သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်သော မြန်မာပြည် ငြိမ်းချမ်းရေးအတွက်


စစ်မှန်သော မြန်မာပြည် ငြိမ်းချမ်းရေးအတွက်
စစ်မှန်သော မြန်မာပြည် ငြိမ်းချမ်းရေးအတွက်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာခင်က မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကေအန်ယူအဖွဲ့က ဗဒို စောဒေးဗစ်ထော နဲ့ မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူး နိုင်ဟန်သာတို့ကို ဦးစံမိုးဝေ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့လို့ခေါ်တဲ့ အဖွဲ့တဖွဲ့ကို လက်ရှိ မီးရထားဝန်ကြီး အရင် စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း ခေါင်းဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ လိုက်ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။ အဲဒီအထဲမှာ မြန်မာအစိုးရကို သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင် ဆင်နွှဲနေတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU – Karen National Union) နဲ့ NMSP (New Mon State Party) လို့ခေါ်တဲ့ မွန်ပြည်သစ်ပါတီတို့လည်း ပါဝင်ပါတယ်။ ကေအန်ယူ အဖွဲ့ဟာ အရင်ကလည်း အစိုးရအဆက်ဆက်နဲ့ အပစ်ရပ်ရေး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ဘူးပါတယ်။ သဘောတူညီမှုမရဘဲ တစိုက်မတ်မတ် လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အရင်က အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ အနေအထားနဲ့ အခု ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရဘက်ကအဖွဲ့တွေ ဘာများကွာခြားမှု ရှိပါသလဲ ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကေအန်ယူ ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုစောဒေးဗစ်ထော ကို မေးကြည့်တဲ့အခါမှာတော့

စောဒေးဗစ်ထော ။ ။ ဟိုအရင်တုန်းကတော့ ကကကြည်း နဲ့ ကက (လှမ်း) က တယောက်နဲ့တယောက်ကလည်း စောင့်ကြည့်နေတဲ့ အနေအထားရှိတယ်။ ကက (လှမ်း) ကတော့ တွေ့ဆုံဆွေးနွေးရေးကို အဓိကထား ဆွေးနွေးတယ်။ အခု ဆွေးနွေးပွဲမှာတော့ အခု အလွတ်သဘောအဆင့် ပြောနေတယ်။ ဒီအပိုင်းမှာတော့ ဗိုလ်ကြီး ဦးအောင်မင်း က သမ္မတဆီ တိုက်ရိုက်ပြောနိုင်တဲ့ အနေအထားရှိတော့ ဒီနှစ်ခုက နည်းနည်းကွာခြားတယ်လို့ ကျနော်ထင်မြင်တယ်။

ဦးစံမိုးဝေ ။ ။ ကေအန်ယူ နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တို့တွေ့တာ ဒီတကြိမ်နဲ့ဆို (၃) ကြိမ်ရှိသွားပြီးလို့ သိရပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲလို့ NMSP အဖွဲ့ အတွင်းရေးမှူး နိုင်ဟန်သာ မေးမြန်းကြည့်တဲ့အခါ။

နိုင်ဟန်သာ ။ ။ ပဏမာအဆင့်ပါ။ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ ဗဟိုအစိုးရ ကိုယ်စားလှယ်အဖွဲ့က အခုအကြိမ်မှ ပထမဆိုတော့ ပဏမာအဆင့်သဘောပါပဲ။

ဦးစံမိုးဝေ ။ ။ ဘာတွေများ ဆွေးနွေးခဲ့ပါသလဲ။ အခြေအနေက ဘယ်လိုရှိပါသလဲ။

နိုင်ဟန်သာ ။ ။ ဦးအောင်မင်း က တင်ပြတာက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအစီအစဉ်ကို သူပြောပြတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ အစီအစဉ်အရဆိုရင် သူက အဆင့် (၃) ဆင့်ခွဲထားတယ်။ ပထမအဆင့်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ - အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ တကယ်လို့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးရင် တဖတ်က ဆက်ဆံရေးရုံးလည်းဖွင့်မယ်။ နောက်ပြီးမှ တဦးနယ်မြေကို တဦးက ဝင်ထွက်သွားလာဖို့ လိုအပ်မယ်ဆိုရင် လက်နက်မပါဘဲ၊ အသိပေး ခွင့်တောင်းပြီးမှ ဖြတ်သန်းသွားလာလို့ရတယ်ဆိုတဲ့ အဆင့်မျိုး အဲဒီလို နားလည်းမှုမျိုး။ ဒါက ပထမအဆင့်။ နောက် အဲဒီအဆင့်မှာ ကျနော်တို့ နားလည်းမှုရပြီးရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့အဆင့်။ နိုင်ငံရေးအရ ဆွေးနွေးလို့ အဆင်ပြေရင် နောက်ဆုံးအဆင့်မှာ နေပြည်တော်မှာ ပင်လုံကဲ့သို့သော် ညီလာခံမျိုး။ ကျယ်ပြန့်တဲ့အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ညီလာခံမျိုးလုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းမယ်။ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးပြီးတော့မှ ဒီ ဥပဒေပြင်ဆင်နိုင်ဖို့ လွှတ်တော်ကို တင်မယ်ဆိုတဲ့ ပုံစံမျိုး။ အဲဒီလို ပုံစံမျိုးကို သူတို့တင်ပြတယ်။

ဦးစံမိုးဝေ ။ ။ ကေအန်ယူ နဲ့ ဆွေးနွေးတာ တတိယအကြိမ်တောင် ရှိပြီဆိုတော့ တော်တော် ခရီးရောက်နေပြီပေါ့။ အစိုးရဘက်က လိုလားချက်တွေကို သိရပြီလား။ ဥပမာ အရင်တုန်းကဆိုရင် အပစ်ရပ်မယ်။ လက်နက်စာရင်းတို့၊ အင်အားစာရင်းတို့ တင်ပြရမယ်ဆိုတာမျိုး အဲဒါမျိုးတွေပေါ့။

စောဒေးဗစ်ထော ။ ။ ဒီတောင်းဆိုချက်တွေတခုမှ ဆွေးနွေး၊ အလွတ်သဘော ဆွေးနွေးပွဲမှာတော့ မကြားရသေးဘူး။ အလွတ်သဘော ဆွေးနွေးပွဲနဲ့ တရားဝင်ဖိတ်ကြားတဲ့အခါမှာ တွေ့ရတာက အပစ်ရပ်ဖို့၊ ဆက်သွယ်ရေးရုံးတွေဖွင့်ဖို့၊ လက်နက်မပါဘဲ သွားကြတဲ့အခါ အကြောင်းကြားကြဖို့ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် (၃) ခုကိုတော့ ဖော်ပြထားတာရှိတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ သူတို့ဘက်မှာလည်း ရှိမယ်လို့ အောက်မေ့ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် တယောက်နဲ့တယောက် ပဋိပက္ခနဲ့ ရင်းနှီးလာခဲ့တဲ့အနေအထားမှာ နေချင်းညချင်းတော့ ဘယ်ပျောက်သွားမလဲ။ ဒါပေမဲ့ ဒီဟာကို ကျနော်တို့ တည်ဆောက်ကြရမယ်။ တကယ် တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေ့ရှုကြရပြီဆိုရင် နှစ်ဘက်စလုံးက စိတ်ရှည်ဖို့၊ သည်းခံဖို့၊ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ အဲဒါတွေကတော့ အထူးလိုအပ်မယ်လို့ ထင်ပါတယ်။

ဦးစံမိုးဝေ ။ ။ ဒါကတော့ ပဒို စောဒေးဗစ်ထော ပြောသွားတာပါ။ သမ္မတရဲ့ ကိုယ်စားလှယ်အဖွဲ့အပေါ် ဘယ်လောက် ယုံကြည်မှု ရှိပါသလဲ။ ဒီနေရာမှာ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အနေအထားက သမ္မတ က အပစ်ရပ်ဖို့ တပ်ကို အမိန့်ညွှန်ကြားထားတယ်ဆိုပေမယ့် လက်အောက်ခံတပ်တွေက ဆက်လိုက်တိုက်နေတယ့် အချက်ပါ။ NMSP အတွင်းရေးမှူး နိုင်ဟန်သာ က အခုလို ပြောပါတယ်။

နိုင်ဟန်သာ ။ ။ ပြောဖို့တော့ခက်တယ်။ ကျနော်တို့လည်း အပြည့်အဝ ယုံကြည်တယ်ဆိုတဲ့အဆင့်မျိုးလည်း မဟုတ်ပါဘူး။ ကျနော်တို့လည်း ထောက်ပြတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ရင် ကေအိုင်အိုဘက်မှာ ထိုးစစ်ဆင်နေတယ့်ဟာကို ရပ်တန့်လိုက်ရင် ဒါက ဆွေးနွေးမှုဘက်မှာ ပိုမြန်ဆန်မယ်။ ပိုပြီးတော့ ယုံကြည်မှုရှိမယ်။ တကယ်လို့ တိုက်ပွဲတွေဖြစ်နေရင် တဖက်နဲ့တဖက် မာနတွေ၊ ဒေါသတွေ၊ မောဟတွေ ဒါတွေဖုံးလွှမ်းနေမယ်ဆိုရင် ဆွေးနွေးရတာ အဆင်ပြေဖို့ခက်မယ်လို့ ကျနော်တို့က အဲဒီလိုပြောတယ်။ ကျနော်တို့ တင်ပြတာက အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် စစ်ဖြစ်နေတဲ့ဒေသအားလုံး သဘောကတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသအားလုံးမှာ တချိန်တည်း အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ လိုတယ်။ အဲဒီလို မဟုတ်ရင် တချို့အဖွဲ့ကို အပစ်ရပ်ထားပြီး တချို့အဖွဲ့ကို ဖိတိုက်နေရင် ဒါက မဖြစ်သင့်ဘူး။ အဲဒီလို အနေအထားမျိုးဆိုရင်လည်း ကျနော်တို့လည်း လက်ခံဖို့မလွယ်ဘူးလို့ အဲဒီလိုပြောတယ်။

ဦးစံမိုးဝေ ။ ။ ပဒို စောဒေးဗစ်ထောရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

စောဒေးဗစ်ထော ။ ။ ဒီနေရာမှာတော့ ကျနော်မြင်တာကို ပြောရမယ်ဆိုရင် ယုံကြည်စိတ်ချမှုကိုတော့ အလုပ်နဲ့ပဲ သက်သေပြရမှာပေါ့။ နှစ်ဖက်နှစ်ဦး နားလည်းမှုရှိမှသာလျှင် ဒီဟာက အကောင်အထည်ဖော်မယ်။ လက်ဖဝါးကတော့ တဘက်တည်း တီးလို့ မမြည်းဘူးလို့ အဲဒီလိုပဲ သဘောပေါက်တယ်။ ကချင်ဘက်မှာ ဖြစ်နေတယ့် တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ကျနော်တို့လည်း လက်လှမ်းတော့ မမှီဘူး။ ဒါပေမဲ့ တိုက်ပွဲရဲ့ ဖြစ်စဉ်တွေကိုတော့ ကြားသိရတယ်။ သမ္မတကြီးကလည်း ညွှန်ကြားတယ်။ နောက် တပ်ဘက်ကလည်း အောက်ခြေတွေကို ညွှန်ကြားတယ်။ ထိတွေ့မှုဖြစ်တဲ့အပိုင်းမှာ တုန့်ခနဲရပ်သွားတဲ့ဟာမျိုးကတော့ ကျနော်ထင်တယ် နည်းနည်းတော့ အခက်အခဲများ ရှိမှာကိုတော့ မပြောတတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်စဉ်တွေ ဖြစ်နေတာကလည်း အရှိန်က ကောင်းနေတဲ့အခြေအနေဆိုတော့ ဒီအပိုင်းမှာ သူလွန်တယ် ကိုယ်မှားတယ်ဆိုတဲ့ အနေအထားကတော့ တယောက်နဲ့တယောက်ကတော့ စွဲပြီးတော့ ပြောကြမယ်၊ ဆိုကြမယ်ဆိုရင်တော့ ကျနော်တို့အချင်းချင်း လိုတဲ့နေရာကို ရောက်မှာမဟုတ်ဘူးလို့ အောက်မေ့ပါတယ်။

ဦးစံမိုးဝေ ။ ။ အပစ်ရပ်ဖို့အတွက် သဘောတူညီမှုရဖို့ ကေအန်ယူ ဘက်က လိုအပ်ချက်တွေက ဘာတွေပါလဲ။

စောဒေးဗစ်ထော ။ ။ လောလောဆယ်ကတော့ အပစ်ရပ်ဖို့ကတော့ အမှန်တကယ် ပြောမယ်ဆိုရင် နှစ်ဦးနှစ်ဖက် စောင့်ထိန်းရမယ့် စည်းကမ်းချက်ကလေးတွေကို ကျနော်တို့က တင်ပြချင်တာပေါ့။ ဆိုတော့ အဲဒါကို ကျနော်တို့ တပ်မဟာခရိုင်းတွေမှာရှိတဲ့ ခေါင်းဆောင်တွေကတဆင့် သူတို့အနေနဲ့ ဘယ်ဟာကို တောင်းဆိုချင်သလဲ။ ဘယ်ဟာတွေကို စိုးရိမ်မှု ရှိသလဲ ဆိုတဲ့ဟာကို ကျနော်တို့ သိတဲ့အခါမှ ဒီဟာကို တဘက်ကို တင်ပြချင်တာ ဖြစ်ပါတယ်။ အကြမ်းမျဉ်းပြောရင်တော့ အပစ်အခတ် ရပ်စဲရေးကတော့ စစ်တပ်ကတော့ အဓိကပဲ။ စစ်တပ်မှာကတော့ (၁) စစ်တပ်တွေကို ညွှန်ကြားနိုင်တဲ့ တပ်မှူးတွေပါဝင်ပြီး သိရှိမှသာလျှင် ခိုင်မာမယ်ဆိုတဲ့ သေဘောလေးက အခြေခံကြပါတယ်။ နောက်ပိုင်းတော့ တပ်တွေက သူတို့လိုက်နာရမယ့် စည်းကမ်းချက်တွေကတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းကြရမှာပေါ။

ဦးစံမိုးဝေ ။ ။ ဒီနေရာမှာ KNU နဲ့ NMSP ပါဝင်တဲ့ UNFC ဆိုတဲ့အဖွဲ့ ရှိပါတယ်။ အစက ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် တဖွဲ့စီခွဲပြီး မဆွေးနွေးဘဲနဲ့ UNFC တဖွဲ့တည်းနဲ့ပဲ ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ အခု အဲဒီမူကို စွန့်လွှတ်လိုက်ပြီလား။

နိုင်ဟန်သာ ။ ။ ဒါကိုလည်း ကျနော်တို့ပြောပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကြရင် ဒါက UNFC နဲ့ ဆွေးနွေးဖို့ UNFC ထက် ပိုပြီးတော့ ကောင်းတာက လက်နက်ကိုင်တိုင်းရင်းသားတွေအားလုံး စုပြီးတော့ ဆွေးနွေးတဲ့ပုံစံမျိုး။ ဒါက ဖြစ်သင့်တယ်။ ဒါက ပိုကောင်းမယ်လို့ ကျနော်က အဲဒီလိုပြောတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေမှာ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု ဘာသာရပ်မှာ မတူကြပေမယ့်၊ နောက် အခြေခံ ဒေသတွေ မတူကြပေမယ့် ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဦးတည်ချက်တွေက အတူတူပါပဲလို့ ကျနော်တို့က အဲဒီလိုပြောတယ်။ ကျနော်တို့က စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားတန်တူရေး၊ ပြည်နယ်တွေမှာ သူ့ဆိုင်ရာဆိုင်ရာ သူ့နဲ့ သင့်တော်တယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး အဲဒီအပေါ်မှာ အားလုံး အမြင်တွေ၊ ခံယူချက်တွေ တူညီကြပါတယ်လို့ ကျနော်တို့က အဲဒီလိုပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လောက်ဖြေရှင်းနိုင်မလဲ။ ဘယ်လောက် အပေးအယူ လုပ်နိုင်မလဲ။ အဲဒါတွေ နားလည်းပြီးပြတ်ရင် ကျန်တယ်ဟာတွေက သေးသေးမွှားမွှားတွေပဲ အဲဒါတွေ အားလုံးလွယ်ပါတယ်လို့ ကျနော်က အဲဒီလိုပြောပါတယ်။

ဦးစံမိုးဝေ ။ ။ အဲဒီလိုပြောတော့ ဘာပြန်ပြောပါသလဲ။

နိုင်ဟန်သာ ။ ။ သူတို့ကတော့ အတိအကျတော့ အဲဒါကို မပြောသေးပါဘူး။ ငြင်းပယ်တယ်လို့လည်း မပြောဘူး။ ဒါပေမဲ့ သူတို့ဘက်က တင်ပြတာက လူမျိုးတမျိုးနဲ့တမျိုး အကျင့်စရိတ်မတူဘူး။ လိုလားမှုတွေ မတူဘူး အဲဒါတွေကိုတော့ အထိုက်အလျောက် သူတို့ပြောပါတယ်။

ဦးစံမိုဝေ ။ ။ ဗဒို စောဒေးဗစ်ထော ကလည်း အခုလိုပြောပါတယ်။

စောဒေးဗစ်ထော ။ ။ ကျနော်တို့ ဒီအပစ်အခတ် ရပ်စဲရေးက အဖွဲ့အစည်းတခုတည်းကို ကြည့်ပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်တာမဟုတ်ပါဘူး။ တတိုင်းပြည်လုံး အတိုင်းအတားနဲ့ ငြိမ်းချမ်းစေချင်တဲ့အတွက်ကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကို လုပ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အပိုင်းမှာလည်း ကရင်ပြည်နယ်မှာဖြစ်ဖြစ်၊ တခြားပြည်နယ်များပဲဖြစ်ဖြစ် နောက်ကျန်ကျခဲ့တဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ဘဝကို ပြန်လည်ရှင်သန်လာအောင် နောက်ပြီးတော့ ပြန်ပြီးတော့ စီးပွားရေးအရပဲဖြစ်ဖြစ် ပြန်လည်ထူထောင်နိုင်အောင် ကျနော်တို့ ရည်မှန်းပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေကရှိတဲ့ ပြည်သူတွေအတွက် အကျိုးရှိဖို့လည်း ရည်ရွယ်ပါတယ်။ အဖွဲ့အစည်းတခုကောင်းစားရေး၊ လူတဦးတယောက် ကောင်းစားရေးကို မရည်ရွယ်ပါဘူး။

ဦးစံမိုးဝေ ။ ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင်လို့ ပြည်သူလူထုဘက်ကလည်း တောင်းဆိုဖိအားပေးကြဖို့ နိုင်ဟန်သာ က ပြောပါတယ်။

နိုင်ဟန်သာ ။ ။ ကျနော်တို့ ပြည်တွင်းကိစ္စပေါ့ နိုင်ငံမှာ လူနေမှုအဆင့်အတန်း နှိမ့်ကျနေရတယ်။ လူ့အခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ကျနော်တို့ နိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံထက် အများကြီး ခေတ်နောက်ကျနေတယ်။ နောက် လူထုတွေအများကြီး စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေကြတယ်ဆိုတာတွေကို ပြည်သူအားလုံး သိပြီးသာဖြစ်တယ်။ အဲဒီလို စစ်ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေက ပိုပြီးခံရတယ်။ ဒါပေမဲ့ ဗမာလူထုတွေလည်း လူနေမှုအဆင့်အတန်း နှိမ့်ကျတာတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးတာတွေအားလုံး ခံရပါတယ်။ သဘောကတော့ ကျနော်တို့အချင်းချင်း ဒီတလှေထဲမှာ နိုင်ငံတခုထဲမှာ အတူတူနေကြတဲ့ လူမျိုးတွေဟာ အချင်းချင်း မတည်ကြလို့ တိုက်ခိုက်နေကြလို့ အားလုံးက ဒုက္ခဖြစ်နေရတယ်။ အဲဒါကို ကျနော်တို့ နားလည်းမှုရအောင် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ အခုဆို နှစ် (၆၀) ကျော်နေပြီ။ နားလည်းမှုလည်း မရနိုင်ဘူး။ ပြီးဆုံးနိုင်တဲ့ အလားအလာလည်း မရှိဘူး။ အဲဒါကြောင့် ဒီကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ လူထုအနေနဲ့လည်း ဒါကို အားပေးစေချင်တယ်။ တွန်းအားပေးစေချင်တယ်။ အဲဒီလို လူထုတွေကပါ တောင်းဆိုလာရင် ဒါကို အစိုးရအနေနဲ့ အလေးထားပြီး နားလည်းမှု ပိုမြန်ဆန်အောင် တည်ဆောက်သွားနိုင်တဲ့ အလားအလာ ပိုရှိမယ်လို့ ကျနော်က အဲဒီလို ပြောလိုပါတယ်။ အဲဒါကြောင့် ဒီကိစ္စမှာ ပြည်သူလူထုရဲ့ အကျိုးအတွက် ပြည်သူလူထုတွေ အားပေးကြပါလို့ ကျနော်က အဲဒီလို ပြောချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်က မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကေအန်ယူအဖွဲ့က ဗဒို စောဒေးဗစ်ထော နဲ့ မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူး နိုင်ဟန်သာတို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG