သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး နဲ့ ဗွီအိုအေ


မြန်မာနိုင်ငံရဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဗွီအိုအေ ဦးကျော်ဇံသာတို့ ဆွေးနွေးထားတာကို မြန်မာ့ဒီမိုကရေစီရေးရာအဖြစ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ အထူးဝမ်းသာပါတယ်။ နောက်တခုက ကျနော်တို့ကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး ဦးခွန်ထွန်းဦးဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရတယ်။ ပြဿနာတွေ ကြုံခဲ့ရတာဟာ ဦးခွန်ထွန်းဦးရဲ့ ယုံကြည်ချက်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အမျိုးသားညီလာခံ ပထမဦးဆုံး သူတို့ စခေါ်ခဲ့တာ ဦးခွန်ထွန်းဦးဟာ လူမျိုးစု ပြည်ထောင်စုဖွဲ့စည်းရေး တနည်းပြောရရင် ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတဲ့ ရပ်တည်ချက်ကို တောက်လျှောက်တောင်းဆိုခဲ့တယ်။ လှုံဆော်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ နောက်ဆုံးမှာ ဦးခွန်ထွန်းဦးဟာ ထောင်ကိုရောက်သွားတယ်လို့ ကျနော်ထင်ပါတယ်။ အခု သူတို့ လွတ်ပေးတယ်။ လျှော့ပေ့ါလိုက်တဲ့သဘောတွေ ပြလာတယ်။ ဒါဟာ ဦးခွန်ထွန်းဦး ယုံကြည်တဲ့ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းရေး မူအပေါ်မှာ သူတို့ လျှော့ပေးလာတယ်လို့ ထင်ပါသလား။ သို့တည်းမဟုတ် တခြားနိုင်ငံရေး ရည်ရွယ်ချက်ကြောင့် လျှော့ပေးတာလား။

ဦးခွန်ထွန်းဦး ။ ။ တခြား နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် လွတ်ပေးတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းရေးအပေါ်မှာ သူတို့ သဘောထား လုံးဝမပြောင်းသေးဘူးဆိုတဲ့ သဘောလား။

ဦးခွန်ထွန်းဦး ။ ။ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဒီ အစိုးရကတော့ ပြောင်းလဲချင်တဲ့ဆန္ဒရှိတယ်။ ပြောင်းလဲချင်တဲ့ ဆန္ဒရှိလို့လည်း ကျနော့်ကို ၉၃ နှစ်ပေးထားတာကနေ လွှတ်ပေးတယ်။ နောက်ပြီးတော့ လွှတ်ပေးပြီးတော့ မကြာခင်မှာ သူတို့ပြန်ပြီးတော့ သူ့တို့ရဲ့ လုပ်ငန်းတွေမှာ ပြန်ဝင်လုပ်ခိုင်းခဲ့တယ်။ ဥပမာ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးတယ်။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခွင့်ပေးတယ်။ ဆက်သွယ်ခွင့်ပေးတာကိုလည်း သူတို့ သဘောကျတယ်။ နောက်ဆုံး အခြေအနေ ဒီကို မထွက်ခွါလာခင်တုန်းကလည်း ကျနော်ကို ရခိုင်ကော်မရှင်ထဲမှာလည်း ထည့်ထားတယ်။ အဲဒီတော့ ဒီဟာတွေဟာ ကျနော့်အတွက် ကောင်းလည်းကောင်းတယ်။ အစိုးရကလည်း သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သက်သေပြတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ လူတော်တော်များများဟာ အစိုးရထဲမှာ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုချင်တဲ့လူတွေဆိုပြီး နှစ်ပိုင်းရှိတယ်လို့ ပြောကြပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေအရေး ဖြေရှင်းဖို့၊ ပြည်တွင်းစစ်ရပ်စဲဖို့ ကိစ္စဟာ တော်တော်အရေးကြီးတဲ့ကိစ္စပါ။ နိုင်ငံတကာကလည်း ဖိအားပေးတယ်။ တိုင်းပြည်အတွက်လည်း အမှန်တကယ် လိုအပ်နေတယ်။ သူတို့ကလည်း လိုချင်တယ်။ အခုန ဦးခွန်ထွန်းဦး ပြောသလို သဘောထား ရှိလာတယ်ဆိုတော့ ဘယ်နေရာမှာများ အဖုအထစ် ကြုံနေရလို့ ရှေ့ကို မတိုးနိုင်တာလဲ။

ဦးခွန်ထွန်းဦး ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ။သူ့ခင်များ စေတနာပါတော့ပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန် လွဲနေတယ်လို့ ပြောရမှာပါ။ လုပ်နည်းလုပ်ဟန်တွေက နှစ်ပေါင်း (၅၀) ကျော် ကြုံခဲ့ရတဲ့ လုပ်နည်းလုပ်ဟန်တွေပဲ ဆက်သုံးနေတယ်။ အဲဒီတော့ ကျနော် ဆိုလိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့တော့လည်း သူတို့ကို ပြောပါတယ်။ အဓိကကတော့ အစိုးရအနေနဲ့က ကတိသစ္စာတည်ရမယ်။ နောက်ပြီးတော့ တကယ်တမ်း ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ် ဒီကိစ္စကို ကိုင်တွယ်ရမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ အဲဒါကိုလည်း သူတို့ လက်ခံပါတယ်။ ဒါပေမဲ့ အခု လက်တွေ့ဆွေးနွေးတဲ့အခါကြရင် အရင်အစိုးရ၊ အရင် လုပ်သွားတဲ့လူတွေလောက်တောင် နည်းလမ်းဟန်မကျသေးဘူး။ အရင် လုပ်သွားတဲ့ လူတွေဆိုတာ ဗိုလ်ချုပ်ခင်ညွှန့် ဦးစီးတဲ့ ထောက်လှမ်းရေးလောက် နည်းစနစ် သိပ်မကျသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တရွာတပုဒ်ဆန်း၊ တစ်တော တစ်ကြက်ဖ တွန် ဟာမျိုး လုပ်နေတဲ့သဘောမျိုး မြင်ရတယ်။ ဥပမာ SSA ကို ဆက်ဆံတာက ပြည်သူ့စစ်အနေနဲ့ သတ်မှတ်တယ်။ ဒါပေမဲ့ SSPP နဲ့ RCSS ပေါ်တော့ ငြိမ်းချမ်းရေး ယူထားတဲ့သဘောပေါ့။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ကြတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး နေ့ကစပြီးတော့ SSPP, SSA ကော လက်ရှိ တပ်မတော်အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတာ အကြိမ်ပေါင်း (၃၀) ရှိနေပြီ။ အစိုးရဖက်က ဘယ်လိုပဲလုပ်လုပ် အောက်ခြေမှာရှိနေတဲ့ တပ်တွေက သဘောထားတမျိုး ဖြစ်နေတယ်။ ဘယ်အထိ ဖြစ်လာသလဲဆိုရင် အဲဒါက သမ္မတပြောတာပဲ၊ အဲဒါ အစိုးရပြောတာပဲ။ ငါတို့က သမ္မတ အောက်မှာမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်အောက်မှာ၊ ကာကွယ်ဦးစီးချုပ်အမိန့်ပဲ လက်ခံမယ်။ ဘယ်အစိုးရ၊ ဘယ်သမ္မတမှ လက်မခံဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ အဓိကတော့ အာဏာပိုင်တွေဖက်က စစ်တပ်နဲ့ သမ္မတ ကြားမှာ တသံတည်း မဟုတ်ဘူး။ လုပ်ရပ်ဟာ တဘောတည်း မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။
ဦးခွန်ထွန်းဦး ။ ။ ဟုတ်ကဲ့။ အဲဒါ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ထွန်းဦး တို့ ရှမ်းတိုင်းရင်းသားတွေဖက်ကရော အချင်းချင်းတသံတည်း ဖြစ်နေပြီလား။ အဲဒီအထဲမှာ disunity ရှိနေသေးသလား။

ဦးခွန်ထွန်းဦး ။ ။ ကျနော်တို့ SSDAC နဲ့တော့ disunity မရှိပါဘူး။ တမိန့်တသံတည်း ဖြစ်နေပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဟိုဖက်က ဆက်ဆံတဲ့အခါမှာ တိုင်းရင်းသားအဖွဲ့တွေကြားမှာ သိပ်လျှိုတဲ့သဘော၊ သွေးခွဲချင်တဲ့သဘောတွေ တွေ့ရသေးသလား။

ဦးခွန်ထွန်းဦး ။ ။ မတွေ့ရပါဘူး။ ဥပမာ အထူးသဖြင့်ဆိုရင် SSPP က ကျနော်တို့ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် နောက်တခု သိချင်တာက လုပ်နည်းကိုင်နည်း မှားနေတယ်။ ထောက်လှမ်းရေးလောက်တောင် မကောင်းဘူးဆိုတော့ ဗိုလ်ချုပ်ခင်ညွှန့်တို့ လက်ထက်တုန်းကလည်း စစ်မှန်တဲ့ ညှိနှိုင်းရေးတွေ မရခဲ့ဘူး။ ဆိုတော့ အခုလည်း လုပ်နည်းကိုင်နည်း အမှန်ကို ဘယ်လိုလို့ ပြောရမလဲ။ ဥပမာအားဖြင့် အစိုးရကတော့ တိုင်းရင်းသား ပြဿနာကို သူတို့ဖက်ကပြောတာက လွှတ်တော်ထဲကိုဝင်ပြီး လွှတ်တော်မှာ ဆွေးနွေးမယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဖက်ကတော့ လွှတ်တော်နဲ့ မလုံလောက်ဘူး။ အစတုန်းက ဦးခွန်ထွန်းဦး က သုံးပွင့်ဆိုင် ဆိုပြီ တောင်းဆိုခဲ့တယ်။ တိုင်းရင်းသား မျက်နှာစုံညီ အစည်းအဝေး။ အခု ဒုတိယပိုင်းမှာလည်း ဒုတိယပင်လုံ ကြွေးကြော်သံ ထွက်လာခဲ့တယ်။ ဘယ်ပုံစံနဲ့ ဖြေရှင်းသင့်တယ် ထင်ပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ ကျနော်တို့ကတော့ လွှတ်တော်ကို ပြောရမယ်ဆိုရင်တော့ ဒီ တိုင်းရင်းသားတွေကလည်း အမှန်ပြောရရင်တော့ မကောင်းတတ်လို့သာ အမျိုးသားညီလာခံကြီး ပြီးသွားခဲ့အထိ လိုက်သွားခဲ့တယ်။ ကျနော်တို့ကတော့ အမျိုးသားညီလာခံကြီးကို အယုံအကြည်လည်း မရှိဘူး။ အဲဒီ အမျိုးသားညီလာခံက ရေးလိုက်တဲ့ အခြေခံဥပဒေကိုလည်း လက်မခံခဲ့ဘူး။ အခုတော့ ၂၀၀၈ အခြေခံဥပဒေ ပေါ်လာတဲ့အခါကြတော့ ပိုပြီးတော့ မြင်နေရပါပြီ။ အခုဆိုရင် လွှတ်တော်က ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လွှတ်တော်မှာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းလို့ မရဘူးပေါ့။

ဦးခွန်ထွန်းဦး ။ ။ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။ ဖြေရှင်းလို့လည်း လာမှမဟုတ်ဘူး။ ရလည်းမရနိုင်ဘူးလို့ ကျနော်က မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တွေ့ဆုံဆွေးနွေးရေး လုပ်နေကြတဲ့အထဲမှာ တိုင်းရင်းသားတွေဖက်က အထူးသဖြင့် ဦးခွန်ထွန်းဦးတို့ဖက်က မျက်နှာစုံညီ ဆွေးနွေးပွဲ၊ ဒုတိယပင်လုံလို ဖြေရှင်းနိုင်မယ်နည်းလမ်းကို အဆိုပြုပါသလား။ ဘယ်လို ဖြေရှင်းမလဲ။

ဦးခွန်ထွန်းဦး ။ ။ ကျနော်တို့ ဖြေရှင်းနိုင်တာကတော့ တစိုက်မတ်မတ် ကျနော် ပြောလာတာကတော့ သုံးပွင့်ဆိုင် တွေ့သင့်တယ်။ သုံးပွင့်ဆိုင် ဆိုတာမှာ ကျနော်တို့ လွှတ်တော်ပြင်ပမှာရှိတဲ့ ၉၀ ခုနှစ် အခြေခံထားတဲ့ ဖွဲ့စည်းထားတဲ့ ပါတီအသစ်တွေ။ နဂိုမူလကလည်း UNA - တိုင်းရင်းသားတွေပါရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားတွေ ပါရမယ်။ နောက်ပြီးတော့ အပြင်မှာရှိတဲ့အဖွဲ့တွေ - အဲဒါတွေက ၂၁ ဖွဲ့တောင်ရှိတယ်။ တစုတတည်း ညီလာခံခေါ်စေချင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးခွန်ထွန်းဦးတို့ SNLD ပါတီရဲ့ လက်ရှိ ရပ်တည်ချက်။ ALD ကတော့ အခုလက်ရှိ RNDP နဲ့ပေါင်းမယ်လို့ စီစဉ်နေကြတယ်လို့ ကြားပါတယ်။ SNLD ရဲ့ ရှေ့ခရီးလည်း နည်းနည်းပြောပါ။ ကျားဖြူတို့ဘာတို့နဲ့ ပေါင်းစည်းဖို့ ရည်ရွယ်ချက် ရှိပါသလား။

ဦးခွန်ထွန်းဦး ။ ။ ကျနော်တို့ကတော့ ရှင်းရှင်းပြောရရင် ကျားဖြူပါတီနဲ့ ပေါင်းဖို့အစီအစဉ် မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျားဖြူက ကျနော်တို့နဲ့ မူဝါဒ ကွာပါတယ်။ ကျနော်တို့ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု။ နောက်ပြီးတော့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမြဲတမ်း တောင်းဆိုနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ရည်ရွယ်ချက်နဲ့ SNLD က ဆက်လက်လှုပ်ရှားမှာ။

ဦးခွန်ထွန်းဦး ။ ။ ဟုတ်ကဲ့။ အဲဒီ ရည်ရွယ်ချက်နဲ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လှုပ်ရှားမှုက ပထမဦးဆုံး ၂၀၁၅ ရွေးကောက်ပွဲကြရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါသလား။

ဦးခွန်ထွန်းဦး ။ ။ ၂၀၁၅ ဆိုတာ ခရီးက အများကြီးကျန်ပါသေးတယ်။ ၂၀၁၅ မှာလည်း မည်ကဲ့သို့သော် ရွေးကောက်ပွဲဆိုတာလည်း သတ်မှတ်ရအုံးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် PR ၁၂ ကို အကောင်အထည်ဖော်ဖို့ဆိုပြီး အချို့ အဖွဲ့အစည်းတွေက တိုက်တွန်းလာပြီ။ အဲဒီတော့ ၂၀၁၅ မှာ PR ၁၂ နဲ့ပဲ သွားမလား။ သို့မဟုတ် ဒီအတိုင်းပဲ နိုင်တဲ့လူ အကုန်ယူစတမ်းဆိုတဲ့ စနစ်နဲ့ သွားမလား - the winners take it all - အဲဒီလို ဖြစ်နေတော့ ရွေးကောက်ပွဲ မစဉ်းစားသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပါတီအနေနဲ့တော့ ကျနော်တို့ရဲ့ သဘောထားကို လူထုသိရအောင်၊ ကျစ်လစ်အောင် ကျနော်တို့က စည်းရုံးနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ မစဉ်းစားသေးဘူးဆိုတာ။ ရွေးကောက်ပွဲ ဘယ်ပုံဘယ်နည်း ကျင်းပမယ်ဆိုတာ မပြတ်သားသေးလို့ပေါ့။

ဦးခွန်ထွန်းဦး ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ထွန်းဦးတို့ ဖြစ်စေချင်တာ ဘယ်ပုံစံ သဘောကျပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ ကျနော်တို့ကတော့ လောလောဆယ် လူထုလည်း နားလည်းနေပြီ။ ကျင့်သားရနေပြီဆိုရင်တော့ အခုလက်ရှိ သွားနေတဲ့စနစ်က အကောင်းဆုံးပါ။ PR စနစ်ကတော့ လူထုကို အများကြီး ပညာပေးရအုံးမယ်။ နောက်ပြီးတော့ အထူးသဖြင့် အခု သံလွင်မြစ်အရှေ့ခြမ်း ဝေးသီခေါင်ဖျားတဲ့ ဝ တွေ ထိန်းချုပ်ထားတဲ့နယ်မြေက ဘယ်လိုမှ ဝင်တိုးလို့ရမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် အဲဒီဟာတွေကို ဒီလိုမျိုး တွေ့ဆုံဖို့ရယ်။ စနစ်ကလည်း ဒီအတိုင်းသွားဖို့ကို လိုလားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုလက်ရှိ အခြေအနေ နည်းနည်းသိချင်ပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တက်လာတဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာ မြို့ပေါ်မှာ မီဒီယာတွေ နည်းနည်းပါးပါး လွတ်လပ်မှု ရှိလာတယ်လို့။ လူတွေ ပြောရဲဆိုရဲ ရှိလာတာတွေ ရှိပါတယ်။ တိုင်းရင်းသားဒေသတွေက ပြည်သူတွေကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲ။ စီးပွားရေးအရဖြစ်တော့ သိပ်ထိရောက်မှုမရှိသေးဘူး။ ပညာရေး မပြောင်းလဲသေးဘူးဆိုတယ်။ သို့ပေမဲ့ လူတွေရဲ့ နေမှုထိုင်မှု၊ လွတ်လပ်မှု၊ ပြည်တွင်းငြိမ်းချမ်းသာယာမှုတွေ အခြေအနေတွေကို နည်းနည်းပြောပါအုံး။ ရှမ်းပြည်ဖက်မှာ။

ဦးခွန်ထွန်းဦး ။ ။ တိုင်းရင်းသားတွေ အနေအထားအရတော့ အစိုးရကလည်း ခက်တာက စနစ်မျိုးစုံနဲ့ ကျနော်တို့ ပြောနေကြားက စနစ်မျိုးစုံနဲ့ ဆက်ဆံနေတယ်။ ဥပမာ အခုန ကျနော်ပြောခဲ့ပြီးပြီပဲ - အဲဒီလိုမျိုး ခွဲခြားပြီး ဆက်ဆံလိုက်ခံရတာကတကြောင်း။ ဥပမာ SSPP ကို ဗိုလ်မှူးချုပ်သိန်းဇော်တို့က တာဝန်ယူပြီးတော့ ဆက်ဆံတယ်။ နောက်ပြီးတော့ ဟိုဖက် (၃) ဖွဲ့ကြတော့ ဝန်ကြီးဦးအောင်မင်းက ဦးဆောင်ပြီးဆက်ဆံနေတယ်။ အဲဒီမှာလည်း စည်းစနစ်ချင်းက တပြေညီမကျဘူး။ မကျတဲ့အခါကြတော့ တိုက်ပွဲတွေက ဖြစ်နေတယ်။ ဆိုလိုတာက ဒီဟာတွေ အားလုံးက အမှန်ဆိုရင်တော့ တစ်စားပွဲတည်း ထိုင်ပြီးတော့ တိုင်းရင်းသားတွေကို လွတ်လွတ်လပ်လပ် တာဝန်ပေးပြီးတော့ သူတို့ရချင်တဲ့ဟာကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပေးပြီးတော့ ဆွေးနွေးခွင့်ပေးမယ်ဆိုရင်တော့ ဒါ ပြည်ထောင်စုကြီးအတွက် စစ်မှန်တဲ့အဖြေတခုတော့ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီလို တွေ့ခွင့်မပေးတော့ တဖွဲ့နဲ့တဖွဲ့ ခွဲခြားဆက်ဆံနေသရွေ့တော့ ဒုံရင်းဒုံရင်း ပြန်သွားမယ်။

ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ် စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ ဒီလို အဖုအထစ်တွေ ရှိနေတာဟာ သူတို့ကိုယ်၌က တကယ် မပေးချင်လို့လား။ တကယ် လက်တွေ့မှာ လုပ်ရမှာ ခက်ခဲလို့လား။ သို့တည်းမဟုတ် မပေးချင်တဲ့ လူတွေရဲ့ ဖိအားကို သူတို့ရင်ဆိုင်နေရလို့လား။ သူတို့ဖက်ကိုကြည့်ရင် ဘယ်လိုသဘောရပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ အဲဒါကတော့ မပေးချင်တဲ့လူလည်းရှိတယ်။ နောက်ပြီးတော့ ဖယ်ဒရယ်စနစ်ဟာ ခွဲထွက်တယ်ဆိုတာ ဦးနေဝင်းလက်ထက်က ပြောခဲ့တာရှိတယ်။ လူတွေက ဒါတွေပဲ ခေါင်းထဲဝင်နေတယ်။ ဖယ်ဒရယ်အကြောင်း ပြောမယ်ဆိုရင် ဒါက ခွဲထွက်မယ့်အလုပ်လို့ ဖြစ်နေတာ။ မဟုတ်ဘူးဗျ … ဖယ်ဒရယ်ဆိုတာ ဥပမာ ဂျာမဏီ၊ အမေရိကန်တို့လို့မျိုး သူတို့သိပါတယ်။ ဒါတွေက ဖယ်ဒရယ်နိုင်ငံတွေပဲ။ ဖယ်ဒရယ် မပြောသည့်တိုင် တိုးတက်မှုက အတိုင်းအထိအလွန်ပေါ့။ ကျနော် အမေရိကရောက်လာပြီ။ တိုးတက်မှုတွေ အတော်လေးတွေ့နေရတယ်။ အဲဒါ ဖယ်ဒရယ်စနစ်ရဲ့ အရသာပဲ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဖယ်ဒရယ်စနစ်ရဲ့ စနစ်မှန်၊ သရုပ်မှန်ကို ဘယ်သူတွေ ပညာပေးမလဲ။ သူတို့က မလိုလားတော့။ တကယ်တော့ ဒီဟာ ပညာပေးမှုတဆင့်ကို လိုလိမ့်မယ်ထင်တယ်။ ပြည်သူတွေအကြားမှာ အထူးသဖြင့် ဗမာအရေး လှုပ်ရှားကြတဲ့ ဗမာတိုင်းရင်းသားတချို့ဟာ လက်မခံချင်ကြဘူး။ အထူးသဖြင့်။ ဒါပေမဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ နားလည်းတယ်။ လက်ခံတယ်။ သူတို့က သိတယ်။ အဲဒါကို ဘယ်လိုပညာပေးရမလဲ။

ဦးခွန်ထွန်းဦး ။ ။ အခုဟာကတော့ ကျနော်တို့ ၈၈ ကျောင်းသားတွေလည်း ဒီ အိုင်ဒီယာကို ဝင်လာပြီ။ အခုဝင်လာတဲ့ ဖွင့်ပေးလို့ လာတွေ့တဲ့လူတွေ တော်တော်များများကလည်း ဖယ်ဒရယ်စနစ်ကို လက်ခံတယ်။ ခံတဲ့အကြောင်းရင်းက သူတို့မှာ အပြင်မှာသွားနေရတော့ အပြင်မှာ သူတို့က အနှိမ်ခံဘဝနဲ့ သွားနေခဲ့ရတာ။ အဲဒီတော့ အနှိမ်ခံဘဝရောက်မှပဲ ဖယ်ဒရယ်ကို လိုလိုလားလား ဖြစ်လာတယ်။ ဘာပဲဖြစ်နေဖြစ်နေ ကျနော်တို့ကတော့ အသက်ရှင်နေသရွေ့ နောက်လာနောက်သားတွေ မှတ်သားသွားနိုင်အောင်၊ ကျန်ခဲ့အောင် ဖယ်ဒရယ်စနစ်ကိုတော့ ကျနော်တို့က သွေးဖီသွားမှာ မဟုတ်ဘူး။ တစိုက်မတ်မတ် ပြောနေရမှာပဲ။ ဒီ ဖယ်ဒရယ်စနစ်က တိုင်းပြည်ကို ဖျက်ဆီးစရာ မဟုတ်ဘူး။ တိုင်းပြည်ကို လုပ်ပေးနေတာ။

ဦးကျော်ဇံသာ ။ ။ လက်ရှိ အာဏာပိုင်တွေရဲ့ မျိုးဆက်မှာ ဖြစ်နိုင်ပါ့မလား။ တကယ်လို့ ၈၈ မျိုးဆက်လို ပုံစံမျိုး နောင်လူငယ်ပိုင်းတွေ၊ လူလတ်ပိုင်တွေက နေရာယူလာမယ်။ သူတို့ နားလည်းသဘောပေါက်တယ်။ ဖယ်ဒရယ်အကြောင်းကို။ အဲဒီလို လူတွေနဲ့ဆိုရင် ပြေလည်းသွားနိုင်တဲ့အကြောင်းရှိတယ်။ အခုလက်ရှိ မျိုးဆက်မှာ ဖြစ်နိုင်ပါ့မလား။

ဦးခွန်ထွန်းဦး ။ ။ ကြိုးစားရင်တော့ ဖြစ်မှာပါ။ အခု ကျနော်တို့ ကြိုးစားနေတာ ၂၀ ရမယ်။ ၃၀ ရမယ်။ ၅၀ ရလည်း ကျနော်တို့က အမြတ်ပေါ့။ ဒါကတော့ တိုင်းပြည်အတွက် ပြိုကွဲအောင် လုပ်နေတာမှ မဟုတ်တာ။ ကောင်းအောင်လုပ်နေတာပဲ။ နောက်ပြီးတော့ သူတို့လည်း ပြောနေတာ နိုင်ငံပွင့်လင်းလာပြီ။ တိုင်းပြည်အုပ်ချုပ်နေသူတွေလည်း နိုင်ငံတကာသွားပြီး လေ့လာနေပြီ။ ဒါကို သူတို့ လက်ခံပါတယ်။ လူကြီးတွေဆီကလည်း ပြန်ကြားပါတယ်။ ဒီဟာက တကယ်တမ်းတော့ ဦးနေဝင်း ပြောခဲ့သလို ခွဲထွက်တာမှ မဟုတ်တာ။ အဲဒီတော့ တိုင်းပြည်တိုးတက်အောင် တိုင်းပြည်ကိုချစ်လို့ ဒီလောက် လုပ်နေတဲ့သဘောပဲ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးပါရစေ။ SNLD ကတော့ ဦးခွန်ထွန်းဦးကတော့ ဖယ်ဒရယ်စနစ်ကို ကိုင်စွဲပြီးတော့ ဆက်လက်ရပ်တည်မယ်။ ကျားဖြူပါတီကတော့။

ဦးခွန်ထွန်းဦး ။ ။ သူကတော့ စီးပွားရေး ဦးစားပေးပြီးတော့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ကတော့ ကျားဖြူပါတီနဲ့ ပတ်သက်ရင်တော့ သိပ်ပြီးတော့လည်း မဝေဖန်ချင်ဘူး။
XS
SM
MD
LG