဲ့ဘူးပေါ့။ ဒါပေမဲ့ ဆန္ဒပြတဲ့ ကာလကို ပြန်ကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက အာဏာရှင် ဦးနေဝင်း ဖြစ်တယ်။ သူက ခြိမ်းခြောက်ထားခဲ့တယ် “စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ် ထောင်မပစ်ဘူး၊ တည်တည်ပစ်တယ်” ဆိုပြီ ခြိမ်းခြောက်တယ်။ လူတွေကလည်း ဆန္ဒထွက်ပြရင် သူတို့ အပစ်ခံရမယ်၊ အဖမ်းခံရမယ်ဆိုတာတွေ သိရက်နဲ့ စွန့်စားပြီး ဆန္ဒပြကြတယ်ဆိုတော့ ကိုအောင်သူငြိမ်းလည်း ကိုယ်တိုင် ဆန္ဒပြခဲ့သူတဦးအနေနဲ့ အဲဒီအချိန်တုန်းက ဘယ်လိုစိတ်မျိုးနဲ့ ဆန္ဒပြခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ အားလုံးကတော့ ကျနော်ထင်တယ် ဒီအခြေအနေမှာတော့ အားလုံး အပြောင်းအလဲဖြစ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်။ အဲဒီ အခြေအနေကြောင့် လူတွေအားလုံး တပြိုင်နက်ထဲ ပါဝင်လာတဲ့ အနေအထားမျိုးပါ။

မစုမြတ်မွန် ။ ။ ရှစ်လေးလုံးကာလမှာ စစ်တပ်က အင်အားသုံး နှိမ်နှင်းမှုကြောင့် လူ သုံးထောင်လောက် သေတယ်ဆိုတာကို မှတ်တမ်းမှတ်ရာတွေမှာ တွေ့ပါတယ်။ နောက် ထောင်ချခံရသူ၊ အဖမ်းခံရသူတွေလည်း မနည်းမနောရှိတယ်ဆိုတော့ အဆိုးထဲက အကောင်းဖြစ်တာကတော့ ပြည်သူတွေ၊ ကျောင်းသားရဟန်းရှင်တွေ တသားတည်ရှိတာကို အာဏာပိုင်တွေ သိသွားခဲ့တယ်။ အပြောင်းအလဲကို ပြည်သူတွေ ဘယ်လောက်လိုချင်တယ်ဆိုတာကိုလည်း အုပ်ချုပ်သူတွေ သိသွားခဲ့တယ်။ အဲဒီရလဒ်အဖြစ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပေါ်လာခဲ့တယ်။ ရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာ ကိုအောင်သူငြိမ်း က နယ်စပ်က ABSDF ကျောင်းသားတပ်မတော် ရောက်နေပြီဆိုတော့ မြန်မာပြည်ထဲမှာ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ အဲဒီအချိန်မမှာ ပြည်သူတွေအနေနဲ့ အပြောင်းအလဲဖြစ်ဖို့ မျှော်လင်ခဲ့တယ်ဆိုတာကို သိသလောက် ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူတွေအားလုံးက မဲပေးလိုက်ကြတယ်။ ဒီလို ၈၀% ကျော် အမတ်နေရာကို မဲပေးလိုက်တယ်ဆိုတာ အပြောင်းအလဲကို လိုချင်တယ်ဆိုတာ ပြတာပါ။ ကျနော်ထင်တယ် အဲဒီအချိန်မှာ လူအများစုက အန်အယ်လ်ဒီ အာဏာရမယ်လို့ ထင်တယ်။ အန်အယ်လ်ဒီ အစိုးရဖြစ်ပြီတော့ ကောင်းတဲ့အပြောင်းအလဲတွေ လုပ်သွားနိုင်မယ်လို့ အားလုံးက ယုံတယ် ထင်ပါတယ်။

မစုမြတ်မွန် ။ ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း အန်အယ်လ်ဒီ က ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် ရွေးကောက်ပွဲရလဒ်အတိုင်း အခုအချိန်အထိ မဖော်လာနိုင်သေးဘူး။ အဲဒီလို မဖော်လာနိုင်တဲ့အပြင် လက်နက်ကိုင်အုပ်ချုပ်တဲ့သူတွေပဲ တယောက်ပြီးတယောက် ပြောင်းသွားတယ်။ အခုဆိုရင်လည်း ဒီနှစ်မကုန်ခင်မှာ နောက်ထပ် ရွေးကောက်ပွဲတခုကို လုပ်ဖို့ စီစဉ်နေပြန်ပါတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲဖြစ်လာတဲ့ အခြေအနေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲဖြစ်လာမယ့် အခြေအနေက မတူဘူးဆိုတော့ အဲဒီ မတူတဲ့ အခြေအနေ (၂) ခုကြောင့် အခု ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ မျှော်လင့်ချက် တူနိုင်မလဲ။

ဦးအောင်သူငြိမ်း ။ ။ တူတဲ့အချက်ရှိသလို၊ မတူတဲ့အချက်လည်းရှိပါတယ်။ တူတဲ့အချက်ကတော့ ၉၀ ရွေးကောက်ပွဲတုန်းကလည်း လူတွေက အပြောင်းအလဲကို မျှော်လင့်ခဲ့ကြတယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာလည်း အခုအချိန်မှာ ကျနော် ယုံပါတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတွေကို မေးကြည့်ရင် လူတိုင်းက ကျနော်တို့ တခုခုတော့ ပြောင်းရတော့မယ် အခြေအနေက ဒီအတိုင်း သွားလို့မရဘူးဆိုတာကို စစ်တပ်ထဲနဲ့ အရပ်ဘက်မှာရော လူအားလုံးက အခြေအနေတူတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မတူတဲ့ အခြေအနေကတော့ ၉၀ ရွေးကောက်ပွဲတုန်းကတော့ ၁၉၈၈ နဲ့ နီးနေတယ်။ ပူပူနွေးနွေး လူတွေနဲ့ အင်အားစုတွေက စုစုစည်းစည်း ရှိနေသေးတဲ့ကာလ။ အခု ၂၀၁၀ အနေအထားမှာတော့ ပြောမယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေလည်း အားနည်းနေတဲ့ကာလဖြစ်သလို နောက်တခုက ပြောမယ်ဆိုရင် ကိုယ်ဘက်က ဖိအားများများသွားနိုင်တဲ့ အခြေအနေမရှိဘူး။ အဲဒီလို အနေအထားတော့ ကွာပါတယ်။

မစုမြတ်မွန် ။ ။ နောက် မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေပဲ ရွေးကောက်ပွဲကို ဘယ်သူတွေ ပြိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။ ပြည်သူအများစုကတော့ သူတို့ရဲ့ နေတဓုဝ စားဝတ်နေရေး အခြေအနေကို ရုန်းကန်နေရတာနဲ့ တခြားအခြေအနေမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ သူတို့ပြောနေတာက ကိုယ်ဘယ်သူကို မဲထည့်ထည့် နောက်ဆုံးတော့ ကြံ့ဖွံ့ပဲ နိုင်မယ်လို့ တော်တော်များများက မြင်နေကြတယ်။ ကျနော် သိချင်တာက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းတာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံရေး လှုပ်ရှားမှုတခုလုံးအပေါ်မှာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက အားနည်းနေတယ်လို့ မြင်ပါသလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ နံပတ်တစ်ကတော့ risk ပေါ့ - လူတွေက အန္တရာယ်ကြုံရမယ့် အနေအထားရှိသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် အန္တရာယ်ကြုံရမယ်ဆိုတာမျိုးမြင်တော့ ကြောက်နေတာပေါ့။ နောက် ဒုတိယအချက်ကတော့ စစ်အစိုးရကိုယ်၌က ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူတွေဘယ်လို မဲဆန္ဒပေးရမယ်၊ ဒီရွေးကောက်ပွဲရဲ့ အရေးပါပုံကို သေချာပညာပေးတာတွေ ဘာမှမလုပ်ဘူး။ သူတို့အနေအထားကတော့ လူတွေ နိုင်ငံရေး စိတ်မဝင်စားရင် ပိုကောင်းတယ်ဆိုတဲ့ အနေအထားရှိပါတယ်။ နောက်တချက်ကတော့ အခု ရွေးကောက်ပွဲလုပ်တဲ့ အနေအထားမှာပေါ့ အခုနပြောသလို ပြည်သူတွေက သူတို့ရဲ့ နေတဓုဝ စားဝတ်နေရေးကိုပဲ စိတ်ဝင်စားနေတယ်ဆိုတာတော့ အမှန်ပါ။ ဒီရွေးကောက်ပွဲကြောင့် အပြောင်းအလဲဖြစ်မယ်ဆိုတာကိုတော့ လူအတော်တော်များများကတော့ သိပ်ပြီတော့ မယုံသေးတဲ့ အနေအထား ရှိပါသေးတယ်။

မစုမြတ်မွန် ။ ။ သိပ်တော့မယုံဘူးပေါ့။ ဒါပေမဲ့ ပြည်သူအများက အပြောင်းအလဲဖြစ်ဖို့တော့ တောင်တနေတယ်၊ ဖြစ်လည်းဖြစ်စေချင်တယ်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူတွေ ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ပြည်သူတွေ ဘာလုပ်နိုင်မယ်၊ သူတို့မှာ ဘယ်လောက်တာဝန်ရှိတယ်လို့ ကိုအောင်သူငြိမ်း အနေနဲ့ ထင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် အခုကြတော့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ အနေအထားတွေ အများကြီးရှိတယ်။ ရှိတဲ့ အနေအထားကတော့ ဒီကနေ များများကြီး ပြောင်းသွားနိုင်မယ့် အနေအထားမရှိပါဘူး။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကလည်း ကျနော်တို့ မြင်တာကတော့ ကိုယ်လိုလားတဲ့အရာကို မေးခွန်းထုတ်တတ်ဖို့ လိုမယ်လို့ ထင်တယ်။ ဘယ်အမတ်ဖြစ်ဖြစ် သူတို့ရဲ့ လိုလားချက်တွေကို ဘယ်လောက်လုပ်ပေးနိုင်မလဲ ဒါမျိုး မေးခွန်းကောင်းကောင်း ထုတ်နိုင်ဖို့ လိုမယ်။

မစုမြတ်မွန် ။ ။ အဲဒီလို မေးခွန်းထုတ်နိုင်ဖို့ ုပြည်သူတွေအနေနဲ့ သူတို့မှာ ဒီလို မေးခွန်းထုတ်ရဲတဲ့ စိတ်မျိုးဖြစ်လာဖို့ ပတ်ဝန်ကျင်အနေအထား ပြောင်းဖို့ မလိုဘူးလား။

ဦးအောင်သူငြိမ်း ။ ။ နိုင်ငံရေးအခြေအနေတော့ ပြောင်းဖို့လိုတာပေါ့။ အခုနပြောတဲ့ တင်းကြပ် ချုပ်ချယ်ထားတာတွေလည်း အများကြီးလိုပါတယ်။ အဲဒါအပြင် တဖက်မှာလည်း ပညာပေးမှုတွေ အများကြီးလိုတယ်လို့ မြင်ပါတယ်။ ကျနော်မြင်တာကတော့ အခု ရွေးကောက်ပွဲမှာ မညစ်ဘူးလို့လည်း မပြောနိုင်ဘူး။ စစ်အစိုးရဘက်က နည်းပေါင်းစုံနဲ့ အနိုင်ရအောင်လုပ်မယ့် အနေအထားတွေရှိတယ်။ အဲဒီ အနေအထားမှာ တဘက်က အကြောက်တရားနဲ့ အနိုင်ရအောင်လုပ်မယ်ဆိုတော့ တက်နိုင်သလောက် ကျနော်တို့ ပြည်သူတွေ မကြောက်ဖို့ လိုတယ်။ နောက်တခုကတော့ အရင် ၂၀၀၈ ဆန္ဒခံယူပွဲမှာ လုပ်သွားသလို စစ်အစိုးရက ကြိုတင်မဲတွေယူပြီး သူတို့နိုင်ပါတယ်ဆိုတဲ့ အနေအထားမျိုးဆိုတော့ ပြည်သူတွေဘက်က လုပ်နိုင်တာက ကြိုတင်မဲတွေ မပေးဘူးဆိုတဲ့ အနည်းဆုံး စလုပ်နိုင်မယ် ထင်ပါတယ်။

မစုမြတ်မွန် ။ ။ ကြိုတင်မဲ မပေးဘူးဆိုတော့ မဲထည့်တဲ့နေ့မှာ ပြည်သူတွေသွားပြီးး မဲဆန္ဒကို ထုတ်ဖော်သင့်တယ်လို့ ပြောချင်တဲ့ သဘောလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာကတော့ ပြည်သူတွေ များများ မဲပေးကြရင် အခြေအနေက ပိုကောင်းမယ်လို့ ယုံတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယခုလက်ရှိ သူတို့ ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ အနှိမ့်ဆုံး မဲဆန္ဒ ဘယ်သူလာပေးရမယ်ဆိုတာ မရှိဘူး။ ဘယ်နှစ်ယောက် လာပေးရမယ်ဆိုတာ မရှိဘူး။ မရှိတဲ့အခါကြတော့ လူ (၃) ယောက်လာပေးရင် (၂) ယောက်က သူတို့ကို ပေးရင် နိုင်တယ်လို့ ကြေညာလို့ ရတယ်။ နောက်တခုက တချို့နေရာတွေမှာ ပြိုင်ဘက်ကိုယ်စားလှယ်မရှိဘူးဆိုရင် ရွေးကောက်ပွဲတောင် လုပ်စရာမလိုဘူး နိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ အဲဒီလို အနေအထားမျိုးမှာကြတော့ မဲ မသွားပေးခြင်းအားဖြင့် ကျနော်မြင်တာ စစ်အစိုးရက သူဘာသာ ကြိုက်သလို လုပ်ခွင့်ရသွားနိုင်တယ်။

မစုမြတ်မွန် ။ ။ ကိုအောင်သူငြိမ်းက ဒီရွေးကောက်ပွဲမှာ မဲပေးသင့်တယ်လို့ မြင်တယ်ပေါ့။ ဒါပေမဲ့ ပြည်သူတွေရဲ့ မဲဆန္ဒတွေအတိုင်း အဖြေက ပေါ်လာနိုင်တဲ့အနေအထားမျိုး မြန်မာနိုင်ငံမှာ မြင်ရလို့လား။

ဦးအောင်သူငြိမ်း ။ ။ မမြင်ပါဘူး။ ဒီ ရွေးကောက်ပွဲက အများကြီးပြောင်းသွားမယ့် မရှိပါဘူး။ တခုက ကျနော်အမြင်က ကျနော်တို့ တိုင်းပြည်အပြောင်းအလဲက ဖြည်းဖြည်းချင်းသွားမယ့် အနေအထားမျိုးမြင်တယ်။ နောက်တခုကတော့ ဥပမာလေးတခု ပေးချင်တာက ဥပမာ စက်ဝိုင်းတခု ဝိုင်းလိုက်တယ်ဆိုပါစို့ မြောက်ကိုရီးယားလို့ နိုင်ငံမျိုးကြတော့ အစိုးရက စက်ဝိုင်းအပြည့် နေရာယူထားတယ်။ အခုလက်ရှိ ကျနော်တို့ ၂၀၁၀ အပြီးမှာတော့ ဒီ စက်ဝိုင်းထဲမှာ စစ်အစိုးရက ၈၀% ၉၀% တော်တော်ကြီး ကြီးကြီးယူထားပါအုန်းမယ်။ ဒါပေမဲ့ တချို့လစ်ဟာတဲ့ အပိုင်းလေးတွေလည်း ရှိလာနိုင်တဲ့ အနေအထားပေါ့။ နောက်တခုက အခု ၈၈ ကစလို့ အခုအချိန်အထိ ပြောင်းသွားတဲ့ဆီမှာ စစ်တပ်က နေရာပေါင်းစုံမှာ ထိုးဖောက်ဝင်သွားတဲ့ အနေမျိုးဖြစ်သွားတယ်။ ဖြစ်သွားတဲ့အနေအထားမှာ စစ်တပ်ကို ပြန်ဆုတ်သွားဖို့၊ နိုင်ငံရေးဘက်က ပြန်နေရာယူဖို့ဆိုတာ နည်းနည်းလောက် အချိန်ယူရမယ် ထင်လို့ပါ။

မစုမြတ်မွန် ။ ။ ကိုအောင်သူငြိမ်း ပြောသလို ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ဝုန်းကနဲ့ ဒိုင်းကနေ ပြောင်းလဲမှု မဖြစ်ဘူး။ အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်မယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး အဆင့်ဆင့် နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ ပြည်သူလူထုက ပါဝင်နေဖို့ ဘယ်လောက်အထိ အရေးကြီးတယ်လို့ ပြောနိုင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ သိပ် အရေးကြီးပါတယ်။ ကျနော်မြင်တာက ပြည်သူလူထုက နိုင်ငံရေး နိုးကြားတယ်။ သို့မဟုတ်ရင် ပြည်သူလူထုရဲ့ ဖိအားပိုပေးနိုင်တယ်ဆိုရင် အပြောင်းအလဲက ပိုမြန်ဖို့ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲ ပြည်သူလူထုက ထားရာနေ စေရာသွားဆိုရင်တော့ အပြောင်းအလဲက ကြာဖို့ရှိပါတယ်။

မစုမြတ်မွန် ။ ။ နောက်တခုက မြန်မာနိုင်ငံက အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ အနေအထားဖြစ်တော့ ပြည်သူတွေအနေနဲ့က နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်။ တို့လုပ်လို့လည်း ဒီလို အစိုးရမျိုးက ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး၊ ဘာမှလည်း ထူးမှာမဟုတ်ဘူးလို့ မြင်တဲ့ပြည်သူတွေကို ကိုအောင်သူငြိမ်းအနေနဲ့ ဘာပြောချင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် အဓိက ပြောချင်တာက နိုင်ငံရေးအပြောင်းအလဲတိုင်း တခြားနိုင်ငံတွေမှာကြည့်ကြည့် အပြောင်းအလဲတွေမှာ မသေချာမှုတွေက အပြည့်ရှိနေတယ်။ ကျနော်တို့ အတိုက်အခံဘက်မှာလည်း မသေချာဘူး၊ စစ်အစိုးဘက်မှာလည်း မသေချာဘူး။ ပြည်သူဘက်မှာလည်း ဒါပြီရင် ဘာဖြစ်လာမယ်ဆိုတာ မသေချာဘူးပေါ့။ အဲဒါကို ဖြတ်ကြတဲ့အခါကြတော့ ကျနော်တို့က ဖြတ်တဲ့အခါမှာ ပြည်သူလူထုက အင်အားကောင်းရင် အပြောင်းအလဲတွေက ပိုကောင်းဖြစ်ကြပါမယ်။

မစုမြတ်မွန် ။ ။ နောက်ဆုံး မေးချင်တာက အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ အယုံအကြည်ရှိမှု။ တောက်လျှောက်က မရှိလာခဲ့ဘူး။ ပြည်သူတွေအကျိုးကို ဘာမှမလုပ်ဘူးဆိုတဲ့ အရိုးစွဲနေတဲ့ နိုင်ငံတခု ဖြစ်တဲ့အခါကြတော့ တကယ်လို့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ တက်လာမယ့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အယုံအကြည်ရှိလာဖို့အတွက် ဘယ်လိုဟာတွေကို အပြောင်းအလဲလုပ်သင့်တယ်လို့ ပြောနိုင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ အခုလို အပြောင်းအလဲတွေမှာ ဖြစ်တက်တာကတော့ မတည်ငြိမ်မှုတွေ ဖြစ်တက်ပါတယ်။ ဒါတွေကို တည်ငြိမ်ဖို့ အစိုးရဘက်ကလိုတယ်၊ ပြည်သူတွေဘက်ကလည်း ကြိုးစားဖို့လိုတယ်။ ဒုတိယအချက်က အမျိုးသားရင်ကြားစေ့ရေး - ဒီကိစ္စက အခုအချိန်အထိလည်း မစနိုင်သေးဘူးဆိုတော့ ဆက်လုပ်ဖို့လိုပါတယ်။ တတိယအချက်ကတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့ လိုတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာ ကြီးကြီးကျယ်ကျယ် တိုက်တာလမ်းပန်းတွေ ပြောတာမဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့ နေစဉ်ဘဝ living standard လို့ ခေါ်မယ့် နေထိုင်မှုဘဝမြှင့်ဖို့ လုပ်ဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ပြဿနာတွေနဲ့ လုံးခြာလည်ပြီး ဆက်သွားအုန်းမယ်လို့ ထင်ပါတယ်။

XS
SM
MD
LG