သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးတိုးတက်ရေး နဲ့ အမျိုးသမီးများ အခန်းကဏ္ဍ


ဒေါ်ယူဇာမော်ထွန်း၊ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ ဒါရိုက်တာ
ဒေါ်ယူဇာမော်ထွန်း၊ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ ဒါရိုက်တာ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံပြုပြင်ပြောင်းလဲရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီး၊ အရေးပါတဲ့အကြောင်း ဝါရှင်တန်ဒီစီမြို့တော်ကို အမျိုးသမီးနှီးနှောဖလှယ်ပွဲတခု တက်ရောက်လာတဲ့ မင်္ဂလာမြန်မာ NGO အဖွဲ့ ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်း ကို ဗွီအိုအေမြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအမျိုးသမီးတွေဟာ အစဉ်အလာအရ လူမှုရေး၊ စီးပွားရေးအပြင် အိမ်ထောင်တွင်း စီမံခန့်ခွဲမှုအပိုင်းတွေမှာပါ ထက်မြက်တဲ့အခန်းကဏ္ဍတွေ ရှိနေတာမို့ အခုလို မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အချိန်ကာလမှာ နိုင်ငံရေးသာမကဘဲ၊ အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်မှုတွေဟာ အရေးပါလာနေပြီလို့ မင်္ဂလာမြန်မာ NGO အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်း က ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ကို အမျိုးသမီးနှီးနှောဖလှယ်ပွဲတခု တက်ရောက်လာတဲ့ ဒေါ်ယူဇာမော်ထွန်း ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


ဒေါ်ယူဇာမော်ထွန်း ။ ။ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသမီးကဏ္ဍနဲ့က တော်တော်လေးကို ဆက်စပ်တယ်လို့ အခုနောက်ပိုင်းတွေမှာ အဲဒီလို ဆွေးနွေးကြတယ်။ များသောအားဖြင့်။ ဘယ်လိုနည်းနဲ့ ဆက်စပ်သလဲဆိုတော့ တိုင်းပြည်တိုင်းမှာ ကျမတို့ မြန်မာပြည်လည်း ဒီလိုပဲ။ စီးပွားရေးလုပ်ငန်းတွေ ကြည့်လိုက်ရင်၊ အသေးစား၊ အလတ်စားမှာလည်း အမျိုးသမီးတွေ ဦးဆောင်ပြီးတော့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းရှိတယ်။ အချိုးအစားအရဆိုရင် မနည်းဘူးဆိုရင်တော့ တဝက်ထက်တော့ မနည်းလှဘူး။ ဆိုပါတော့ ဒါလည်း တိုင်းပြည်ပေါ်မှာ တည်ပြီးတော့။ ဒီလို အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းဆောင်နိုင်မှု များလေများလေ တိုင်းပြည်တိုးတက်ရေး၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြု့လေပြု့လေဆိုပြီးတော့ အဲဒီလို အချိုးအဆနဲ့ တွက်ဆရင် တိုင်းပြည်တပြည်ရဲ့ GDP တိုင်းပြည်တပြည်ရဲ့ စီးပွားရေးမြှင့်တင်မှုမှာ အမျိုးသမီးကဏ္ဍ အရေးပါတယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တနိုင်ငံလုံးအကြောင်းကို မပြောဘဲနဲ့ အိမ်ထောင်စုတခုအနေနဲ့ပဲ ပြောကြပါစို့။ အဲဒီနေရာမှာ ယေဘုယျ လက်ခံထားကြတာတော့ အိမ်ထောင်စုတစုမှာဆိုလို့ရှိရင် အမျိုးသားယောကျ်ား ခင်ပွန်း။ နိုင်ငံခြားမှာတော့ breadwinner လို့ ခေါ်တာပေါ့။ ဒါက အထူးသဖြင့် ဝင်ငွေရှာပေးတဲ့လူ။ ဦးစီးဦးဆောင်ပြုတဲ့သူ။ အဲဒီတော့ ဒေါ်ယူဇာတို့ ပြောသလိုဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ ဦးစီးဦးဆောင်မှု ပြုရမယ့်၊ စီးပွားရေးမှာ ဦးစီးဦးဆောင်ပြုရမယ်ဆိုတဲ့ နေရာမှာ အမျိုးသမီးတွေရဲ့ တခြားကဏ္ဍတွေ လစ်ဟင်းသွားမှုတွေ မဖြစ်နိုင်ဘူးလား။

ဒေါ်ယူဇာမော်ထွန်း ။ ။ အဲဒါလည်း အလေးထားရမယ့် အချက်တချက်ထဲမှာ ပါတယ်။ ဒါပေမဲ မြန်မာစကားပုံအရဆိုရင် ကျမတို့ ငယ်ငယ်ကတည်းက ကြီးပြင်းလာကတည်းက ဒီစကားပုံလေးက မောင်တထမ်း မယ်တရွက်။ မောင်ကတော့ ထမ်းရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်စုတခုရယ်လို့ ဖြစ်လာရင် အမျိုးသားတွေက ဦးဆောင်တယ်။ အမျိုးသမီး အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အမျိုးသားတွေရဲ့ ဝင်ငွေကတော့ အဓိကဝင်ငွေကို ရှာကြတာပေါ့။ ဒါပေမဲ့ အိမ်မှာထိုင်နေတဲ့ အမျိုးသမီးတွေက မီးဖိုချောင်းကိစ္စ၊ အိမ်ထောင်ထိန်းသိမ်းရေးကိစ္စတွေမှာ ကျွမ်းကျင်ကြတယ်။ သူတို့ကသာ အကယ်၍ တနိုင်တပိုင် ဝင်ငွေကို ရှာခဲ့နိုင်ရင် အဲဒီအယူအဆပေါ်မှာ အခြေခံပြီးတော့ ကျမတို့ စဉ်းစားကြည့်တာပေါ့။ သူတို့ အလုပ်လုပ်နိုင်လို့ရှိရင် သူတို့ဝင်ငွေတိုးမယ်။ မိသားစုအထောက်အကူ ဖြစ်မှာတော့ သေချာတယ်။ အဲဒီတော့ သူတို့ ဘယ်လိုနည်းနဲ့ အိမ်ထောင်တာဝန်နဲ့ လုပ်ငန်းပိုင်းကို ခွဲခြားမလဲဆိုတဲ့ အနေအထားမျိုးက အများကြီး အရေးကြီးလာတယ်။ ဒီတာဝန်ကို အမျိုးသမီးက စီးပွားရေးတောင် လုပ်နိုင်နေမှတော့ ဒီတာဝန်ကို ခွဲပေးနိုင်တယ်။ ဥပမာ အမျိုးသားလည်း ဝင်လုပ်ပေးတဲ့နေရာ ရှိပါတယ်။ ဒါက အမျိုးသားရယ်၊ အမျိုးသမီးရယ်လို့ မဟုတ်ဘဲ။ အိမ်ထောင်စုတခုချင်းအနေနဲ့ သူတို့ရဲ့ အဆင်ပြေမှုအပိုင်းပေါ့။ အဲဒါလေးလည်း စဉ်းစားနိုင်တယ်။

နောက်တခုက အမျိုးသမီးတွေက အရည်အချင်း အင်မတန်များတယ်။ သိမ့်မွှေ့တယ်၊ စိတ်ရှည်တယ်၊ အိမ်ထောင်ထိန်းသိမ်းတယ်ဆိုတာကလည်း သူတို့အတွက် သိပ်ပြီးတော့ အင်မတန်ကြီးကျယ်တဲ့အလုပ်ပါ။ ဒါပေမဲ့ သူတို့ အဲဒါကို နိုင်နင်းတယ်။ အဲဒီတော့ ဥပဒေရေးရာတို့၊ ကမ္ဘာဘက်ကနေ ပြန်စဉ်းစားကြတာ၊ လုပ်ငန်းပိုင်းမှာ employment ပိုင်းမှာ အမျိုးသမီးတွေကို ဒါတခုထောက်ပြပြီးတော့ အလုပ်အကိုင်တွေ မခန့်တဲ့အပိုင်းကလည်း အရေးကြီးတဲ့ focus လုပ်ရမယ့် ကဏ္ဍတခုဖြစ်လာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ စောစောကလည်း ဒေါ်ယူဇာ ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့ စီးပွားရေးမှာ ဦးဆောင်ဦးရွက် လုပ်နေကြတဲ့အထဲမှာ တော်တော်လေး ရာခိုင်နှုန်းများများ ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ဒါမျိုးကို အတိအကျ မြန်မာနိုင်ငံမှာ စာရင်းကောက်တာတွေ ရှိလား။ အထူးသဖြင့် အိမ်ထောင်စုတခုမှာ အမျိုးသမီးကနေ စီးပွားရေး ဦးဆောင်နေတဲ့အပိုင်းကဏ္ဍ။ ဒါမှမဟုတ်လို့ရှိရင်လည်း အစိုးရလုပ်ငန်းပဲဖြစ်ဖြစ်၊ ကုမ္မဏီလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း ရာခိုင်နှုန်း ဒါတွေနဲ့ ပတ်သက်ပြီး စနစ်တကျ ကောက်ခံထားတာတွေ ရှိနေပြီလား။

ဒေါ်ယူဇာမော်ထွန်း ။ ။ ဒီလို အသီးသီးအဖွဲ့တိုင်းမှာ သူတို့ဘာသာသူတို့ ကောက်ခံထားတာ ရှိလိမ့်မယ်။ Research တို့ ဘာတို့ပေါ့။ ကိုယ့်တနိုင်တပိုင်အနေနဲ့ လုပ်ကြတယ်။ ဒါပေမဲ့ တတိုင်းပြည်လုံး သိရဖို့ သတင်းကို ဖြန့်ဝေတဲ့နေရာမှာ ဒီသတင်းသိဖို့က ကျမတို့ တစုတစည်းတည်း မရှိဘူးရှင့်။ အဲဒီတော့ အားလုံးရဲ့ မြို့အလိုက်သော်လည်းကောင်း၊ တိုင်းအလိုက်သော်လည်းကောင်း၊ တပြည်လုံးလိုက်သော်လည်းကောင်း အမျိုးသမီးတွေ စီးပွားရေး ဘယ်ဟာတွေလုပ်လဲဆိုတာကို သေသေချာချာ၊ ကျကျနန စုစည်းထားတာမျိုး မရှိသေးပါဘူး။ ရှိဖို့ကောင်းပါတယ်။ ဒါတွေလည်း ကျမတို့ အားပေးရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အရင် မဆလ လက်ထက်၊ နဝတ/နအဖ လက်ထက်တွေကတည်းက မိခင်နဲ့ ခလေး စောင့်ရှောက်ရေးအသင်းမျိုးတွေ၊ အမျိုးသမီးအသင်းတွေ။ နောက်ပြီးတော့ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဆိုလို့ရှိရင်လည်း ဒါက အမျိုးသမီးလုပ်ငန်းရှင်တွေ စုစည်းပြီးဖွဲ့တဲ့ အဖွဲ့တွေပေါ့။ အဲဒီအဖွဲ့တွေရဲ့ အခန်းကဏ္ဍကရော ဒါက ဗမာပြည်တွင်းမှာ လုံလောက်မှုမရှိဘူးလား။

ဒေါ်ယူဇာမော်ထွန်း ။ ။ အဲဒီအဖွဲ့တွေရှိတာ သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအဖွဲ့မျိုးတွေရှိရင် အမျိုးသမီးကဏ္ဍကို အများကြီး အလေးပေးနိုင်တယ်။ အခုနလို သူ့ကဏ္ဍနဲ့သူပေါ့။ မိခင်-ခလေးလည်း မိခင်-ခလေးအလျောက်ပေါ့။ ဒါပေမဲ့ စွမ်းဆောင်ရှင်များဆိုလည်း စီးပွားရေးကဏ္ဍ။ သို့သော် တဖွဲ့ကတည်းက လုံလောက်သလားဆိုရင် ဘယ်တော့မှ မလုံလောက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးရေးရာသော်လည်းကောင်း၊ အမျိုးသမီး စွမ်းဆောင်ရှင်များသော်လည်းကောင်း မြန်မာတပြည်လုံးရဲ့ အမျိုးသမီးတွေအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ နောက်တချက်က သူတို့ကလည်း မြန်မာပြည်တပြည်လုံးရဲ့ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင် လုပ်နေတဲ့ အမျိုးသမီးတွေ အကုန်လုံးကိုလည်း သူတို့ အကူအညီပေးရဖို့၊ ဖြည့်ဆည်းပေးဖို့က ခက်ခဲတယ်။ သတင်းအချက်အလက်အားဖြင့် ပြည့်စုံအောင် သူတို့ စုဆောင်းပေးနိုင်မယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်။ ဒါပေမဲ့ တခုရှိတာက အမျိုးသမီးတွေရဲ့ ပြင်ပမှာ ကိုယ်ပိုင် ကိုယ်ဘာသာ လွတ်လွတ်လပ်လပ်နဲ့ ဦးဆောင်ပြီးတော့ အမျိုးသမီးကိစ္စ ဆောင်ရွက်တဲ့အဖွဲ့တွေ အခုတော့ လုပ်နေကြပါပြီ။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ုလုပ်နိုင်အောင်လည်း။ ဒီလို အသင်းကြီးတွေကို အားကိုးရမှာပေါ့။ ဆိုတော့ ဒီလို အသင်းကြီးမျိုးတွေက တိုင်းပြည်ကနေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့အတွက်ကြောင့် သူတို့မှာ အရင်းအမြစ်အားဖြင့်တော့ နည်းနည်း သူများထက်တော့ ပြည့်စုံနေတာပေါ့။ ရှေ့တန်းကို ရောက်နေတာပေါ့။ သို့သော် သူတို့မှာလည်း အရင်းအမြစ်တွေ လိုအပ်ချက်တွေရှိတယ်။ သူတို့ကနေ ဦးဆောင်ပြီးတော့ အမျိုးသမီးအဖွဲ့အစည်းတွေကို အားပေးရင်တော့ ပိုကောင်းတယ်။ တဦးတည်းထက်စာရင် ပိုပြီးတော့ ကျမတို့ကလည်း တယောက်နဲ့တယောက် အခုခေတ်နဲ့ပြောမယ်ဆိုရင် ကွန်ရက်လိုမျိုး - တဦးချင်းလည်း ပါနိုင်တယ်။ အဖွဲ့တွေအများကြီးကလည်း ပါနိုင်တယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုဟာ တိုင်းပြည်အတွက် အင်မတန်မှ အဖိုးတန်တဲ့ကဏ္ဍတခု ဖြစ်လာမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော်တို့တတွေ စဉ်းစားကြတဲ့ အချက်ပေါ့။ အမျိုးသမီးအရေးကိစ္စလို့ ကျနော်တို့ တွက်ကြပြီဆိုရင် အမျိုးသမီးအသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ကြည့်ကြပြီဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အထူးသဖြင့် အိမ်ထောင်စုတခုမှာ အနိုင်ကျင့်မခံရရေးဟာမျိုးတွေပဲ သွားပြီးတော့ တွက်ကြတာများတယ်။ အဲဒီတော့ ဒီနေရာမှာ အထူးသဖြင့် စီးပွားရေးကဏ္ဍပိုင်းမှာ။ ဒါမှမဟုတ် လုပ်ငန်းပိုင်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကဏ္ဍတွေကို မြှင့်တက်လာအောင်ဆိုရင် တိတိကျကျ ဘယ်လိုအချက်တွေ ကျနော်တို့ မြှင့်တင်ပေးဖို့ လိုသလဲ။ အဲဒါတွေကို အာရုံစိုက်ပြီးတော့ လေ့ကျင့်သင်ကြားပေးဖို့တို့။ ဒါမှမဟုတ်လို့ရှိရင်လည်း ထူးထူးခြားခြား အာရုံစိုက်ပြီးတော့ မီးမောင်းထိုးပြဖို့ လိုတယ်အချက်တွေ ဘာတွေရှိသလဲ။

ဒေါ်ယူဇာမော်ထွန်း ။ ။ လေ့ကျင့်သင်ကြားတယ်ဆိုတာကတော့ သင်တိုင်းရမလားဆိုတဲ့ ကိစ္စရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်ကို အရင်ကြည့်မယ်ဆိုရင် ကျမတို့ ဗမာပြည်မှာ ဘယ်လိုခေတ်ဖြစ်ဖြစ်ပါ။ ဟိုရှေ့ရှေ့တုန်းကဖြစ်ဖြစ် အခုခေတ်ဖြစ်ဖြစ်၊ မဆလ၊ နဝတ/နအဖ ရှိသမျှ ကျော်ဖြတ်လာတဲ့ခေတ်တိုင်းမှာ ကြည့်လိုက်ရင် ဥပမာ လဘက်လုပ်ငန်းရှင်တွေမှာ အမျိုးသမီးတွေ အများကြီးပဲ။ ရှမ်းပြည်ဖက်မှာဆိုလို့ရှိရင် အရီးတောင်းလိုမျိုး၊ အမျိုးသမီးတွေပေါ့။ နောက်ပြီးတော့ အထည်ချုပ်လုပ်ငန်းဆိုလည်း အမျိုးသမီးတွေပဲ။ ဆိုတော့ အမျိုးသမီးတွေကို အထူးသင်ကြားစရာထက်ကို ဖြည့်ပေးဖို့ သိပ်လိုအပ်တယ်ထင်တယ်။ သူတို့က နဂိုကတည်းက စွမ်းဆောင်နိုင်ပြီးသား။ သူတို့ စွမ်းဆောင်နိုင်တာ ပိုပြီးထက်မြတ်အောင် အရင်းအမြစ်တွေကို လွယ်လွယ်ကူကူ ရရှိဖို့ လိုအပ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီခေတ်ဒီကာလတွေမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်ဖို့လိုတယ်။

ဒေါ်ယူဇာမော်ထွန်း ။ ။ ဒါပေါ့ အရမ်းလိုတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်ယူဇာ ပြောတဲ့ခေတ်တွေကတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်း။ နိုင်ငံတကာနဲ့ယှဉ်တဲ့ နိုင်ငံတကာ စီးပွားရေးလောကမှာ ထိုးဖောက်နိုင်တဲ့အနေအထားမျိုး မရှိဘူး။ အဲဒီတော့ ဒီလိုခေတ်ကာလမှာ နိုင်ငံတကာက ရင်းနှီးမြှပ်နံှမှုတွေလာမယ်။ ကိုယ်ကလည်း နိုင်ငံတကာကို ထိုးဖောက်ရတော့မယ့်ကဏ္ဍတွေမှာ ဆိုလို့ရှိရင် ဘယ်လိုအချက်တွေ လိုအပ်သလဲဆိုတာကို သိချင်တာပါ။

ဒေါ်ယူဇာမော်ထွန်း ။ ။ သတင်းအချက်အလက် ပြည့်စုံရမယ်။ နောက်တချက်က market စီးပွားရေးနယ်ပယ်ကို ကျယ်ဝန်လာအောင်။ ဥပမာ ကုန်းပစ္စည်းတွေကို အရည်အသွေး မြှင့်တင်နိုင်တဲ့ အနေအထားတွေကို ထောက်ပံ့ပေးရမယ်။ နောက်ပြီးတော့ infrastructure ကတော့ တတိုင်းပြည်လုံး အမျိုးသမီးရယ်၊ အမျိုးသားရယ် မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးကတော့ ပြည်တွင်းက ကုန်စည်စီးဆင်းမှုတွေကလည်း လိုအပ်တယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့နေရာမှာလည်း သူတို့ ကျယ်ကျယ်ပြန့်ပြန့်၊ လွတ်လွတ်လပ်လပ်၊ သူတို့ရဲ့ အတွေးအမြင်အတိုင်း၊ ပြောနိုင်ဆိုနိုင်၊ ဆက်သွယ်နိုင်တယ်ဆိုရင်တော့ ဒီအမျိုးသမီးတွေက နဂိုကတည်းက စွမ်းဆောင်နိုင်လို့ ဒီလိုလုပ်ငန်းကြီးတွေ ဦးဆောင်နိုင်ပြီးသားပဲ။ အဲဒီတော့ သူတို့ ဒီထက်ကိုပိုပြီး စွမ်းဆောင်နိုင်မယ်။ အခုနလို အဖွဲ့အစည်းတွေက အသီးသီး၊ အချင်းချင်း၊ အတူတူ ဒီဈေးကွက်ကို ရှာကြမယ်။ ဈေးကွက်ကို ထိုးဖောက်ကြမယ်ဆိုရင် ကျမတို့ အမျိုးသမီးကဏ္ဍက ဒီတိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်တဲ့နေရာမှာ အများကြီး အရေးပါတဲ့ကဏ္ဍတခု ဖြစ်လာပါလိမ့်မယ်။ အရေးကြီးဆုံးက လုပ်ချင်စိတ်။ အဲဒီတော့ လုပ်ချင်စိတ် ရှိနေတဲ့ လူတွေအများကြီး ရှိနေတဲ့နေရာ၊ တိုင်းပြည်ပဲ။ အကယ်၍သာ သူတို့မှာ အခုနပြောတဲ့ သတင်းအချက်အလက် ပြည့်စုံလာမယ်။ ဈေးကွက်ကို လက်လှမ်းတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်မယ်။ ကုန်ပစ္စည်းတွေ အရည်အသွေး မြှင့်တင်တဲ့နေရာမှာ အရင်းအနှီးတွေ ငွေကြေးလိုအပ်မှုကို ရှာဖွေနိုင်မယ်။ အဆင့်အလိုက် အသေးစားငွေရေးကြေးရေး။ အခုဆိုရင် အသေးစားငွေရေးကြေးရေး လုပ်ငန်းတွေ အများကြီးရှိတယ်။ ဘဏ်တွေကတဆင့် စီးပွားရေးလုပ်ငန်းရှင်တွေ။ နောက်ပြီးတော့ SME (small medium enterprise) အသေးစား၊ အလတ်စား လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ လက်မှုလုပ်ငန်းတွေ။ အဲဒါမျိုးတွေကိုလည်း သေသေချာချာကို စနစ်တကျ ထိုးဖောက်နိုင်မယ်ဆိုရင် နဂိုရှိနေတဲ့ အရည်အချင်းတွေက ခဏလေးအတွင်းမှာ သိပ်ကြီးကျယ်တဲ့ လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာဖို့ ယူဆပါတယ်။ မျှော်လင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အသေးစား ငွေချေးလုပ်ငန်းဆိုလို့။ ဒေါ်ယူဇာ ပြောသွားသလို။ ဒေါ်ယူဇာတို့ ကိုယ်စားပြုတဲ့ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ ဆိုလို့ရှိရင်လည်း microfinance ဆိုတဲ့ အသေးစား ချေးငွေလုပ်ငန်းတွေကို လုပ်ဆောင်ပေးတယ်။ ဥပမာ ကျေးလက်တောရွာတွေမှာ။ ဘယ်လိုကိစ္စမျိုးတွေကို လုပ်ပေးနေသလဲ။ အဲဒီမှာ အမျိုးသမီးတွေကို အထူးသဖြင့် လုပ်ပေးနေတာလား။ တခြား ယေဘုယျအားဖြင့် တခြားဘယ်ကဏ္ဍတွေကို ပံ့ပိုးပေးနေတာလဲ။

ဒေါ်ယူဇာမော်ထွန်း ။ ။ အဲဒီလုပ်ငန်းက ကျမတို့အဖွဲ့အနေနဲ့ ဒီနှစ်ပါဆိုရင် တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တယ်။ ထိထိရောက်ရောက်လည်း လုပ်လာနိုင်တယ်။ အဲဒါကို ကြည့်ရင်နဲ့ပဲ ကျမ ဒီအတွေးက ပိုပြီးတော့ ခိုင်မာလာတယ်။ ဘယ်လိုလဲဆိုတော့ ကျမတို့က အမျိုးသမီးပဲ ဦးစားပေးတာ မဟုတ်ပါဘူး။ အားလုံး အမျိုးသား၊ အမျိုးသမီး ဘယ်သူပဲဖြစ်ဖြစ် ဒီ အသေးစား ငွေရေးကြေးရေး ခက်ခဲတဲ့လူတွေမှာ လုပ်ငန်းကို ချဲ့ချင်လို့ရှိရင် သူတို့ ထုံစံအတိုင်း - နဂိုကတည်းက ရပ်နိုင်တဲ့လူတွေ။ ဈေးရောင်းဖို့ အရင်းအနှီးလိုတယ်၊ ဈေးရောင်းချင်တယ်ဆိုရင် ဒီ အသေးစားကို သူတို့ တတ်နိုင်တဲ့ဟာနဲ့ သူတို့ရဲ့ လုပ်ငန်းရဲ့ စည်းကမ်းအရ သူတို့ အဆင်ပြေရင် ငွေရနိုင်တယ်။ ငွေရရင် သူတို့ လုပ်ငန်းချဲ့နိုင်တယ်။ ဒီလိုလုပ်လာတာ တနှစ်ကျော်တဲ့အခါကြတော့ အောင်မြင်တာ တွေ့ရတယ် တချက်က။ နောက်တချက်က သူတို့က အဖွဲ့လေးတွေအလိုက် ငွေစုငွေကြေး အဲဒီလိုမျိုးလေးတွေ လုပ်ရတော့ အဲဒီအဖွဲ့တွေမှာ အမျိုးသမီး တော်တော်များတယ်။ အမျိုးသမီး အရေအတွက်သည် ပြန်ကြည့်ရင် ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ။ ဒါပေမဲ့ အဲဒီအကြောင်းကလည်း သူတို့အမျိုးသားတွေက အလုပ်ရှိတယ်။ သူတို့ အလုပ်ကို လုပ်နေတဲ့အချိန်မှာ အိမ်မှာနေတဲ့ အမျိုးသမီးတွေက လုပ်ချင်စိတ်ရှိလို ဒီလိုပဲ အသေးစားချေးငွေကို ချေးပြီးတော့ သူတို့ လုပ်ငန်းထူထောင်ကြတယ်။ တချို့ကြတော့လည်း တိုးချဲ့ကြတယ်ပေါ့။ အဲဒီလို ကြည့်ရင်နဲ့ပဲ တက်ကြွမှုတွေ တွေ့ရတယ်။ သစ္စာရှိတယ်။ ပြန်ပေးတယ်။ ဒီထက်ကြီးတဲ့ ပုံမှန် သူတို့စည်းကမ်းကတော့ ခဏချေးပြီးရင် အချိန်ကျော်သွားရင် နောက်တခါ ဒီထက်များတဲ့ ငွေကြေးကို ချေးခွင့်ရှိတယ်။ အဲဒီလိုမျိုးတွေ တဖြည်းဖြည်းနဲ့ များများလာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို အမျိုးသမီးတွေကနေ စီးပွားရေးလုပ်ငန်းမှာ တက်ကြွလာတယ့် အနေအထားကို မြန်မာပြည်က အမျိုးသားတွေက ဘယ်လိုတုံ့ပြန်သလဲ။ သူတို့အနေနဲ့ ဘယ်လိုမြင်သလဲ။

ဒေါ်ယူဇာမော်ထွန်း ။ ။ လက်ခံပါတယ်။ ကျမတောင်မှ ဒီမှာ အမျိုးသမီး စကားပြောနေတာပဲ။ ကျမ အမျိုးသားလည်း လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တိုင်းပြည်မှာ အဲဒါကြောင့်ပြောတာ တခြားနိုင်ငံတွေ၊ တချို့နိုင်ငံတွေကြတော့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမှာ သိပ်ပြီးတော့ ပြင်းထန်တယ်။ ကျမတို့ မြန်မာလူမျိုးများက အမျိုးသမီး၊ အမျိုးသား ခွဲခြားမှုတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါကိုလည်း ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဘာမှမရှိဘူး။ ကျမတို့ ရှင်သန်ခဲ့တယ့် ကျမတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့။ အဲဒီအပေါ်မှာ ကျမတို့အနေနဲ့ မကျေနပ်ဘူးဆိုတာ တခါမှ မဖြစ်ဘူးပါဘူး။ ဒါပေမဲ့ အိမ်တွင်းရေးမှာ အနိုင်ကျင့်မှုတို့ ဘာတို့ကြတော့ ဒါတွေက အမျိုးသမီးရေးရာအဖွဲ့တွေရှိတယ်။ အဲဒီလို အဖွဲ့မျိုးတွေလည်း အန်ဂျီအိုတွေ လုပ်နေကြပါပြီ။ အဲဒါကိုလည်း ကျမ အားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့ တယောက် လေးစားရမယ်။ လေးစားမှုကို အခြေခံတဲ့အပိုင်းတွေကတော့ လိုအပ်တာပေါ့။ ဒါတွေကလည်း တဖြည်းဖြည်းနဲ့ ဖြစ်သွားမှာပါ။ ပြောမယ်ဆိုရင်တော့ သူများနိုင်ငံတွေနဲ့စာရင် ပြင်းထန်တဲ့ နိုင်ငံတွေနဲ့စာရင် ကျမတို့က အဲဒီလို မရှိဘူး။ အဲဒီတော့ အထူးသဖြင့် အမျိုးသမီးက အလုပ်အကိုင်လုပ်တယ်။ ပြီးတော့ မိသားစုဝင်ငွေကို သူကလည်း တဖတ်တလမ်းက ရှာနေတယ်ဆိုတော့ အမျိုးသားများကလည်း အင်မတန်မှ လက်ခံကြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူပါပဲ ခင်များ။

ဒေါ်ယူဇာမော်ထွန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်ဒီစီမြို့တော်ကို အမျိုးသမီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာတယ့် မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်း ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG