သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန်အဖွဲ့များ၏ အနာဂတ်ခရီး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၂၀၁၂ ဟာ ပြည်ပမှာရှိနေတဲ့ အဖွဲ့အစည်းပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံ ပြည်တော်ပြန်တဲ့နှစ်လို့ ပြောလို့ရနိုင်တဲ့နှစ် ဖြစ်ပါတယ်။ အခုလောလောဆယ်ဆိုရင်ပဲ မြန်မာနိုင်ငံမှာ ABSDF (All Burma

Students' Democratic Front) ကျောင်းသားတပ်မတော်အဖွဲ့အစည်းနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ပြည်တွင်းမှာရှိနေခဲ့တဲ့ ၈၈

မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတူတွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်ပင်နေတယ်လို့လည်း ကြားသိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံ

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်းပါးများ ရေးနေတဲ့ ဦးဇော်မင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။ ဦးဇော်မင်းဟာ တချိန်က ABSDF အပါအဝင်၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာကတော့ တဖွဲ့နဲ့တဖွဲ့ ကျန်တဲ့ကိစ္စမှာ ရည်ရွယ်ချက်ခြင်း မတူဘူးလို့ထင်တယ်။ ဥပမာအားဖြင့် ကျောင်းသားတပ်မတော်လို့ခေါ်တဲ့ ABSDF ပြန်တဲ့ကိစ္စက သူတို့က နောင်အနာဂတ်မှာ ABSDF က လက်နက်ကအဖွဲ့ကနေ

ဘယ်လိုအခန်းကဏ္ဍနဲ့ဆက်ပြီး တိုင်းပြည်မှာပြန်လည်ရပ်တည်လှုပ်ရှားရမလဲဆိုတာကို လေ့လာတဲ့သဘော။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ သူတို့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုင်းပြည်အတွင်းမှာ

ပြန်လည်ရပ်တည်ရေးအတွက် သူတို့က လေ့လာတဲ့အနေနဲ့သွားတာဆိုတော့ အဲဒါကတော့ မတူဘူးလို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါဆိုလို့ရှိရင် တဖွဲ့ချင်းအကြောင်းစီကိုပဲ ပြန်ပြီးပြောရအောင်။ လက်နက်ကိုင်ကျောင်းသားအဖွဲ့အနေနဲ့က ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းပြီးရှိခဲ့တာ။ အခုလောလောဆယ်နောက်ပိုင်းမှာ ဗမာပြည်ထဲမှာ ဒီမိုကရေစီရေး

ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပြီ။ နောက်ပြီးတော့ နိုင်ငံရေးအရလည်း ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ပြည်တွင်းမှာ တရားဝင်အားဖြင့် လုပ်ငန်းကိုင်ငန်းတွေ ဆောင်ရွက်ဖို့ အခွင့်အရေးတွေ ရလာပြီဆိုလို့ရှိရင် ABSDF ရဲ့ အခန်းကဏ္ဍက

နယ်စပ်နေရာမှာ ကျန်ပါအုံးမလား။ သူတို့ရဲ့ ရွေးစရာလမ်းက တစ်ခုတည်းသောအနေနဲ့က နိုင်ငံရေးကိုလုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခုအနေနဲ့ ဇောက်ချလုပ်သွားဖို့ မဟုတ်ဘူးလား။

ဦးဇော်မင်း ။ ။ ABSDF အနေနဲ့ အခုလောလောဆယ် ကျနော်မြင်တာက နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းဖို့ဆိုတာကတော့ နည်းနည်းခက်ခဲလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း (၂၀) ကျော်က

လက်နက်ကိုင်အဖွဲ့အစည်းအတိုင်း ဖွဲ့စည်းခဲ့တယ်။ လက်နက်ကိုင်အဖွဲ့အစည်းအတိုင်း အလုပ်တွေလုပ်ခဲ့ကြတာ။ ဆိုတော့ လုပ်ထားတဲ့ယန္တရားတွေက။ အဲဒီတော့ အခုအချိန်မှာ ချက်ချင်းပြန်ပြီး နိုင်ငံရေးပါတီ ထောင်ခွင့်ရမယ်ဆိုတောင်

နိုင်ငံရေးပါတီထောင်ဖို့ဆိုတာ တော်တော်မလွယ်သေးဘူးလို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်လည်း ပြည်တွင်းမှာ ရောက်ရှိနေကြတဲ့ ABSDF ခေါင်းဆောင်တွေရဲ့ ထောက်ပြချက်တွေအရဆိုလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိမှုကို သူတို့ ဦးတည်နေတယ်ပေါ့။ အဲဒီလို

တနိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲမှုတွေ ငြိမ်းချမ်းရေးတွေ မရသေးဘူးဆိုလို့ရှိရင် ABSDF အနေနဲ့လည်း အပြင်ဘက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တတပ်တအားအနေနဲ့ ဆက်ရှိနေအုံးမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီတော့ သဘောကတော့

ABSDF က သူတို့တဖွဲ့အနေနဲ့ မဟုတ်ဘဲနဲ့ ကျန်တဲ့ဒေသတွေရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုပါ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေတဲ့သဘော ရှိနေတယ်လေ။

ဦးဇော်မင်း ။ ။ ကျနော်ထင်တယ် ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးကို ကိုယ်စားပြုမယ့် အနေအထားဆိုတာတော့ ကျနော်တို့ အဆင့်တွေအများကြီး ရှိတယ်လို့ မြင်ပါတယ်။ ABSDF တခုတည်းအနေနဲ့ ဗမာတနိုင်ငံလုံးကို သူတို့တဖွဲ့တည်းနဲ့

တယောက်တည်း ကိုယ်စားပြုဖို့ဆိုတာတော့ မလွယ်ဘူး။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကျနော်တို့လည်း တချိန်က ဒီၤ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့တယ့် ရဲဘော်တွေပဲလေ။ အခုကိစ္စက ဖွဲ့ဖွဲ့ခြင်းမှာ အဆင်မပြေတဲ့အခါကြတော့

ကေအိုင်အေနဲ့အတူ၊ မြောက်ပိုင်းမှာရှိတဲ့ ABSDF တွေ တွဲတိုက်နေတာပဲ။ ဒါက လက်ရှိပကတိ အခြေအနေပဲ။ ဆိုတော့ အခု ABSDF က ဗဟိုက ဘာပဲပြောပြော ကရင့်နယ်မြေထဲမှာ အခြေချတာကို။ ဘာပဲပြောပြော ရှေ့လျှောက်

ငြိမ်းချမ်းရေးကိစ္စတွေ လုပ်တော့မယ်ဆိုရင် မဟာမိတ်ဖြစ်တဲ့ ကရင်၊ ကေအိုင်ယူ ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ရမယ်။ ကျန်တဲ့ နီးစပ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ပြီးတော့ ညှိနှိုင်းလုပ်ရမယ်လို့တော့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးဇော်မင်း ပြောတဲ့အထဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ ပြည်တွင်းမှာ အစောပိုင်းကလည်း ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် သွားတယ်။ အခုနောက်ပိုင်း ဦးငွေလင်း နဲ့ ပါတီက

အဖွဲ့ခေါင်းဆောင် လူကြီးပိုင်း ပြည်တွင်းမှာ ဆွေးနွေးနေကြတယ်။ ဆွေးနွေးတဲ့ အဓိကအကြောင်းအရာကတော့ ပြည်တွင်းမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တရားဝင် ပြန်လည်ထူထောင်ရေးနဲ့ တရားဝင်လုပ်ငန်းတွေ ပြန်လုပ်ဖို့ဆိုတာကို

ကျနော်တို့ ကြားရပါတယ်။ အဲဒီ အလားအလာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဦးတည်တဲ့ ခြေလှမ်းလို့ ပြောလို့ရမလား။

ဦးဇော်မင်း ။ ။ အဲဒီလောက်ကြီးတော့ မဖြစ်နိုင်သေးဘူး။ ၂၀၁၅ အတွက်ဆိုရင် ဥပမာအားဖြင့် လူ့ဘောင်သစ်က အပြင်ရောက်နေတာ သက်ဆိုင်ရာခေါင်းဆောင်တွေ အပြင်ရောက်နေတာ နှစ်ပေါင်းအတော်ကြာပြီ။ အဲဒီတော့ ဘာပဲပြောပြော

ကျနော်တို့ ၂၀၀၈ Constitution ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြုပြင်နိုင်သေးဘူးဆိုရင် အခုမှသွားပြီး မြန်မာပြည်ထဲသွားပြီး ရွေးကောက်ပွဲ ၂၀၁၅ ဝင်ဖို့ဆိုတာတော့ ဖြစ်တယ်။ အနည်းဆုံး ၅ နှစ်တော့ မြန်မာပြည်ထဲမှာ တဆက်တည်းနေခဲ့ရမယ်ဆိုတဲ့

အထောက်အထားပြဖို့ လိုတယ်။ အကုန်လုံးတော်တော်များများက ပြည်ပမှာ အခြေစိုက်တယ်ဆိုတော့ အခု ၂၀၁၂ ရှိပြီဆိုတော့ ၂၀၁၅ မှာ အမီ မှတ်ပုံတင်၊ ရွေးကောက်ပွဲ လုပ်ကြမယ်ဆိုရင်တော့ မြန်မာပြည်ထဲမှာ ငါးနှစ် တဆက်တိုက်

နေခဲ့တယ်ဆိုတာကို သက်သေပြဖို့ လိုတယ်ဆိုတော့ လောလောဆယ်အားဖြင့်တော့ ဒီဟာက ခက်ခဲသေးတယ်လို့ ကျနော်မြင်တယ်။ အဓိကတော့ ကျနော် မြင်တာကတော့ လူ့ဘောင်သစ်အနေနဲ့ ဒါကို လုပ်ဖို့ဆန္ဒရှိတယ်ဆိုတာကိုတော့

ကျနော်တို့က ယေဘုယျ သုံးသပ်မိသလောက်တော့ ဒီလို ပါတီထောင်ဖို့အတွက်၊ ပါတီပြန်လည် ထူထောင်ဖို့အတွက် ခွင့်ပြုချက်ကို စောင့်နေတဲ့ကာလအတွင်းမှာ တိုင်းပြည်အတွင်းမှာ လူထုကြားထဲမှာ လိုအပ်တဲ့ သင်တန်းတွေဘာတွေ -

သင်တန်းတွေလုပ်ဖို့အတွက် ပိုပြီးတော့ အလားအလာ များမလာလို့ အဲဒီလို မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လူ့ဘောင်သစ်ပါတီက ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေတုန်းကတော့ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးပါတီအနေနဲ့ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပါတီလည်း တရားဝင်မဟုတ်တဲ့အခါ၊

နောင်နှစ်ပေါင်းတော်တော်ကြာသွားတဲ့အခါကြတော့ ပြည်တွင်းမှာ အခုလောလောဆယ်အားဖြင့် စည်းရုံးရေးအနေအထားအရတော့ ဘယ်လောက်အထိ ရှိနိုင်မလဲ။

ဦးဇော်မင်း ။ ။ ဘယ်လောက်အထိ ရှိနိုင်မလဲဆိုရင် တခုတော့ရှိပါတယ် ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြန်ကြည့်မယ်ဆိုရင် လူ့ဘောင်သစ်ထဲမှာ တချိန်က အသက်အငယ်ဆုံးလူတွေတောင် အခု ၄၅၊ ၄၆၊ ၄၇ အရွယ်တွေ ဖြစ်ကုန်ပြီ။ ဆိုတော့

နောက်ထပ် ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် ပါတီအသက် တဆက်တည်းကို တရားဝင်ပါတီ တည်ရှိခဲ့တာ မဟုတ်တော့ မျိုးဆက်အရလည်း နောက်ထပ်မျိုးဆက်သစ် လူငယ်တွေ မရှိဘူးလေ။ ဆိုတော့ ကျနော်တို့အားလုံးက

တစုံတရာအားဖြင့်တော့ အရွယ်အားဖြင့် လွန်စပြုလာပြီးပေါ့။ လူငယ်တွေက နည်းလာပြီဆိုတော့ အများစုကတော့ ငါးဆယ်တန်းတွေ ဖြစ်လာပြီပေါ့။ ဆိုတော့ အဲဒီအခါကြတော့ လူ့ဘောင်သစ်ပါတီကို ပြန်ပြီးတော့ သွေးသစ်လောင်းဖို့ အင်အားသစ်

ထပ်လောင်းဖို့ဆိုတာ နောက်က လူငယ်မျိုးဆက်၊ ခေတ်ပညာတတ် မျိုးဆက်လူငယ်တွေ လိုပါတယ်။ အဲဒါတွေ မပါဘဲနဲ့ ကျနော်တို့ အရင်မျိုးဆက် ၁၉၈၈ က မျိုးဆက်ကလူ၊ ရဲဘော်ဟောင်းတွေသက်သက်နဲ့ သွားရင်တော့

အဆင်ပြေလိမ့်မယ်လို့တော့ ကျနော်မထင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲအခြေအနေကို ဦးတည်နေတဲ့ အနေအထားကို သုံးသပ်ရမယ်ဆိုရင်ကြတော့ လောလောဆယ်အားဖြင့် ပြည်ပမှာရှိနေတဲ့ အဖွဲ့အစည်းတွေ။ နောက်ပြီးတော့

ပြည်တွင်းမှာလည်း တော်တော်များများ နိုင်ငံရေးအရ အင်အားစုတွေက သီးခြားပါတီတွေ ထူထောင်ကြလာတယ်။ ထူထောင်ကြမယ့် အနေအထားတွေလည်း မြင်နေရတယ်။ အခု လူ့ဘောင်သစ်ပါတီ အပါအဝင်ပေါ့။ ပြည်တွင်းကို ဝင်သွားတဲ့လူတွေ

အပါအဝင်ပေါ့။ အဲဒီအခါကြတော့ ၂၀၁၅ ခုနှစ်မှာ အရင်တုန်းက ၁၉၉၀ ပြည့်နှစ်တုန်းကလို ပါတီတွေ အများကြီးနဲ့ ဖြစ်လာမယ့် အနေအထားမျိုး တွေ့ရနိုင်သလား။ ကျနော်တို့အနေနဲ့ diversity အဖွဲ့အစည်းပေါင်းစုံ၊ အမျိုးအစားပေါင်းစုံ

ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့လည်း ဒါတွေဟာ အတိုက်အခံထဲမှာ ကွဲပြားသွားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးဆီကို ဦးတည်မသွားနိုင်ဘူးလား။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာကတော့ ဒီလို ရှိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်လည်း အထဲမှာရှိပါတယ်။ မဲလည်း ထည့်ခဲ့တယ်။ ကျနော်တို့က အဲဒီခေတ်တုန်းက လူ့ဘောင်သစ်တွေပါ။ သို့သော် ကျနော်တို့ဟာ NLD

နိုင်ရေးအတွက်ပဲ လူ့ဘောင်သစ်ပါတီက လုပ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက။ ပြန်ပြီးပြောမယ်ဆိုရင် အခု ၂၀၁၅ မှာ နိုင်ငံရေးပါတီတွေ ပေါ်ကောင်းပေါ်လာနိုင်တယ်။ တော်တော်များများ။ ဒါပေမဲ့ ၁၉၉၀ လောက်တော့ များချင်မှများမယ်။

ဒါပေမဲ့ ပေါ်လာမှာတော့ သေချာတယ်။ ဒါပေမဲ့ ၂၀၁၅ မှာပဲ ကျနော်ထင်တယ် အဓိကတော့ လူထုကတော့ ကျနော့် အယူအဆရပြောရရင် NLD ကိုပဲ ဆက်ပြီး မဲထည့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀

တုန်းကလည်း NLD ကို မဲထည့်တဲ့ကိစ္စက NLD ကို မဲကွဲပြီးတော့ မဲပျက်ပြီးတော့ အင်အားနည်းသွားမှာဆိုလို့ လူထုက တမင်ကို နိုင်ငံရေးအပြောင်းအလဲကို ကြီးကြီးမားမား ဦးဆောင်ပေးနိုင်တဲ့ NLD ကို တစုတဝေးတည်း မဲထည့်ခဲ့ကြတာပါ။

အလားတူ အခြေအနေမျိုး ကျနော်တို့ ဆက်ပြီး တွေ့ရအုံးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ ကျနော်တို့က ရှေ့လာမယ့် ၂ နှစ်တာကာလကို ကြိုတင်ပြီး မှန်းဆပြောနေကြတာပေါ့။ ဒါပေမဲ့လဲ အခြေအနေက အခုအချိန်မှာတောင် ရေရေရာရာ မရှိသေးတဲ့ အနေအထားတွေ တွေ့ရပါတယ်။

အထူးသဖြင့် ပြည်တွင်းမှာ ရှိနေတဲ့ လှုပ်ရှားမှုတွေထဲမှာ ဒုတိယ အင်အားအကြီးဆုံး။ ဒါမှမဟုတ် အင်အားအကြီးဆုံးလို့တောင် ပြောလို့ရနိုင်တဲ့ ၈၈ မျိုးဆက်အဖွဲ့တွေရဲ့ လုပ်ငန်းနဲ့ ရည်ရွယ်ချက်တွေကလည်း အခုအချိန်မှာ သိပ်ရှင်းရှင်းလင်းလင်း

မရှိသေးဘူး။ အထူးသဖြင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီးတော့ အန်ဂျီအို လူ့မှုရေးလုပ်ငန်းတွေပဲ လုပ်မယ့်သဘော ရှိနေသလား။ နိုင်ငံရေးပါတီ ထောင်ကြမလားဆိုတာလဲ ဘယ်သူမှ မသိနိုင်သေးဘူး။ သတင်းမျိုးစုံ ထွက်နေတယ်။ ဒီကြားထဲမှာမှ

၁၉၈၈ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ABSDF အဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့တွေ ပြည်တွင်းကို ပြန်လာတယ်။ အခုဆိုလို့ရှိရင် အဖွဲ့တွေအားလုံး ပြန်လည်ဆုံဆည်းပြီးတော့ မြန်မာ့နိုင်ငံရေးမှာ

အတူတူပေါင်းလုပ်ကြမယ်ဆိုတဲ့ အသံတွေလည်း ပြန်ထွက်လာတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဦးဇော်မင်းအနေနဲ့ ဘယ်လိုသုံးသပ်သလဲ။

ဦးဇော်မင်း ။ ။ ပေါင်းလုပ်တယ်ဆိုတာကိုတော့ ကျနော်မြင်တယ် အခြေခံအားဖြင့် နှစ်မျိုးမြင်ပါတယ်။ ပေါင်းလုပ်တယ်ဆိုတာက အဖွဲ့အစည်းတခု နံမည်အောက်မှာ ဝိုင်းဝန်းပြီး၊ စုပေါင်းပြီးတော့ တရားဝင် ဝင်လုပ်တာမျိုး။ နောက်တခုက ကိုယ့်သီးခြားလက္ခဏာနဲ့ ကိုယ့်အဖွဲ့နဲ့ကိုယ် တူတဲ့အလုပ်တွေမှာ ပေါင်းလုပ်တာ။ ဒါမျိုးတွေကလည်း တည်ရှိနေတာ။ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်လုပ်သွားမယ်ဆိုတာကတော့ ကျနော်လည်း ခန့်မှန်းရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးမြန်းကြည့်တော့ တချို့က လူမှုရေးကိစ္စ အားသန်တယ်။ တချို့ကလည်း နိုင်င့ရေးကိစ္စ အားသန်တယ်ဆိုတဲ့ဟာမျိုး အမျိုးမျိုး ရှိပါတယ်။ ဆိုတော့ လာမယ့် ၂၀၁၅ ကာလမှာ ပြီးခဲ့တဲ့ အခု ပြီးခဲ့တဲ့ ရှစ်လေးလုံးမျိုးဆက်လို့ ပြောရမယ့်လူတွေက ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ကျနော်တို့လည်း စောင့်ကြည့်နေတယ့် သဘောရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ လွန်ခဲ့တဲ့ လအနည်းတုန်းက ပြည်မမှာရှိတဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ ပြည်တွင်းကို ပြန်ဝင်သွားတဲ့အချိန်တုန်းက ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက်အဖွဲ့တွေက ကြိုဆိုမှုကိစ္စမှာ နွေးနွေးထွေးထွေး သိပ်မရှိခဲ့ဘူးလို့ ဝေဖန်သံတွေ ရှိခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဦးဇော်မင်းကိုယ်တိုင်ကလည်း အပြင်ကကောင်တွေနဲ့ အတွင်းကကောင်တွေဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့တယ်ဆိုတာကို ကျနော် မှတ်မိပါတယ်။ အဲဒီတော့ ဒီအတွင်းနဲ့အပြင် ကွဲလွဲချက်တွေက အခုအချိန်မှာ ဘယ်လောက်အထိ ကြီးမားနေသလဲ။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာက နိုင်ငံရေးရဲ့ သဘာဝပါ။ ကျနော်တို့ အခုနယ်စပ်မှာ အခြေစိုက်နေတဲ့ လူတွေတောင် နှစ်ပေါင်း ၂၄ နှစ်ကြာတဲ့အခါမှာ အမျိုးမျိုးကွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတာပဲ။ ကိုယ့်အဖွဲ့နဲ့ကိုယ်။ ဆိုတော့ အဲဒီတော့ ဗမာပြည် ဒီဘက်ကို နှစ်ပေါင်း ၂၄ နှစ် ရောက်ရှိနေတဲ့ ဒီအဖွဲ့တွေနဲ့ အထဲကလူတွေလည်း အခုလတ်တလောကာလမှာ မတူတဲ့အမြင်တွေ၊ ကွဲပြားမှုတွေ။ စောစောကပြောတဲ့ တစိမ်းဆန်မှုတွေ ဒါတွေကတော့ လတ်တလောတော့ မဖြစ်မနေ ဟန်ဆောင်ရင်ဟန်ဆောင်မယ်။ ဒါတွေက ရှိနေသေးတာတော့ အမှန်ပဲ။ ဒီဟာတွေကို ကျော်ဖြတ်ဖို့ဆိုတာက တယောက်နဲ့တယောက် နဖူးတွေ့ ဒူးတွေ့ ပြန်တွေ့ကြပြီးတော့ ပြောကြဆိုကြ နှီးနှောကြပြီးတော့ ကာလတခုဖြတ်ပြီးမှ ကျနော်တို့ ပြန်ပြီးတော့ တစုံတရာ သဘောတူညီတခုကို တည်ဆောက်နိုင်မှာ။ အခုလို အခြေအနေမှာတော့ ဒီလိုအဖြစ်အပျက်တွေ ရှိအုံးမယ်လို့တော့ မြင်တာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အတွင်းက လူတွေအကြောင်းကို ပြောမယ်ဆိုလို့ရှိရင်တော့ အတွင်းက လူတွေက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ။ သူတို့က ပြီးခဲ့တဲ့ အနှစ် (၂၀) ကာလမှာ အတွင်းမှာ ဖိနှိပ်မှုမျိုးစုံ ခံခဲ့ရတယ်။ ထောင်တွေထဲမှာပဲ အချိန်ကုန်ခဲ့ရတယ်။ အဲဒီတော့ သူတို့ရဲ့ လှုပ်ရှားမှု၊ သူတို့ရဲ့ အနစ်နာခံမှုနဲ့ ပတ်သက်လို့ကတော့ ဘာမှပြောစရာမရှိဘူး။ ဒါပေမဲ့ အပြင်က လူတွေအနေနဲ့ကရော တော်တော်များများ ထောက်ပြပြီး ဝေဖန်နေတာတွေ ရှိသလို၊ သူတို့အနေနဲ့ တစုံတရာ အမှားအယွင်း ကြီးကြီးမားမားတွေ ကျူးလွန်ခဲ့တာတွေ ရှိသလားခင်များ။ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့ဘူးဆိုတဲ့ အနေအထားမျိုး ရောက်အောင် လက်ညှိုးထိုးပြီး ပြောရလောက်အောင် ဖြစ်ခဲ့တာတွေ ရှိသလား။

ဦးဇော်မင်း ။ ။ အဲဒီလိုမျိုး ပြောမယ်ဆိုရင်တော့ အယူအဆဆိုတာတော့ မတူတာ အမျိုးမျိုးရှိတာပေါ့။ မတူတဲ့အမြင်တော့ ရှိမှာပဲ။ ဒါပေမဲ့ ကျနော်မြင်တာကတော့ ဒီလိုပါ။ ကျနော်တို့ ပြင်ပမှာ၊ နယ်စပ်မှာ အခြေစိုက်ရပ်ခဲ့တဲ့ အဖွဲ့တွေမှာတော့ အဓိကအားဖြင့် တက်ခဲ့တဲ့ ပြဿနာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြား အလှူရှင်တွေဆီကနေ ရတဲ့ငွေနဲ့ အလုပ်လုပ်ကြရတဲ့အပေါ်မှာ ဒီငွေကြောင့်လို့ နိုင်ငံခြားအလှူရှင်တွေက ဖြစ်စေချင်တဲ့ဆန္ဒကြောင့်မို့ ကျနော်တို့အချင်းချင်း စိတ်ဝမ်းတွေ ကွဲခဲ့ကြဘူးတယ်။ ညီညွတ်ရေး တဖြည်းဖြည်းပြိုကွဲခဲ့ကြတယ်။ မိတ်တွေပျက်ခဲ့ကြဘူးတယ်။ အဲဒါမျိုးတွေကတော့ ဒီဘက်မှာ ရှိခဲ့တာ အမှန်ပဲ။ အခုတော့ နိုင်ငံခြား donor တွေ အလှူရှင်တွေက ပြည်တွင်းကို အကုန်ဝင်နေကြပြီ။ ကျနော်တို့ ဒီဘက်မှာဖြစ်ခဲ့တဲ့ ညီညွတ်ရေး ပြိုကွဲတာမျိုး၊ စိတ်ဝမ်းကွဲခဲ့တာမျိုး အထဲမှာ မဖြစ်ဖို့ ကျနော်က ကြိုတင်သတိပေးလိုပါတယ်။ အရင် ပြဿနာဖြစ်ခဲ့ဘူးတဲ့ လူတွေဆီကနေပြီးတော့ နမူနာကိုကြည့်ပြီး ကိုယ့်လက်ထက်မှာ ပြဿနာနည်းအောင် ကျနော်တို့ စီမံနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခု ကိုမင်းကိုနိုင်တို့လည်း လုပ်နေကြတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုပြီ။ ပွင့်လင်းလူ့အဖွဲ့အစည်းထဲမှာ လူမှုရေးအရ၊ နိုင်ငံရေးအရ၊ ပူးပေါင်းဆောင်ရွက်မှုအရ အကုန်လုံးက ပွင့်လင်းရမယ်၊ ထင်သာမြင်သာ ရှိရမယ်။ ဒါတွေက အခြေခံ အချက်အလက်တွေပေါ့။ အဲဒီလိုအချိန်မှာ ပွင့်လင်းမှုမရှိဘူး၊ ထင်သာမြင်သာ မရှိဘူးဆိုရင်။ အထူးသဖြင့် ငွေရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်တဲ့အခါမှာ နောက်ပိုင်းမှာ အမြဲပြဿနာ တက်ကြတယ်။ တက်လည်းတက်ခဲ့ဘူးပါတယ်။ ဒါကို ကျနော်မြင်လို့ ဒီလိုဟာမျိုးတွေ မဖြစ်အောင် အရင်မှားခဲ့တဲ့ လူတွေဆီကနေ သင်ခန်းစာယူပြီးတော့ ဒီလိုမဖြစ်အောင် ရှောင်နိုင်အောင် ကြိုးစားကြပါလို့ ကျနော် ပြောချင်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ABSDF နဲ့ DPNS ခေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အဖွဲ့ဝင် ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဦးဇော်မင်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG