ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်းအရေးမှာ တဘက်နိုင်ငံကို တိမ်ရှောင်းနေသူတွေ ပြန်လည်လက်ခံရေး အမြန်စတင်ဖို့ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းအတွက်ပါ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ အရေးပါတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ လက်ခံထားပြီး အခုဆိုရင် ပထမအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ စတင်ဆောင်ရွက်နေပြီလို့လည်း ပြောဆိုပါတယ်။ New York ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီး ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ New York မြို့ကို ရောက်နေတာပေါ့။ ဒီ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ခဲ့တာ ရှိခဲ့ပါတယ်။ ဝန်ကြီးလည်း တက်ခဲ့မှာပါ။ အဲဒီမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကနေ ရခိုင်ပြည်နယ်အရေးနဲ့ သူအကြံပေးထားတာလေးတွေ ရှိပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားချင်းစာနာမှု ထောက်ထားတာတွေ ပတ်သက်ပြီးတော့ စိုးရိမ်မကင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဘက်က ဘယ်သူများ ပါဝင်ဆွေးနွေးခဲ့တာ ရှိပါလဲရှင့်။
ဦးကျော်တင် ။ ။ ရခိုင်အရေးကိစ္စကတော့ ဒီအစည်းအဝေးမှာ ဆွေးနွေးရန်မရှိပေမယ့်လဲ အတွင်းရေးမှူးချုပ်က ဒီကိစ္စကို ပူပန်နေတယ်ဆိုတာကို သိတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီကိစ္စမှာ ဖြေရှင်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုလေးတွေကို ရှင်းပြတယ်။ အဓိကတော့ နံပတ်တစ်ကတော့ အခုလောလောဆယ် အာရုံစိုက်သင့်တာသည် တိမ်ရှောင်သွားတဲ့လူတွေကို ပြန်လည်လက်ခံယူ Repatriation process ကို အမြန်ဆုံး စတင်ဖို့ အဲဒီကိစ္စကို ပြောပါတယ်။ ကျနော်တို့ဘက်က ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုးထားပြီးနောက်ပိုင်း ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာ၊ ပြင်ဆင်ထားတာတွေ အကုန်လုံး ပြင်ဆင်ပြီးပြီ။ လွန်ခဲ့တဲ့ ဇန်နဝါရီလ (၂၃) ရက်နေ့က စတင်ပြီး လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း အဲဒီကိစ္စကိုလည်း ရှင်းပြတယ်။
ဒါပေမဲ့ ကျနော်တို့က လက်ခံတာပဲ ဖြစ်နေတယ်။ တဘက်က ပို့တဲ့ဘက်က ဘင်္ဂလားဒေ့ရှ် မပို့သေးတော့ ကျနော်တို့က စောင့်နေတာပဲ ရှိမယ်။ ကျနော်တို့ဘက်ကတော့ လက်ခံဖို့ အဆင်သင့် ရှိနေတယ်ဆိုတာကို ပြောတယ်။ နောက်တပိုင်းကတော့ ကုလသမဂ္ဂကနေ ဒီပြဿနာမှာ ကုလသမဂ္ဂအခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာကို ပြောတယ်။ အဲဒီတော့ ကုလသမဂ္ဂကနေ UNHCR, UNDP တို့နဲ့ သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးထားတာ ရှိတယ်။ သူတို့လုပ်ငန်းတွေက စတင်နေပြီ။
UN တွေရဲ့ လုပ်ငန်းအတိုင်း ထုံးစံအတိုင်း လုပ်ငန်းမစခင်မှာ Assessment ကွင်းဆင်းပြီးတော့ အကဲဖြတ်မှုတွေ လုပ်တယ်။ ကျနော်တို့က ပထမအဆင့်အနေနဲ့ ကျနော်တို့ --- က (၂၃) ရွာ ရွေးပေးထားတယ်။ အဲဒါကို Onground မှာ သူတို့အဖွဲ့တွေက ကွင်းဆင်းပြီးတော့ ဘာတွေလိုအပ်ချက် ရှိမယ်ဆိုတာတွေကို စစ်ဆေးပြီးပါပြီ။ အဲဒီတော့ ပြန်လာကြပြီ။ နောက်တဆင့်ကို နောက်ထပ်ရွာ (၂၆) ရွာလောက် ထပ်တိုးပေးဖို့ ကျနော်တို့ စီစဉ်ထားတာ ရှိပါတယ်။ ဒါကို မြေပြင်မှာ အကောင်အထည်ဖော်နေပါပြီ။ ဒီဟာလဲ တိုးတက်မှုတွေ ရှိနေပါတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ် Christine Schraner ကိုလည်း ကြိုဆိုကြောင်း။ သူနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ သူ့အတွက် ရုံးကိုလည်း နေပြည်တော်မှာ တရားဝင်ဖွင့်ခွင့်ကို ခွင့်ပြုထားပြီဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဓိက ပြောကြားတဲ့အချက်က ကုလသမဂ္ဂဆိုတာ ငြိမ်းငြိမ်းချမ်းချမ်း ပြဿနာဖြေရှင်းရေးကို ဦးတည်ဖို့ လိုတဲ့အကြောင်း။ တကယ်လို့ တချို့ အခြားသော အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကို ဦးစားပေးလာလို့ရှိရင် အခြေအနေကို မပြေလည်တဲ့အပြင် ပိုဆိုးသွားတာမျိုး အဲဒီလိုမျိုးမဖြစ်ဖို့ ကျနော်တို့နိုင်ငံအနေနဲ့ သဟဇာတဖြစ်အောင် ကြိုးပမ်းနေချိန်မှာ ပိုပြီးတော့ ဆိုးဝါးသွားစေမယ့် လုပ်ရပ်တွေမျိုး မလုပ်ဖို့ကို ကျနော်တို့အနေနဲ့ အဲဒါလေးကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့လည်း မြန်မာဝန်ကြီး တွေ့ဆုံခဲ့တဲ့အကြောင်းကို ကျမတို့ ဖတ်ရပါတယ်။ တွေ့ရပါတယ်။ အဲဒီအခါမှာ ဝန်ကြီး Pompeo က မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အလားတူပဲ ရခိုင်အရေးနဲ့ ပတ်သက်လို့၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးသွားတာ ရှိပါတယ်။ သူ တိုက်တွန်းသွားတာတွေလည်း ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဦးကျော်တင့်ဆွေ တွေ့ဆုံခဲ့တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးဖြစ်ပါလဲရှင့်။
ဦးကျော်တင် ။ ။ ဒီကိစ္စမှာလဲ ကျနော်တို့ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေတဲ့ အကြောင်းတွေ ပြောလိုက်ပါတယ်။ တကယ့်တကယ် အစိုးရက ဒီပြဿနာကို ပြေပြေလည်လည် ဖြေရှင်းဖို့ နဂိုကတည်းက ရည်ရွယ်ချက်ရှိတယ်။
ဒါကြောင့်မို့ အစိုးရတက်ပြီးတာနဲ့ ကော်မတီတွေအဆင့်ဆင့် ဖွဲ့တယ်။ အဲဒီလိုလုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နေတဲ့ကာလမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်။ အဲဒီလို အနေအထားတွေကြောင့် ကျနော်တို့က ဒါမျိုးတွေ ကြိုးပမ်းဆောင်ရွက်မှုတွေကို နှေးကွေးသွားတဲ့ အနေအထားရှိတယ်။ ကျနော်တို့အနေနဲ့ ဒီဟာကို ပြေပြေလည်လည် ဖြေရှင်းဖို့ အသင့်ရှိတယ်။ နောက်ပြီးတော့ အဓိက သူတို့ အတော်များများ စိတ်ဝင်စားနေကြတယ်။ Accountablity တာဝန်ယူမှု Issue နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်တွင်းမှာ ပြည်တွင်း Initiative နဲ့ ဖွဲ့စည်းထားတဲ့ Independence Equiry ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတယ်ဆိုတဲ့အကြောင်း။ အဲဒီအစီရင်ခံစာကို ကျနော်တို့ စောင့်ကြည့်ဖို့ လိုတယ် ဆိုတဲ့အကြောင်း အဲဒါကို ပြောထားပါတယ်။ အခုတော့ လောလောဆယ် Fact finding mission ကတော့ အဓိက အတိအကျ ခိုင်လုံတဲ့ Hard Evidence မရှိဘဲနဲ့ အင်တာဗျူးလုပ်ထားတဲ့ ရလဒ်တွေ - တချို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ (၈၀၀) လောက်ကို အင်တာဗျူးလုပ်ပြီး မေးထားတဲ့ အချက်တွေကို စုစည်းထားတာ မဖြစ်သေးတဲ့အတွက် ဒါက သက်သေအထောက်အထား အခိုင်အလုံ မရှိသေးဘူး။ သူတို့ရဲ့ ပြောကြားချက်တွေကို စုစည်းထားတာဖြစ်တယ်။ ကျနော်တို့က ပြည်တွင်းမှာ သေချာစုံစမ်းမယ့် Enquiry Commission ကို လုပ်ငန်းပြီးဆုံးအောင် စောင့်ကြည်ဖို့သင့်တယ်အကြောင်း အဓိကထား ပြောကြားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီကော်မရှင်အနေနဲ့ ဘယ်လောက်အတိုင်းအတာ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်ခွင့် ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ တချို့နေရာတွေက တော်တော်လေးကို ကန့်သတ်ထားတယ်လို့ ကြားပါတယ်။ ပြီးတော့ လုံခြုံရေးအရလည်း ပါတာပေါ့။ အဲဒီအခါကြတော့ လွတ်လပ်တဲ့ Indepenent Inspection Commission အနေနဲ့ လုပ်ပိုင်ခွင့်၊ အတိုင်းအတာ - အဲဒါလေးနဲ့ ပတ်သက်လို့ ဝန်ကြီး ရှင်းပြပေးပါရှင့်။
ဦးကျော်တင် ။ ။ ကျနော်တို့ နိုင်ငံမှာ ၁၉၅၀ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီ ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေအတိုင်း ဖွဲ့စည်းထားတာပါ။ အဲဒီ ဥပဒေအရဆိုရင် ဒီကော်မတီဟာ လွတ်လွတ်လပ်လပ် စုံစမ်းပိုင်ခွင့် ရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ် [z1] ပုဂ္ဂိုလ်မဆို မေးမြန်းခွင့်ရှိတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းခံခွင့်ရှိရမယ်။
လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတယ်။ တကယ် သူက ဘာလဲဆိုတော့ Criminal codes, Civil codes လိုမျိုး Authority မျိုးကို သူမှာ ရှိပါတယ်။
ကျနော်တို့သမိုင်းမှာ နိုင်ငံခြားသား နှစ်ဦးပါပြီတော့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မတီကို ပထမဦးဆုံးအကြိမ် ဖွဲ့စည်းခြင်းဖြစ်တယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်။ သူတို့ကိုလည်း သူတို့ကြိုက်သလောက် တခြားနိုင်ငံတွေမှ Experts တွေလည်း ကွန်တော်တို့က ဘာမှမပေးဘူး။ သူတို့အနေနဲ့ ရွေးချယ်လို့ forensic expert တို့ဘာတို့ ရွေးချယ်ခွင့်လည်း ပေးထားပါတယ်။ အဲဒီတော့ သူတို့ကတော့ အားလုံးသိပြီသားပေါ့ ဖိလစ်ပိုင်က ဒုတိယနိုင်ငံခြားရေးဝန်ကြီး Madam Manalo ဆိုတာ အမျိုးသမီးအခွင့်အရေးမှာ ရှေ့တန်းက ရဲရဲတောက် ဦးဆောင်ခဲ့တယ်။ ပြီးခဲ့တဲ့ CEDAW အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီးတော့လည်း ဥက္ကဋ္ဌ ဖြစ်ပြီး၊ ဖိလစ်ပိုင်ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်တယ်။ ASEAN Charter ကိုလည်း သူကိုယ်တိုင် ဦးဆောင်ပြီး ရေးဆွဲခဲ့တယ်။ နာမည်ကြီး Diplomat တယောက် ဖြစ်ပါတယ်။
ဂျပန်က သံအမတ်ကြီးOshima ဆိုတာလည်း ကုလသမဂ္ဂမှာ အထူးလေးစားရတဲ့ ဂျပန်သံအမတ်ကြီးဟောင်း ဖြစ်တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂရဲ့ OHCHR လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း တယောက်လည်း ဖြစ်တယ်။ ကျန်တဲ့ မြန်မာအဖွဲ့ဝင် နှစ်ဦးကလည်း UN မှာ အတွေ့အကြုံရှိတဲ့ UNICEF ဝန်ထမ်း ဒေါက်တာအောင်ထွန်းသက်၊ ဦးမြသိန်းတို့ - ဥပဒေမှာ ကျွမ်းကျင်တဲ့ - အခု ဖွဲ့စည်းပုံအခြေခံဥပဒေရုံးရဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။
အဲဒီတော့ သူတို့ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးထားပါတယ်။ သူတို့တွေ သွားလို့ရှိရင်လဲ ကျနော်တို့ ညွှန်ကြားထားတယ်။ ရခိုင်ပြည်နယ် သွားလို့ရှိရင် အစောင့်အရှောက်နဲ့သွားပြီး၊ မေးမြန်းတာလဲ လွတ်လပ်စွာ မေးမြန်းခွင့်ကို ပေးထားပါတယ်။ အဲဒီတော့ သူတို့ ကာကွယ်ရေးဘက်မှာ သွားဆွေးနွေးတဲ့အခါမှာလဲ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းတွေ EU ကနေ ကိုယ်စားလှယ်အဖွဲ့တွေလာမယ်။ အမေရိကန်ကလာမယ်။ ကုလသမဂ္ဂက လာမယ်။ ရှိသမျှ အဖွဲ့အစည်းတွေ လာတိုင်းမှာ ရခိုင်ပြည်နယ်ကို လေ့လာတဲ့လူတွေ ရှိပါတယ်။ ဥပမာ ဒေါက်တာဝင်းမြတ်အေးတို့ အဖွဲ့ဆိုရင် မြေပြင်မှာ သူတို့ ဘာတွေပြင်ဆင်ထားတာတွေကို လိုက်ပြပါတယ်။ ကျကျနန ဒုက္ခသည်တွေ ပြန်လာရင် ဘယ်လိုနေရာတွေမှာ ခေတ္တယာယီတည်ခိုမယ့် စခန်းတွေကို လိုက်ပြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲပြပြ မြန်မာပြည်က ပြန်သွားတာနဲ့ တပြိုင်တည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံက အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ ဝေဖန်သံတွေပဲ ကြားနေရပါတယ်။ အဲဒါ ဘယ်လိုများ ဖြစ်လို့ပါလဲ။
ဦးကျော်တင် ။ ။ အဲဒါကတော့ သူတို့ရှုမြင်တဲ့ အမြင်ပေါ့။ ကျနော်တို့ကတော့ လက်ခံရေးစခန်း နှစ်ခု ထားရှိတယ် - ရေလမ်းကလာတာ တစ်ခု၊ ကုန်လမ်းကလာတာ တစ်ခု။ ကျနော်တို့ နှစ်နိုင်ငံ ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူညီချက်အရ ဖြစ်တယ်။ Resettlement နေရာ နှစ်ခုထားမယ်။ စစ်ဆေးရေးအတွက် ကွန်ပြူတာတွေ၊ အိုင်ဒီကဒ်တွေ ထုတ်ပေးဖို့ အဆင်သင့် လုပ်ထားပြီးပြီ။ ဒီဘက် Transit Center က လူပေါင်း သုံးသောင်းလောက်အထိ Accommodate လုပ်နိုင်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ သူတို့ပြန်လာရင် ဒီမှာ စစ်ဆေးမယ်။ ခဏ တည်ခိုပြီးရင် သူတို့ မိမိရွာမှာ ကြိုက်သလို အိမ်တွေဘာတွေ ဆောက်လုပ်ဖို့အတွက် ပံ့ပိုးပေးမယ်။ အဲဒီလိုမျိုး ပြောထားတယ်။
သူတို့ကတော့ ဒီဟာနဲ့ ပတ်သက်ပြီး အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ဟာ သူတို့က ဘယ်ပေတံနဲ့ တိုင်းသလဲမသိဘူး။ ကျနော်တို့ကတော့ စစ်ပြီးတော့ ပေးထားတာ လူလေးထောင်ကျော်လောက် ပေးထားပြီးပြီ။ ရခိုင်မှာနေတယ်ဆိုတဲ့ သက်သေခိုင်လုံတဲ့လူ - လေးထောင်ကျော် ပေးထားတယ်။ မနက်ဖြန် ပို့မယ်ဆိုရင် မနက်ဖြန် ကျနော်တို့လာတယ်။ စစ်ဆေးပြီး Camp မှာ ထားမယ်။ ရွာမှာ အိမ်ဆောက်တယ်ဆိုတာလဲ အလွန်ဆုံး တစ်လ၊ နှစ်လ ဆောက်ပြီးရင် အဲဒီကို ပြောင်းရွှေ့မှာ။ သူတို့ကတော့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ကျနော် ထင်တာကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့က လုံခြုံပိုင်းကို အလေးထား ပြောကြတယ်။ ဒီလူတွေက ဒီမှာ တသက်လုံး အတူတူနေထိုင်လာကြတာ။ လုံခြုံရေးဆိုတဲ့အခါမှာ သူတို့ကတော့ သူတို့ စိုးရိမ်တဲ့ ကွန်မြူနီတီက လုံခြုံရေးယူပြီး၊ ကျနော်တို့ကြတော့ အစိုးရပိုင်းကြတော့ ဒေသခံတွေရဲ့ လုံခြုံရေးကိုလည်း စဉ်းစားရပါတယ်။
လုံခြုံရေးဆိုတာ ကျနော်တို့အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့လဲ ဘယ်အစိုးရမှ ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ဘူး။ ဘယ်နေရာမဆို အမေရိကန်မှာတောင် World Trade Center ပြိုကျသွားတာ - ကျနော်တို့ဆီမှာ ၁၀၀ ရာခိုင်နှုန်းတော့ Grantee မပေးနိုင်ဘူး။ တရားဥပဒေ စိုးမိုးရေး မြှင့်တင်ရေးကိုလည်း လုပ်နေပါတယ်။ နောက်ပြီးတော့ UNDP နဲ့ UN team တွေကလည်း စစ်တွေ၊ မောင်းတောတွေမှာ လုပ်ငန်းတွေ ပေးနေပါတယ်။ အလုပ်လုပ်ပိုင်ခွင့်တွေ ပေးထာတယ်။ Third Party လည်း ရှိနေတယ်။ ကျနော်တို့အနေနဲ့တော့ သူတို့ပြန်လာရင် နေရာချထားပေးဖို့ အဆင်သင့်ရှိပြီလို့ ယူဆပါတယ်။
သူတို့က ဘာဖြစ်လို့ အဲဒီလို သုံးသပ်တယ်ဆိုတာတော့ တခြား နိုင်ငံရေးအရ ဖိအားပေးချင်တာတွေလည်း ရှိမယ်လို့ ကျနော့်စိတ်ထဲမှာ အဲဒီလို တွက်ဆမိပါတယ်။ တိုးတက်မှုမရှိဘူးဆိုမှ ဒီဘက်မှာ ဖိအားပြင်းပြင်းထန်ထန် ပေးလို့ရမယ်လို့ အဲဒီလို သတ်မှတ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကော်မရှင် အကြံပေးကော်မရှင်ကနေ ထောက်ခံအကြံပြုထားတဲ့ .၈၈ အချက်တွေထဲမှာ ၈၁ ချက် အကောင်အထည် ဖော်ပြီးပြီလို့ အစိုးရက ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့ အစည်းအဝေးတခုမှာ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Nikki Haley က ၈၁ ချက် အကောင်အထည်ဖော်ပြီးပြီဆိုပေမယ့် ဘာမှပိုင်ပိုင်နိုင်နိုင်၊ ကျကျနန မရှိဘူးဆိုပြီး ဝေဖန်သွားတာ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့။ နောက်ပြီးတော့ ကျန်နေတဲ့ အချက်တွေက ဘယ်လို အခက်အခဲတွေ ရှိနေလို့ ဆက်ပြီးတော့ အကောင်အထည်ဖော်လို့ မရသေးတာလဲ။
ဦးကျော်တင် ။ ။ ကျနော်ထင်တာကတော့ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် Nikki Haley က On Ground မှာ တိုးတက်မှု မရှိဘူးဆိုတာ သူတိုင်းတဲ့ပေတံပေါ် မူတည်ပါတယ်။ သူတိုင်းတဲ့ပေတံက ဟိုဘက်ရောက်နေတဲ့လူ ခြောက်သောင်းကျော်၊ ခုနှစ်သောင်းလောက်က ဒီဘက်ကို မရွေ့သေးတာကို တိုင်းတာတယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို တိုင်းတာရင်တော့ မှားပါလိမ့်မယ်။ Repatriation က ဘင်္ဂလားဒှေ့ရှ်က မစသေးတော့ ဒီဘက်မှာ တိုးတက်မှုဆိုတာ အခုနပြောသွားတဲ့ လက်ခံရေးုစခန်းတွေ ဆောက်တာတွေ၊ နောက်ပြီးတော့ ကျနော်တို့ဘက်မှာ ပြည်တွင်းမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းတာတွေ - အဲဒါတွေ ပြီးခဲ့တဲ့နှစ်က သုံးခုလောက် ပိတ်ထားပြီးပြီ။ နှစ်ခုတော့ ပိတ်သိမ်းဖို့ ကျန်သေးတယ်။ ပြဿနာ လက်ညှိုးထိုးပြတာ လွယ်တယ်။ Solution တော့ မပေးဘူး။ ပြဿနာကို ဘယ်လိုဖြေရျင်းရမယ်ဆိုတာ။
တော်တော်များများ နက်နက်နဲနဲ ရခိုင်ပြည်နယ်နဲ့ သဘောကျတယ်။ သူတိုက ရခိုင်ကွန်မြူနီတီနဲ့လည်း နီးကပ်တယ်။ တိုင်ပင်ညှိနှိုင်းပြီး လုပ်ရတာပါ။ ကျနော်တို့က Camp ကို ပိတ်သိမ်းတာတွေလုပ်တာ - ဒါလဲ တိုးတက်မှုတချို့ပေ့ါ။ အများကြီး လုပ်စရာတွေ ကျန်ပါသေးတယ်။ ကျနေ်ာပြောတာက အကောင်အထည်ဖော်ပြီးပြီ - ဖော်ပြီဆဲ - အဲဒါကို ပြောတာ။ ကျနော်တို့နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာတာဝန်ကျသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိတွေပူးပေါင်းလုပ်ဖို့၊ အာဆီယံတွေကို ဒီဟာနဲ့ ပတ်သက်လို့ တိုးတက်ပြောင်းလဲမှုကို ပြောဖို့။ ဒါမျိုးတွေကို လုပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို Special Envoy တွေ လွှတ်တာ အကြိမ်ကြိမ်ပါ။ အဲဒီတော့ ဝန်ကြီးဌာနတွေကို ကိုဖီအာနန် Recommendation ကို တာဝန်ခွဲပေးထားတယ်။ အဲဒီထဲကနေပြီးတော့ တိုးတက်မှုတွေကို လေးလတကြိမ် Publish လုပ်နေပါတယ်။ အဲဒီ Reports တွေ ဖတ်လို့ရှိရင် တိုးတက်မှုတွေကို တွေ့လာလိမ့်မယ်။
လမ်းပန်ဆက်သွယ်ရေး ကောင်းအောင်လို့၊ နောက်ပြီးတော့ သူ တိုင်းတာတဲ့ပေတံကတော့ ဒီလူတွေ ဟိုဘက် မရွေ့သေးတာကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကုလသမဂ္ဂလည်း လက်မှတ်ထိုးထားတယ်။ အဲဒါတွေလည်း လုပ်နေပြီ။ တိုးတက်မှုက ဒုက္ခသည်တွေ ဒီဘက်ရွေ့တာနဲ့ ပတ်သက်လို့ တိုင်းတာရင်တော့ မတိုးတက်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့ဘက်ကို ရာနဲ့ချီပြီးတော့ ပြန်လာတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဟိုတလောက ၁၆၂ ယောက် သွားကယ်ထုတ်ရတယ်။ သူတို့ဘာသာ ခိုးပြန်လာတာပါ။ ဟိုဘက် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးမပြန်ဘူး။ ခိုးပြီးပြန်လာတဲ့လူတွေကို ကျနော်တို့ ဒီဘက်မှာ စီစစ်ပြီးတော့ ကဒ်ပြားတွေ ထုတ်ပေးပြီး သူ့နေရာနဲ့သူ ပြန်ထပ်ထားပြီးတော့ ဒီတခါ လှေတစီး ပျက်ပြီးရောက်လာတယ် - အဲဒီလိုပဲ သူ့နေရာနဲ့သူ ပြန်လည်နေရာချထားပြီး ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပြန်လာတာတော့ ရှိပါတယ်။ ဒါပေမဲ့ Repatriation program အရတော့ ဘင်္ဂလားဒေ့ရှ်ဘက်က မလွှတ်သေးတော့ မစနိုင်သေးတာ၊ မတိုးတက်သေးတာ ဖြစ်ပါတယ်။ ကျနော်တို့ လုံခြုံကောင်စီမှာ ပြောသလို ကျနော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ပြီးတော့ သူတို့ကို ဆွဲထုတ်လာလို့ မရပါဘူး။ ကျနော်တို့ဆီ ရောက်လာမှု လက်ခံလို့ ရမှာပါ။ အဲဒါလေးကို ထပ်ပြောချင်ပါတယ်။ အဲဒါကြောင့် မတိုးတက်သေးတာလို့ ထင်ပါတယ်။