သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမှု နဲ့ သတင်းလွတ်လပ်ခွင့်


ပြုပြင်ပြောင်းလဲမှု နဲ့ သတင်းလွတ်လပ်ခွင့်
ပြုပြင်ပြောင်းလဲမှု နဲ့ သတင်းလွတ်လပ်ခွင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေ က မြန်မာပြည်အတွင်း သတင်းလွတ်လပ်ခွင့်အခြေအနေ၊ နိုင်ငံတကာ သုံးသပ်ချက်များကို ပြင်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတချို့ကို တွေ့လာနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ နိုင်ငံရေးအကျဉ်းသမားတချို့ကို လွှတ်ပေးတယ်။ အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အန်အယ်လ်ဒီ ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်နိုင်အောင် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်းတယ် စတာတွေအပြင် မီဒီယာတွေအပေါ် တင်းကြပ်မှုတွေကိုလည်း လျှော့ပေါ့ပေးနေတယ်။ ပိုမိုလွတ်လပ်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဘယ်လိုအချက်တွေပေါ် အခြေခံပြီး ပြောနေတာလဲ။ မီဒီယာအရေးနဲ့ ပတ်သက်ပြီး ပြင်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်းကို မေးမြန်းတဲ့အခါ။

ဦးဇင်လင်း ။ ။ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ ပထမဦးဆုံး မီဒီယာကို ဖြေလျှော့တယ်လို့ ယူဆစရာက သူတို့ရဲ့ တဖတ်သတ်ဆောင်ပုဒ်တွေကို ဖြုတ်လိုက်တာဖြစ်တယ်။ နောက်တဆင့်ကတော့ သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်မရခဲ့တဲ့ သဘာဝဘေးရန်ကိစ္စမျိုးတွေ၊ ပြည်သူလူထုအတွင်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သတ်မှုဖျက်မှု၊ လိမ်လည်မှုတွေ၊ လူတွေနမူနာယူစရာ ဆောင်ရန်ရှောင်ရန်ရေး ဒီလိုပါတဲ့ လူထုထဲမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသုက္ခတွေ။ ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကို အရင်တုန်းက ဖော်ပြခွင့်မရခဲ့ဘူး။ အခုကြတော့ ဖော်ပြလာနိုင်တာကို တွေ့ရတယ်။ အဲဒါအပြင် တပိုင်းကလည်း သူတို့ပိတ်ပင်တားမြစ်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ ဓါတ်ပုံတွေ၊ အကြောင်းအရာတွေ ဒါတွေလည်း နည်းနည်းဖော်ပြခွင့်ရလာတယ်။ အပေါ်ယံ အသွင်လက္ခဏာအသွင်ကြည့်ရင်တော့ ပြည်သူလူထုအနေနဲ့ တော်တော်လေး လွတ်လပ်လာတယ်လို့ ထင်မြင်ယူဆနိုင်စရာ ရှိပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်တုန်းက အစိုးရက ဂျာနယ်၊ မဂ္ဂဇင်းတွေ (၅၀) ကျော်ကို တင်ထုတ်စနစ် - အရင်ထုတ်လိုက်ပြီးမှ တင်ပြခြင်း - အဲဒီစနစ်နဲ့ ခွင့်ပြုလိုက်ပါတယ်လို့ သိရပါတယ်။ ဒါကို စာပေလွတ်လပ်ခွင့် ရှိလာတယ်လို့ ယူဆနိုင်မလား။

ဦးဇင်လင်း ။ ။ ထုတ်တင်စနစ်ပဲဖြစ်ဖြစ်၊ တင်ထုတ်စနစ်ပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောကမှာက self-censorship ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေရတဲ့ ဒုက္ခက အခုထက်ထိ မလွတ်သေးပါဘူး။ သတင်းစာသမားတချို့ကို မေးစမ်းကြည့်တော့လည်း သူတို့အနေနဲ့ သတိထားပြီးတော့ အသုံးအနှုန်းတွေ၊ ရေးတာတွေပြုတာတွေ စသဖြင့် ဒါတွေ သတိထားပြီးတော့ ဖော်ထုတ်နေရတယ်။ စကားနှုန်းအသုံးအနှုန်း လွဲသွားရင်လည်း တစုံတရာ သူတို့မှာ ပြဿနာဖြစ်နိုင်တယ်ဆိုတာမျိုး သူတို့ဟာသူတို့ သိနေတာရှိတယ်။ အဲဒီအခါကြတော့ အခုပြောရင်တော့ အရင်က ဒုက္ခတခုတော့ ငြိမ်းသွားတယ်အတွက်ကြောင့်မို့ ဘာပဲပြောပြော တိုးတက်မှုတခုလို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အလုံးစုံ ဒါကြီးက လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာကို စောင့်ကြည့်ရအုံးမှာ ဖြစ်တယ်။ အဲဒါအပြင် အခုထက်ထိ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ခွင့်မရသေးတဲ့အချက်ကလည်း သတင်းစာလွတ်လပ်ခွင့်ရပြီလို့ မပြောနိုင်သေးတဲ့ အဓိကအချက်ဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ နောက်တချက်က အခုတလော ကျနော်တို့ လှိုင်လှိုင်ကြီးကြားနေရတာက စတုတ္ထမဏ္ဍိုင်ကိစ္စပါ။ စီးပွားရေး၊ နိုင်ငံရေးသမားတွေကလည်း စတုတ္ထမဏ္ဍိုင်အကြောင်းကို ပြောနေကြပါတယ်။ မဏ္ဍိုင်ကြီးလေးရပ်ရှိတယ်။ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နောက်ပြီးတော့ သတင်းမီဒီယာ က စတုတ္ထမဏ္ဍိုင် ဆိုတဲ့ အဆိုရှိပါတယ်။ အဲဒီတော့ စတုတ္ထမဏ္ဍိုင်က ဒီမိုကရေစီတိုင်းပြည်တွေမှာ ဘာတာဝန်တွေကို ယူသလဲ။ ဘယ်လောက်အရေးပါသလဲ။

ဦးဇင်လင်း ။ ။ စတုတ္ထမဏ္ဍိုင်က တကယ်တမ်းဆိုရင် ဒီမိုကရေစီနိုင်ငံတွေမှာတော့ တခြား မဏ္ဍိုင်ကြီး (၃) ရပ်နဲ့ တန်တူအရေးကြီးပါတယ်။ သူက ပိုတောင်မှ အရေးကြီးတယ်လို့ ပြောရမယ်။ ဘာကြောင့်လည်းဆိုတော့ သူက ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူလူထုကို အာဏာပိုင်အသိုင်းအဝိုင်းကနေပြီးတော့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ လုပ်လာခဲ့ရင် ဒါတွေကို စတုတ္ထမဏ္ဍိုင်က ဖော်ပြ၊ ဖွင့်ချပြီးတော့ ပြည်သူလူထုကို အကာအကွယ်ပေးရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်တယ် - ဒါက ဥပဒေပြုပိုင်း။ အုပ်ချုပ်ရေးမှာလည်း မတရားဖြစ်နေတဲ့ကိစ္စတွေ၊ လာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ဒါတွေကို ကျနော်တို့ ဖော်ပြပြီးတော့ ပြုပြင်ပေးဖို့ကိစ္စကို စတုတ္ထမဏ္ဍိုင် အဓိက လုပ်ဆောင်ရမှာပဲ။ အဲဒီတော့ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်က အလွန်အရေးကြီးပါတယ်။ ဒီကနေ့ အစိုးရသွားချင်တယ့် ဒီမိုကရေစီ ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခု ဖော်ထုတ်တဲ့နေရာမှာ စတုတ္ထမဏ္ဍိုင် မပါဘဲနဲ့ ဘယ်လိုမှ သွားလို့မရပါဘူး။

ဦးစံမိုးဝေ ။ ။ အခု ကြားနေရတာကတော့ တချို့နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေက သူတို့လုပ်၊ သူတို့ပြောချင်တာကို မီဒီယာသမားတွေကို ဖိတ်ခေါ်ပြီးတော့ ပြောကြတယ်။ ဒါကို သတင်းသမားတွေက စာမျက်နှာအထက်ကို မတင်ပေးလို့ရှိရင် စတုတ္ထမဏ္ဍိုင် တာဝန်မကြေဘူးလို့ ပြောဆိုနေကြတာကို ကြားနေရပါတယ်။ နောက်တခုက အင်တာနက်ကိစ္စပါ။ မြန်မာနိုင်ငံမှာ အရင်က အစိုးရပိတ်စို့ထားတဲ့ အင်တာနက် ဝက်ဆိုက်တွေကို ဖွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။ ဆရာအနေနဲ့ ဘယ်လို သိထားပါသလဲ။ ဒီ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ယက်တွေ မြန်မာနိုင်ငံမှာ တော်တော် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်နေပြီလား။

ဦးဇင်လင်း ။ ။ ကျနော် သိရသလောက်တော့ အင်တာနက်က နေ့စဉ် ကျနော်နဲ့ ဆက်သွယ်နေတဲ့ မိတ်ဆွေများရဲ့ ပြောပြချက်အရတော့ ဒီ ဝက်ဆိုက်တွေကို ဖွင့်ပေးတယ်လို့ ပြောတာပဲ .. သို့သော်လည်း အင်တာနက် speed က အကြောင်းအမျိုးမျိုးပြပြီးတော့ အားနည်းအောင်လုပ်ထားတဲ့အခါကြတော့ အင်တာနက် server က အမြဲတမ်းလိုလို weak ဖြစ်နေတယ်။ အားနည်းနေတယ့်အခါကြတော့ လွယ်လွယ်ကူကူနဲ့ ကိုယ်တက်ချင်တဲ့ ဆိုက်တွေကို တခြားနိုင်ငံတွေမှာလို အနှိမ့်ဆုံးပြောရရင် လောနိုင်ငံတောင် မမှီဘူးဖြစ်နေတယ်။ အဲဒီတော့ ဆိုတာက တဖတ်က သူတို့ပြောတဲ့အတိုင်း ဖွင့်ပေးထားတယ်ဆိုပေမယ့်လည်း ဒီကနေ့ မြန်မာနိုင်ငံ အင်တာနက် က ဘယ်လိုမှ အလုပ်မဖြစ်သေးဘူးလို့ ပြောရမှာပဲ။

ဦးစံမိုးဝေ ။ ။ တဖတ်မှာက အင်တာနက် တင်းကြပ်မှုတွေကို လျှော့ပေးနေပြီလို့ ပြောဆိုနေပေမယ့် တဖတ်မှာတော့ Electronic Act အီလက်ထရောနစ်ဥပဒေ၊ နောက်ပြီးတော့ လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုတဲ့ နေရာမှာလည်း ဟိုအရင် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က မထင်ရင်မထင်သလို ထောင်ချနိုင်တဲ့အထိ အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေတွေက ရှိနေဆဲဆိုတော့ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။

ဦးဇင်လင်း ။ ။ ဒါကလည်း ကျနော်တို့က ထပ်ခါတလဲလဲ ပြောနေတာပဲ။ ဒီမိုကရေစီနိုင်ငံတခုကို သွားတော့မယ်ဆိုရင် စစ်အစိုးရတွေလက်ထက်က၊ အာဏာရှင်အစိုးရလက်ထက်တွေတုန်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေက ဒီမိုကရေစီ လမ်းစဉ်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဖိနှိပ်တဲ့ ဒီမိုကရေစီကို အကျိုးမပြုတဲ့ ဥပဒေတွေဟာ ဖျက်သိမ်းသင့်တယ်။ အဲဒီ ဥပဒေတွေကို အစားထိုးပြီးတော့ ဒီမိုကရေစီလမ်းစဉ်နဲ့ ညီညွတ်တဲ့ ဥပဒေမျိုးတွေ ပြန်လည်ပြီး ရေးဆွဲသင့်တယ်ဆိုတာကို ကျနော်တို့ တလျှောက်လုံး ပြောနေခဲ့တဲ့ကိစ္စပါ။ အဲဒီလို ဥပဒေတွေနဲ့ ခြိမ်းခြောက်နှိပ်ကွပ်နေသမျှကတော့ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရှိဘူးလို့ နိုင်ငံတကာ သတင်းစောင့်ကြည့်ရေးအဖွဲ့ကြီးတွေက သုံးသပ်ထားပါတယ်။ ဒါကြောင့်မို့ ဒီဥပဒေတွေကို ဖျက်သိမ်းပေးရမှာဖြစ်တယ်။ အဲဒီတော့ အများနဲ့ သဟဇာတဖြစ်တဲ့ ဥပဒေသစ်တွေကို ရေးဆွဲကြရမှာဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ တနေ့ကပဲ နယူးရော့ခ်မှာ အခြေစိုက်တဲ့ သတင်းသမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတဲ့နေရာမှာ ထိပ်ဆုံး နံပတ် (၄) နေရာမှာ ရှိနေတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ သတင်းမီဒီယာသမားတွေအပေါ် ဒီလို ဆိုးဆိုးဝါးဝါး အရေးယူတာမျိုးတွေ မရှိတဲ့အတွက် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲနေပါပြီဆိုတဲ့ ဖြစ်စဉ်ကို ဒီရှု့ထောင်ကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုဆိုတာ ဘာမှပြောလောက်စရာ မရှိဘူးဆိုပြီး ဗွီအိုအေကို ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဆရာရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဦးဇင်လင်း ။ ။ CPJ ကနေ ပေးထားတဲ့ စံနှုန်းအတိုင်း သတင်းစာလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အမြဲတမ်းပါနေတယ်။ နံပတ် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး မှာ မြန်မာနိုင်ငံက ပါနေတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ သတင်းသမားတွေကို ထောင်ချထားတဲ့ကိစ္စ။ ဒါကို အခု ပြုပြင်ပြောင်းလဲပါမယ်ဆိုတဲ့အချိန်မှာလည်း လွှတ်မပေးသေးတဲ့ကိစ္စ။ ဒီအချက်တွေက မြန်မာနိုင်ငံဟာ ဒီမိုကရေစီသွားမယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတာသည် အပေါ်ယံအရပဲ ပြောနေတာ ဖြစ်ပြီးတော့ နက်နက်ရှိုင်းရှိုင်း လုပ်စရာ၊ ကိုင်စရာရှိတာတွေကို လုပ်ဆောင်ပြသခြင်း မရှိဘူး။ သတင်းသမားတွေကို ထောင်ထဲသွင်းထားတာကတော့ အလွန်ဆိုးတဲ့ပြယုဂ်တခု ဖြစ်နေတယ်လို့ ကျနော်တို့ အဲဒီလို သုံးသပ်ပါတယ်။

ဦးစံမိုးဝေ ။ ။ အခု မကြာသေးခင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၊ တနည်းပြောရရင် နိုင်ငံရေးအကျဉ်းသား (၂၀၀) ဝန်းကျင် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ သတင်းသမား အကျဉ်းသားတွေရဲ့ အရည်အတွက်က လက်ချိုးရေမယ်ဆိုရင် လက်တဖတ်စာတောင် မရှိပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ။ ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်နေပြီဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထောင်ဒဏ်ကျခံနေရတဲ့ မီဒီယာသမားတွေကို ဆက်ထိန်းချုပ်ထားတာက ဘယ်လိုသဘောကို ဆောင်ပါသလဲ။

ဦးဇင်လင်း ။ ။ ဟုတ်ပါတယ်။ ဒီဥစ္စာကတော့ အငြင်းပွားစရာမရှိတဲ့ကိစ္စပါ။ Reporters Sans Frontières (RSF) တို့ CPJ တို့ တခြား Freedom House, Amnesty International တို့က ဒီကနေ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးရုံမက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ နှစ်ပေါင်း (၁၅) နှစ်၊ နှစ် (၂၀) (၃၀) မီဒီယာသမားတယောက် သူ့ရဲ့ သတင်းစာအလုပ်ကို လုပ်လို့၊ သတင်းယူတဲ့အလုပ်လုပ်လို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချထားတယ်ဆိုတာကတော့ အင်မတန်မှ ရုပ်ဆိုးပါတယ်။ ဒါကြောင့်မို့ ဒီအချက်က တကယ်က တိုင်းပြည်တပြည်မှာ ဒီမိုကရေစီကို လက်ခံသလား။ လူ့အခွင့်အရေး၊ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေကို လိုက်နာသလား စသည်ဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို ကျနော်တို့ တွက်ချက်တဲ့နေရာမှာ ဒီကိစ္စက အများကြီးအရေးကြီးပါတယ်။

ဦးစံမိုးဝေ ။ ။ ဒါကတော့ နိုင်ငံတကာမှာ ထင်ရှားတဲ့သတင်းစာကြီးတွေမှာ မြန်မာ့အရေးသုံးသပ်ချက် ဆောင်းပါးတွေ ရေးသားနေသူ၊ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဆရာဦးဇင်လင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG