သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဘာကြောင့်အရေးကြီး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ အခြေခံဥပဒေဟာ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ ရေးဆွဲခဲ့တာဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျ က ပြောကြားလိုက်ပါတယ်။ ပြည်သူလူထုအများစုအနေနဲ့အတူ အဓိကနိုင်ငံရေးပါတီတွေကပါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လိုလားနေတာကြောင့် မဖြစ်မနေ ပြင်ဆင်ဖို့လိုအပ်နေပြီလို့ ကိုမင်းဇေယျ က ပြောပါတယ်။ နယူးရော့ခ်မြို့ ကုလသမဂ္ဂမှာ ပြုလုပ်ကျင်းပတဲ့ တိုင်းရင်းသားအရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုမင်းဇေယျ ကို ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုမင်းဇေယျ ဗွီအိုအေကို တကူးတကန့် လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို အများကြီး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးတော့ ကိုမင်းဇေယျ အခုတခေါက် အမေရိကန်ပြည်ထောင်စုကို လာတဲ့ခရီးစဉ်က ကုလသမဂ္ဂမှာ တိုင်းရင်းသားလူမျိုးစုရေးရာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ။ အဲဒီကိုလာတယ် စာတမ်းဖတ်ပြီးတော့တင်တယ်။ မြန်မာနိုင်ငံက လူမျိုးစုတိုင်းရင်းသားတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ကျနော် အဲဒီလို နားလည်းပါတယ်။ ဆိုတော့ ကိုမင်းဇေယျတို့ လာတဲ့ခရီးစဉ် အောင်မြင်ပါသလား။ ကိုမင်းဇေယျတို့ လိုချင်တဲ့ရလဒ်တွေ ရခဲ့ပါသလား။

ကိုမင်းဇေယျ ။ ။ အောင်မြင်တယ်ဆိုတာထက် ဝမ်းသာတယ်လို့ ပြောရပါမယ်။ ဝမ်းသာဂုဏ်ယူမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Forum က UNESCO ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ Forum. ဒီ Forum က ကမ္ဘာပေါ်မှာရှိတဲ့ အခွင့်အရေး ဆုံးရှုံးနေတဲ့ လူမျိုးစုတွေရဲ့။ သူတို့ရဲ့ နစ်နာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ။ တခါ အဲဒီအခွင့်အရေးတွေကို တရားဥပဒေနဲ့အညီ ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးတဲ့ Forum ဆိုတော့ ဒီလို Forum မျိုးကို ကျနော်တို့ တက်ခွင့်ရတဲ့အတွက်ကြောင့် ဘာတွေအမြတ်ထွက်ပြီးတော့ ဝမ်းသာရသလဲဆိုတော့ နံပတ်တစ် အဲဒီ ကမ္ဘာပေါ်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားတွေလိုမျိုး အခွင့်အရေးဆုံးရှုံးနစ်နာနေတဲ့ တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့်ရတာ။ သူတို့နဲ့ ကျနော်တို့ ဆက်သွယ်ခွင့်ရတာ။ ဒီအပေါ်မှာ ကျနော် ဝမ်းသာတယ်။ ဒုတိယ ပိုဝမ်းသာရတာက ကျနော်တို့ တိုင်းရင်းသားတွေလိုမျိုး တခြားကမ္ဘာ့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်။ တခါ အဲဒီနစ်နာဆုံးရှုံးမှုအတွက် ဥပဒေနဲ့အညီရအောင် ဘယ်လိုကြိုးစားသင့်တယ်။ ဘယ်လို ရယူသင့်သလဲဆိုတဲ့ အကြံဉာဏ်တွေကို ပြောတဲ့အခါမှာ ကျနော်တို့အတွက် ဒါတွေဟာ အကြံကောင်းဉာဏ်ကောင်းတွေအဖြစ် စဉ်းစားလို့ရသွားတယ်။ ဒါကလည်း ဒုတိယအကျိုးအမြတ်ပေါ့။ အဲဒီတော့ ခြုံငုံပြီးတော့ ပြောချင်တာက ဒီလို UNESCO က ဦးဆောင်ပြီး နှစ်စဉ်ကျင်းပပေးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ နစ်နာဆုံးရှုံးမှုဆိုင်ရာ ရင်ဖွင့်တဲ့ စကားတွေ၊ တခါ နစ်နာဆုံးရှုံးမှုတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိအောင် ယူဆောင်ရမယ့် နည်းလမ်းကောင်းတွေကို ကျနော်တို့တတွေက များများသိရရင်၊ များများကြားရရင် ဒီလိုလူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ များများရှိခဲ့ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူမျိုးတွေမှ မတရားသဖြင့် နစ်နာဆုံးရှုံးမှုတွေ၊ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်မှုတွေကို ရှောင်ရှားနိုင်မယ်လို့ ယုံကြည်တယ်။ ထူးထူးခြားခြား စဉ်းစားမိတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်တွေကို မတွေ့လိုက်မိဘူး။ ဆိုတော့ ဘယ်လိုလဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ စိတ်တော့မကောင်းဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးအကြောင်းပြောရင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်းပြောရင် မြန်မာနိုင်ငံက စစ်အာဏာရှင်အောက်မှာ၊ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ ၂၀၀၈ အခြေခံဥပဒေကြီး ထွက်လာတယ်။ စစ်အုပ်ချုပ်ရေးဆိုတာ အဆုံးသတ်သွားတယ်။ စစ်အုပ်ချုပ်ရေးကနေ တဖြစ်လဲှ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုတာ ပေါ်လာတယ်။ အခုလက်ရှိကတော့ မြန်မာနိုင်ငံက အပြောင်းအလဲကာလအောက်ကို ရောက်နေတာပေါ့။ ဆိုတော့ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေကို အပြည့်အဝဖော်ပေးမယ်လို့လည်း ဒီအခြေခံဥပဒေကြီးက ပြောထားတယ်။ ဒါပေမဲ့ လက်ရှိမှာပဲ ဒီအခြေခံဥပဒေကြီးကတော့ ပြင်မှဖြစ်မယ်။ မပြင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ရနိုင်မှာမဟုတ်ဘူးလို့ ကိုမင်းဇေယျတို့အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောက်လျှောက်ပြောလာကြတဲ့ အခြေအနေ။ လက်ရှိ ပြည်တွင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လှုပ်ရှားမှုတွေ လုပ်နေကြပြီ။ ကျနော်တို့နောက်ဆုံး သိထားသလောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကိုမင်းဇေယျတို့ရဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပေါင်းပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံရေးတရားဟောပြောပွဲတွေ လုပ်နေပြီ။ အဓိကအားဖြင့်တော့ ပုဒ်မ ၄၃၆။ ဆိုတော့ ဘာကြောင့် ပုဒ်မ ၄၃၆ ကို ပြင်ဖို့ လိုအပ်တာလဲ။

ကိုမင်းဇေယျ ။ ။ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ အခုမှမဟုတ်ဘူး။ စတင်ရေးဆွဲကတည်းက အမျိုးသားညီလာခံကျင်းပနေစဉ်။ ပြီးတော့ ရေးဆွဲပြီးအခါမှာရော။ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုတဲ့အခါမှာရော တောက်လျှောက်ဆန့်ကျင်လာခဲ့တယ်။ ဒီအခြေခံသဘောထားကိုက ပြည်သူတွေဆန္ဒမပါဘဲနဲ့ တဖတ်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ဖြစ်တယ်ဆိုတဲ့မူ။ ဒီမူနဲ့ လုံးဝဆန့်ကျင်လာခဲ့တာ။ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုခင်ပေါ့။ ဟုတ်ပြီ အတည်ပြုသွားပြီ။ အခုအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ကျင့်သုံးနေတဲ့အချိန်။ ဆိုတော့ ကျနော်တို့က ဒီအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးသပ်ကြတယ်။ သုံးသပ်ကြည့်တော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဘယ်တုန်းကမှ ဒီမိုကရေစီနဲ့ မညီညွှတ်ခဲ့ဘူး။ ထို့အတူပဲ ပြည်သူရဲ့ ဆန္ဒသဘောထားတွေ၊ ခံယူချက်တွေကို ထင်ဟပ်ပြီးတော့ မဖော်ပြနိုင်ခဲ့ဘူး။ တနည်းအားဖြင့် တရားမဝင်တဲ့ စစ်အစိုးရကနေ တရားဝင်စစ်အစိုးရဖြစ်အောင် ဖန်တီးလိုက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီလိုပဲ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်တယ်။ ဒါကြောင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အရင်တုန်းကလည်း လက်မခံခဲ့သလို၊ အခုလည်း လက်မခံဘူး။ သို့သော် အခုအချိန်မှာ ကျနော်တို့က ဘာကိုစဉ်းစားသလဲဆိုတော့ ဟုတ်ပြီ ၂၀၀၈ ဖွဲ့စည်းပုံက ပြည်သူလူထုဆန္ဒနဲ့လည်း မညီဘူး။ လက်ရှိ အခြေအနေနဲ့လည်း မကိုက်ညီတဲ့အတွက်ကြောင့် ဒါကို ပြုပြင်ပြောင်းလဲရမယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲတဲ့အခါမှာ ဥပဒေဘောင်ထဲကအညီ။ တနည်းအားဖြင့် နိုင်ငံရေးနည်းလမ်းအရ ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားတာ။ စဉ်းစားတဲ့အခါမှာ ဥပဒေက ပေးအပ်ထားတဲ့ ပြည်သူလူထုရဲ့ ဆန္ဒဖော်ထုတ်မှုတွေ၊ ပြည်သူရဲ့ သဘောထားတင်ပြမှုတွေ။ ဒါတွေကို ကျနော်တို့က အသုံးပြုပြီးတော့ ပြည်သူတွေကို ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှင်းပြရမယ်။ ပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လို ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလဲဆိုတာကို လူထုကို ချပြမယ်။ ဒါမှ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိပြီးတော့ ဒီအပေါ်မှာ ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု စိတ်ဓါတ်တွေပေါ်လာအောင် လှုပ်တယ်။ ဆိုတဲ့သဘောက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်က နဂိုကတည်းက ရှိပြီးသာ။ အခုလည်းရှိတယ်။ မဖြစ်မနေကို ပြောင်းရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အခြေခံကိုက မပြောင်းလို့ကို မရဘူး။ သို့သော် အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့၊ တနည်းအားဖြင့် ဥပဒေလမ်းကြောင်းနဲ့အညီ နိုင်ငံရေးနည်းလမ်းအရ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အခါကြတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာလိုက်တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ့်အချက်များဆိုတဲ့ကိစ္စ။ အဲဒီမှာ ပုဒ်မ ၄၃၆ ကို သွားပြီးတော့ လေ့လာလိုက်တဲ့အခါကြတော့ သူက ပြုပြင်ပြောင်းလဲခွင့်တော့ ပေးထားတယ်။ သို့သော် ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရအောင် ကန့်သတ်ချက်တွေက အင်မတန်ကိုမှကြီးမားနေတယ်။ အဲဒီတော့ ကျနော်တို့က ဥပဒေကြောင်းအရ ဘယ်လိုစဉ်းစားစဉ်းစား၊ သဘာဝတရားအရပဲ စဉ်းစားစဉ်းစား။ ၂၀၀၈ ဖွဲ့စည်းပုံကြီးက ပြဌာန်းချက်အရဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကိုကျော်ကျော်သိန်း ။ ။ အစောပိုင်းတုန်းကကြတော့ ၄၃၆ ကိစ္စမပြောဘဲနဲ့ ၅၉(စ) ပုဒ်မကို အများဆုံး ပြောခဲ့ကြတယ်။ ပြင်ရေးကိစ္စကို ပြောခဲ့ကြတယ်။ အခုကြမှ ၄၃၆ ပြင်ဆင်ရေးက အရှိန်အဟုန်နဲ့ ပေါင်းစပ်ပြီးတော့၊ ပူးတွဲပြီးတော့ လုပ်တဲ့အဆင့် ဖြစ်လာတော့ ဘာကြောင့် အစောကြီးကတည်းက ၄၃၆ ပြင်ဆင်ရေးကို မစဉ်းစားခဲ့ကြတာလဲ။

ကိုမင်းဇေယျ ။ ။ ဒီလိုပါ အဲဒီအချိန်ကာလတုန်းက ကျနော် အခုနပြောသလိုပေါ့ မူအားဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာကို အားလုံးက လက်ခံထားပြီသာ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ကိစ္စမှာ ဘယ်ပုဒ်မကိုတော့ ပြင်သင့်တယ်။ ဘယ်ပုဒ်မကိုတော့ မပြင်သင့်ဘူးဆိုတဲ့ အသေးစိတ်ပိုင်းကို ကျနော်တို့က ဘယ်တုန်းကမှ တင်ပြခဲ့တာမရှိဘူး။ သို့သော် အခုနပြောတဲ့ ၅၉(စ) ကို ဇောင်းပေးပြီးတော့ ပြောတာလည်းရှိတယ်။ ပြောချင်တဲ့သဘောကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာတွေကတော့ အများကြီးပေါ့။ မဖြစ်မနေ ပြင်ရမယ့်ဟာတွေရှိတယ်။ ဒါပေမဲ့ ၅၉(စ) ကို ပြင်မှရယ်လို့ ကျနော်တို့အနေနဲ့ မဆိုလိုခဲ့ဘူး။ ပြင်စရာထဲမှာ ၅၉(စ)လည်းပါတယ်။ တခြားဟာတွေလည်းပါတယ်။ သို့သော် တကယ့်တကယ် ပြင်တော့မယ်ဆိုရင် ၄၃၆ ကို စပြင်မှသာလျှင် ကျန်တဲ့ဟာကို ပြင်နိုင်မယ်ဆိုတာကို ကျနော်တို့ နောက်ပိုင်းလေ့လာအားတွေပေါ့။ ဥပဒေပညာရှင်တွေက ထောက်ပြမှုတွေ၊ ကျနော်တို့တွေရဲ့ လေ့လာမှုအားတွေက ပိုရှင်းလာတယ်။ ပိုသိလာတယ်ပေါ့။ ကျနော်တို့က ၄၃၆ လိုင်းကို တင်တာပေါ့။ တနည်းအားဖြင့် ပုဒ်မ ၄၃၆ က ပြုပြင်ပြောင်းလဲရေးသည် ကျန်သော ပုဒ်မတွေထက်စာရင်။ တချို့ပုဒ်မတွေက ပုဂ္ဂိုလ်ရေးဆန်ကောင်းဆန်လိမ့်မယ်။ အဖွဲ့အစည်းစွဲ ဆန်ကောင်းဆန်လိမ့်မယ်။ ဒါပေမဲ့ ၄၃၆ ပြင်ရေးကတော့ တနိုင်ငံလုံးနဲ့ ဆိုင်သွားတယ်။ ပြည်သူအားလုံးနဲ့ဆိုင်သွားပြီ။ မည်သည် တိုင်းရင်းသားမဆို၊ မည်သည် ပုဂ္ဂိုလ်မဆို၊ မည်သည် အဖွဲ့အစည်းမဆို ၄၃၆ ပြင်ရေးနဲ့ ဆိုင်သွားပြီ။ တနည်းအားဖြင့် အမျိုးသားရေးလုပ်ငန်းတခု ဖြစ်သွားတယ်ပေါ့။ ဒါမှသာလျှင် ပြည်သူတရပ်လုံးကို စုစည်းလို့ရမယ်။ ပြည်သူကိုယ်တိုင်လည်း ဒါကိုသဘောပေါက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ပိုပြီးတော့ အားစိုက်လာမယ်လို့ ကျနော်တို့က ပိုပြီးယုံကြည်တဲ့အတွက်ကြောင့် ဒီ ၄၃၆ လိုင်းကို ကိုင်တယ်။

ကိုကျော်ကျော်သိန်း ။ ။ အခု ကျနော်တို့ နားလည်းထားတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်း ပေါင်းပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ လုပ်နေပြီ။ ဆိုတော့ အစီအစဉ်က ဘယ်လိုလဲ၊ ဗျူဟာက ဘယ်လိုလဲ။ ကျနော်တို့ ဘာတွေ မျှော်လင့်ထားရမှာလဲ။ ဘာတွေ ဖြစ်လာမယ်။ ဘာတွေ တွေ့လာမယ်လို့ မျှော်လင့်ထားရမလဲ။

ကိုမင်းဇေယျ ။ ။ အသေးစိတ် အစီအစဉ်ကတော့ လောလောဆယ်တော့ ကျနော်လည်း မသိသေးဘူး။ ဒါပေမဲ့ ယေဘုယျ သဘောတရားကတော့ လူထုတွေကို ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နှိုးဆော်တဲ့နေရာမှာ၊ လှုံဆော်တဲ့နေရာမှာ အန်အယ်လ်ဒီနဲ့ ၈၈ တို့ ပူးပေါင်းပြီးတော့ စပြီးတော့ လှုပ်ရှားတယ်။ စပြီးတော့ လှုံဆော်မယ်။ စပြီးတော့ ဟောပြောမယ်။ အဲဒီလိုမျိုး စပြီးတော့ လှုံဆော်ဟောပြောရင်နဲ့ အရှိန်အဟုန်တွေရလာပြီဆိုရင် ကျန်တဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးက၊ ပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးကလည်း သူ့နည်းသူ့ဟန်နဲ့ အဲဒီလိုမျိုး ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေ၊ စုစည်းပွဲတွေ။ လုပ်ဆောင်သွားနိုင်အောင် ကျနော်တို့က ဒါကို ပံ့ပိုးပေးမယ်။ တွန်းအားပေးသွားမယ်။ အဲဒီလို ပေးလိုက်တဲ့အခါကြရင် အန်အယ်လ်ဒီ နဲ့ ၈၈ တွေ မကပဲနဲ့ ကျန်သော တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေကပါ ပြည်သူတွေကြားထဲမှာ ဒီ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အရှိန်အဟုန်တွေ မြှင့်လာအောင် ဖန်တီသွားမယ်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာပါဝင်တဲ့ လူထုဆန္ဒဖော်ထုတ်ပွဲတွေ အားကောင်းလာမယ်လို့ မျှော်လင့်တယ်။ ဒါကတော့ first step ပေါ့။ ပထမအဆင့်အနေနဲ့ လူထုတွေ ပိုပြီးတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပါလာနိုင်အောင် အန်အယ်လ်ဒီ နဲ့ ၈၈ တို့ပေါင်းပြီးတော့ လုပ်တယ်။ နောက်ပိုင်းကြရင် ကျန်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆက်ပြီးတော့ တိုးချဲ့ပြီးတော့ လုပ်သွားမယ်။ ထို့အတူပဲ ၈၈ နဲ့ အန်အယ်လ်ဒီ မပါဘဲနဲ့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူ့ဒေသနဲ့သူ လုပ်ဆောင်သွားတာကို ကျနော်တို့က အားပေးသွားမယ်၊ ထောက်ခံသွားမယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒီနေရာမှာ ကျနော်တို့ အများအားဖြင့်တော့ အွန်လိုင်းမီဒီယာတွေပေါ်မှာ တွေ့နေရတာက ဟောပြောပွဲတွေမှာ ပြောတဲ့တချို့အချက်တွေကို ဘဝင်မကျတဲ့ လေသံမျိုး။ ဥပမာ အခြေခံဥပဒေကို မပြင်ရင် လူတွေကို လမ်းပေါ်ထွက်အောင် လုပ်ပြစ်လိုက်မယ်။ သဘောက လမ်းပေါ်ဆန္ဒပြပွဲတွေ လုပ်မယ်။ တဖက်ကလည်း ဒါကို နားလည်းတာက ဆူအောင်လုပ်မယ်ပေါ့။ ၈၈ လိုမျိုး ကြားထဲက ဆန္ဒပြပွဲတွေမျိုးဖြစ်အောင် လုပ်ပြစ်လိုက်မယ်လို့ အဲဒီလိုမျိုး ပြောတယ်ဆိုတဲ့ အသံမျိုးတွေ တုန့်ပြန်သံတွေကို ကြားရပါတယ်။ တကယ်ပဲလား တကယ်လို့ အခြေခံဥပဒေကို မပြင်ရင် ၈၈ သည် မြန်မာနိုင်ငံမှာ နောက်ထပ် ၈၈ လို အရေးအခင်းမျိုး ပေါ်လာအောင်လုပ်ဖို့ အစီအစဉ်ရှိပါသလား။ လူတွေ လမ်းပေါ်ထွက်လာအောင် လုပ်ဖို့ အစီအစဉ်ရှိပါသလား။

ကိုမင်းဇေယျ ။ ။ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ပထမ ပြောခဲ့သလိုပါပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကျနော်တို့ ကြိုးစားလုပ်ဆောင်တယ်။ ဆိုတဲ့သဘောက ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စမှာ လက်ခုပ်တီးသလိုပေါ့။ တဖက်တည်း တီးလို့မရဘူး။ နှစ်ဖက်စလုံး တီးမှရမယ်။ အဲဒီလို နှစ်ဖက်စလုံးတီးမှ ရတဲ့ဟာမှာ တဖက်ကလည်း တီးဖို့လုပ်နေတယ်။ ဥပမာ ပြည်ခိုင်ဖြိုးကနေ အစွဲတင်သွင်းပြီးတော့ လွှတ်တော်မှာ ဆုံးဖြတ်ချတာတွေရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့။ သူတို့နဲ့ ကျနော်တို့က အမြင်ချင်းတူတယ်။ သဘောထားချင်းတူတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုနည်းလမ်းမှာ သူတို့တွေက လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်ပြင်မလဲဆိုတာကို ကျနော်တို့က အသေးစိတ် မသိရသေးဘူး။ ဒါက လွှတ်တော်အတွင်းရဲ့ သဘောထားဆန္ဒတွေဖြစ်တယ်။ လွှတ်တော်ပြင်ပမှာရှိတဲ့ ပြည်သူတွေ။ ပြည်သူတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်။ ပြင်ချင်တဲ့ဆန္ဒရှိတယ်။ အဲဒီဆန္ဒကို ထုတ်ဖော်ခွင့်ရှိတယ်လေ။ ဆိုတဲ့သဘောက ကျနော်တို့က အခုအချိန်မှာ လွှတ်တော်အတွင်းမှာရှိတဲ့ လွှတ်တော်အမတ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချင်တဲ့ဆန္ဒနဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ဆန္ဒရှိကြောင်းကို တဖတ်က ပြန်ပြတာ။ တနည်းအားဖြင့် သဘောထားတွေက တူညီနေပြီ။ ဒါကို ကျနော်တို့ပြတယ်။ ပြဖို့ရည်ရွယ်ချက်ပဲရှိတယ်။ သဘောထားတူညီနေပြီ။ ဒါလိုပြတာကို လွှတ်တော်တွင်းကနေ ပြည်သူတွေ လိုလားတဲ့ အချက်အလက်တွေကို ပြုပြင်ပေးမယ်ဆိုရင် ပြည်သူတွေက သူတို့ပြင်ချင်တဲ့ အချက်အလက်တွေ ပါတဲ့အတွက်ကြောင့် ပြည်သူတွေလိုလားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့အတွက်ကြောင့် လွှတ်တော်ကိုလည်း ကျေးဇူးတင်မယ်။ လွှတ်တော်ရဲ့ အားကိုလည်း ပြည်သူတွေက ယုံကြည်အားကိုးစိတ်ရှိလာတယ်။ သို့သော် အဲဒီလို မဟုတ်ဘဲနဲ့ လွှတ်တော်က ပြင်မယ်လို့ ပြောပေမယ့် သူတို့ပြင်ပေးလိုက်တဲ့ အချက်အလက်တွေဟာ ပြည်သူတွေ လိုလားတဲ့အချက်အလက်တွေ မပါဘဲနဲ့ ပြင်ပြရုံပြင်ပြပေးတဲ့ အဆင့်မျိုးဆိုရင် ပြည်သူတွေက အားရမှာမဟုတ်ဘူး။ ကျေနပ်မှာမဟုတ်ဘူး။ အဲဒီအခါကြရင် ပြည်သူတွေ တကယ်လိုလားတဲ့အချက်အလက်တွေ ပါလာအောင်၊ ပြည်သူတွေ လိုလားတဲ့အချက်အလက်တွေ တင်ပြလို့ရအောင် ဒါကို ဖော်ထုတ်တာ။ တနည်းအားဖြင့် ပြည်သူတွေရဲ့ သဘောထားကို ဒီမိုကရေစီ အခွင့်အရေးနဲ့အညီ ဖော်ထုတ်တဲ့သဘောပဲ။

ကိုကျော်ကျော်သိန်း ။ ။ လွှတ်တော်ပြင်ပကနေပြီးတော့ လွှတ်တော်ကို တွန်းအားပေးတဲ့သဘော။ အားပေးတဲ့ သဘောမျိုးပေါ့။

ကိုမင်းဇေယျ ။ ။ တွန်းအားပေးတဲ့အခါမှာလည်း စည်းစနစ်တကျနဲ့ ညီညီညွှတ်ညွှတ် တွန်းအားပေးဖို့ ရည်ရွယ်ချက်က ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ ဗွီအိုအေစတူဒီယိုထဲမှာ ကိုမင်းဇေယျလို နှစ်ပေါင်းများစွာ စစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ပါဝင်လာခဲ့တယ်။ ထောင်အကြိမ်ကြိမ် နှစ်ရှည်လများစွာ ကျခဲ့တယ်။ အခုအချိန်မှာလည်း တက်တက်ကြွကြွ လုပ်နေတဲ့လူတယောက်ဖြစ်တယ်။ ကျနော် တွေ့ဆုံမေးမြန်းခွင့်ရတိုင်းမှာ မေးခဲ့တဲ့ မေးခွန်းတခု ရှိပါတယ်။ ဒါလေးကို ကျနော့်ကို မေးခွင့်ပြုပါ။ ကိုမင်းဇေယျအနေနဲ့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲသော်လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲသော်လည်းကောင်း၊ ဒါမှမဟုတ် ၂၀၁၅ အလွန် ရွေးကောက်ပွဲမှာသော်လည်းကောင်း ကိုယ်ဘာသာကိုယ် တသီးပုဂ္ဂလသော်လည်းကောင်း၊ နိုင်ငံရေးပါတီတခုခုကို ကိုယ်စားပြုပြီးတော့သော်လည်းကောင်း ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အစီအစဉ်စိတ်ကူးရှိပါသလား။

ကိုမင်းဇေယျ ။ ။ ကျနော်က အဲဒီမေးခွန်းကို မကြာခဏ မေးခံရတယ်ဗျ။ ကျနော်တို့ နယ်တွေသွားတဲ့အခါမှာ နယ်ကလူထုတွေ၊ ကိုယ့်အချင်းချင်းကြားမှာ မေးတယ်။ အဲဒီလိုမေးတိုင်း ကျနော်က အခုအချိန်အထိ ကျနော် ဖြေခဲ့တာက ၂၀၁၅ အထိကတော့ လွှတ်တော်ထဲဝင်ဖို့၊ နိုင်ငံရေးပါတီထဲဝင်ဖို့ ကျနော်မှာ အစီအစဉ်မရှိသေးဘူး။ အဲဒီလိုပဲ ဖြေခဲ့တယ်။ ဒီလိုပဲ ဖြေမှာပဲ။

ကိုကျော်ကျော်သိန်း ။ ။ ၂၀၁၅ အလွန်အထိတော့ ပြောလို့မရသေးဘူးပေါ့။

ကိုမင်းဇေယျ ။ ။ အဲဒါတော့ ပြောလို့မရသေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။

ကိုမင်းဇေယျ ။ ။ အဲဒါလည်း ပြောလို့မရသေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ ပြန်တွေ့ရတဲ့အတွက်ကော တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက်ကော ကျနော်ဖက်က အထူးဝမ်းသာပါတယ်။

ကိုမင်းဇေယျ ။ ။ ကျနော်လည်း ဝမ်းသာပါတယ်။ ဗွီအိုအေက ကျနော်တို့ရဲ့ မိတ်ဆွေဟောင်းတွေပဲ။
XS
SM
MD
LG