သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု အခွင့်အရေးများ


ပြီးခဲ့တဲ့ သတင်းပတ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးရော့ခ်မြို့မှာ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဖိုရမ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ဘက်နဲ့ မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြသလို၊ မြန်မာအစိုးရဘက်ကဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်လ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက်ပြီး ရင်းနှီးမြှုပ်နံှမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။ ဒီ အစည်းအဝေးအတွက် နယူးရော့ခ်မြို့ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှု ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်၊ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ ဦးဇေယျာအောင် ကို ဗွီအိုအေအဖွဲ့သား ဦးရော်နီညိမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဝန်ကြီးဦးဇေယျာအောင် ခင်များ။ ဦးဇေယျာအောင်ဟာ စွမ်းအင်ဝန်ကြီး ဖြစ်ရုံမကဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင် (MIC) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့အတွက်ကြောင့် အခုမြန်မာနိုင်ငံမြေပေါ်မှာ ပထမဦးဆုံးပေါ့ နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ ပထမဦးဆုံးလုပ်တယ်လို့ ပြောလို့ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို အမေရိကန်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှပ်နံှရနိုင်မလဲဆိုတဲ့ လုပ်တဲ့ ဖိုရမ်ပွဲမှာ ဝန်ကြီးတို့က ရှင်းပြမယ်ဖြစ်တဲ့အတွက်ကြောင့် အဲဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဒီပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ဘယ်လောက်များ မျှော်လင့်ထားပါသလဲဆိုတာကို ကျနော်တို့ကို အကျဉ်းချူံးပြီးတော့ ပြောပြပေးပါ။

ဦးဇေယျာအောင် ။ ။ ကျနော်တို့ကို ဒီ ဖိုရမ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှု တိုးတက်ဖို့အတွက်ကို အဓိကထားပြီးတော့ အမေရိကန်ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက စီးပွားရေးလုပ်ငန်းတွေမှာ လာရောက်မြှုပ်နံှဖို့အတွက် ကျနော်တို့ လာရောက်ဖိတ်ခေါ်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေမျိုးကို စောင့်စားနေတာလည်း အတော်ကြာပြီ ဖြစ်ပါတယ်။ ဒီအခွင့်အရေးမျိုးရဖို့ စောင့်စားနေတာ အတော်ကြာပါပြီ ဖြစ်ပါတယ်။ စရမယ်ဆိုရင် အစိုးရသစ် စတင်ဖွဲ့စည်းပြီးနောက်မှာ အနောက်နိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုတွေကို မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ဟာ နိုင်ငံခြားရဲ့ ရင်းနှီးမြှုပ်နံှမှုတွေ၊ တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုတွေ များပြားမယ်ဆိုရင်တော့ လူထုအကျိုးပြုလုပ်ငန်းတွေ ထိထိရောက်ရောက် အစိုးရအနေနဲ့ အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အခါမှာ များသောအားဖြင့် ကျနော်တို့နိုင်ငံ ရင်းနှီးမြှုပ်နံှမှုတွေမှာ တိုးတက်လာတာက အရှေ့အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နံှမှုတွေက တော်တော်များများ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အလားတူပဲ ဥရောပဘက်က ရင်းနှီးမြှုပ်နံှမှုတွေ တော်တော်များများ ဝင်ရောက်လာပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ ကုမ္ပဏီကြီးများ၊ စီးပွားရေးအဖွဲ့အစည်းကြီးများနဲ့ကတော့ ယခုအချိန်အထိ ရင်းနှီးမြှုပ်နံှမှု ပမာဏ တခြားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းပါးသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ထက် ဒီထက်ပိုမိုပြီး ဆောင်ရွက်နိုင်အောင် ကျနော်တို့နိုင်ငံမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေအားလုံးကိုလည်း သိရှိရအောင် ကျနော်တို့ စတင်ပြီးဆောင်ရွက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ အလားတူ အုပ်ချုပ်မှုနဲ့ ဆိုရှယ်ပြုပြင်ပြောင်းလဲမှုတွေ ဒါတွေအားလုံးရဲ့အပေါ် ချပြပြီးတော့ နိုင်ငံပေါ်မှာ ရဲရဲတင်းတင်း၊ ယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှုပ်နံှမှု ဆောင်ရွက်နိုင်အောင် ဒီအခြေအနေတွေအားလုံးကို ဆောင်ရွက်ဖို့လာတာ ဖြစ်ပါတယ်။ ဒီလို ရှင်းပြလိုက်ရင်တော့ ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နံှမှုကို ရဲရဲတင်းတင်း ဆောင်ရွက်လာနိုင်ရင် အမေရိကန်နိုင်ငံနဲ့အတူ သူ့ရဲ့နောက်က ပါဝင်လာမယ့် အုပ်စုကြီးတွေ၊ ကုမ္ပဏီအုပ်စုကြီးတွေ ပါဝင်လာရင်တော့ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှု ပမာဏ အင်မတန် တိုးတက်လာမှာဖြစ်တယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အင်မတန် ထိရောက်တဲ့ အခြေအနေကနေ အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လဲ ဒီကိုလာတဲ့အခါမှာ အဓိကဖြစ်တဲ့ ကျနော်တို့ စွမ်းအင်ဝန်ကြီးဌာန အလားတူပဲ ဟိုတယ်လ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန။ အလားတူပဲ ရင်းနှီးမြှုပ်နံှမှု ကော်မရှင်ရုံးကနေ ဒီဂျီ ဦးအောင်နိုင်ဦးတို့အပါအဝင် ကျန်တဲ့ Private Sectors ကလည်း တော်တော်များများ ဒီမှာဝင်ရောက်ပြီးတော့ ဖိတ်ခေါ်မှုအတွက် ဆွေးနွေးဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီမှာတော့ အမေရိကန်နိုင်ငံကနေ အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ တော်တော်များများ ယခင်တုန်းကလည်း လာရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့အခြေအနေမျိုးမှာ တာဝန်ရှိတဲ့လူတွေ ရှင်းပြမှပဲ၊ ဖိတ်ခေါ်မှုပြုလုပ်မှပဲ နားလည်းသဘောပေါက်မယ်လို့ ယူဆပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံကြားမှာ ရှိနေတတ်တဲ့ နားလည်းမှု၊ လွှဲမှားမှုလေးတွေကို ဖြေရှင်းဆောင်ရွက်ပေးလိုက်ရင်တော့ ရင်းနှီးမြှုပ်နံှမှုတွေ တိုးတက်လာမယ်။ တိုးတက်လာလို့ရှိရင် ကျနော်တို့ မျှော်မှန်းထားတဲ့ ဒီကာလအတွင်းမှာ မျှော်မှန်းထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမယ်လို့လည်း ယုံယုံကြည်ကြည် ဖြစ်ပါတယ်။ ဒီယုံကြည်ချက်နဲ့ပဲ ဆောင်ရွက်ဖို့လာခြင်း ဖြစ်ပါတယ်။ ဒီအချိန်မှာလည်း အခုနယူးရော့ခ်မှာ ရောက်ရှိနေတဲ့ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေသာမက၊ Private Sectors က ပုဂ္ဂိုလ်တော်တော်များများလည်း စိတ်ဝင်တစားနဲ့ လာခြင်းကို တွေ့ရပါတယ်။ မြန်မာအုပ်စုက အယောက် (၇၀) ကျော် နီးပါး။ ထင်တာထက်ပိုပြီးတော့ များပြားတာကို တွေ့ရတယ်။ အလားတူပဲ အမေရိကန်ကုမ္ပဏီကြီးများ၊ သူ့ရဲ့ Corporate ကြီးတွေက လာတာဆိုရင် အင်အားက မှန်းဆတာထက်ကို ကျော်နေပြီလို့ ကျနော်တို့ သိရပါတယ်။ မနက်ဖြန်မှာ ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှု အခြေအနေမှန်တွေ၊ နောက်တခါ တွေ့ကြုံရမယ့် အခက်အခဲတွေ။ သူတို့ထင်နေတဲ့ အတွေ့အကြုံ၊ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးရမှာလည်း ဖြစ်ပါတယ်။ ဒီဟာကို ဖြေရှင်းပေးလို့ရှိရင်တော့ အဓိက ယုံကြည်မှု တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အခြေအနေကို ရရှိမယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဝန်ကြီးက စွမ်းအင်ဝန်ကြီးလည်း ဖြစ်တဲ့အတွက်မို့ စွမ်းအင်ဆိုင်ရာကဏ္ဍလေးလည်း ဝန်ကြီးအနေနဲ့ အရင်တုန်းက မြန်မာနိုင်ငံမှာ Unocal ဒီနေ့တော့ Chevron ပေါ့။ သူတို့လာရောက် လုပ်ကိုင်သွားတာလည်း ရှိပါတယ်။ အဲဒီတော့ ဝန်ကြီးအနေနဲ့ စွမ်းအင် sector အပိုင်းလေးကို ဘယ်လိုများ မျှော်မှန်းထားသလဲဆိုတာကို အကျဉ်းချူံးပြီး ရှင်းပြပေးပါ။

ဦးဇေယျာအောင် ။ ။ ကျနော်တို့ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကမ်းလွန်ရေနံရှာဖွေရေး နဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းဖြစ်တဲ့ ရတနာဓါတ်ငွေ့ စီမံကိန်းမှာဆိုရင် ပထမဦးဆုံး Chevron က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နောက် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့နောက်မှာ သူက Unocal အဖြင့် ရတနာဓါတ်ငွေ့မှာ သူ့ရဲ့ရှယ်ယာ (၂၆) ရာခိုင်နှုန်းလောက် ကျန်ရှိခဲ့ပြီးတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် နှစ် (၂၀) လောက် ရင်းနှီးမြှုပ်နံှမှု ဆောင်ရွက်ပြီးတော့မှ သူတို့ရဲ့ အကျိုးဖြစ်ထွန်းမှု၊ ကျနော်တို့နိုင်ငံရဲ့ အကျိုးဖြစ်ထွန်းမှု အပါအဝင် အခြေချခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဒီနောက်ပိုင်း ပြီးခဲ့တဲ့ နိုင်ငံအစိုးရလက်ထက်မှာတော့ ထပ်ပြီးတော့ ဝင်ရောက်လာတာ မရှိဘူးပေါ့။ အခု ဒီဘက် အစိုးရခေတ်မှာတော့ နိုင်ငံရဲ့ စွမ်းအင်ဖူလုံမှု Energy Security အတွက်ကို ကုန်းပိုင်း၊ ကမ်းလွန်ပိုင်းတွေကို တိုးချဲ့ပြီးတော့ ရေနံရှာဖွေရေးတွေ၊ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးတွေ ဆောင်ရွက်ဖို့ကို ဖိတ်ခေါ်မှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ Tender Process နှစ်ခုလောက်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ အမေရိကန်ကုမ္ပဏီ အတော်များများ၊ နောက် ဥရောပဘက်က ကုမ္ပဏီအတော်များများ Oil and Gas တော်တော်များများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ အဲဒီအထဲမှာမှ ကျနော်တို့ ပိုပြီးတော့ ခက်ခဲတဲ့ Deep Sea ရေနက်ပိုင်း ကမ်းလွန်လုပ်ကွက်တွေမှာ ရှာဖွေတာဆိုလို့ တကယ့် ရေနံကုမ္ပဏီကြီးတွေပဲ Technology ရှိပြီးတော့ ငွေကုန်ကြေးကျ ခံနိုင်ပြီး၊ အရင်းအနှီးမြှုပ်နံှမှုများတဲ့ လုပ်ငန်းကြီးတွေကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အဲဒါဆိုရင် နောက်ဆုံး ကျနော်တို့ ကမ်းလွန်လုပ်ကွက်တွေမှာ ဆောင်ရွက်ခဲရာမှာ မကြာခင် စာချုပ်ချုပ်နိုင်တော့မယ့် Chevron ပေါ့။ သူကတော့ Chevron အမည်ရင်းနဲ့ပဲ ပါဝင်လာတာ ဖြစ်ပါတယ်။ ယခင်တုန်းကတော့ Unocal နဲ့ ဖြစ်ပါတယ်။ အခုတော့ Chevron အနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။ နောက်တခုကတော့ အမေရိကန်ကုမ္ပဏီ ConocoPhillips လည်း ကုမ္ပဏီကြီး တခုပါပဲ။ သူတို့မှာ နံမည်ရှိတယ်။ ရင်းနှီးမြှုပ်နံှမှုလည်း တတ်နိုင်တယ်။ Technology လည်း မြင့်မားတယ်။ ဒီကုမ္ပဏီကြီးတွေက ရေနက်ပိုင်းလုပ်ကွက်မှာ သူတို့ရဲ့ Technology အသစ်အဆန်းတွေ သုံးစွဲပြီးတော့ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ကျနော်တို့အတွက်တော့ ရေနံရမယ်၊ သဘာဝဓါတ်ငွေ့ရလို့ရှိရင်တော့ PSC စာချုပ်ရဲ့ အချိုးကျထည့်ဝင်မှုကို ခံစားရမယ်။ ဒါ့အပြင် Technology လည်း ရရှိမှာ ဖြစ်ပါတယ်။ New Technology ကို Transfer ရရှိမှာ ဖြစ်တယ်။ အလားတူပဲ ကျနော်တို့နိုင်ငံက အလုပ်သမားတွေ မြှင့်မားတဲ့ အတွေ့အကြုံနဲ့ အလုပ်သမားတွေလည်း ရရှိသွားမှာ ဖြစ်ပါတယ်။ အကျိုးအမြတ်ကတော့ တခြားသော ဝန်ဆောင်မှု လုပ်ငန်းတွေပါ ရရှိမှာဖြစ်လို့ ရေနံကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နံှမှုက ကျနော်တို့အတွက် Oil and Gas မှာ ရေနံမတွေ့သေးရင်တောင် ရင်းနှီးမြှုပ်နံှမှုအပေါ်မှာ အကျိုးခံစားခွင့်တွေ အများကြီးရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဟာ နိုင်ငံရဲ့ အဓိကကျတဲ့ Strategic ကျတဲ့ လုပ်ငန်းတခုဖြစ်တယ်။ သူက Politics လည်း ဖြစ်ပါတယ်။ အလားတူ Economics ဖြစ်တယ်ဆိုလည်း ဒီလို ပြောလို့ရပါတယ်။ ကျန်တဲ့ဟာတွေအတွက်ပါ အဓိကကျတဲ့ လုပ်ငန်းဖြစ်တာမို့ ဒါကိုပဲ အဓိက အာရုံစိုက်ပြီးတာ့ သူတို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်ဆောင်ရွက်ပြီး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ အင်မတန် ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ဝန်ကြီး ခင်များ။ အခုလို ကျနော်တို့ကို စွမ်းအင်ကဏ္ဍ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ရှင်းပြသွားတဲ့အတွက် ဗွီအိုအေမြန်မာပိုင်းအနေနဲ့ အထူးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG