သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းအပြောင်းအလဲ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင် အမြင်


A Myanmar civil servant prepares to count votes during a demonstration of voting for the upcoming election Friday, Oct. 1, 2010, in Yangon, Myanmar. Myanmar's first election in two decades will take place on Nov. 7. (AP Photo/Khin Maung Win)
A Myanmar civil servant prepares to count votes during a demonstration of voting for the upcoming election Friday, Oct. 1, 2010, in Yangon, Myanmar. Myanmar's first election in two decades will take place on Nov. 7. (AP Photo/Khin Maung Win)

ဒီကနေ့ မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ ဖြစ်စဉ်တွေ လွန်ခဲ့တဲ့တနှစ် အခုအချိန်အခါလောက်က စဉ်းတောင်မစဉ်းစားမိတဲ့ အခြေအနေဖြစ်ပါတယ်။ ပြောင်းလဲမှုတွေက အတော်လေးမြန်ဆန်တဲ့လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေကြပါတယ်။ အကောင်းမြင်သူတွေကလည်း ဝမ်းသာအားရရှိကြသလို တချို့မှာလည်း အလွန်ခေါင်းမာတဲ့ သမိုင်းအစဉ်အလာ ရှိခဲ့ကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အပြောင်းအလဲ မြန်ဆန်မှုအပေါ်မှာ ယုံရခက်ခက် သံသယများနဲ့ ရှိနေကြပါတယ်။ နိုင်ငံတကာကလည်း မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးပြီးလုပ်လာတဲ့ တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုတွေဟာ လုံလောက်တဲ့အဆင့်အထိ မရောက်သေးဘူး။ အပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးဆိုတာကို သေချာတဲ့အဆင့်အထိ ပြဖို့ဆိုတာကို ပြောနေကြတာပါ။ အခုလို ရွေ့လာတဲ့ အနေအထားနောက်ကွယ်မှာ ဘယ်လိုတွန်းအားတွေ ရှိနေပါသလဲ။ လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေပေါ်မှာ ဘယ်လိုများ သုံးသပ်ပါသလဲဆိုတာကို မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း ကို ဆက်သွယ်ပြီး ဦးစံမိုးဝေ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်အမြင်နဲ့အမြင်ကတော့ ဒီနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ အပြောင်းအလဲဆိုတာတွေက တကယ့်အပြောင်းအလဲ မဟုတ်ပါဘူး။ အပေါ်ယံအပြောင်းအလဲတွေပဲလို့ မြင်ပါတယ်။ ဒီအပေါ်ယံ အပြောင်းအလဲတွေကို အာဏာရှိတဲ့လူတယောက်က အာဏာသုံးပြီးတော့ အကောင်အထည်ဖော်ရတာဆိုတော့ လျှောလျှောရှုရှု၊ လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အာဏာမရှိတဲ့လူ လုပ်တဲ့ဟာ တကယ့်အပြောင်းအလဲ စစ်စစ်ဆိုရင် ဒီလို မြန်မြန်ဆန်ဆန် မဖြစ်ပါဘူး။ အခုဟာကတော့ နဂိုရှိခဲ့တဲ့ စစ်အုပ်စုရဲ့ ဓနဥစ္စာ၊ သူတို့ရဲ့ နိုင်ငံကိုချုပ်ကိုင်တဲ့ အာဏာကို ရေရှည်ဆက်ချုပ်ကိုင်နိုင်ရေးအတွက် ပုံသဏ္ဍာန်ပြောင်းပြီး ပြင်ဆင်လာတာ နိုင်ငံတကာက လက်ခံတဲ့ စစ်အုပ်စုလို့ မပြောနိုင်အောင် ကြံဖန်ဖုံးကွယ်ထားတဲ့ စစ်အာဏာတခုကို တည်ထောင်နေတာလို့ မြင်ပါတယ်။

ဦးစံမိုးဝေ ။ ။ ဒါပေမဲ့ အခုတကြိမ်ဖြစ်နေတဲ့ အပြောင်းအလဲမှာ အရင်က ဆန့်ကျင်ခဲ့တဲ့ နိုင်ငံရေးလောကထဲက လူတွေတောင်ပါဝင်နေတာကို တွေ့နေရပါတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ အခုဟာကို ကျနော်တို့လည်း သတိထားမိပါတယ်။ ဒီတခါ စစ်အစိုးရ လုပ်လိုက်တဲ့ကိစ္စဟာ အတိုက်အခံတွေထဲမှာလည်း အတော်လေး ဂယက်ရိုက်သွားပါတယ်။ ဆိုလိုတာက အတိုက်အခံထဲမှာလည်း ကွဲတာတွေ၊ အမြင်မတူတာတွေ၊ အပြန်အလှန် ဝေဖန်ပြောဆိုကြတာတွေ အဲဒါတွေ ဖြစ်လာတာပါ။ ဒါဟာ စစ်အုပ်စုဘက်က ပြောရရင်တော့ အောင်မြင်မှုကြီးတခုပါ။ သူတို့ လိုချင်တဲ့ ဖြစ်စေချင်တဲ့ကိစ္စကို ကွက်တိ အဲဒီအကွက်ထဲ ဝင်သွားတယ်လို့ မြင်ပါတယ်။

ဦးစံမိုးဝေ ။ ။ ဒီနေရာမှာ နိုင်ငံတကာရဲ့ အနေအထားကိုလည်း ထည့်သွင်းပြောဆိုချင်ပါတယ်။ အခုဆိုရင် နိုင်ငံတကာ က ပြန်ပြီးထိတွေ့ ဆက်ဆံတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေ ဗမာပြည်ကို သွားကြတယ်။ အဲဒါတွေကရော ထူးခြားတဲ့ တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ်တခုလို့ မယူဆနိုင်ဘူးလား။

ရဲဘော်ဖိုးသံချောင်း ။ ။ သူတို့က ဗမာအစိုးရ အလိုကျမဟုတ်ပါဘူး။ တကယ်တော့ တိုက်ဆိုင်နေတာပါ။ သူတို့ လိုချင်တာနဲ့ ဗမာအစိုးရ လိုချင်တာနဲ့ သွားတိုက်ဆိုင်တာပါ။ ဒီကိစ္စတွေက ပြည်ပက စလာတာလို့ ပြောရင် ရပါတယ်။ ဘာကြောင့်လို့ဆိုတော့ အားလုံးသိကြတဲ့အတိုင်း Hillary Clinton က အခုနောက်ဆုံး ကြီးကြီးမားမားထဲက အပြောင်းအလဲတခုပေ့ါ။ အဲဒီလို ဖြစ်လာတာတွေက ကျနော်တို့ ဗမာပြည်ကို ပြည်ပနိုင်ငံရေးထဲကို ဆွဲသွင်းလာကြပြီ။ ပြည်ပဆိုတာကို ကျနော်တို့ အသုံးအနှုန်းနဲ့ပြောရင် နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးထဲကို ဆွဲသွင်းလာကြပြီ။ အဲဒီအထဲကို ပါလာပြီ။ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်းရှိတယ်။ ဒါပေမဲ့ ကျနော်တို့ သတိထားသင့်တာက ဗမာပြည် ဒီနေ့ အခြေအနေ။ စစ်အုပ်စု ဒီနေ့လုပ်နေတာက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက်ကိုသာ အဓိက ထားတဲ့အတွက် ပြည်ပနဲ့ ဆက်ဆံရေးမှာလည်း သူတို့အကျိုးရှိမယ်ဆိုလို့ရှိရင် တိုင်းပြည်အကျိုးက အစပြုတာမဟုတ်ဘဲနဲ့ သူတို့ စစ်ဗိုလ်တွေ၊ စစ်အုပ်စုတွေ အကျိုးက အစပြုတာဖြစ်တဲ့အတွက် ဘာမဆိုလုပ်လာလိမ့်မယ်လို့ မြင်ထားပါတယ်။

ဦးစံမိုးဝေ ။ ။ စစ်အုပ်စုရဲ့ အကျိုးဆိုပေမယ့် မြစ်ဆုံရေကာတာလို စီမံကိန်းကြီးမျိုးကို ရပ်တန့်ပြစ်ခဲ့တဲ့ အနေအထားမျိုး။

ရဲဘော်ဖိုးသံချောင်း ။ ။ မြစ်ဆုံရေကာတာကိစ္စမှာလည်း အခုလက်ရှိ သမ္မတကြီးဆိုသူက ဝန်ကြီးချုပ်ဘဝနဲ့ ပါဝင်လုပ်ကိုင်ခဲ့တာဟာပဲ။ အခုမှ သူက သူမပါသယောင်ယောင် မှားပါတယ်။ ဒီကိစ္စအတွက် သူတာဝန်ယူပါတယ်ဆိုပြီး တခုမှပြောဖော်မရဘူး။ အလကားနေရင် အမှတ်ပေးနေတဲ့လူက ပေးနေကြတာ။ အဲဒီလို အခြေအနေပါ။ ကျနော်တို့ တိုင်းပြည်က ပြည်ပနိုင်ငံတကာ နိုင်ငံကြီးတွေရဲ့ ကြားထဲဝင်လာတဲ့အတွက် တိုင်းပြည်ကြီးရဲ့ စည်းလုံးညီညွှတ်မှု၊ ပြည်သူလူထုရဲ့ သွေးစည်းညီညွှတ်မှု ပိုပြီးလိုအပ်လာပါတယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ ဒီနေရာမှာ ပြည်တွင်းကရော၊ နိုင်ငံတကာက မြင်တွေ့လိုတဲ့ကိစ္စတခု ရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စပါ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာအစိုးရက တကယ်တမ်း ထင်ရှားတဲ့ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပြီးလွှတ်ပေးဖို့ လက်တွန့်နေတယ်လို့ မြင်နေရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်အမြင်မှာတော့ စစ်အစိုးရဟာ အရင်က အစိုးရရော၊ အခုလူတွေဟာ အကျဉ်းသားတွေကို ဖမ်းဆီးနှိပ်စက်တာတင်မကဘဲ အကျဉ်းသားတွေကို နိုင်ငံတကာနဲ့ အပေးအယူလုပ်တဲ့ နေရာမှာ သူတို့ဘက်က အသုံးချလို့ရအောင် တစားခံ၊ ပြန်ပေးဆွဲထားသလို လုပ်တဲ့လက္ခဏာလို့ မြင်ပါတယ်။ တလျှောက်လုံးရှိခဲ့တယ်။ အဲဒီလိုပဲ ဆက်လုပ်နေတယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စပါ။ တိုင်းရင်းသားစုဖွဲ့တဲ့ UNSC လို့ အဖွဲ့မျိုးက တစုံလုံး ငြိမ်းချမ်းရေးကို တဖွဲ့တည်းနဲ့ ဆွေးနွေးလိုတယ် ပြောနေပေမယ့် အစိုးရကတော့ တဖွဲ့ချင်း ခွဲပြီး အပစ်ရပ်ဆိုတာမျိုး ဆွေးနွေးနေတာကို တွေ့ရပါတယ်။ ဟိုအရင်က ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်ကလည်း ဒီလိုပဲ အပစ်ရပ်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ အဲဒီတော့ အရင်ကထက် အခု ဘာများကွဲပြားခြားနားမှု ရှိပါသလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ တကယ်တမ်း ရောက်ပါမလား။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော် အလွယ်ဆုံးပြောရရင် တိုင်းပြည်ရဲ့ စီးပွားရေးတွေ အားလုံးဟာ စစ်အုပ်စု စစ်ဗိုလ်ချုပ်တွေနဲ့ အဲဒီ ငြိမ်းဆိုတဲ့ အဖွဲ့တွေက ရသွားကြတာပဲ။ အဲဒီလိုကနေ နောက်ပိုင်း မန္တလေးမြို့ထဲမှာ နယ်စပ်မှာရှိတဲ့ တရုတ်-ဗမာနယ်စပ်မှာရှိတဲ့ အထူးသဖြင့် ဗမာနယ်ထဲမှာရှိတဲ့အုပ်စုတွေပါ။ နဂိုက ဘိန်းနဲ့လုပ်နေတဲ့ တရုတ်တွေဝင်လာ။ အဲဒီလို ဖြစ်သွားတာပါ။ ဒီတခါ အပစ်ရပ်ရင်ကော ဘာဖြစ်အုန်းမလဲလို့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ တွေ့နေရတာပဲ။ ဒီတခါ အပစ်ရပ်ဖို့အတွက် ဦးသိန်းစိန်တို့က ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ စီးပွားရေးလုပ်ခွင့်ပေးတယ်ဆိုပြီး ပြောနေတာပါ။ အဲဒါတွေနဲ့ပဲ ချော့မြူးပြီးလုပ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင်က အတိအလင်း ကြေညာထားတဲ့အရာပါ။ အဲဒီတော့ အရင်တခါထက် မဆိုးပါစေနဲ့လိုပဲ ဆုတောင်းရမှာပါ။

ဦးစံမိုးဝေ ။ ။ အကျဉ်းသားအရေး တိုင်းရင်းသားအရေးပြီးတော့ နိုင်ငံရေးအကြောင်း မေးချင်ပါတယ်။ အခုဆိုလို့ရှိရင် NLD ပါတီက မှတ်ပုံတင်တော့မယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်။ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲကို ရောက်လာပြီဆိုရင် ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးထိထိရောက်ရောက်ဖြစ်အောင် တွန်းအားပေးနိုင်မယ်လို့ မယူဆနိုင်ဘူးလား။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ လွှတ်တော်ထဲမှာ ပြောဆိုနေကြတဲ့ အစိုးရအဖွဲ့အစည်းက မဟုတ်တဲ့လူတွေ။ အဲဒီလူတွေ ပြောဆိုနေတာထက် ပိုပြီးမပြောနိုင်ဘူးလို့ ထင်တယ်။ အဲဒီ ပိုပြီးတော့ ထိရောက်အောင် မပြောနိုင်ဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့က ပြောတာမိုလို့ နားထောင်တယ့်လူက ပိုစိတ်ဝင်စားကောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ထိရောက်မှု့၊ အကျိုးသက်ရောက်မှု့ကတော့ ဘာမှမထူးပါဘူးလို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ အမျိုးသားဒီမိုကရေစီပါတီ နောက်မှာ လူထုရှိတယ်လို့ မပြောနိုင်ဘူးလား။

ရဲဘော်ဖိုးသံချောင်း ။ ။ အခုထိတော့ လူထုပါတယ်လို့ ပြောလို့ မရသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ လူထုပါတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နည်းနည်းလေး ခပ်တန်တန်၊ ခပ်လှမ်းလှမ်းက ခွါပြီးတော့ ကြည့်တဲ့သဘောမျိုးလေးတွေပဲ မြင်နေရပါတယ်။ သူတို့ဝင်ပြီး ဦးဆောင်တာတို့ဘာတို့ မတွေ့ရသေးပါဘူး။ ဒါက သံဃာအရေးအခင်းက စလို့ပါ။ အခုလည်းပဲ သူတို့က သူတို့ပါတီဝင်တွေနဲ့ပဲ လှုပ်ရှားနေတာရှိတယ်။ ပြည်သူလူထုကြီးနဲ့ လှုပ်ရှားတာတော့ ကျနော်တော့ မမြင်မိသေးပါဘူး။ ဗမာပြည် ပြည်သူလူထုအနေနဲ့ ဒီလက်ရှိ အရေးတော်ပုံမှာ တက်တက်ကြွကြွ၊ နှိုးနှိုးကြားကြား ပါလာမှသာ ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံက အောင်မြင်မှာပါ။ ပြည်သူလူထုမပါတဲ့ အရေးတော်ပုံဟာ မအောင်မြင်နိုင်ပါဘူး။ အထူးသဖြင့် ဒီလို အင်မတန် အရေးကြီးတဲ့ အပြောင်းအလဲကြီးဆိုတာက ပြည်သူလူထုကိုယ်တိုင်က ပါဝင်လုပ်ဆောင်မှ ပြီးမှာပါ။ ကိုယ့်ဟာကိုယ် လုပ်ကြရမှာပါ။ အဲဒီအခါမှာ ပြည်သူလူထုကို ဘာမှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောပြပြီး ပြည်သူလူထုနဲ့အတူ အခြေအနေတွေကို ယှဉ်ပြိုင်ဖြေရှင်းကြတာဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ လူထုကြီးနဲ့ လှုပ်ရှားမှုဆိုတာ ဘယ်လိုဟာမျိုးလဲ။ ၁၉၈၈ အရေးတော်ပုံကြီးလို အဖြစ်အပျက်မျိုးကို ပြောတာလား။

ရဲဘော်ဖိုးသံချောင်း ။ ။ အဲဒါတခုတည်းတင် မဟုတ်ပါဘူး။ အဲဒါက ပြည်သူလူထုပါတာ သေခြာတာပေါ့။ ဒါပေမဲ့ ကိစ္စတွေကို ပြည်သူလူထုတွေဘက်ကို နည်းအမျိုးမျိုးနဲ့ ရောက်အောင်ပို့ပြီး ပြည်သူလူထုဆန္ဒကို ခံယူတာ။ လိုအပ်ရင် ပြည်သူလူထုပါ ဒီအရေးကိစ္စတွေမှာ ပါဝင်ပြောတာ။ ဥပမာ လှုပ်ရှားတာတွေ အဲဒီလို ဖြစ်ရမယ်။ ဗမာပြည် ပြည်သူလူထု ဒီနေ့ ရင်ဆိုင်နေရတဲ့ ရန်သူပဲဆိုကြပါစို့ ပြည်သူလူထု ရင်ဆိုင်နေရတာ သာမန်မဟုတ်ပါဘူး။ လက်နက်ကို ခြေဆုံးခေါင်းဆုံး တပ်ဆင်ထားပြီး။ ထစ်ခနဲဆို သတ်ပြနေတဲ့ အစိုးရ ဖြစ်ပါတယ်။ ထောင်တွေထဲမှာလည်း ရက်ရက်စက်စက် နှိပ်စက်နေတဲ့ အစိုးရဖြစ်ပါတယ်။ အဲဒီလို အစိုးရမျိုးကို ရင်ဆိုင်ဖို့ဆိုတာ ချော့တဲ့နည်းလည်း မရပါဘူး။

ဦးစံမိုးဝေ ။ ။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG