သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ နဲ့ ပြည်ပ အစိုးရ သဘောထား


ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ နဲ့ ပြည်ပ အစိုးရ သဘောထား
ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ နဲ့ ပြည်ပ အစိုးရ သဘောထား

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ မှတ်ပုံတင်လိုက်ပါပြီ။ လာမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာလည်း အပြည့်အဝ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မိုးကုတ်မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရခဲ့တဲ့ ဦးဘိုလှတင့် က ဗွီအိုအေ ကို အခုလို ပြောဆိုပါတယ်။

ဦးဘိုလှတင့် ။ ။ ဒီ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ တယောက်နဲ့တယောက် အပြန်အလှန် စတင်ပြီးတော့ အသိအမှတ်ပြုမှုတို့၊ အပြန်အလှန် နားလည်းမှုတွေ ရရှိလာပြီးတော့ ဆောင်ရွက်လာကတည်းက တနေ့နေ့ ဒီလမ်းကြောင်းပေါ်ကိုတော့ အန်အယ်လ်ဒီ ဟာ ရောက်လာမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာပဲ။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် က ပြောတဲ့ မြန်မာနိုင်ငံက ကနေ့ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ အခြေအနေမျိုးကိုတော့ ဘယ်နည်းနဲ့မှ ဆိုက်ရောက်သွားစေချင်တဲ့ဆန္ဒ မရှိသလို။ ဆိုက်ရောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ အခြေခံပေါ်မှာ။ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်အရင်ထဲက ရွေးကောက်ပွဲလမ်းစဉ်ကို လက်ခံယုံကြည်လာတဲ့ အဖွဲ့ချုပ်ကြီးဖြစ်တဲ့အပေါ်မှာ ဒါက ဖြစ်လာမယ့်သဘောလိုပဲ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ မြင်နေရတဲ့ အာရပ်ကမ္ဘာတွေမှာ ဖြစ်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောတာ အခုလောလောဆယ် မှန်တယ်လို့ အခုလောလောဆယ်အားဖြင့် ရှိနေတာပေါ့။ ဒီ လူထုအုံ့ကြွမှုတွေနဲ့ လက်ရှိအားဖြင့်တော့ နိုင်ငံတွေအတွင်းမှာ တည်ငြိမ်မှုမရသေးဘူးဆိုတာ မျက်မြင်ဖြစ်နေတာပေါ့။ အဲဒီတော့ အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီလို လုပ်ဆောင်ချက်ဟာ တချိန်တုန်းက အမျိုးသားညီလာခံကနေ နုတ်ထွက်ခဲ့တဲ့ကိစ္စပြီးလို့ရှိရင် ဒါက ပြည်တွင်းနိုင်ငံရေးလမ်းကြောင်းကို ပြန်ဝင်တဲ့ကိစ္စဆိုတော့ ဒါက တကယ့်ကို သမိုင်းဝင်ကိစ္စတရပ်လို့ ပြောလို့ရမယ်။ အဲဒါနဲ့ ပတ်သက်လို့ လူတွေတော်တော်များများက မှန်တယ်မှားတယ်ဆိုပြီး ဝေဖန်နေတာတွေလည်း ရှိပါတယ်။ ဦးဘိုလှတင့်ရဲ့ တကိုယ်ရည်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးဘိုလှတင့် ။ ။ ကျနော့်အမြင်က တဦးတည်အမြင်ကတော့ ဓမ္မဓိဌာန်ကျတဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်လို့ပဲ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်နိုင်ငံရေးပါတီတရပ်ဖြစ်တယ်။ ၁၉၉၀ ပြည့်နှစ်တုန်းက လူထုက တခဲနက်ထောက်ခံ ယုံကြည်မှု ပေးအပ်ထားတဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့ကြိးဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဒီအဖွဲ့ကြီးက အမျိုးသားညီလာခံကို ဆန့်ကျင်ခဲ့တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကန့်ကွက်ခဲ့တယ်ဆိုတဲ့ အစဉ်အလာတွေက ဒီမိုကရေစီလမ်းကြောင်းက သွေဖယ်မှုမှန်သမျှ၊ ဒီမိုကရေစီ အနှစ်သာရနဲ့ ကင်းကွာနေတဲ့ကိစ္စ ဘယ်ကိစ္စမဆို လက်မခံဘူးဆိုတဲ့ဟာကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစဉ်တစိုက် တွေ့ဆုံဆွေးနွေးမှုကို တောင်းဆိုခဲ့တယ်။ ညှိနှိုင်းအဖြေရှာဖို့ပဲ တိုက်တွန်းတောင်းဆိုခဲ့တယ်။ ရပ်တည်ခဲ့တယ်။ တချိန်တည်းမှာ ရွေးကောက်ပွဲလမ်းကြောင်း နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဆန့်ကျင်တာမဟုတ်ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်လုံးကိုလည်း ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီအထဲမှာ ပါနေတဲ့ ဒီမိုကရေစီနည်းမကျတဲ့၊ ဒီမိုကရေစီ အနှစ်သာရနဲ့ ဆန့်ကျင်တဲ့အချက်အလက်တွေ အများကြီးရှိတယ်။ ဒီလိုပဲ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ကန့်ကွက်ခဲ့တာ ဖြစ်တဲ့အတွက်ကို ဒီလို ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ သဘောတူညီချက်တွေ ရလာတဲ့အပြင် တချို့ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာတဲ့အပေါ်မှာ နိုင်ငံရေးလမ်းကြောင်းပေါ်မှာပဲ အစဉ်တစိုက် ရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီတရပ်ဟာ လက်တွေ့အခြေအနေမှာ ဒီလမ်းကြောင်းကိုပဲ ရွေးချယ်ရမယ်ဆိုတာကတော့ လက်တွေ့ကျကျ မြင်တတ်တဲ့လူတိုင်း ဒီလိုပဲ မြင်ရမယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကြားရသမျှ ဝေဖန်မှုတွေမှာ အထိနာဖွယ် အရှိဆုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမြဲတစေလို ပါတီရပ်တည်ရေးဘက်ကို ဦးစားပေးကြည့်တယ်။ ဆုံးဖြတ်တယ်ဆိုတဲ့ ဝေဖန်ချက်မျိုးပေါ့။ အဲဒါနဲ့ ပတ်သက်လို့ရော။

ဦးဘိုလှတင့် ။ ။ တကယ်တမ်းကြတော့ နိုင်ငံရေးပါတီတရပ်ဟာ နိုင်ငံရေးပါတီတရပ်အနေနဲ့ပဲ ရှုမြင်သုံးသပ်ကြရာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တတ်နိုင်သမျှ ကြိုးစားပြီးတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးအင်အားစု၊ နိုင်ငံရေးပါတီတရပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတရပ်က နိုင်ငံရေးပါတီတရပ်လို ဆုံးဖြတ်တာကို ကျနော်တို့အနေနဲ့ ဒါဟာ ဘာမှဝေဖန်စရာ၊ ဝေဖန်စရာ မရှိဘူးလို့ မပြောလိုပါဘူး။ သို့သော် ဝေဖန်ကြတယ်ဆိုတဲ့အခါမှာ လက်တွေ့ကျကျ၊ ဓမ္မဓိဌာန်ကျကျ ဝေဖန်ဖို့နဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလမ်းကြောင်းပေါ်မှာ လမ်းလျှောက်တာ မမြင်ချင်လို့ရှိရင် ဘယ်လိုလမ်းကြောင်းပေါ်ကို ရောက်စေချင်တာလဲလို့ ပြန်မေးခွန်းထုတ်ရမလို့ ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလို ပြည်တွင်းမှာ ဦးဘိုလှတင့် တို့ရဲ့ ပင်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာပြီ။ အထူးသဖြင့်တော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို စွန့်လွှတ်လိုက်ပြီးဆိုတဲ့ သဘောရှိတယ်ပေါ့။ ဦးဘိုလှတင့် အနေနဲ့ ဘယ်လို ဒီကိစ္စကို ရှုမြင်ပါသလဲ။

ဦးဘိုလှတင့် ။ ။ မှန်ပါတယ်။ အစကတည်းက ကျနော်တို့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ရင်တွင်းဆန္ဒ ဖြစ်တယ်။ သူတို့ပေးထားတဲ့ လုပ်ပိုင်ခွင့်ကို တိုင်းပြည်တပြည်ဟာ လေးစားအသိအမှတ်ပြုရမယ်။ ဘယ်သူမဆို လေးစားအသိအမှတ် ပြုရမယ်။ ဒီ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု အကောင်အထည်ဖော်ရမယ်ဆိုတာကို ကျနော်တို့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဒီအခြေခံအားဖြင့်တော့ ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေ ပြည်သူလူထု လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာရေး နဲ့ ပြည်သူလူထုတဦးချင်းဆီရဲ့ နိုင်ငံရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေ အာမခံချက်ရှိတဲ့ အခြေအနေကောင်းတွေ ပေါ်ထွန်းလာဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို အခြေအနေကောင်းတွေ ပေါ်ထွန်းလာဖို့ အားလုံးကနေပြီးတော့ လက်တွဲပြီးတော့ ကြိုးပမ်းကြမယ်လို့ လက်ရှိ အစိုးရကလည်း ပြောနေတယ်။ ကျနော်တို့အားလုံးကလည်း အဲဒီဟာကို ခံယူခဲ့ကြတယ့်အခါမှာ အခုလို ငြိမ်းချမ်းတဲ့နည်းနဲ့ ကျနော်တို့ လက်တွဲပြီးလို့ ဆောင်ရွက်လို့ရတယ်လို့ အခြေအနေကောင်းတွေ ပေါ်လာတဲ့အခါမှာတော့ ဒါဟာ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်ရာလည်း မရောက်ဘူး။ အစကတည်းက ကျနော်တို့ ကိုယ်တိုင် ယုံကြည်ချက်ကိုလည်း ဆန့်ကျင်ရာ မရောက်တဲ့ဘက်ကို ဒါဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်သွားတယ်။ ဒါမှမဟုတ် လူထုဆန္ဒကို ကျောခိုင်းလိုက်တယ်လို့တော့ ကျနော်တို့တော့ မခံစားရပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ သွားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်တဲ့လမ်းကြောင်း။ အဲဒါကို သေချာပြန်သုံးသပ်မယ်ဆိုရင် လောလောဆယ်အားဖြင့် လူတွေပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုတာ တကယ်တမ်းကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲရောက်သွားပြီဆိုလို့ရှိရင် အသွင်ပြောင်းသွားပါပြီ။ တွေ့ဆုံဆွေးနွေးရေး ဆိုတာထက် နိုင်ငံရေးတိုက်ပွဲကို တခြားကိုယ်စားလှယ်တွေ အဖွဲ့အစည်းတွေနဲ့ ယှဉ်ပြိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်ရမယ့် ပြုပြင်ရမယ့် အခြေအနေမျိုးကို ရောက်သွားပါတယ်။ ဆိုတော့ အဲဒီတိုက်ပွဲ ပုံစံမှာ၊ လုပ်ဆောင်ချက်ပုံစံမှာ ဘယ်လောက်အထိ အောင်မြင်မှုရမယ်လို့ မျှော်လင့်ထားပါသလဲ။

ဦးဘိုလှတင့် ။ ။ ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်း၊ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ တာဝန်လို့ ကျနော်အနေနဲ့ မမြင်ပါဘူး။ ဒါဟာ ဒီကနေ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူလူထုရဲ့ မဲဆန္ဒကို ရယူပြီးတော့ ပြည်သူ့လွှတ်တော်ထဲကို ရောက်နေကြတဲ့ ပြည်သူ့လွှတ်တော်တဦးချင်း၊ ဒါမှမဟုတ် ပြည်သူ့လွှတ်တော်ထုကြီးတရပ်လုံးရဲ့ တာဝန်တရပ် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်စေ၊ ဘယ်သူမဆို ပြည်သူလူထု လိုလားတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အာမခံချက် ရှိလာတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေ ခိုင်မာလာတဲ့အထိ လက်ရှိ အခြေခံဥပဒေထဲက အချက်အလက်တွေ ပြည်သူလူထုပေါ်မှာ သက်ရောက်နေသေးတယ့် တခြား ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ကိစ္စတွေ မှန်သမျှကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းရာမှာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အားလုံးသိတဲ့အတိုင်းပဲ ကြားဖြတ်ရွေးကောက်ပွဲမှာမှ အကုန်လုံး နိုင်ရင်တောင်မှ ၄၈ နေရာပဲ ရှိမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော် ပြောချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားမယ်။ သို့သော် ကျန်တဲ့ တပ်မတော်က ကိုယ်စားလှယ်တွေဖြစ်စေ၊ ပြည်သူလွှတ်တော်ထဲမှာ လက်ရှိ ရှိနေရင်စွဲ လူတွေရဲ့ ဘယ်လောက် ပြည်သူလူထုကို လေးစားသလဲ။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ဘယ်လောက် တန်းဖိုးထားသလဲ။ အဲဒီအပေါ်မှာ ဘယ်လိုလက်တွေ့ လုပ်ငန်းတွေနဲ့ တုံ့ပြန်တယ်အပေါ်မှာ မူတည်မယ်လို့ပဲ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုလို့ရှိရင်တောင်မှပဲ လွှတ်တော်ထဲမှာ အကြောင်းအရာကိစ္စတရပ်ကို ပါတီစွဲနဲ့ ပါတီလိုင်းနဲ့ မဲပေးကြတာ၊ ဆုံးဖြတ်ကြတာတွေ ရှိပါတယ်။ အဲဒီအခါကြလို့ရှိရင် လူနည်းစုပဲ ဖြစ်နေအုံးမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အခွင့်အလမ်း ရှိနိုင်ပါသလား။

ဦးဘိုလှတင့် ။ ။ ဒါကတော့ ကျနော် အခုန ပြောသလို အခြေခံစိတ်ဓါတ်တွေပေါ်မှာ မူတည်ပါတယ်။ တချို့ကိစ္စတွေဆိုရင် ကျနော်တို့ အနီးကပ်စောင့်ကြည့်နေတဲ့အခါမှာ တချို့ကိစ္စတွေကို ကျနော်တို့ မြင်ရတာက လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး - အရင်တုန်းကတော့ ကြံ့ဖွံ့လို့ ခေါ်တာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်တွေကပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေကြမ်းတွေကို တင်သွင်းနေတာကိုလည်း တွေ့ရပါတယ်။ တပ်မတော် ကျနော်တို့ကိုယ်တိုင်းလည်း တိုက်ရိုက်အကြံပြုနေတာမျိုးက လက်ရှိ ပြည်သူနဲ့ တပ်မတော်ကို ပိုပြီးတော့ ကြည်ဖြူစေချင်တယ်၊ နိုင်ငံတကာရဲ့ ထောက်ပံ့အားပေးမှုတွေကို စိတ်ချယုံကြည်မှုတွေကို စစ်တပ်ပိုင်းနဲ့ စစ်တပ်ကနေ အသွင်ကူးပြောင်းထားတဲ့ နိုင်ငံရေးအင်အားစုပိုင်းကရော ရရှိချင်တယ်ဆိုရင်။ တချို့ကိစ္စတွေမှာ လက်တွေ့ကျပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ်။ လူထုအတွက် အကျိုးရှိမယ့်ကိစ္စတွေကို အဲဒီပါတီတွေ အထူးသဖြင့် စစ်တပ်က ကိုယ်စားလှယ်တွေ ကိုယ်၌က အရင်ဦးဆောင်ပြီး တင်သွင်းပါဆိုတာ ကျနော်တို့ တိုက်ရိုက် အမြဲတမ်းပဲ အကြံပြုပါတယ်။ အခုလည်းပဲ ဒီလိုပဲ ကျနော်တို့ ပြောကြရမှာ ဖြစ်ပါတယ်။ သူတို့တွေက ပါတီစွဲနဲ့ ကိုယ့်ရဲ့ အုပ်စုစွဲ၊ ဂိုဏ်ဂဏစွဲတွေ အားကြီးနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ကြာသင့်တာထက် ပိုကြာနေမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုလှတင့်တို့ရဲ့ ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်း အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ သတင်းပတ်အပိုင်းအတွင်းကတော့ ဝန်ကြီးချုပ် ဦးစိန်ဝင်း ကိုယ်တိုင်က NCGUB အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့အနေနဲ့ ဆက်လက်တည်ရှိနေဖို့ လိုမယ်မထင်တော့ဘူးလို့ ပြောသွားတာ ရှိပါတယ်။

ဦးဘိုလှတင့် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ လူတွေကိုယ်၌က ပြည်ပမှာ ရောက်ရှိပြီးတော့ လှုပ်ရှားနေကြတာက စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ပြည်တွင်းမှာ ဖြစ်ပေါ်လာအောင် နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေ ဖြစ်ပေါ်ရေးပဲ ဖြစ်ပါတယ်။ အခု ပြည်တွင်းမှာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှု၊ ကျန်တဲ့အင်အားစုတွေရဲ့ ဝိုင်းဝန်ကြိုးပမ်းမှု။ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်နေစိတ်ထားတွေ၊ သဘောထားတွေကြောင့်ပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေ ပေါ်လာတဲ့အခါ အဲဒီ ပြောင်းလဲမှုတွေ သေချာပြီလားဆိုတဲ့ အချိန်အထိပဲ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို အခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ လမ်းကြောင်းပေါ်ကို နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အခြေခံဥပဒေဘောင်အတွင်းကနေ သွားမယ်ဆိုတဲ့အခါကြရင် နိုင်ငံရေးအရ ကျနော်တို့ဟာ ပြန်လည်သုံးသပ်ပြီးတော့ ကျနော်တို့တွေကကော အဲဒီ ပြောင်းလဲသွားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီးကို ဘယ်လိုအထောက်အကူပြုအောင်။ ဒါမှမဟုတ် ကျနော်တို့ကိုယ်တိုင် ပြောခဲ့ကြတဲ့ ပြည်သူလူထုလည်း၊ တိုင်းပြည်လည်း တကယ်လိုလားတဲ့ ကိစ္စတွေကို ဘယ်လို အနေနဲ့ ပံ့ပိုးနိုင်မလဲ။ လက်ရှိ အမျိုးသားညွှန့်ပေါင်းအစိုးရအနေနဲ့ကတော့ အံ့ဝင်ဂွင်ကျမဖြစ်တော့တာကတော့ ရှင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတဦးသိန်းစိန်ရဲ့ အထူးသဖြင့် တွေ့ဆုံညှိနှိုင်းရေး၊ ခြေလှမ်းတွေက တော်တော်လေး ဖြန့်ချက်တာကို တွေ့ရပါတယ်။ ကျနော်တို့ ကြားတာကတော့ ပြီးခဲ့တဲ့တခေါက် သမ္မတကြီးရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် လာတုန်းကတောင် ဦးဘိုလှတင့်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားခဲတယ်လို့ ကျနော်ကြားပါတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့တာတွေ ရှိပါသလဲ။

ဦးဘိုလှတင့် ။ ။ ကျနော်တို့ ပထမဦးဆုံး အဲဒီအချိန်တုန်းက ဆွေးနွေးကြတဲ့အခါမှာ ကျနော်တို့ဘက်က တင်ပြတာကတော့ ပထမအဆင့်အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ရေးကို အဓိကထားပြီး တိုက်တွန်းဆွေးနွေးပါတယ်။ နောက် ကျနော်တို့ ပြည်ပမှာ ရောက်ရှိနေတဲ့ အင်အားစုဖြစ်တာနဲ့အညီ နိုင်ငံတကာရဲ့ အမြင်တွေနဲ့ နိုင်ငံတကာရဲ့ သဘောထားတွေ ဘာကြောင့် အဲဒီလို ရှိနေရသလဲဆိုတဲ့ဟာကို ကျနော်တို့ အမြင်တွေ ဖလှယ်ပါတယ်။ သူတို့ဘက်ကနေပြီးတော့ ဦးကိုကိုလှိုင် တို့ဘက်က ပြောတာကတော့ သူတို့အနေနဲ့ကတော့ တကယ့် ဘုရင်နောင် ဖောင်ဖျက်တဲ့ ထုံးကို နှလုံးမူပြီးတော့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေးတွေကို ကြိုးပမ်းဆောင်ရွက်သွားဖို့ သံဓိဌာန် ချပြီးတဲ့အကြောင်း ဘယ်တော့မှ ကျနော်တို့ စစ်အုပ်ချုပ်ရေးဘက်ကို ပြန်ပြောင်းသွားမှာ၊ ဦးလှည့်သွားမှာ မဟုတ်တဲ့အကြောင်းကို ခိုင်ခိုင်မာမာ ကတိပေးပါတယ်။ ကျန်တဲ့ကိစ္စတွေကိုလည်းပဲ သူတို့အနေနဲ့ အားလုံးရဲ့ အကြံဉာဏ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရယူပြီးတော့ အဆင့်လိုက် အကောင်အထည် ဖော်သွားမယ်ဆိုတဲ့ကိစ္စမျိုးတွေကို လေးလေးနက်နက် ကျနော်တို့ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီ တွေ့ဆုံပွဲအပါအဝင် အခုလက်ရှိ ဖြစ်နေတဲ့ ဗမာပြည်တွင်းက ဖြစ်ပေါ်မှုတွေကို သုံးသပ်မယ်ဆိုလို့ရှိရင် ဦးဘိုလှတင့်အနေနဲ့ ဒါဟာ အကောင်းဘက်ကို ရှေ့ရှုနေပြီလို့ မြင်နိုင်မလား။

ဦးဘိုလှတင့် ။ ။ အစကတည်းက ကျနော်တို့ ပွင့်ပွင့်လင်းလင်း အဲဒီမှာလည်း ပြောခဲ့ကြပါတယ်။ ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်မှာ သဘောထား တင်းမာတဲ့ radical ခေါ်မှာပေါ့။ သဘောထား တင်းမာတဲ့ အင်အားစုတွေ ကျန်နေတာ ရှိသလို။ စစ်တပ်ဘက်မှာ၊ တပ်မတော်ဘက်မှာလည်း ရှိမှာပါပဲ။ ဒါ သဘာဝကျတယ်လို့ အဲဒီမှာ ဆွေးနွေးပြောဆို ဖြစ်ပါတယ်။ အဲဒီတော့ ဒီကနေ ဖြစ်နေတာက တစုံလုံးက အူလိုက်သည်းလိုက် ပြုပြင်ပြောင်းလဲနေတာမျိုးလို့တော့ ကျနော်တို့ လက်ခံလို့ မရသေးဘူး။ သို့သော် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရကတော့ အတတ်နိုင်ဆုံး ကြိုးပမ်းနေတယ်။ အဲဒါကို ကျန်တဲ့ တပ်မတော်ခေါင်းဆောင်တွေကလည်း တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေတယ်။ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ ဖြစ်စေချင်သလောက် အားလုံးရဲ့ တက်ကြွမှုနဲ့ ပါဝင်ပတ်သက်မှုတွေ မရှိသေးဘူးလို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိနေတဲ့ ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မိုးကုတ်မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရခဲ့တဲ့ ဦးဘိုလှတင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG