သုံးရလွယ်ကူစေသည့် Link များ

Indiana မှာ ဆွေးနွေးကြတဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေး

  • ကိုဇော်ဝင်းလှိုင်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့အတွက် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့အချိန် နိုင်ငံရေး၊ စီးပွားရေး၊ တတ်သိပညာရှင်စတဲ့ ကဏ္ဍစုံကသူတွေ တွေ့ဆုံပြီး နှစ်နိုင်ငံစလုံးအတွက် အကောက်ပြုစေမယ့် ပေါ်လစီတွေ ချမှတ်နိုင်အောင် အမေရိကန် - မြန်မာ ဆက်ဆံရေး ညီလာခံ ကျင်းပတာဟာ ထိရောက် ကောင်းမွန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်က ပြောပါတယ်။ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်မြို့တော်၊ Indianapolis မြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ညီလာခံအတွင်း သံအမတ်ကြီး ဦးကျော်တင်က အဲဒီ ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လှေစီးပြေးဒုက္ခသည်တွေအရေးတွေကိုပါ အကျယ်တ၀င့် ဆွေးနွေးထားတာတွေကို ဒီသီတင်းပတ်ရဲ့ မြန်မာ့အရေးဆွေးနွေးခန်း အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျနော် ပထမဦးဆုံး မေးချင်တဲ့မေးခွန်းကတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ဆက်ဆံရေးအကြောင်း။ အခု မြန်မာနိုင်ငံမှာဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ နိုင်ငံတကာကလည်း ထောက်ခံကြတယ်။ ပံ့ပိုးပေးကြတာတွေရှိတယ်။ အခု ဒီဘက်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ လည်း ပြန်ပြီးတော့ ဝိုင်းဝန်းကူညီပြီးတော့ လိုအပ်တာတွေကို ပါဝင်လုပ်ဆောင်နေကြတာတွေလည်း တွေ့ရတယ်။ ဆိုတော့ ပြောင်းလဲမှုတွေ ဖြစ်လာတာတွေဟာ မြန်မာနိုင်ငံထဲမှာ အစိုးရကနေ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သဘောပေါက်လာလို့လား။ ဒါမှမဟုတ် ပြည်ပက ဖိအားတွေကြောင့်လား။

ဦးကျော်တင့် ။ ။ ပြည်ပဖိအားတွေကြောင့် မဟုတ်ပါဘူး။ ကျနော်တို့မှာ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအတွက်ကို Political Roadmap နဲ့ သွားနေခဲ့တယ်။ Political Roadmap နဲ့ သွားနေတာ ပြီးဆုံးပြီတဲ့နောက်မှာ ကျနော်တို့ ပြည်သူပြည်သားတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုကို လိုလားတယ်ဆိုတာကို တွေ့ရတယ်။ နောက် အစိုးရသစ် တက်လာတယ်။ ပြုပြင်ပြောင်းလဲရေးကို ချမှတ်လုပ်ကိုင်လာတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့နေရာမှာ အောင်မြင်တိုးတက်တာတွေလည်း အများကြီး ရှိပါတယ်။ ပွင့်လင်းပြောင်းလဲလာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ သံအမတ်ကြီးလည်း သိမှာပါ သံအမတ်ကြီးဆို ပိုပြီးတော့ နားလည်မှာပေါ့။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ သံတမန်တွေနဲ့ အမြဲတမ်း အချိန်ပြည့်ဆက်ဆံနေရတယ်ဆိုတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့နေရာမှာ နိုင်ငံတကာက ပြောနေကြတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိရဲ့ လား။ ဥပမာ သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတွေမှာ အခုထိ ပြောနေကြတုန်း လွတ်လပ်ခွင့်လောက် မလွတ်လပ်သေးဘူးဆိုပြီး ထောက်ပြပြောနေကြတာတွေ ရှိတယ်။ အဲဒါတွေက စံချိန်စံညွှန်းအနေနဲ့ သူတို့ပြောနေကြတာနဲ့ လက်တွေ့နဲ့ ဘယ်လို ကွာဟမှုတွေ ရှိပါလဲ။

ဦးကျော်တင့် ။ ။ ပြုပြင်ပြောင်းလဲရေး အသွင်ကူးပြောင်းရေးမှာ တိုးတက်မှုရှိတယ် မရှိဘူးဆိုတာ ဘယ်စံချိန်စံညွှန်း နှိုင်းယှဉ်တာနဲ့ မူတည်တာပဲ။ ကျနော်တို့ ပြီးခဲ့တဲ့ (၂) နှစ် (၄-၅) နှစ်မတိုင်ခင်က ..အစိုးရထက်ဆရင် အခုအချိန်မှာ အများကြီး ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။ နောက်တခု အမေရိကန်မှာ လက်ရှိ အောင်မြင်နေတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ တိုင်မယ်ဆိုရင် နှေးကွေးတယ်လို့ ထင်ကြမှာပေါ့။ ကျနော်တို့အနေနဲ့ သတင်းလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေခွင့် .. ဒါတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်လုပ်ကိုင်နေပါတယ်။ ကျနော်တို့နိုင်ငံရဲ့  သတင်းမီဒီယာ လွတ်လပ်ခွင့်တို့က လတ်တလော အရှေ့ တောင်အာရှမှာ အမြင့်ဆုံးမဟုတ်တောင် အလယ်အလတ်လောက်မှာ ရှိနေပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုဆိုရင် သံအမတ်ကြီးက Indiana ပြည်နယ်၊ Indianapolis မြို့ ကို ရောက်ရှိနေတယ်။ ဒီမှာ အမေရိကန်-မြန်မာ ဆက်ဆံရေးညီလာခံ၊ အင်ဒီယားနားတက္ကသိုလ်က ဦးဆောင်ကျင်းပတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးညီလာခံကို သံအမတ်ကြီးက အထူးဧည်သည်တော်အဖြစ် တက်ရောက်ပြီးတော့ မိန့်ခွန်းလည်းပြောတယ်။ ဒီလိုမျိုး ညီလာခံတွေလုပ်တာ မြန်မာနိုင်ငံအတွက်ကော အမေရိကန်နဲ့ ဆက်ဆံရေး ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ။

ဦးကျော်တင့် ။ ။ ဒါကတော့ အများကြီး အကျိုးရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီမှာ Policy makers တွေ၊ Business men တွေကလည်း မြန်မာနိုင်ငံမှာ အလားအလာကို အနီးကပ်စောင့်ကြည့်နေတော့ မြန်မာနိုင်ငံ ဘယ်လောက်အထိ တိုးတက်ဖို့ လုပ်လာနိုင်ပြီလဲ။ ဘာ Challenge တွေ ရှိနေလဲ။ Business လုပ်ဖို့အတွက် ဘာအခွင့်အလမ်းတွေ ရှိနေလဲ။ နောက်ပြီးတော့ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။ ဒါတွေကို ဒီမှာ ကျနော်တို့ ကဏ္ဍပေါင်းစုံကနေ လက်တွေ့လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ Academic တွေ၊ အစိုးရကိုယ်စားလှယ်တွေ။ ကျနော်ဆီက ဝန်ကြီး level မလာနိုင်လို့ ကျနော်တို့က မြန်မာနိုင်ငံကိုယ်စား ကျနော်တို့ လုပ်ကိုင်နေတာတွေကို ရှင်းပြခဲ့တယ်။ နောက်ပြီးတော့ ဒီမှာ တက္ကသိုလ်က Academic အပြင်၊ မြန်မာနိုင်ငံမှာ တကယ့်လက်တွေ့လုပ်ကိုင်နေတဲ့ USAID, Commence က ပုဂ္ဂိုလ်တွေ၊ နောက်ထပ် NGO က ပုဂ္ဂိုလ်တွေ၊ Peace Process မှာ ပါဝင်တဲ့လူတွေ သူတို့လာပြီးတော့ ရှင်းပြကြတယ်။ လက်တွေ့ ပကတိအခြေအနေကို သဘောပေါက်သွားပြီး၊ မှန်ကန်တဲ့ ပေါ်လစီ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒီမှာ ဆွေးနွေးချက်တွေကလည်း ကျနော်ထင်တယ် ဒီ Policy Makers တွေ လိုချင်တဲ့အဆင့်ကို ရောက်လာပြီး ကျနော်တို့ရဲ့  အခြေအနေကို နားလည်ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမိုတိုးမြှင့်လာပါလိမ့်မယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခုက နိုင်ငံတကာမှာ ထိပ်တန်းရောက်နေတဲ့ သတင်းတခုဖြစ်တယ်။ ဘာလဲဆိုတော့ လှေစီးဒုက္ခသည်တွေ။ နိုင်ငံတကာက ခေါ်နေကြတာတော့ ရိုဟင်ဂျာတွေပေါ့။ မြန်မာအစိုးရကတော့ ဘင်္ဂလီတွေလို့ ခေါ်တယ်။ ဒီလူတွေဟာ နိုင်ငံတကာမှာ ပြောနေကြတာ သတင်းမီဒီယာတွေ၊ အစိုးရတွေမှာ ပြောနေကြတာက ဒီလူတွေဟာ ရိုဟင်ဂျာတွေဖြစ်တယ်။ ထွက်လာသမျှလူတွေ အများစုကို သိမ်းကျူံးပြီး ပြောနေကြတာ ရှိပါတယ်။ မြန်မာအစိုးရပြောတာ ဒီလူတွေဟာ ဘင်္ဂလီတွေ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်းပြောတယ်။ ဟိုတလောက ဖမ်းမိတဲ့အထဲမှာလည်း သူတို့ကိုယ်သူတို့ ဝန်ခံထားတာတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်ဆိုပြီး ဝန်ခံထားသူတွေရှိတယ်။ ရိုဟင်ဂျာတွေလည်း ပါကောင်းပါမယ်။ နိုင်ငံတကာက ပြောနေကြတယ်။ အဲဒီအပေါ်မှာ သံအမတ်ကြီးဆိုရင် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေတာဆိုတော့ အမြဲတမ်း ကြုံတွေ့နေရမှာပဲ။ ပြီးခဲ့တဲ့ (၂) နှစ်လောက်က သံအမတ်ကြီးကိုယ်တိုင် ဒီကိစ္စတွေကို ခုခံကာကွယ် ပြောဆိုခဲ့တာတွေကိုလည်း ကျနော်တို့ ကြားဖူးပါတယ်။ အခု ဒီတကြိမ်မှာ မြန်မာသံအမတ်တယောက်ကို နိုင်ငံတကာက ပြောတာဆိုတာ၊ ဖိအားပေးတာတွေ ရှိလား။ ဘယ်လိုမျိုး ပြန်လည်ပြီးတော့ သံအမတ်ကြီးအနေနဲ့ ခုခံကာကွယ်ပြောဆိုနေတာတွေ ရှိပါလဲ။

ဦးကျော်တင့် ။ ။ ကျနော်နံပတ် (၁) လှေစီးပြေးဒုက္ခသည် ကိစ္စပဲ ပြောပါမယ်။ လှေစီးဒုက္ခသည်နဲ့ ပတ်သက်လို့ ကျနော်တို့ဆီက နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောပြီးပြီ။ သဘောထား ရပ်တည်ချက်တွေ ထုတ်ပြန်ထားပြီးပြီ။ လှေစီးဒုက္ခသည် ပြဿနာကို အပြစ်မဲ့တဲ့ လှေစီးဒုက္ခသည်တွေ၊ မှောင်ခိုကုန်ကူးမှု ပြုလုပ်သူတွေ ခံရတဲ့ ဒုက္ခသည်တွေကို ကျနော်တို့ များစွာကိုယ်ချင်းစာနာမိပါတယ်။ စိတ်လည်းမကောင်းပါဘူး။ ဒါပေမဲ့လို့ ဒီလှေစီးဒုက္ခသည်တွေ ကိစ္စဟာ မြန်မာနိုင်ငံဘက်မှာ ဖြစ်နေတဲ့ လူမှုရေးပြဿနာတွေကြောင့်လို့ အဲဒီလို တခုတည်းသော အကြောင်းဇစ်မြစ်ကို ဖော်ပြပြီးတော့ စွပ်စွဲနေတာတွေကတော့ အင်မတန် မှားယွင်းပါတယ်။ ကျနော်တို့က အဲဒါနဲ့ ပတ်သက်လို့ လုံးဝလက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှေစီးဒုက္ခသည်တွေက ဥပမာ ကျနော်တို့နိုင်ငံက ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကျော်လောက်ပါတဲ့ သင်္ဘောတစီးထဲမှာဆိုရင် ပါလာတဲ့ ၂၀၀ ကျော်နီးပါးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ၊ နောက် UN ဌာနေကိုယ်စားလှယ်တွေကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး သူတို့ကိုယ်တိုင် Confirm ပြန်လုပ်ပါတယ်။ အဲဒီတော့ ဒီလှေစီးဒုက္ခသည် အများစုဟာ ရခိုင်ပြည်နယ်ကလာတဲ့သူတွေ မဟုတ်ဘူး။ နောက်ပြီး အများစုဟာ sixty seventy percent ဟာ အနောက်ဘက်နိုင်ငံ၊ တခြားနိုင်ငံက ထွက်လာတယ်ဆိုတာ သတင်းစာတွေမှာ confirm လုပ်ထားပါတယ်။ Wall Street Journal သတင်းထဲမှာပါတယ်။ ဒီလှေစီးဒုက္ခသည် အများစုဟာ ဘင်္ဂလားဒေ့ရှ်က economic migrants တွေ များတယ်။ စီးပွားရေးအရ ထွက်ခွါလာတဲ့။ အလုပ်ရှာဖို့ ထွက်လာတဲ့ အများစုဖြစ်တယ်ဆိုတာကို ရေးထားပါတယ်။ အင်ဒိုနီးရှားနဲ့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီလိုပြောဖူးပါတယ်။ သူတို့ကိုယ်တိုင် လက်ခံထားပြီး စီစစ်ကြည့်တဲ့အခါ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကလာတာ အနည်းငယ်ပါပါတယ်။ ဒါပေမဲ့ အများစုက ဘင်္ဂလားဒေ့ရှ်ကပါ။ ဒါပေမဲ့လို့ သတင်းတွေမှာ ဖော်ပြတာက ဒီလူတွေ အကုန်လုံးဟာ မြန်မာနိုင်ငံက လာတာတွေ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့်လို့ မြန်မာနိုင်ငံတနိုင်ငံတည်းကို အပြစ်ပုံချတာကတော့ လုံးဝလက်မခံနိုင်ပါဘူး ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါကတော့ သံအမတ်ကြီး ပြောသွားတဲ့အထဲမှာလည်း ဘယ်လို ရှေ့ ဆက်ပြီး ဒီပြဿနာကို ဖြေရှင်းသွားမယ်ဆိုတဲ့ အချက်ပါပါတယ်။ ဒီတော့ မြန်မာအစိုးရရဲ့  ရပ်တည်ချက်ကတော့ အစိုးရက ပြောတာတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သံအမတ်ကြီးတို့အနေနဲ့ ဒီပေါ်လစီအတိုင်းပဲ ရပ်တည်သွားမယ်ဆိုတဲ့ သဘောလား။ ကုလသမဂ္ဂညီလာခံတို့မှာ ဒါမှမဟုတ် လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးတွေမှာ ဒီလိုမျိုး သံအမတ်ကြီးတို့ဘက်က ချပြဖူးလား။ နိုင်ငံတကာ ဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ကို။

ဦးကျော်တင့် ။ ။ ကျနော်တို့ ဘန်ကောက်မှာ ပထမဦးဆုံး ကျင်းပခဲ့တဲ့ လှေစီးဒုက္ခသည် ပြဿနာဖြေရှင်းရေးအတွက် ဒေသအတွင်းအဆင့် ဆွေးနွေးပွဲမှာ နိုင်ငံ (၁၇) နိုင်ငံ အစည်းအဝေးကို မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ်တယောက် ဦးဆောင်ပြီးတော့ တက်ရောက်ခဲ့ပါတယ်။ ဒါကိုလဲ ကျနော်တို့က ဒီပြဿနာကို ပါဝင်ဖြေရှင်းဖို့ ဆောင်ရွက်သွားမယ့် အနေအထားရှိပါတယ်။ ဒေသအဆင့်မှာ ဒီပြဿနာကို ဖြေရှင်းနေတဲ့ အချိန်မှာ ကုလသမဂ္ဂမျက်နှာသာမှာ ဒီအခွင့်အရေးကို အသုံးချ၊ ခုတုံလုပ်ပြီး အဲဒီကိစ္စကြောင့် ဖြစ်တယ်ဆိုပြီး မီးမှောင်ထိုးပြီး ဖြေရှင်းတာမျိုး အဲဒီလိုမျိုး လုပ်တာမျိုးကိုတော့ ကျနော်တို့ လက်မခံပါဘူး။ နောက် ရခိုင်ပြည်နယ်ကိစ္စ တိုးတက်ရေးအတွက်လည်း ကုလသမဂ္ဂ၊ နယ်စီးမခြား ဆရာဝန်များ၊ INGO တွေ အများကြီး ရောက်နေကြတော့ သူတို့လည်း အကူအညီ ပေးကြပါတယ်။ အဲဒီမှာ Coordination Center ဖွင့်ပြီးတော့ သူတို့ ကူညီပံ့ပိုးပေးနေပါတယ်။ ကျနော်တို့နိုင်ငံက Humanitarian Assistance တွေ ငြင်းဆိုနေတယ်ဆိုတာ မဟုတ်ပါဘူး။ နောက် ကျနော်တို့ရဲ့  Approach ကတော့ လှေစီးဒုက္ခသည်ကိစ္စ ဖြေရှင်းဖို့၊ ရခိုင်ကိစ္စ ဖြေရှင်းဖို့ ကျနော်တို့ လိုအပ်တဲ့ အဲဒီ ရခိုင်ပြည်နယ်က ကွန်မြူနီတီ အသိုင်းအဝိုင်း အဲဒီအုပ်စု နှစ်ခုလုံးအတွက် လိုအပ်တဲ့ အကူအညီတွေကို ပေးကြမယ်။ နောက် ရခိုင်ပြည်နယ်တခုလုံး ဖွံ့ဖြိုးမှုရရှိအောင် လုပ်ပေးရမယ်။ အဲဒီအတွက်ကို နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရမယ်။ အဲဒီလို ကူညီပေးကြခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ နောက် ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း မြင့်လာမယ်။ အဲဒီလိုမျိုး မြင့်မားလာရင် လူတွေက အူမတောင့်လာလို့ရှိရင် တယောက်နဲ့တယောက် ပြဿနာလည်း နည်းလာမယ်။ တယောက်နဲ့တယောက် တိုက်ခိုက်မှုတွေ လျော့နည်းလာမယ်။ နိုင်ငံတကာကနေ ဒီလို Issue ကို ကျနော်တို့ လက်မခံတဲ့ အခေါ်အဝေါ်ကို သုံးနေမယ့်အစား၊ နောက်ပြီးတော့ သူတို့ လိုချင်တဲ့ ပုံစံမျိုးနဲ့ အတင်းဖိအားပေးပြီးတော့ တိုက်တွန်းဖြေရှင်းခိုင်းနေမယ်ဆိုရင် မြန်မာနိုင်ငံကိုယ်တိုင်က ဦးဆောင်ပြီး တက်တက်ကြွကြွ ဖြေရှင်းနေတယ်။ အဲဒီ ဖြေရှင်းတဲ့လုပ်ငန်းတွေမှာ ပိုပြီးတော့ အခက်အခဲ ဟန့်တားတွေ ဖြစ်နေလိမ့်မယ်။ အဲဒီတော့ မြန်မာအစိုးရနဲ့ ရခိုင်အစိုးရကတော့ ပြည်တွင်းကနေ အခြေအနေကို ပိုအသိဆုံး။ အဲဒီတော့ ဒီကိစ္စက ဘယ်လောက် အခြေအနေရှိတယ်။ ပြည်တွင်း သူတို့ရဲ့  လူမှုရေး၊ စီးပွားရေး အခြေအနေနဲ့ ကိုက်ညီတဲ့ ဖြေရှင်းမှုပုံစံမျိုးနဲ့ သူတို့အနေနဲ့ ဖြေရှင်းနေပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းမှာ လုပ်နေပါတယ်။ ကျနော်တို့ ရပ်နေတာ မဟုတ်ပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ သံအမတ်ကြီး အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့တွက် ကျေးဇူးတင်ပါတယ်။

ဦးကျော်တင့် ။ ။ ကျေးဇူးတင်ပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG