သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရသုံးမှန်းခြေဆိုင်ရာ သိကောင်းစရာ


သုတေသီ မငုဝါဝင်း (CESD)
သုတေသီ မငုဝါဝင်း (CESD)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာအစိုးရရဲ့ ရသုံးမှန်းခြေဘတ်ဂျက်နဲ့ ပတ်သက်လို့ ပြည်သူတွေ သိရှိနိုင်တဲ့အခြေအနေ ပိုရှိလာတယ်လို့ သုတေသီတဦး ပြောဆိုတာနဲ့ ပတ်သက်ပြီး တင်ပြပေးထားပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထဲက စတင်ပြီး အစိုးရရဲ့ ဘတ်ဂျက်ဆိုင်ရာ ထုတ်ပြန်အသိပေးမှုပုံစံတွေ ပြောင်းလဲလာပြီး အခုနောက်ပိုင်း ပိုပြီးပွင့်လင်းမြင်သာလာတယ်လို့ အစိုးရရဲ့ မူဝါဒရေးရာတွေကို သုတေသနလုပ်ဆောင်နေတဲ့ CESD (Centre for Economic and Social Development) စီးပွားရေးနဲ့ လူမှု့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တွဲဖက်သုတေသီ မငုဝါဝင်း က ပြောဆိုပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ဘတ်ဂျက်အသုံးစရိတ် တဖြည်းဖြည်းတိုးလာတာ တွေ့ရပေမယ့် တိုးနှုန်းနှေးသေးတယ်လို့ ဆိုပါတယ်။ အခုလို့ CESD အဖွဲ့က အစိုးရမူဝါဒပိုင်းဆိုင်ရာ သုတေသနပြုစုနေတဲ့ အခြေအနေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ တွဲဖက်သုတေသီ မငုဝါဝင်း ကို မခင်ဖြူထွေး က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါဝင်း အခုလို ကျမတို့ ဗွီအိုအေရုံးကိုလာပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ပါ။ ရပါတယ်။ ကျေးဇူးတင်ပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါ က အဓိကလုပ်နေတာက Microeconomics နဲ့ ပတ်သက်ပြီးတော့။ လက်ရှိ လုပ်နေတဲ့ သုတေသနလုပ်ငန်းကို နည်းနည်းရှင်းပြပေးပါ။ ဘယ်အကြောင်းအရာပေါ်မှာ သုတေသနလုပ်နေတာလဲ။

မငုဝါဝင်း ။ ။ အခုလောလောဆယ် လုပ်နေတဲ့ အကြောင်းအရာတွေကတော့ ကျမတို့ Microeconomic team က focus က အခုလက်ရှိ ချက်ချင်းဖြစ်နေတဲ့ တလောက အတည်ပြုလိုက်တဲ့ tax နဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ အခွန်ကိစ္စနဲ့ ပတ်သက်တဲ့ဟာ။ ဥပဒေအသစ်တွေ ပြဌာန်းလိုက်တယ်။ အဲဒီဟာတွေမှာ ပြောင်းလဲမှုတွေ ရှိသွားခဲ့တယ်။ နဂို သူတို့လုပ်ထားတဲ့ ပြဌာန်းထားတဲ့ ဥပဒေနဲ့ အခု ပြောင်းလဲလိုက်တဲ့ ဥပဒေတွေမှာ ဘာတွေပြောင်းလဲမှုတွေ ဖြစ်သွားလဲ။ အဲဒါက နိုင်ငံရဲ့ ဝင်ငွေပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ စတဲ့ အကြောင်းအရာတွေကို လေ့လာတယ်။ နောက် အခုအားလျော်စွာ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေအပေါ်မှာ ကျမတို့ မိုက်ခရို ဘောဂဗေဒနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပါလာခဲ့ရင် ကျမတို့ အဲဒီအပေါ်မှာ သုတေသနလုပ်တယ်။ နောက် အခုလောလောဆယ် နောက်ထပ်လုပ်နေတဲ့ဟာတခုကတော့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်တဲ့ကိစ္စပါ။ အဲဒီမှာလဲ ကျမတို့ ပူးပေါင်းပါဝင်မှုလုပ်ပြီးတော့ သုတေသနတွေ လုပ်နေပါတယ်။ နှစ်အလိုက် ပြဌာန်းတဲ့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း - အတိုကောက်အားဖြင့်တော့ ဘတ်ဂျက်လို့ ခေါ်တာပေါ့။ အဲဒီအပေါ်မှာလည်း လေ့လာပြီး သုတေသနလုပ်နေပါတယ်။

မခင်ဖြူထွေး ။ ။ ဒီ ဘတ်ဂျက် နိုင်ငံတော်ရသုံးမှန်းခြေစာရင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့နေရာမှာ ဘယ်အချက်တွေကို အဓိကထားပြီးတော့ လေ့လာတာလဲ။

မငုဝါဝင်း ။ ။ ရသုံးမှန်းခြေငွေစာရင်းလို့ ပြောတဲ့အခါကြရင် ကျမတို့ ၂၀၁၁-၁၂ ကစပြီးတော့ ၂၀၀၈ constitution အရ တိုင်းဒေသကြီး ပြည်နယ်တွေ Union level ကို ခွဲပြီးတော့ ထွက်လာတယ်။ ဥပဒေတွေက ဘတ်ဂျက် ရသုံးမှန်းခြေငွေစာရင်းက တိုင်းဒေသကြီး ပြည်နယ်တွေအတွက်ထွက်တယ်။ ပြီးတော့ Union Level အတွက် ထွက်လာတယ်။ အဲဒီလို ထွက်လာတဲ့အခါကြတော့ ကျမတို့ team အနေနဲ့ အဓိက focus အာရုံစိုက်ပြီးတော့ လေ့လာတာကတော့ နိုင်ငံတော်အဆင့် Union Level မှာ ဆောင်ရွက်နေတဲ့ ဘတ်ဂျက်ကို ကျမတို့ လေ့လာပါတယ်။ တိုင်းဒေသကြီးပြည်နယ်အဆင့် ဘတ်ဂျက်တွေကိုလည်း အခါအားလျော်စွာ တချို့ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အဲဒီလို လေ့လာတဲ့နေရာမှာ အရင် အစိုးရလက်ထက်နဲ့ အခု ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲလာတယ်ဆိုတဲ့ အစိုးရနောက်ပိုင်းမှာ ဘယ်လိုပြောင်းလဲလာတာတွေ တွေ့ရသလဲ။ ရှာဖွေတွေ့ရှိချက်တချို့ကိုလည်း ပြောပြပါအုံး။

မငုဝါဝင်း ။ ။ ၂၀၁၁-၁၂ က စပြီးတော့ ကျမတို့ focus လုပ်ပါတယ်။ အခုကတော့ လေးနှစ်စာ ရှိသွားပြီပေါ့။ ရှိသွားပြီဆိုတော့ အခု ၁၂-၁၃ ကစပြီးတော့ ရသုံးမှန်းခြေငွေစာရင်းကို ကြေညာတဲ့ပုံစံတွေ structure တွေက ပြောင်းလဲလာပါတယ်။ ဒီ ၁၄-၁၅ မှာလည်း ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတယ်ဆိုတော့ လူတွေက ပိုပြီးတော့ access လုပ်လာနိုင်တယ်။ ရယူလာနိုင်တယ်။ သူတို့ စပြီးတော့ ကြေညာလာတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှု စပြီးတော့ စရှိလာပြီပေါ့။ ဒီ အနေအထားကိုလည်း ဘယ်လိုလုပ်တယ်ဆိုတာကိုလည်း လွှတ်တော်မှာ ဆွေးနွေးထားချက်တွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေက၊ ပြင်ပကနေ ကျမတို့ လေ့လာလို့ရတယ်။ အရင်ထက်စာရင်တော့ နှိုင်းယှဉ်ရင်တော့ မဆိုးဘူးဆိုတဲ့ အနေအထားကို ပြောလို့ရတယ်။ Structure ကလည်း တဖြည်းဖြည်း ပြောင်းလာတယ်။ သူတို့ ပုံစံပေါ့။ နဂိုတုန်းကဆိုရင် နိုင်ငံတော် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ရသုံးမှန်းခြေငွေစာရင်းတွေကို အတူတူရောပြီးတော့ ဖော်ပြတယ်။ အခုနောက်ပိုင်းတော့ ခွဲပြီးတော့ ဖော်ပြလာတာတွေရှိတယ်။ အဲဒီလို အကြောင်းအရာ ပြောင်းလဲလာတာတွေရှိတယ်။ တဖြည်းဖြည်းနဲ့လည်း ပြည်သူလူထုကို ပိုပြီးတော့ အသိပေးလာတယ်။ ဟိုတလောတုန်းကဆိုရင် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကဆိုရင် အခွန်အကောက်ကို နိုင်ငံတော်က ဒီ (၃) နှစ်မှာ ဘယ်လောက် ကောက်ခံရရှိခဲ့လဲ။ တိုးမြှင့်ကောက်ခံရရှိခဲ့လဲ။ အခွန်တိုးမြှင့်ကောက်ခံရရှိတဲ့အတွက် နိုင်ငံတော်က ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက်တောင် ပိုမိုပြီးတော့ သုံးစွဲလို့ ရနိုင်ပါတယ်ဆိုပြီးတော့ - ဒါကတော့ အခွန်ဌာန ပြည်တွင်း အခွန်ဦးစီးဌာနက ကြေညာတာပေါ့။ အဲဒီလိုမျိုး သတင်းအချက်အလက်တွေကို ပြည်သူလူထုကို ကြေညာလာတယ်ပေါ့။ အသိပေးလာတဲ့ အနေအထားအထိ ဖြစ်လာတယ်။

မခင်ဖြူထွေး ။ ။ အရင်ကထက် ပိုပြီးတော့ transparency ပိုပြီးတော့ ပွင့်လင်းမြင်သာလာတယ်။ Accountability တာဝန်ခံမှုတွေ ပိုပြီးတော့ ရှိလာတဲ့သဘောပေါ့။ ဆိုတော့ ဒီဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရသုံးမှန်းခြေနဲ့ ပတ်သက်ပြီးတော့ ငွေကြေးတွေကို စီမံခန့်ခွဲပြီးတော့ သုံးတဲ့နေရာမှာ allocate လုပ်တဲ့နေရာမှာ ဘယ်ကဏ္ဍတွေမှာ သုံးတဲ့နှုန်းတွေက အရင် အစိုးရနဲ့ အခု အစိုးရနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုးတက်ပြောင်းလဲလာတာ ရှိသလား။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ကျန်းမာရေးတို့၊ ပညာရေးတို့လို ကဏ္ဍတွေမှာ ဒါကို ပိုပြီးတော့ သုံးစွဲသင့်တယ်ဆိုတာကို ပြည်တွင်းပြည်ပက ပြောနေကြတာရှိတယ်။ ဆိုတော့ အဲဒီလိုအပိုင်းတွေမှာ ပြောင်းလဲလာတာတွေ ရှိသလား။ ဒီလေ့လာတွေ့ရှိချက်အရဆိုရင်။

မငုဝါဝင်း ။ ။ ရှိပါတယ်။ ဒီ ၁၁-၁၂ ကစပြီးတော့ လေ့လာတယ်။ ဘဏ္ဍာရေးနှစ် ၁၁-၁၂၊ ၁၂-၁၃၊ ၁၃-၁၄၊ ၁၄-၁၅ အခု ထွက်လာတဲ့ဟာ။ တဖွဲ့နဲ့တဖွဲ့။ တယောက်နဲ့တယောက် သုတေသီ တယောက်နဲ့တယောက်တော့ focus အာရုံစိုက်ပြီး လေ့လာပုံတွေ တူချင်မှတူမယ်။ ကျမတို့ကြတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကဆိုရင် နှစ်အစမှာဆိုရင် ဘဏ္ဍာရေးနှစ်အစမှာ မတ်လအကုန်မှာဆိုရင် တနှစ်လုံးစာကို project လုပ်ထားတဲ့ ခန့်မှန်းထားတဲ့ ဘဏ္ဍာရေးဥပဒေ ထွက်လာတယ်။ ပြီးတော့ အောက်တိုဘာ၊ နိုဝင်ဘာလမှာဆိုရင် ထပ်ပြီးတော့ ဖြည့်စွက်တဲ့ ရန်ပုံငွေ supplementary ဆိုတဲ့ဟာမျိုး ထွက်လာတယ်။ အဲဒီတော့ ရှေ့ကနှစ်သုံးနှစ်စာကို ကျမတို့ တွက်ချက်တဲ့အခါမှာ အဲဒီ projection and supplementary ကို ပေါင်းပြီးတော့ အဲဒီ figure ကိုယူတယ်။ ပြီးတော့ ဒီနှစ်အစ ၁၄-၁၅ ကတော့ ကျမတို့ prediction အပေါ် မူတည်တယ်။ တွက်တဲ့အခါကျတော့ ကျမ အဓိကထားပြီးတော့ လုပ်နေတာက အခုန အမပြောတဲ့ ဘယ်လို allocate လုပ်သလဲ။ ကြည့်တဲ့အခါကြတော့ သက်ဆိုင်ရာဌာနတွေကိုပေးတဲ့ expenditure ပေါ်ကိုကြည့်တယ်။ ဒီအသုံးစရိတ်တွေ ဘယ်လောက်ရှိနေသလဲအပေါ် ကြည့်တဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး နဲ့ နိုင်ငံရဲ့ အရေးကြီးတဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ တိုးလာပါတယ်။ တိုးလာတယ်ဆိုတာကတော့ တဖြည်းဖြည်းနဲ့တော့ တိုးလာပါတယ်။ တော်တော်များများကတော့ ဝေဖန်ကြတယ်။ စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့။ စစ်အသုံးစရိတ်လည်း တိုးလာပါတယ်။ စစ်အသုံးစရိတ်ကလည်း တိုးနေတယ်။ ဒါပေမဲ့ တိုးတဲ့နှုန်းချင်းကတော့ မတူဘူးဖြစ်နေတယ်။ ပညာရေး နဲ့ ကျန်းမာရေးကဏ္ဍမှာတော့ တိုးတက်မှုနှုန်းက နည်းနေသေးတယ်လို့ ယူဆလို့ ရပါတယ်။

မခင်ဖြူထွေး ။ ။ နောက်ပြီးတော့ အခုလိုမျိုး CESD ဟာမျိုး။ နိုင်ငံတခုရဲ့ လူမှုရေး နဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ CESD လို အဖွဲ့မျိုးတွေက တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ မငုဝါ တို့ရှိတဲ့ အဖွဲ့မျိုးလို။ ဆိုတော့ အဲဒီလိုမျိုး တခြားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်တာ ရှိသလား။ ဥပမာ တခြားနိုင်ငံတွေက အရင်ထဲက ရှိနေပြီသာ။ ဒီလိုမျိုး အဖွဲ့အစည်းတွေနဲ့ စပြီးတော့ ကျင့်သုံးလာပြီးသာ နိုင်ငံတွေဆီက လေ့လာသင်ယူတာပဲဖြစ်ဖြစ်၊ သူတို့ဆီက ထောက်ပံ့ရယူတာပဲဖြစ်ဖြစ် အဲဒီလို ပူးပေါင်းလုပ်ဆောင်မှုတွေရှိလား။

မငုဝါဝင်း ။ ။ ရှိပါတယ်။ ကျမတို့ ဟိုတလောက အခုတော့ နောက်ဆုံးလက်စသတ်တဲ့အဆင့်ကို ရောက်နေပြီပေါ့။ ဒါကတော့ Asian Development Bank နဲ့ ပေါင်းပြီးတော့ country study လုပ်တဲ့အခါကြတော့ ကျမတို့ CESD က Financial Management နဲ့ ပတ်သက်တဲ့ chapter တခု ဝင်ရေးပါတယ်။ ဝင်ရေးတဲ့အခါကြတော့လည်း ကျမအနေနဲ့ ဘယ်လို allocate လုပ်လဲ။ ခွဲဝေတဲ့အပိုင်းကနေ ကြည့်ပြီးတော့ လေ့လာတာ ရှိပါတယ်။ တခြားအဖွဲ့တွေနဲ့လည်း အစိုးရရဲ့ ဌာနတွေကို လေ့လာနေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အမေရိကန်က Michigan တက္ကသိုလ်နဲ့က

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ Michigan တက္ကသိုလ်နဲ့ကြတော့ စိုက်ပျိုးရေးကဏ္ဍကို လေ့လာတာ ဖြစ်ပါတယ်။ လေ့လာတဲ့အခါကြတော့ ပညာရေးကဏ္ဍမှာ ဘယ်လောက်တိုးလာသလဲ။ ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက် တိုးလာသလဲ။ ဘယ်လောက် percentage အားဖြင့် တိုးလာသလဲဆိုတော့ ဒီနှစ်မှာတော့ ၂၀၁၄-၁၅ မှာ ပညာရေးကဏ္ဍ အသုံးစရိတ်က တော်တော်လေးကို တိုးလာပါတယ်။ အရင်နှစ်ထက်စာရင် သူ့ရဲ့ တိုးတက်မှု ငွေပမာဏက တော်တော်များလာတယ်လို့ ပြောလို့ရတယ်။ တခြား ကျန်းမာရေးကဏ္ဍလည်း ထပ်ပြီးတော့ များလာတယ်။ ဒီကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ တခြား အာဆီယံဝန်းကျင်မှာ ယှဉ်ရင်တော့ နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဘယ်လောက်အထိ တိုးတက်လာနိုင်ဖို့ ထပ်ပြီးတော့ ထည့်သင့်သလဲ။ ဘယ်လောက် allocate လုပ်သင့်သလဲတို့၊ ဘာတို့ကတော့ ထပ်ပြီးတော့ ဌာနတခုချင်းစီအလိုက်၊ ဝန်ကြီးဌာနတခုချင်းစီအလိုက် နိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ် ဘယ်နေရာမှာ ဘယ်လို allocate လုပ်မလဲဆိုတာတွေကတော့ ထပ်ပြီးတော့ လေ့လာရမယ်။ နောက်တချက်ကလည်း ကာကွယ်ရေးအသုံးစရိတ် ဘယ်လောက်ဖြစ်နေလဲ၊ ဘာလဲကလဲ အခုထိတော့ ပွင့်လင်းမြင်သာမှု ဒီကဏ္ဍမှာ မရှိသေးတဲ့အတွက် ကျမတို့လည်း လေ့လာသုံးသပ်လို့ ရနိုင်တဲ့အနေအထားမှာတော့ မရှိသေးဘူးပေါ့။ နောက်တချက်ကလဲ ကျမတို့ လေ့လာတဲ့အခါကြရင် ရသုံးမှန်းခြေငွေစာရင်းက နိုင်ငံတော်သတင်းစာမှာ ကြေညာလိုက်တဲ့ အဲဒီကိုပဲ ယူပြီးတော့ ပေါင်းပြီးတော့ လေ့လာသုံးသပ်တာတွေ လုပ်တယ်။ ဒါပေမဲ့ ဘတ်ဂျက်ရဲ့ အနေအထားအရဆိုရင် အဲဒီနှစ်ခုပေါင်းပြီးတော့ အဲဒါက ခန့်မှန်းထားတာပဲ ရှိတယ်။ တကယ် အမှန်စာရင်းဆိုတာလည်း ရှိသေးတယ်။ အဲဒီ အမှန်စာရင်းကတော့ ကျမတို့ အခုအချိန်အထိ ရယူနိုင်တဲ့အနေအထားမှာ မရှိသေးဘူးပေါ့။ ကြေညာတဲ့ အနေအထားမှာ မရှိသေးဘူး။ ဒါပေမဲ့ လွှတ်တော်မှာတော့ ပြည်သူငွေစာရင်း ပူးပေါင်းကော်မတီက သူတို့ လေ့လာသုံးသပ်တဲ့အချက်တွေကို အခုအားလျော်စွာ မေးခွန်းထုတ်တဲ့အခါ၊ ထုတ်ပြန်တဲ့အခါမှာဖြစ်ဖြစ် ကျမတို့ သိရတာတွေတော့ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ အချိန်က သိပ်မရှိတော့ဘူးဆိုတော့ နောက်ဆုံးပိတ်အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံမှာ အခုပြောတဲ့ CESD ဆိုတဲ့ အဖွဲ့မျိုးက အရင်တုန်းကရှိခဲ့တဲ့ အဖွဲ့မျိုး မဟုတ်ဘူး။ ဒီလိုမျိုး သုတေသန လုပ်တာတွေ ရှိလာတယ်။ စာတမ်းပြုစုလာတယ်။ အစိုးရပိုင်ဆိုင်ရာ မူဝါဒ ချမှတ်တာတွေအပေါ်မှာ အကြံပေးတာတွေလည်း ရှိလာပြီဆိုတော့ စောစောက မငုဝါ လည်း ပြောခဲ့တယ်။ အစိုးရ ရသုံးမှန်းခြေကဏ္ဍတွေမှာဆိုရင်လည်း accountability ပိုရှိလာတယ်။ transparency ပိုရှိလာတယ် အခြေအနေ တိုးတက်ကောင်းမွန်လာတာတွေလည်း ပြောတယ်။ ဆိုတော့ နောက်အနာဂတ်မှာ ဒီလိုမျိုး ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာမယ့်၊ တာဝန်ခံမှုတွေ ပိုပြီးရှိလာမယ့် အလားအလာတွေ မြင်လား။ ရှေ့အလားအလာကို ဘယ်လို သုံးသပ်မလဲ။

မငုဝါဝင်း ။ ။ အကောင်းမြင်တဲ့ အနေအထားက ပြောရရင်တော့ အရင်ကထက်စာရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိလာတယ်။ အခွန်နဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာတယ်ဆိုတော့ ကျမတို့ ဒါက ပထမဆုံး ကြုံဘူးတာပေါ့။ သူများနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ ပြောရင်တော့ ကျမတို့ အနေအထားက အခုမှ စလုံးရေးစ အနေအထားကိုတောင် မရောက်သေးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ လုပ်သွားမယ့် အနေအထားတွေတော့ အများကြီးရှိတယ်။ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေ။ ဟိုတလောတုန်းက သိပ်မကြာသေးခင်က ဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ တချို့ civil society တွေနဲ့ ပေါင်းပြီးတော့ transparency ဖြစ်ဖို့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိလာတယ်။ ရှိလာတော့ လူထုကို အကြံဉာဏ်ပေးနိုင်ဖို့ channel ဖွင့်ပေးတာတွေတော့ ထပ်ပြီးတော့ လိုအပ်သလို။ ကဏ္ဍပေါင်းစုံက လုပ်ဖို့တော့ လိုအပ်တာပေါ့။ အခုဆိုရင် ကျမတို့ဆိုရင် နိုင်ငံတော်အဆင့် ဘတ်ဂျက်ကိုပဲ အလေးပေးထားပြီးတော့၊ အာရုံစိုက်ပြီးတော့ သတင်းတွေက ဖော်ပြနေတယ်။ ကျမတို့ကလည်း အဲဒီဟာကို သတင်းလွယ်လွယ်ကူကူ ရနိုင်တာ နိုင်ငံတော်ပိုင် သတင်းစာက ရနေတယ်။ ကျမဆိုရင် ရန်ကိုင်တိုင်းဒေသကြီးမှာ နေတယ်။ ရန်ကုန်တိုင်းဒေသလွှတ်တော်ကို အခြေစိုက်ပြီးတော့ လေ့လာပြီးတော့ ဒီသတင်းအချက်တွေ၊ ဆွေးနွေးထားချက်တွေကို ထုန်ပြန်တာမျိုး၊ အနေအထားမျိုးတွေ၊ ဒါတွေလည်း တဖတ်က လုပ်ဖို့ လိုအပ်နေသေးတယ်။ လူတွေ၊ ပြည်သူတွေကိုယ်တိုင်လည်း civil society တွေ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ consultation လုပ်တာမျိုးတွေ၊ ဆွေးနွေးပွဲ လုပ်တာမျိုးတွေ။ အစပိုင်းမှာတော့ အစိုးရဖက်ကလည်း ဒီလမ်းကို ဖွင့်ပေးရမယ်။ နှစ်ပေါင်းများစွာ ဒီကိစ္စတွေ မရှိလာဘူးဆိုတော့ ဘယ်ကစရမှန် မသိတဲ့ အနေအထားတွေလည်း ရှိတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ လုပ်လာပြီ၊ လမ်းကြောင်းလေးကို စမြင်လာရပြီလို့တော့ ကျမအနေနဲ့ ယူဆပါတယ်။

မခင်ဖြူထွေး ။ ။ မငုဝါဝင်း အခုလိုမျိုး ကျမတို့ ဗွီအိုအေရုံးကိုလာပြီးတော့ စိတ်ရှည်ရှည်နဲ့ မေးခွန်းတွေကို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

မငုဝါဝင်း ။ ။ ဟုတ်ကဲ့ ကျမကလည်း ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG