ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ဖို့ကိစ္စမှာ တပ်မတော်ကြောင့် နှောင့်နှေးမှုကြုံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ စာရေးဆရာထင်လင်းဦး က ပြောဆိုပါတယ်။ တပ်မတော်က အပေးအယူလုပ် ညှိနှိုင်းရမယ့်အစား ထိန်းချုပ်မှုတွေ လုပ်နေတာကြောင့် ငြိမ်းချမ်းရေးခရီးလမ်း ထင်သလောက် မပေါက်ဖြစ်ရတယ်လို့ ပြောသွားပါတယ်။ အခုလက်ရှိ အစိုးရ ကြုံတွေ့ဖြေရှင်းနေရတဲ့ ဘာသာရေးအစွန်းရောက်မှုတွေကလည်း အရင် အစိုးရလက်ထက်တွေကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ စာရေးဆရာ ထင်လင်းဦးက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က VOA Washington Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဆရာထင်လင်းဦး ကျနော်တို့ VOA ကို အခုလို လာရောက်ပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးပါ။
ဆရာထင်လင်းဦး ။ ။ ကျနော်လည်း ဒီလို လာရောက်ပြီးတော့ ဖြေကြားပေးရတာ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ပထမဦးဆုံး မေးချင်တာက ဆရာဦးထင်လင်းဦး က ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မဘသ သံဃာတော်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြောကြားဟောကြားခဲ့တဲ့ အတွက်ကြောင့်မို့လို့ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ (က) နဲ့ တရားစွဲဆိုခံရတယ်။ ပြီးတော့ ထောင်ဒဏ် (၂) နှစ် ကျခံရတယ်လို့ သိထားရပါတယ်။ အဲဒီတော့ ဆရာအနေနဲ့ တကယ်ပဲ သာသနာညှိုးနွမ်းအောင် လုပ်ခဲ့တာမျိုးလား။
ဆရာထင်လင်းဦး ။ ။ သာသနာညှိုးနွမ်းအောင် ကျနော်တို့ လူတွေက လုပ်လို့မရဘူး။ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ကျနော်တို့က ယုံယုံကြည်ကြည် ကိုးကွယ်တဲ့အခါကြတော့ မြတ်စွာဘုရားရဲ့ သာသနာကို ညှိုနွမ်းအောင် ပြုနေကြတဲ့ အချို့အချို့သော ရဟန်းတွေရဲ့ လုပ်ရပ်တွေကို မြင်လာတယ်။ ရဟန်းတန်မဲ့ လူတွေရဲ့ကြားထဲမှာ ဝင်ပါပြီးတော့ လူတွေကို အပြစ်ပြောတာတွေ၊ ဂုန်းတိုက်တာတွေ၊ ဒါတွေဖြစ်လာတဲ့အခါကြတော့ ငါတို့ သာသနာတော့ သံချောင်းမှာ သံချေးကပ်သလို ဖြစ်နေပြီဆိုပြီး ကျနော်က သံချေးခွါချတာပါ။ ကျနော် ဘာသာ၊ သာသနာကို ဘယ်တော့မှ မစော်ကားဘူး။ ကျနော်တို့ နှလုံးသားထဲမှာက ဒီဘာသာ၊ သာသနာက အမြဲတမ်း နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ ဦးသိန်းစိန်အစိုးရလက်ထကတုန်းက ကျနော်တို့ သတိထားမိတာက အထူးသဖြင့် မဘသ သံဃာတော်တွေနဲ့ ပတ်သက်ပြီးတော့ အရေးယူတာမျိုး သိပ်မရှိပါဘူး။ ဒါပေမဲ့လို့ အခု NLD အစိုးရ ဖြစ်လာပြီးနောက်ပိုင်းမှာ သံဃာတော်သပိတ်တွေကို ဖြိုခွဲတာမျိုး။ ဆန္ဒပြတဲ့ သံဃာတော်တွေကို အရေးယူဖို့ ပြင်ဆင်တာမျိုးတွေကို တွေ့နေရပါတယ်။ ဆိုတော့ NLD အစိုးရဟာ သံဃာတော်တွေနဲ့ ပတ်သက်ပြီးတော့ အရေးယူမှု၊ ကိုင်တွယ်မှုအပိုင်းတွေက ပိုပြီးပြင်းထန်လာတယ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင် ဘယ်လိုရှိပါလဲ။
ဆရာထင်လင်းဦး ။ ။ အရင် အစိုးရလက်ထက်မှာ ရဟန်းတွေ အဲဒီလို သပိတ်မှောက်ကြတာတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေ မရှိခဲ့ဘူး။ ကျနော်ကလည်း အဲဒါကို ထောက်ပြတာ … ဘာဖြစ်လို့လဲဆိုတော့ ရဟန်းသံဃာဆိုတာက လူရေးလူရာ လူ့ကိစ္စတွေမှာ ဝင်ပါတာမျိုး မရှိဘူး။ ဥပမာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဥပဒေဆိုတာလိုတယ်။ ဥပဒေသည် လူတွေအတွက် လိုအပ်တာ။ လူတွေအတွက် လိုအပ်တဲ့ဥပဒေကို လူတွေကပဲ ရေးဆွဲမယ်။ လူတွေကပဲ ငြင်းမယ်ခုန်မယ်။ လူတွေကပဲ ကန့်ကွက်မယ်။ လူတွေကပဲ အတည်ပြုမယ်။ လူတွေက ပြဌာန်းမယ်။ လူ့အဖွဲ့အစည်းအတွက်။ အဲဒီမှာ သာသနာထဲကို ရောက်သွားတဲ့လူတွေက လူတွေကိစ္စမှာ လာပြီးတော့ အိမ်ထောင်ရေးကိစ္စ၊ သားမွေးတဲ့ကိစ္စတို့ဆိုတဲ့ ကိစ္စတွေမှာ လာပြီးတော့ ပတ်သက်တာဟာ ဗုဒ္ဓတရားတော်အရဆိုရင် ထွေးထားတဲ့ တံတွေးကို ပြန်မြိုရာရောက်တယ်။
အဲဒီတော့ ကျနော်တို့က အဲဒီလိုကိစ္စတွေမှာ လူတွေကြားထဲမှာ ရဟန်းတွေက ဝင်ဝင်ပါပြီးတော့ ရောကောသောကော လုပ်နေတာတွေကို ကျနော်တို့က မလိုလားဘူး။ ဘာဖြစ်လို့ မလိုလားလဲဆိုတော့ ဒါက ကျနော်တို့ဘာသာတရားရဲ့ အနှစ်သာရကို ပျက်ဆီးစေတယ်။ အစိုးရအနေနဲ့ ဒါကို သန့်ရှင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သာသနာရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားတဲ့အခါမှာ သာသနာဝန်ထမ်းတွေရဲ့ ဝိနည်းတော်နဲ့အညီ မနေတဲ့ကိစ္စတွေမှာ သာသနာရေးဝန်ကြီးဌာနက ဆောင်ရွက်စေချင်တယ်။ သို့သော် အရင်အစိုးရလက်ထက်မှာ အဲဒါတွေကို ပစ်ထားတယ်။ အခု NLD အစိုးရလက်ထက်မှာကြတော့ ဘာဖြစ်လာလဲဆိုတော့ သာသနာရေးဝန်ကြီးဌာနတွေ၊ သာသနာရေးဝန်ကြီးရဲ့ အလုပ်ကို ပီပီပြင်ပြင် လုပ်လာတာကို တွေ့ရတယ်။ ကျနော်တို့ကလည်း ဝန်ကြီးဌာနကို ပြောတယ်။ ရဟန်းသံဃာနဲ့ ပတ်သက်လာလို့ရှိရင် (၂၂၇) သွယ်သော သိက္ခာပုဒ်တွေ ရှိတယ်။ အဲဒီသိက္ခာပုဒ်တွေအပေါ်ကို ကြည့်ပြီးတော့ မညီညွှတ်ဘူးဆိုရင် သာသနာသန့်ရှင်းဖို့ ဆောင်ရွက်ပေးပါလို့ ကျနော်တို့က အမြဲတမ်း တိုက်တွန်းတယ်။
ချုပ်ပြောရရင် အရင်အစိုးရလက်ထက်မှာ သူတို့ဖြစ်စေချင်တဲ့အတိုင်း သွားနေတဲ့ ရဟန်းတွေရဲ့ လုပ်ရပ်ကို လစ်လျူရှုထားခဲ့တယ်။ ဒီအစိုးရလက်ထက်မှာတော့ ဗုဒ္ဓသာသနာရဲ့ မျက်နှာကို ကြည့်ပြီးတော့ သာသနာရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ သွားနေတာ ဖြစ်ပါတယ်။ ရဟန်းသံဃာတော်တွေကို တမင်တကာ အရေးယူဆောင်ရွက်နေတာ မဟုတ်ပါဘူး။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒါနဲ့ တဆက်ထဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ဥပဒေပုဒ်မတခုကလဲ မြန်မာနိုင်ငံမှာ အခုထိ ပြုပြင်ပြောင်းလဲမှု လုပ်နေတာ တွေ့ရပါတယ်။ (၆၆-ဃ) ပါ။ အဲဒီတော့ (၆၆-ဃ) ကို အပြီတိုင် ဖျက်သိမ်းသင့်တယ်လို့ ဆရာထင်လင်းဦးအနေနဲ့ မြင်မိပါသလား။
ဆရာထင်လင်းဦး ။ ။ (၆၆-ဃ) က မရှိကို မရှိသင့်ဘူး။ အပြီတိုင်ဖျက်သိမ်းဖို့ ဆိုတာထက် ပြောမယ်ဆိုလို့ရှိရင် ဒီ (၆၆-ဃ) က လူလိုပြောရင် မွေးကိုမလာသင့်ဘူး။ ပြဌာန်းကို ပြဌာန်းရမယ့် ဥပဒေတခု မဟုတ်ဘူး။ ဘာကြောင့်လဲ (၆၆-ဃ) ထဲမှာပါတဲ့ လူ ပုဂ္ဂိုလ်တဦးတယောက်ကို ထိခိုက်နစ်နာအောင် အသရည်ဖျက်တယ် ဘာညာဆိုတဲ့ ကိစ္စတွေက ပုဒ်မ (၅၀၀)၊ ပုဒ်မ (၅၀၅-ခ) တို့က အခြားပုဒ်မတွေထဲမှာ အကြုံဝင်ပြီသာရှိတယ်။ အဲဒါတွေကို စုပေါင်းလိုက်ပြီးတော့ (၆၆-ဃ) ဆိုပြီး ပြန်ထွက်လာတယ်။ ဘာဖြစ်လို့ လုပ်တာလဲဆိုတော့ အဲဒီ (၆၆-ဃ) ပြဌာန်းပြီး မကြာခင်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက လာတော့မယ်။ Facebook တို့ ဘာတို့ကနေ၊ Online ကနေ လှုံဆော်တာတွေ လာတော့မယ်။ အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့ကြတဲ့ လူတွေရဲ့ မှားယွင်းမှုတွေ၊ ချွတ်ချော်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ မမှန်မကန် လုပ်မှုတွေကို အများပြည်သူတွေ သိအောင်ဆိုပြီးတော့ တင်ကြတော့မယ်။ အဲဒါကို ကြိုပြီးပိတ်ပင်ဖို့အတွက်၊ ကြိုပြီးတားဆီးဖို့အတွက် (၆၆-ဃ) ကို လုပ်ခဲ့ကြတာ။ (၆၆-ဃ) က ကျနော့်သဘောအရ ပြောရင် ပယ်ဖျက်ဖို့ထက် ရှိကိုမရှိလာသင့်တဲ့ ဥပဒေ။ အဲဒီတော့ ဖျက်ရမယ်။ သို့သော် လောလောဆယ်မှာ ဒါကို အကြောက်အကန် ရှိသင့်ပါတယ်ဆိုပြီး လုပ်နေသူတွေလည်း ရှိတယ်။ ဘာဖြစ်လို့ ရှိသင့်ပါလဲဆိုတော့ အဲဒီ ရှိသင့်ပါတယ်ဆိုတာက သူတို့ကို အကာအကွယ်ပေးမှာ။ (၆၆-ဃ) ရှိမှသာလျှင် သူတို့ဘဝ လုံခြုံမယ်။ သူတို့ရဲ့ နောက်ကြောင်းတွေ လုံခြုံမယ်လို့ ယုံကြည်နေသူတွေကတော့ ဖျက်ချင်ကြမှာ မဟုတ်ဘူး။
ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ ဆရာက မြန်မာ့နိုင်ငံရေး အခင်းအကျင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ငြိမ်းချမ်းရေး ရရှိဖို့ဆိုပြီးတော့ ပထမဦးစားပေး လုပ်ဆောင်နေပါတယ်။ အဲဒီတော့ တဘက်မှာ ပြန်ကြည့်ရင် ဒီငြိမ်းချမ်းရေးရဖို့မှာ အဓိကပါဝင်နေရတဲ့ တပ်မတော်အခန်းကဏ္ဍတွေ။ တပ်မတော်က အတူတကွ ရှောရှောရှုရှု လိုက်ပါဖို့ မရှိသေးတဲ့ အတွက်ကြောင့်မို့ ငြိမ်းချမ်းရေးက ရှေ့ကို မတိုးဘူးဆိုပြီး ဝေဖန်မှုတွေ ပေါ်နေပါတယ်။ ဆရာထင်လင်းဦးအမြင် ဒီအခင်းအကျင်းတွေအပေါ်မှာ ဘယ်လို ရှိပါလဲ။
ဆရာထင်လင်းဦး ။ ။ တပ်မတော်က ငြိမ်းချမ်းရေးမှာ ပြည့်ပြည့်ဝဝ မလိုက်ပါဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ကျနော်က အပြည့်အဝတော့ လက်မခံဘူး။ တပ်မတော်က လိုက်ပါတယ်။ သို့သော် လိုက်ပါပေမယ့် သူတို့က ဘာလိုဖြစ်သလဲဆိုတော့ တဘက်နဲ့တဘက် အဓိကပြောမယ်ဆိုရင်တော့ အခု ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ပုံစံက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်နဲ့ အဓိက ဆွေးနွေးနေတဲ့ပုံစံ ဖြစ်နေတယ်။ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရကြတော့ ဒီနှစ်ခုကြားထဲမှာ ဟိုဘက်ကိုလည်း နည်းနည်းလေး လျှော့လိုက်ပါအုံး။ ဒီဘက်ကလည်း နည်းနည်းလေး လိုက်လျောလိုက်ပါအုံးဆိုပြီး ဝင်စေ့စပ်ပေးနေရတဲ့ လူတယောက်လို့ ဖြစ်နေတယ်။
အမှန်တကယ်က နိုင်ငံတခုမှာ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်ဖို့ ဆွေးနွေးကြပြီဆိုရင် ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရရယ်။ အစိုးရရယ် ဆန့်ကျင်ဘက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရယ်။ ဒီနှစ်ခု ဆွေးနွေးကြရမှာ။ ဘာကြောင့်လဲ တပ်မတော်ဆိုတာက အစိုးရတခုရဲ့ လက်အောက်မှာ ထိန်းကျောင်းမှု၊ ထိန်းသိမ်းမှုအောက်မှာပဲ ရှိရမှာ။ အခုက ကျနော်တို့နိုင်ငံအနေအထားအရတော့ အဲဒီလို မဟုတ်ဘူး။ တပ်မတော်က သီးသီးခြားခြားပုံစံ ဖြစ်နေတဲ့အတွက် ဒီလို ဖြစ်နေရတယ်။
နောက်တချက်ကတော့ တိုင်းရင်းသားတွေဘက်ကလည်း လိုလားတောင်းဆိုတာတွေ ရှိတယ်။ ဒီဟာတွေကို ကျနော်တို့ ထဲထဲဝင်ဝင် မသိနိုင်ဘူး။ တပ်မတော်ဘက်ကလည်း တင်းခံထားတဲ့ အစိတ်အပိုင်းတွေရှိတယ်။ အဲဒီတော့ အမေစု ပြောတဲ့စကားလိုပဲ အမြဲတမ်း ဘယ်သူပဲဖြစ်ဖြစ် လက်တွေပိုက်ထားရင်တော့ ရင်ချင်းအပ်ဖို့ မရဘူး။ လက်သီးတွေ ဆုပ်ထားရင်တော့ လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ နှစ်ဘက်စလုံးကတော့ လျှော့ကြရလိမ့်မယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ နောက်တခုက ဆရာထင်လင်းဦး ကိုယ်တိုင်က စစ်ဘေးရှောင် စစ်ဘေးဒုက္ခသည် ကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ ပရဟိတလုပ်ငန်း ပညာရိပ်မွန် ဒီလိုအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီးတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အကူအညီပေးနေသူတယောက်လို့ သိထားရပါတယ်။ အဲဒီတော့ လက်ရှိမှာ ကျနော်တို့ ကြားနေရတာက ဥပမာ ရှမ်းပြည်နယ်မှာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်နေတုန်းပါ။ အဲဒီတော့ ဆရာ သိထားသလောက်ဆိုရင် စစ်ဘေးဒုက္ခသည်တွေရဲ့ အရေးက ဘယ်လောက်အထိ စိုးရိမ်ဖွယ် ရှိနေပါသလဲ။
ဆရာထင်လင်းဦး ။ ။ အများကြီး စိုးရိမ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာက ငြိမ်းချမ်းရေး … ငြိမ်းချမ်းရေးလို့ ပြောလိုက်ပြီးရင် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာပဲ စစ်ပွဲတွေက ပေါ်လာတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတာနဲ့ ထပ်ပြီး ပိုပြီးတော့ ပြင်းထန်တဲ့ စစ်ပွဲတွေ ပေါ်ပေါ်လာတယ်။ အဲဒါက စိုးရိမ်စရာ။ အခုဆိုရင် ကျနော်က လားရှိုးမှာလုပ်မယ်။ စစ်ဘေးသင့် မိဘမဲ့ ကလေးများ ပြန်လည်ပြုစုပျိုထောင်ရေးဂေဟာ။ ကျနော်တို့သွားတယ် စောင်တွေသွားပြီးတော့ လှုကြတယ်။ အဝတ်အစားတွေ လှုကြတယ်။ သွားလှုနေရင်နဲ့ ဘာသွားတွေ့လဲဆိုတော့ ခိုကိုးရာမဲ့ မိဘမဲ့ကလေးတွေကို တွေ့ရတယ်။ အဲဒီ ကလေးတွေရဲ့ အနာဂတ်ကို ဘယ်သူတာဝန်ယူမလဲ။ ဒီကလေးတွေ ဘုန်းတော်ကြီး ကျောင်းတွေမှာ နေကြရတယ်။ ဘုန်းတော်ကြီးတွေက ဒီကလေးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြတယ်။ သို့သော် ဘုန်းတော်ကြီးတွေမှာလဲ အချို့ဆိုရင် ဆွမ်းကွမ်းကိစ္စတောင် အခက်အခဲဖြစ်တော့ ဒီကလေးတွေကို ကျွေးတော့ကျွေးနိုင်မယ်။ သို့သော် ဘဝကို ပြန်လည်ထူထောင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။
ကျနော်တို့နိုင်ငံမှာ ဘယ်နိုင်ငံဖြစ်ဖြစ် ပြောကြတယ်။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်။ ဒီမှာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ကျိုးပဲ့နေပြီ။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖော်ဆောင်တဲ့ထဲမှာ ဒီကလေးတွေ ပါဝင်ခွင့် မရဘူး။ ဒီကလေးတွေကို ပစ်ထားကြတော့မလား။ အဲဒီအတွက်ကြောင့်မို့ ပထမတော့ ကျနော်တို့ စစ်ပွဲတွေ ဖြစ်နေသမျှ ဒီဂေဟာမျိုးတွေက လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွက်ထားပေမယ့် ဒီစစ်ပွဲတွေ ဘယ်တော့ ရပ်မယ်မှန်း မသိတဲ့အခါကြတော့ ကျနော် မနေနိုင်ဘူး။ အဲဒီစစ်ပွဲတွေ ရှိနေတဲ့ ကြားထဲကပဲ ဒီ ပရဟိတဂေဟာကို ထူထောင်ဖို့ ကြိုးစားတယ်။ အဲဒါကိုလဲ သူများအထောက်အပံ့နဲ့ မဟုတ်ဘဲနဲ့ ကျနော်တို့ မိတ်ဆွေတဦးချင်း တစ်လ တစ်သောင်းဆီထည့်ဝင်ပြီးတော့ ကလေးတွေဘဝကို ပြုစုပျိုထောင်သွားမှာပါ။
ကိုဉာဏ်ဝင်းအောင် ။ ။ နောက်ဆုံးတစ်ခွန်းလေး မေးချင်တာပါ။ ဆရာထင်လင်းဦး က အမေရိကန်ပြည်ထောင်စုကို စာပေဟောပြောပွဲအတွက် ရောက်ရှိလာတာ။ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်းရောက်ခိုက်မှာ မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေတာဆိုတော့ ကိုယ့်နိုင်ငံအတွက် ဘယ်လိုတန်းဖိုးရှိတဲ့ အရာတစ်ခုကို လေ့လာတွေ့ရှိထားပါလဲ။
ဆရာထင်လင်းဦး ။ ။ ရှိပါတယ်။ ဒီနိုင်ငံက အခုဆိုရင် နှစ်ပေါင်း (၂၅၀) ကျော် စဉ်ဆက်မပြတ် ဒီမိုကရေစီ - အဲဒီ ဒီမိုကရေစီကို အစိုးရအဆက်ဆက်ကတင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြတာ မဟုတ်ဘူး။ ပြည်သူတွေကလည်း ဒီမိုကရေစီကို ငါတို့ကာကွယ်ရမယ်ဆိုတာကို အမြဲတမ်း သိနေကြတယ်။ နောက်ဆုံး ကျောင်းသားလေးတွေ၊ ကလေးသူငယ်လေးတွေကအစ ဒါက ကျနော်တို့ ရရမယ့် ရပိုင်ခွင့်ဆိုတာကို သူတို့ နားလည်ကြတယ်။ ဒီရပိုင်ခွင့်ကို ကာကွယ်ကြတယ်။ အဲဒီဥစ္စာကို ကျနော်က ကျနော့်နိုင်ငံသူ နိုင်ငံသားတွေကို အရင်ပေးမယ်။ ငါတို့ ရပိုင်ခွင့်တွေကို နည်းနည်းလေး ထိပါးတာနဲ့ ဒီအစိုးရကို ငါတို့ လက်မခံဘူးဆိုတဲ့ စိတ်နဲ့ ကာကွယ်စောင့်ရှောက်ရဲတဲ့ သတ္တိတွေ မွေးရမယ်။
နောက်တချက် ဒါကတော့ ကျနော် သေသေချာချာ လေးလေးနက်နက် ပြောချင်တယ်။ နိုင်ငံတစ်ခုမှာ တပ်မတော် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရလက်အောက်မှာ၊ အုပ်ထိန်းမှုအောက်မှာပဲ ရှိရမယ်။ အဲဒီလိုမဟုတ်ရင် ဒီမိုကရေစီဆိုတာ ပြည့်ဝမှု မရှိဘူး။ တခြားနိုင်ငံမှာဆိုရင် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ သမ္မတနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင် အာဏာသိမ်းမှုမျိုးတွေ ပေါ်ပေါက်လာတတ်တယ်။ ဒီနိုင်ငံ အမေရိကန်နိုင်ငံမှာ ဒါမျိုး မရဘူး။ ပြည်သူက တင်မြှောက်ထားတဲ့ သမ္မတက ဗိုလ်ချုပ်တစ်ယောက်ကို ထုတ်ပယ်နိုင်တယ်။ အဲဒါမျိုး ဖြစ်လာမှာသာလျှင် ဒီနိုင်ငံရဲ့ ဒီမိုကရေစီက တကယ်ပီပြင်တယ်။ တကယ်စဉ်ဆက်မပြတ် ခိုင်မြဲမယ်ဆိုတာကို ကျနော့်နိုင်ငံသားတွေကို ပြောချင်တယ်။ ကျနော်တို့နိုင်ငံကို အဲဒီအဆင့် ရောက်တဲ့အထိ ကျနော်တို့ ကြိုးစားသွားရလိမ့်မယ်။