သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကုန်သွယ်ရေးနဲ့ အမေရိကန် ဥပဒေအကျိုးဆောင်လုပ်ငန်း


(ဓာတ်ပုံ - http://www.hrmr.us/atty_a_lian.htm)
(ဓာတ်ပုံ - http://www.hrmr.us/atty_a_lian.htm)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် က သူ Managing Director တစ်ဦးအဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်တည်ထောင်လိုက်တဲ့ Herzfeld Rubin Meyer & Rose အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေကို ကမ္ဘာကသိအောင်နဲ့ နိုင်ငံတကာ ပို့ကုန်လုပ်ငန်းမှာ မြန်မာဘက်က ပိုပြီး အကျိုးအမြတ် များများရနိုင်စေဖို့ ဥပဒေအကြံပေးမှုတွေ လုပ်ဆောင်ပေးနေတယ်ဆိုတဲ့အကြောင်း
ပြောပြပါတယ်။ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်ကို ခေတ္တ
ပြန်လည်ရောက်ရှိနေတဲ့ ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတာပါ။

ဒေါက်တာ အန်ဒရူး။ ။ ဒီ Herzfeld Rubin Meyer & Rose က အမေရိကန်မှာ သူတို့ရုံး နှစ်ခုရှိတယ်။ နယူးယောက်မှာရှိတယ်။ နောက်ပြီးတော့ ကယ်လီဖိုးနီးယားမှာရှိတယ်။ နောက်ပြီးတော့ အစ္စရေးလ်မှာရှိတယ်။ ရိုမေးနီးယားမှာရှိတယ်။ အခုက မြန်မာပြည်က နံပါတ် ၅ ပေ့ါ။ ရုံးအနေနဲ့ စပြီးတော့ ဖွင့်တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲ့ဒီ ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့က ဘယ်လိုကိစ္စတွေကို အဓိကထားပြီးတော့ ဆောင်ရွက်သလဲခင်ဗျ။

ဒေါက်တာ အန်ဒရူး။ ။ ကျနော်တို့က ဒီ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်းမှာ နိုင်ငံခြားတွေကနေ စီးပွားရေးပိတ်ဆို့မှု လုပ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကနေ နိုင်ငံခြားကို တင်ပို့မယ့်ကုန်ပစ္စည်းတွေ မတင်ပို့နိုင်တဲ့ကိစ္စကို တင်ပို့နိုင်အောင် ကျနော်က ကူညီချင်တယ်။ ဥပမာဆိုပါစို့ - ရေလုပ်ငန်းကနေ တစ်နှစ် တစ်နှစ်ကို သူတို့ နိုင်ငံခြားကို ပို့နေတဲ့ဟာက ဒေါ်လာ သန်း ၅၀၀ ကနေ သန်း ၇၀၀ လောက် ရှိပါတယ်။ သူတို့ပို့တဲ့ဟာက အိန္ဒိယနဲ့ တရုတ်ကို သူတို့ ပို့ပါတယ်။ Europe နဲ့ အမေရိကန်ကို သူတို့ ပို့လို့ မရပါဘူး။ ဒီစီးပွားရေးပိတ်ဆို့မှုကြောင့်။ အဲ့ဒါကြောင့် သူတို့ပို့လို့ရှိရင် သူတို့ရမယ့်ပိုက်ဆံထက် ပိုပြီးတော့ ရနိုင်မယ့်လမ်းကြောင်းကို ကျနော်တို့က သိပါတယ်။ အဲ့ဒီလမ်းကြောင်းထဲကို သူတို့ရောက်နိုင်အောင် သူတို့ကိုလည်း ကူညီရင်း ကျနော်တို့လည်း ကျနော်တို့တတ်တဲ့ ဒီဥပဒေပညာနဲ့ အမေရိကန်နဲ့ EU တွေကို ဘယ်လို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့က လုပ်ပေးချင်ပါတယ်။ အဲ့ဒါက ရေလုပ်ငန်းနဲ့ ဟိုဟာပဲဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းလည်းရှိပါတယ်။ ဆန်လုပ်ငန်းလည်း ရှိပါတယ်။ တခြားလုပ်ငန်းရှင်တွေ အများကြီး မြန်မာပြည်မှာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါပေမဲ့ ဒီလို တင်ပို့ပေးနိုင်တဲ့ အခွင့်အရေးဆိုတာက အခု ဒီနှစ်ပိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ရှိနေပြီဆိုပြီးတော့ အမေရိကန်နဲ့ အနောက်ဥပရောပနိုင်ငံတွေကနေ အသိအမှတ်ပြုပြီးတော့ ပိတ်ဆို့ထားတာတွေကို ဖြေလျှော့ပေးလိုက်တဲ့ နောက်ပိုင်းမှာ ဖြစ်လာတာ မဟုတ်ဘူးလား။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ပါတယ်။ အဲ့ဒီ အမေရိကန်ကနေ ပိတ်ဆို့မှုတွေကို ဖြေလျှော့မှု မလုပ်လို့ရှိရင်လည်း ကျနော်တို့က လုပ်လို့ မရပါဘူး။ နောက်ပြီးတော့ တခုရှိတာက အခုအချိန်ထိ အမေရိကန်ရဲ့ ဒီဘဏ်လုပ်ငန်းရှင်တွေကို အမေရိကန် Bankers Association က မြန်မာပြည်ကို ပိုက်ဆံလွှဲလို့ရတယ်ဆိုတာ Treasury Department က သူတို့ပြောထားတဲ့ဟာကို အခုချိန်ထိ Bankers Association အများကြီးက မသိပါဘူး။ အဲ့ဒါမျိုးတွေကို ကျနော်တို့တွေက တခုပြီးတခု လိုက်ပြီးတော့ လုပ်ပေးနေပါတယ်။ အခုအချိန်မှာ သမ္မတ အိုဘားမားကနေ သူက ခွင့်ပြုလိုက်တဲ့အတွက် ကျနော်တု့ိ ပိုက်ဆံကို လွှဲလို့ရပါပြီဆိုတဲ့ဟာကို ကျနော်တို့က အဲ့ဒါမျိုးတွေကို လိုက်လုပ်ပေးနေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဆိုတော့ လိုက်လုပ်ပေးနေပါတယ်ဆိုတာက သာမန်လူ အမြင်အရဆိုရင် အထူးသဖြင့်ပေါ့နော် ဒီအမေရိကန်ကနေပြီးတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားတာတွေ၊ ဥပမာ - ငွေရေးကြေးရေးစနစ်အရ ဝန်ဆောင်မှုလုပ်ငန်းတွေကို တားမြစ်ထားတာတွေကို ဖယ်ရှားပေးလိုက်တယ်ဆိုတဲ့ တခါတည်းနဲ့ မပြီးဘူးလား။ မပြီးဘဲနဲ့ ဒီဥပဒေကြောင်းအရ တခြား ဘာလုပ်စရာတွေ ကျန်နေသေးလို့ အခုလို ဒေါက်တာ အန်ဒရူးတို့ရဲ့ Law Firm က အကျိုးဆောင်ပေးနေတာလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့ ကျနော်တို့ အကျိုးဆောင်ပေးတယ်ဆိုတာက နံပါတ်တစ်က ဒီအမေရိကန် Bankers Association က အစိုးရကနေ ပေါ်လစီ ချမှတ်လိုက်ပေမဲ့ အသစ်ကို လုပ်လိုက်ပေမဲ့ ဒီ Bankers Association အောက်ခြေက လူတွေက နားမလည်ပါဘူး။ မြန်မာပြည်ဆိုတာနဲ့ သူတို့က လန့်ပြီးတော့ ဒါ ပိတ်ဆို့မှုလုပ်ထားတဲ့ တိုင်းပြည်ပဲ။ စစ်အုပ်ချုပ်ရေးတိုင်းပြည်ပဲဆိုပြီးတော့ နားမလည်ဘဲနဲ့ အပေါ်က နားမလည်တဲ့ဟာကို နားလည်အောင် ရှင်းပြတယ်။ ပထမအချက်ပေ့ါ။
ဒုတိယအချက်က ကျနော်တို့ အစိုးရဘက်ကနေလည်းပဲ မြန်မာနိုင်ငံ အစိုးရဘက်ကနေလည်းပဲ ဒီ အမေရိကန် Bankers Association တွေ၊ နောက်ပြီး ဒီ Treasury Department တွေ၊ နောက်ပြီးတော့ တခြား သက်ဆိုင်ရာဌာနတွေကို ချဉ်းကပ်ပြီးတော့ ကျနော်တို့ ဒါတွေ ဖျက်ပြီးပါပြီဆိုတဲ့ဟာကို သူတို့နားလည်အောင် ပြောပေးဖို့၊ အဲ့တော့ ကျနော်တို့ ဒီ Law Firm ကနေ ဒါမျိုးတွေ လိုက်လုပ်ပေးနေတယ်။
တတိယအချက်က ဒီမြန်မာနိုင်ငံကနေ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မြန်မာဆိုတဲ့ တံဆိပ်ပါတာနဲ့ ဟိုဘက်ကနေ ဒါ ပိတ်ဆု့ိမှုထဲမှာ ပါနေလား၊ မပါနေလား မရှင်းတဲ့လူတွေကို ရှင်းအောင်လို့ ကျနော်တို့က ကြားကနေ အကျိုးဆောင်လုပ်ငန်းတွေ လုပ်ပေးပါတယ်။
နံပါတ်လေးက ကျနော်တို့ Law Firm မှာ အဓိကအရေးကြီးတာ မြန်မာပြည်မှာ အစဉ်အလာ ပျောက်သွားတဲ့ ဒီအလကားအမှုလိုက်ပေးတဲ့စနစ်ပေါ့။ Pro Bono စနစ်ကို ပြန်ပြီးတော့ မ တည်နိုင်အောင်လို့ ကျနော်တို့က လုပ်ပေးပါတယ်။ အခု ကျနော် မလာခင်မှာလည်းပဲ ကျနော်တို့ Law Firm ကနေ ဒီပိုက်ဆံမရှိတဲ့သူတွေကို ရှေ့နေမငှားနိုင်တဲ့သူတွေပေါ့နော် အဲ့ဒီလို ရှေ့နေမငှားနိုင်တဲ့သူတွေကို အလကား ရှေ့နေလိုက်ပေးဖို့အတွက် အမှုတွေကို တန်းစီပြီးတော့ ချပေးထားပါတယ်။ ဒါမျိုးစနစ်တွေကို အမေရိကန် Bar Association ရဲ့စနစ်အဆင့်လောက်ကိုရှိအောင် ကျနော်တို့ မြန်မာပြည်မှာ လုပ်နေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အမှုကို အလကားလိုက်ပေးတယ်ဆိုတာထက် အမှုနိုင်မှ ပိုက်ဆံပေးရမယ်ဆိုတဲ့ စနစ်မျိုးကို ပြောချင်တာမဟုတ်လား။

ဒေါက်တာ အန်ဒရူး။ ။ အာ မဟုတ်ပါဘူး။ ကျနော်တို့ အဲ့ဒီအမှုကို အဲ့လိုမျိုး Pro Bono လုပ်ပေးတယ်ဆိုတာက ပိုက်ဆံတပြားမှ မယူပါဘူး။ နိုင်ရင်လည်း မယူဘူး။ ရှုံးရင်လည်း မယူဘူး။ ဒါပေမဲ့ ကျနော်တို့က ရှေ့နေမငှားနိုင်တဲ့ အမှုသည်တွေအတွက် ကျနော်တို့ဆီမှာ လုပ်နေတဲ့ ဒီ ရှေ့နေ ၆ ယောက်ကနေ အလကားလုပ်ပေးပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲ့ဒါက ဘယ်လို အမှုမျိုးတွေကို ပြောချင်တာလဲ။ စီးပွားရေးဆိုင်ရာ အမှုတွေကို ပြောတာလား။ ရာဇဝတ်ဆိုင်ရာ အမှုတွေကို ပြောတာလား။

ဒေါက်တာ အန်ဒရူး။ ။ အဓိကကတော့ဆရာ ကျနော်တို့ ဟို နံပါတ်တစ် ဦးစားပေးတာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေပဲ နံပါတ်တစ် ဦးစားပေးပါတယ်။ ဒုတိယက ပုဂ္ဂလိကနဲ့ဆိုင်တဲ့ တရားမမှု ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လုပ်ပေးပါတယ်။
တတိယက အခုနလို စီးပွားရေးနဲ့ပတ်သက်ပေမဲ့ အဲ့ဒီစီးပွားရေးက နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်ဆိုရင် ကျနော်တို့ အစည်းအဝေး ထိုင်ပါတယ်။ ရှေ့နေတွေ အကုန်လုံးနဲ့ အစည်းအဝေးထိုင်ပြီးတော့ ဒီအမှုက စီးပွားရေးနဲ့ ပတ်သက်သလား၊ နိုင်ငံရေးနဲ့ ပတ်သက်သလား၊ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်သလား။ ကျနော်တို့ ဒီဟာကို အလကား ပိုက်ဆံမယူဘဲနဲ့ အမှုလိုက်ပေးသင့်သလား ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီမှာ အများက သဘောတူတယ်ဆိုရင် ရှေ့နေတယောက်ကို ခင်ဗျား ဒီအမှုကို ယူမလား။ ဘယ်သူ ဒီအမှုကို ယူမလဲဆိုပြီးတော့ လုပ်ပေးပါတယ်။ ဒီစနစ်လေးကို မြန်မာပြည်မှာ ပြန်ပြီးတော့ ရှင်သန်လာအောင် ကျနော်တို့က စပြီးတော့ လုပ်ပေးပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒီ HRMR ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့ အခုဆိုရင် ဖွဲ့စည်းပုံအင်အား ဘယ်လောက်ရှိနေပြီလဲ အခု။ အထူးသဖြင့် နိုင်ငံခြားသားရှေ့နေ၊ ပြည်တွင်းက ဥပဒေအကျိုးဆောင်တွေ ဘယ်လောက်လောက်များ ရှိနေပါပြီလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့။ ပြည်တွင်းက ရှေ့နေက ၄ ယောက်ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားရှေ့နေက ၁၀ ယောက်လောက်ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ စောစောတုန်းက ကျနော်တို့ပြောခဲ့တဲ့ စီးပွားရေး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေမှာ အကူအညီပေးတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့နော် အဲ့ဒီမှာ အခု လောလောဆယ် ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့ ရရှိထားတဲ့ Client တွေပေါ့နော် ရရှိထားတဲ့ ဖောက်သည်တွေက ဘယ်လိုနိုင်ငံမျိုးတွေ၊ ဘယ်လိုလုပ်ငန်းတွေမျိုးမှာ ရှိနေပြီလဲ။

ဒေါက်တာ အန်ဒရူး။ ။ အခုလောလောဆယ်မှာ ကျနော်တို့က လုပ်ငန်းစတင်တာ သိပ်မကြာသေးဘူး။ မကြာသေးတော့ ကျနော်တို့က ငါးလုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ အထည်ချုပ်လုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ ဒီ ဆန်စပါးလုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ ဒီ UMFCCI လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက လူကြီးတွေနဲ့ ကျနော်တို့က အဆက်အသွယ်ရှိပါတယ်။ သူတို့နဲ့တွေ့ပြီးတော့ သူတို့ ဒါလုပ်လို့ရှိရင် ဒါဖြစ်နိုင်တယ်။ ဒီလိုလုပ်လို့ရှိရင် ကျနော်တို့က ဒီဘက်ကနေ ကူညီနိုင်တယ်ဆိုတဲ့ အဆင့်ကိုပဲ ကျနော်တို့ လုပ်ထားပါတယ်။ အခုအချိန်ထိ သူတို့ဆီကနေ အမှုသည်တစ်ယောက်အနေနဲ့ ကျနော်တို့ ယူထားတဲ့ဟာ နည်းနည်းပဲရှိသေးတယ်။ ကျနော်တို့က အခုက ရှင်းပြတဲ့အဆင့်ပဲရှိသေးတယ်။ သူတို့ဘက်ကလည်း ဘယ်လိုပို့ရမလဲ။ အရင်တုန်းက နိုင်ငံခြားကို အထည်ပို့ချင်တယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကနေ GSP အမှတ်သားတွေယူပြီးတော့ ပို့တဲ့ဟာမျိုး၊ ယိုးဒယားကနေ ပို့တဲ့ဟာမျိုး၊ ဒီအဆင့်ကို အခုအချိန်မှာ မရှိတော့ဘူး။ အဲတော့ ကျနော်တို့ ဒီလို ဒီလို လုပ်လို့ရတယ်ဆိုပြီးတော့ ရှင်းပြနိုင်တဲ့အဆင့်ပဲ ကျနော်တို့က အခု လောလောဆယ်မှာ လုပ်နေပါတယ်။ တချိန်တည်းမှာ ကျနော်တို့ အခုလုပ်နေတဲ့ဟာက ဥပမာဆိုပါစို့ GE တို့ ဘာတို့ အကြီးစား ကုမ္ပဏီတွေဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ Foreign Direct Investment Law နဲ့ သူတို့က ဘယ်နည်းနဲ့ ဟိုဟာပေါ့ ပုံမှန် သူတို့လုပ်နိုင်မယ်ဆိုတဲ့ကိစ္စတွေကို ကျနော်တို့ကို လာပြီးတော့ ငှားပါတယ်။ အဲ့ဒါမျိုးတွေလည်း ကျနော်တို့ အကြံပေးထားတာရှိပါတယ်။ ဥပမာဆိုကြပါစို့ - လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဆိုတဲ့ဟာမျိုး၊ နောက်ပြီးတော့ ဒီ အကြီးစားတည်ဆောက်ရေးလုပ်ငန်း ဟိုဟာပေါ့ Construction နဲ့ပတ်သက်တဲ့ကိစ္စမျိုး၊ ဒါမျိုးတွေမှာ ကျနော်တို့ကို အကြံလာတောင်းတာတွေ ရှိပါတယ်။ အဲ့ဒါမျိုးအမှုတွေ ယူထားတာရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ နှစ်ဘက်ရှင်းပြရတာပေါ့။ ပြည်တွင်းက လုပ်ငန်းရှင်တွေကိုကျတော့ ပြည်ပပို့ကုန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တဘက်မှာရှိနေတဲ့ ပိတ်ဆို့မှုတွေ၊ တဘက်မှာရှိနေတဲ့ အခြေအနေတွေဟာ ဘယ်လို လွန်မြောက်နိုင်မလဲဆိုတာ ပြောရသလို၊ ပြင်ပကလာမယ့် အဖွဲ့အစည်းတွေအတွက် မြန်မာနိုင်ငံမှာရှိနေတဲ့ FDI လို့ခေါ်တဲ့ နိုင်ငံရပ်ခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြရတာပေါ့။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ အဲ့ဒီနေရာမှာ FDI နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအနေအထားကရော ဘယ်လိုရှိသလဲခင်ဗျ။ နိုင်ငံရပ်ခြား ဒီ ရင်းနှီးမြှုပ်နှံသူတွေ သဘောကျလောက်နိုင်တဲ့ အနေအထားရှိပြီလား။

ဒေါက်တာ အန်ဒရူး။ ။ ဘယ်လိုပြောရမလဲဆိုရင် ၁၀၀ မှာ ၁၀၀ တော့ သဘောကျနိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ FDI တုန်းကလည်း ကျနော်ကိုယ်တိုင်လည်း အဲ့ဒီတုန်းက CSP မှာ ဝင်ပါနေတယ်ဆိုတော့ ကျနော်လည်း အဲ့ဒီ FDI နဲ့ပတ်သက်ပြီးတော့ အကြံပေးတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အကြံပေးသလောက်လည်း မရခဲ့သလို၊ ကျနော်တို့ မရသင့်ဘူးလို့ ထင်တဲ့ဟာတွေလည်း ရပါတယ်။ ဥပမာ - ဒီ New York Convention 1959 ပေါ့ Arbitration ကိစ္စကို ကျနော်တို့က FDI ပြီးတာနဲ့ ကျနော်တို့ Law Firm ကနေ အစိုးရကို တင်ပြပါတယ်။ ဒီဟာကို လက်မခံလို့ရှိရင် ဒီဟာကို လက်မှတ်မထိုးလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပြဿနာဖြစ်တာနဲ့ မြန်မာနိုင်ငံရဲ့ တရားရုံး တရားစီရင်ရေးစနစ်ကို နိုင်ငံခြားကုမ္ပဏီကို လက်မခံတဲ့အတွက် ဒါကို လက်ခံပေးဖို့ ကျနော်တို့ အစိုးရကို ကျနော်တို့ ပြောပေးပါတယ်။ အဲ့ဒါ ကျနော်တို့ ပြောသလိုပဲဖြစ်ဖြစ်၊ အစိုးရဘက်က နားလည်လို့ပဲဖြစ်ဖြစ် ဒီ New York Convention 1959 Arbitration ကို သူတို့က လက်ခံလိုက်တဲ့အခါကျတော့ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက စိတ်လက်ချမ်းသာစွာနဲ့ လာပြီးတော့ လုပ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ သဘောက ပြဿနာဖြစ်လို့ရှိရင် မြန်မာနိုင်ငံက တရားရုံးတွေရဲ့ စီရင်ချက်တွေကို မယူဘဲနဲ့ New York Arbitration နယူးယောက်ခုံရုံးကနေ ဆုံးဖြတ်ပေးတာကို လိုက်နာရမယ်ဆိုတဲ့

ဒေါက်တာ အန်ဒရူး။ ။ နယူးယောက်ခုံရုံးမဟုတ်ပါဘူး။ နယူးယောက်ရဲ့ Convention 1959 အရ တခြားနိုင်ငံတခုခုကနေ ဆုံးဖြတ်ချက်ကို ယူပေးရပါတယ်။ အဲ့ဒါကြောင့်လည်း Coca-Cola တို့ဝင်လာတယ်။ အဲ့ဒါကြောင့်လည်း Ford ကလည်း ဝင်လာတယ်။ Chevrolet ကလည်း ဝင်လာတယ်။ Toyota ကလည်း ဝင်လာတယ်။ အခြား ကုမ္ပဏီအကြီးကြီးတွေ ဝင်လာတယ်ဆိုတဲ့ကိစ္စက အဲ့ဒီဟာမျိုး အစိုးရဘက်ကနေ သူတို့ လိုက်လျောပေးတဲ့အတွက် သူတို့မှာ လုံခြုံမှု ရှိတယ်ဆိုပြီးတော့ ဝင်လာတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါပေမဲ့လည်း နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ပြီးခဲ့တဲ့ စစ်အစိုးရကာလတလျှောက်လုံး အခုအချိန်ထိ အမေရိကန်ဘက်ကဆိုရင် အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာမှ သန်းပေါင်း ၂၅၀ လောက်ပဲရှိသေးတယ်။ အဓိကက အာရှဘက်က ဥပမာ - တရုတ်ဘက်ကနဲ့ ယှဉ်လိုက်လို့ရှိရင် ဟိုဘက်က ၁၄ ဘီလီယံခွဲလောက် ရှိနေတဲ့အနေအထားမျိုးနဲ့ နှိုင်းယှဉ်လိုက်ရင် အပုံကြီး ကွာနေသေးတယ်လေ။ အဲတော့ အထူးသဖြင့် အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေက ဗမာပြည်ကိစ္စနဲ့ပတ်သက်ပြီးတော့ သွားသာကြည့်နေကြတယ်။ လက်ရှိ မဝင်နိုင်သေးတဲ့ အတားအဆီးက ဘာကြောင့်လဲခင်ဗျ။

ဒေါက်တာ အန်ဒရူး။ ။ ကျနော့်အမြင်မှာတော့ အချက် ၂ ချက်ရှိပါတယ်ဆရာ။ နံပါတ်တစ်အချက်က ဒီအရှေ့နိုင်ငံက လူတွေပေါ့နော် ဒီတရုတ်တို့ ကျနော်တို့ အိမ်နီးချင်းတိုင်းပြည်တွေက ဒါမျိုး လုပ်ရဲတယ်ဆိုတာ သူတို့က သတ္တိရှိလို့ပါ။ ရှုံးရင်လည်း ရှုံး၊ နိုင်ရင်လည်း နိုင်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီတခုရဲ့ Share Holder တွေရဲ့ ဆုံးဖြတ်ချက်က တော်တော် အရေးကြီးတဲ့အတွက် အဲ့ဒီကုမ္ပဏီတခုမှာ ရှယ်ယာကို ယူထားတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တဖြေးဖြေးနဲ့ သွားရတဲ့အတွက် အခုအချိန်ထိ နည်းနည်း ဒီ EU နဲ့ US တို့က တခြားတိုင်းပြည်တွေထက် နည်းနည်း နှေးကွေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရှယ်ယာပိုင်ရှင်တွေရဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို နားလည်လာနိုင်အောင် ပြောနိုင်တဲ့သူ ရှိလာတဲ့အခါကျလို့ရှိရင် ကျနော်တို့ ဒီရင်းနှီးမြှုပ်နှံမှုတွေက အများကြီး ဝင်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲ့ဒီတော့ လောလောဆယ် နှစ်အပိုင်းအခြား ဘယ်လောက်အတွင်းမှာ ဒီလို ယုံကြည်မှု တိုးပွားလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ခိုင်ခိုင်မာမာ ဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဆရာ အဲ့ဒါကတော့ ဒါမျိုးတွေ ဒီလိုဖြစ်ပါတယ်ဆိုပြီးတော့ ကျနော်တို့တိုင်းပြည် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို ဖွင့်ပြောနိုင်တဲ့သူတွေ များများရှိလေလေ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးတော့ များများဝင်လာနိုင်လေ ဖြစ်ပါမယ်။ အဲတော့ ကျနော်တို့အခု HRMR Law Firm လိုဟာမျိုး မြန်မာနိုင်ငံမှာ Law Firm ၁၀ ခု၊ အခု ၂၀၊ ၅၀၊ ၁၀၀ လောက် ဖြစ်လာတဲ့အခါကျရင် သူတို့က ပြောမယ်။ ဒါဖြစ်တယ်၊ ဟိုဟာဖြစ်တယ်၊ FDI က ဒါဖြစ်တယ်။ New York Convention ကို သူတို့က လက်မှတ်ထိုးထားတယ်။ အရင်တုန်းက ပြဿနာဖြစ်တဲ့ကိစ္စ ဒါကြောင့်ဖြစ်တယ်ဆိုပြီးတော့ ပြောပေးနိုင်တဲ့ ကြားလူက လိုနေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
XS
SM
MD
LG