သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် စစ်ငြိမ်းချမ်းရေး အလားအလာ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်လာတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပါတယ်။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေပေမယ့် အခုအချိန်ကာလအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်နဲ့ အလားအလာတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရှိနိုင်အောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရရှိသူ နော်မေဦး ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တွေ့ဆုံမေးမြန်းထားပါတယ်။

မအေးအေးမာ ။ ။ မနော်မေဦးတို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးအခြေအနေလေးကို သိပါရစေ။

နော်မေဦး ။ ။ ကျမတို့ အခုလာမယ့် သြဂုတ်လ တတိယအပတ် နောက်ပိုင်းမှာ တတိယအကြိမ် ဆွေးနွေးဖို့။ ကျမတို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ဆိုပြီး ဆွေးနွေးခဲ့တာ ကေအန်ယူ နဲ့ မြန်မာအစိုးရတို့ ဆွေးနွေးခဲ့တာ နှစ်ကြိမ်ရှိခဲ့ပြီ။ အခု တတိယအကြိမ် ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပွဲဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ဆိုပေမယ့်လည်း လောလောဆယ်မှာ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးကလည်း လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်တဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပထမဦးဆုံးအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် အရင်ဆုံးဆွေးနွေးနေတဲ့အဆင့်မှာ ရှိပါတယ်။ ကျမတို့ ဒီတတိယအကြိမ် ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမှာက ပြည်သူလူထုရဲ့ ဘဝလုံခြုံမှုအာမခံနိုင်မှုအတွက် ဒီခေါင်းစဉ်ကြီးအောက်မှာမှ ပထမဦးဆုံး လုပ်ရမယ့်အလုပ်က တပ်အရွှေ့အပြောင်းရေးနဲ့ တပ်ဆုတ်တာတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ဒေသတွေမှာ တပ်တွေအများကြီး နေရာယူထားတာ၊ သိမ်းပိုက်ထားတာတွေရှိတယ်။ ဒီလိုနေရာယူထားတဲ့အပေါ်၊ တပ်တွေရှိနေတဲ့အပေါ်မှာ ဒေသခံလူထုနဲ့မမျှအောင် တပ်တွေ စိုးမိုးယူထားတဲ့အပေါ်မှာ ကျမတို့ ကရင်ပြည်သူလူထုက သွားရေးလာရေး၊ စားရေးသောက်ရေး အကုန်လုံး အခက်အခဲတွေ ရှိနေတဲ့အပေါ်မှာ သူတို့ဘဝရဲ့ လုံခြုံမှုကို အာမခံမယ့် ဒီတပ်အရွှေ့အပြောင်း၊ တပ်ဆုတ်တာတွေကို ကျမတို့ပြောဖို့လိုတယ်။ နောက်တခါ ဒီတပ်အရွှေ့အပြောင်း၊ တပ်ဆုတ်တွေကို ပြောမယ်ဆိုလိုရှိရင် တပြိုင်နက်တည်းမှာပဲ နှစ်ဖက်စလုံးရဲ့ လက်နက်ကိုင်တပ်တွေက ဘယ်အနေအထားနဲ့ နေကြမလဲ။ အပစ်အခတ်ရပ်စဲရေးကာလမှာ ဆိုတာကိုလည်း ပြောဖို့လိုတယ်။

မအေးအေးမာ ။ ။ နှစ်ဖက် အပစ်အရပ်ပြီးနောက်မှာတော့ ကေအန်ယူ နဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မှုတွေရှိတယ်။ အဲဒီတော့ နယ်ခြားစောင့်တပ်တွေဟာ မြန်မာအစိုးရနဲ့ ပတ်သက်မှုရှိသလား။ နောက် ကေအန်ယူ က နယ်ခြားစောင့်တပ်တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

နော်မေဦး ။ ။ နယ်ခြားစောင့်တပ်ဆိုတာ အစိုးရက ဥပဒေနဲ့အညီ ဖွဲ့စည်းပေးထားတာဖြစ်တယ်။ ကျမတို့ ဒီတပ်မတော်ရဲ့ အုပ်ချုပ်ပုံကိုလည်း ကြည့်မယ်ဆိုလို့ရှိရင် နယ်ခြားစောင့်တပ်ကို တပ်မတော်ရဲ့အောက်ကို ထားတာကို တွေ့ရမယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်တပ် ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ၊ တပ်မတော်ရဲ့ ဥပဒေနဲ့အညီ သူတို့အုပ်ချုပ်တယ်၊ ဆက်ဆံတယ်။ အစိုးရက တရားဝင်ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်။ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်းအညီ လိုက်နာကျင့်သုံးနေတဲ့ နယ်ခြားစောင့်တပ်ဆိုတော့ ကျမတို့က နယ်ခြားစောင့်တပ်နဲ့ တပ်မတော်တို့ သိပ်ပြီးတော့ ခွဲခွဲခြားခြား သိပ်မမြင်ချင်ဘူး။ ဒါက အစိုးရကနေ အစိုးရလက်နက်ကိုင်တပ်တခုပဲ။ အဲဒီလိုပဲ ကျမတို့မြင်တယ်။ နယ်ခြားစောင့်တပ်ကို များသောအားဖြင့် စကားပြောတဲ့အခါကြလို့ရှိရင် ကရင်ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်ဆိုရင် ကရင်လူမျိုးတွေပေါ့။ ကရင်လူမျိုးအများစု ပါဝင်တယ်။ ဒါပေမဲ့ ကျမတို့က လူမျိုးကို အခြေခံပြီးတော့ လူမျိုးတွေကို တိုက်နေတာမဟုတ်ဘူး။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ ကရင်လူမျိုးတွေရဲ့ အသက်အိုးအိမ်ကာကွယ်ဖို့အတွက် ကရင်ပြည်နယ်မှာ လွတ်လပ်တဲ့ပြည်နယ်တခုအနေနဲ့ လွတ်လပ်တဲ့လူမျိုးများအနေနဲ့ နေထိုင်နိုင်ဖို့အတွက် ကရင်အမျိုးသားတွေရဲ့အကျိုး ရှေ့ရှုပြီးလုပ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ ဆိုတော့ ကျမတို့က ကရင်အမျိုးသားများကို ရန်ပြုမယ့်၊ ကရင်အမျိုးသားများရဲ့ အသက်အိုးအိမ်စည်စိမ်ကို အန္တရာယ်ဖြစ်စေမယ့် ဒါတွေကို ကျမတို့ တော်လှန်ရတာဖြစ်တယ်။ တော်လှန်ရတာ၊ ခုခံရတာ ဖြစ်တယ်။ ဘယ်အရာ၊ ဘယ်အဖွဲ့ကိုမဆို ကျမတို့ ဘယ်လူမျိုးကိုမဆို တော်လှန်ခုခံရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ကျမတို့ မြင်ပါတယ်။

မအေးအေးမာ ။ ။ အခု ငြိမ်းချမ်းရေးခရီးစဉ်မှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ယူဆပါသလဲ။

နော်မေဦး ။ ။ ကျမတို့အမြင်မှာတော့ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက အဓိကမှာပါတယ်လို့ ကျမတို့မြင်တယ်။ အသစ်ဖြစ်ပေါ်လာတဲ့ အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထွက်ပေါ်လာတဲ့ အစိုးရသစ်ကလည်း အရင်တုန်းက တပ်မတော်သားဟောင်းတွေ၊ တပ်မတော်အရာရှိဟောင်းတွေပဲ။ သူတို့ ကျမတို့ထက် ပိုနားလည်းတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို။ ကျမတို့ မြင်တာက ပြည်တွင်းစစ်က အစိုးရသစ်လက်ထက်မှာ ဖြစ်တာမဟုတ်ဘူး။ ပြည်တွင်းစစ်ဆိုတာ ရှေ့လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့တယ်။ တိုင်းရင်းသား ပဋိပက္ခတွေ ရှိခဲ့တယ်။ ဒီ ရှိခဲ့တဲ့အပေါ်မှာ တပ်မတော်က အမြဲတမ်းပဲ တိုင်းရင်းသားပဋိပက္ခတွေကို နှိမ်နှင်းတဲ့နေရာမှာ တပ်မတော်က အဓိကအခန်းကဏ္ဍကနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာ၊ တိုင်းရင်းသားတွေကို တိုင်းရင်းသားမို့ နှိမ်နှင်းတာ၊ ဒါတွေအကုန်လုံးက တပ်မတော်ကနေ တာဝန်ယူပြီးလုပ်တဲ့ အလုပ်တွေဖြစ်တယ်။ ဆိုတော့ အခု ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အခါမှာ တပ်မတော်ရဲ့ ပါဝင်မှုက သာမန်အရပ်သားတွေ ပါဝင်မှုထက် ပိုပြီးအရေးကြီးတယ်လို့ ကျမတို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ကိုယ်တိုင်က မြင်ရတယ်။ နိုင်ငံရေးပြဿနာက ပြည်တွင်းပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လက်နက်အားကိုးပြီးတော့ တပ်မတော် အားကိုးပြီးတော့ တပ်မတော်က ဒီလိုပဲ ဝင်ပြီးဖြေရှင်းတယ်၊ ဝင်ဝင်ပြီးပါနေမယ်ဆိုရင် ကျမတို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်ကလည်း တိုင်းသူပြည်သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော် ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အခန်းကဏ္ဍကို ပြည်သူလူထုနဲ့ ဘယ်လိုသဟဇာတဖြစ်အောင် နေကြမလဲဆိုတာကို ပြောတဲ့အခါမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ အရေးကြီးတယ်။ အဓိကနေ ပါတယ်လို့ ကျမအနေနဲ့မြင်တယ်။

မအေးအေးမာ ။ ။ လက်ရှိ တပ်မတော်အပေါ် ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နော်မေဦး ။ ။ ဒီ ငြိမ်းချမ်းမှုဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ တပ်မတော်က တကယ်ပဲ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့အတူ တစိတ်တည်းတဝမ်းတည်း ပါနေသလား။ ဒါမှမဟုတ် တပ်မတော်က ဒီလို တရွတ်တိုက် အဆွဲခံပြီးတော့ ပါလာတာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်။ မသိရတဲ့အပြင်ကို တပ်မတော်ကနေ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အပေါ်မှာ၊ တိုင်းရင်းသားရေးရာအပေါ်မှာ တပ်မတော်ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာကိုလည်း ကျမတို့သိအောင်။ ကျမတို့ အစည်းအဝေးတခုမှာ တပ်မတော်တွေက ရွှေ့ပြောင်းလာတယ်။ ဖိုင်တွဲတခုနဲ့လာတယ်။ အမှတ်မထင်ဘဲ အဲဒီ ဖိုင်တွဲပေါ်မှာ ဘာတွေ့ရသလဲဆိုရင် ကရင်သောင်းကျန်းသူများဆိုတဲ့ ခေါင်းစဉ်တခုကို တွေ့လိုက်ရတယ်။ ကျမတို့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတခုကို သောင်းကျန်းသူလို့ပဲ မြင်သေးတယ်ဆိုရင် ကျမတို့ဆက်ပြီးတော့ အရပ်သားစကားနဲ့ ပြောရမယ်ဆိုရင် ဆက်ပြီးရန်ဖြစ်နေရမယ်။ အဲဒီလို ကျမတို့မြင်တယ်။ ကျမတို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အရေးကြီးတယ်လို့ မြင်ပေမယ့် တပ်မတော်က သူ့ရဲ့အခန်းကဏ္ဍမှာ ပါဝင်မှုအားနည်းနေတယ်လို့ ကျမတို့မြင်တဲ့အတွက်ကြောင့် အခုလက်ရှိ ကျမတို့ ဆွေးနွေးလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာ အားမရတာတော့ အမှန်ပါ။

မအေးအေးမာ ။ ။ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်က ဘာတွေလိုအပ်မယ်လို့ ယူဆပါသလဲ။

နော်မေဦး ။ ။ ကျမတို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက်ကို ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးရဲ့ ဆန္ဒနဲ့သဘောထားကို ကျမတို့ ပထမဦးဆုံး အသိအမှတ်ပြုဖို့လိုမယ်လို့ ကျမထင်တယ်။ ဒီလို အသိအမှတ်ပြုတဲ့အခါမှာလည်း မြန်မာအစိုးရအနေက စေတနာနဲ့ ကျနော်တို့ ကရင်လူမျိုးတွေကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့ ကချင်လူမျိုးတွေကို အသိအမှတ်ပြုပါတယ်ဆိုတာထက် အဲဒီ စေတနာကို ကျမတို့က ဖွဲ့စည်းပုံထဲမှာ ကျနော်တို့နိုင်ငံဟာ ဒီပုံစံနဲ့ ဖွဲ့စည်းပြီး ကျနော်တို့ ဒီပုံစံနဲ့ နေကြရအောင်ဆိုပြီးတော့ အဲဒီလိုသဘောတူညီချက်အရယူနိုင်ဖို့ လိုမယ်လို့ ကျမမြင်တယ်။ ဒီတိုင်းပြည်ကို ဘယ်ပုံစံနဲ့ ဖွဲ့စည်းမှာလဲ။ ကျမတို့အားလုံး အေးအတူပူအမျှ၊ တန်တူညီမျှမှုအခြေခံပြီးတော့ တရားမျှတမှုအခြေခံပြီးတော့၊ လူမျိုးတမျိုးစီရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပြီးတော့ ကျမတို့ ဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့ ကျမတို့နေမှပဲ အတိုင်းအတာတခုအထိ ကျမတို့ ငြိမ်းချမ်းရေးကိုရမယ်။ အဲဒီကနေတဆင့် တိုင်းပြည်တိုးတက်ရေးကို ကျမတို့ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ စသည်ဖြင့် ဆက်ပြီးလုပ်ကိုင်သွားနိုင်မယ် ဖြစ်ပါတယ်။

မအေးအေးမာ ။ ။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအရ ပိုပြီးအနှစ်သာရ ရှိလာတယ်လို့ မြင်ပါသလား။

နော်မေဦး ။ ။ ကျမတို့ တော်လှန်ရေးသမိုင်းတလျှောက်ကို ပြန်ကြည့်လို့ရှိရင် ဒီလို စေ့စပ်ဆွေးနွေးပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် အခု အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ထွက်လာတဲ့ အစိုးရသစ်နဲ့ လုပ်ရတဲ့ စေ့စပ်ဆွေးနွေးပွဲတွေက အရင် ဆွေးနွေးပွဲတွေနဲ့ မတူတာတော့ အမှန်ပဲ။ ပိုပြီးအနှစ်သာရ ရှိသလား၊ မရှိသလားဆိုတာကိုတော့ ကျမထင်တယ် ကျမတို့ ဘယ်လောက်အထိ၊ ဘယ်အတိုင်းအတာအထိ အောင်မြင်မှုကို ယူနိုင်မလဲဆိုတဲ့အပေါ်မှာ ကျမတို့ စောင့်ကြည့်ရမှာပါ။ ပုံသဏ္ဍာန်ခြင်းလည်း မတူဘူး၊ အခြေခံခြင်းလည်း မတူဘူး။ ဒီ အစိုးရသစ်နဲ့ ကျမတို့ အလုပ်လုပ်ရတဲ့အခါမှာ။ ဥပမာဆိုရင် အရင်အစိုးရတွေတုန်းကဆိုရင် ကျမတို့ စေ့စပ်ဆွေးနွေးပွဲလို့ ပြောပေမယ့်လည်း သတ်မှတ်ချက်တွေချထားတယ်။ ဟိုလိုဖြစ်ရမယ်၊ ဒီလိုဖြစ်ရမယ်ဆိုတာတွေကို သတ်မှတ်ထားတယ်။ အဲဒီဘောင်ထဲကိုဝင်ရင်ဝင် မဝင်ရင် ကျမတို့က ပြောစရာစကားမရှိဘူး။ အဲဒီလို ဖြစ်သွားတယ်။ ဒါပေမဲ့ အခု အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ထွက်လာတဲ့အစိုးရသစ်လက်ထက်မှာ ကျမတို့ စေ့စပ်ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့အခါကြတော့ ပွင့်ပွင့်လင်းပြောဆိုတာတွေ၊ ပြောဆိုခွင့်တွေ ပိုပြီးရှိလာတယ်။

မအေးအေးမာ ။ ။ လက်ရှိ အခြေအနေမှာ ကချင်၊ ရှမ်းပြည်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာတွေ ရှိတယ်။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေး စကားတွေနောက်မှာပဲ တချိန်တည်းမှာ တိုက်ပွဲတွေပြန်ပြန်ဖြစ်နေတယ်ဆိုတော့ ငြိမ်းချမ်းရေး နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အပေါ်မှာ လက်တွေ့အားဖြင့် ကွာခြားမှုတွေ ရှိနေတယ်လို့ ပြောလို့ရပါသလား။

နော်မေဦး ။ ။ ဥပမာဆိုရင် ကျမတို့ ကရင်နယ်မြေမှာ မကြာခင်က တပ်မတော် (၅) နယ်မြေမှာ ဖြစ်သွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ။ ဒီကိစ္စက တပ်မဟာ (၅) က နားလည်းထားတာက အခုလောလောဆယ် ကျမတို့ အပစ်အခတ်ရပ်စဲဖို့အတွက်၊ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် စကားပြောနေချိန်မှာ နှစ်ဖက်စလုံး မပစ်ဘူး။ နှစ်ဖက်စလုံး တပ်လှုပ်ရှားမှုတွေ မလုပ်ဘူးဆိုပြီ ပမာဏအနေနဲ့ သဘောတူထားတွေရှိတယ်။ ဒါပေမဲ့လည်း အစိုးရတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီ သွားမယ်လာမယ်၊ တပ်အရွှေ့အပြောင်းတွေလုပ်တယ်။ နောက်ပြီးတော့ ရှေ့တန်းမှာရှိတဲ့ တပ်စခန်းတွေကို ခိုင်မာအောင် အခိုင်အမာပြန်ပြီး တည်ဆောက်တာတွေရှိတယ်။ အရင်တုန်းက ဝါးတဲထိုးနေတဲ့စခန်းက အခု အင်္ဂတေနဲ့အုတ်နဲ့ဆိုတော့ ဒါက ကျမတို့နယ်မြေထဲမှာ ကျမတို့ ရွာသူရွာသားတွေ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ ဆိုတော့ ကျမတို့လုပ်ငန်းတွေ အခုလောလောဆယ် အပစ်အခတ်ရပ်စဲဖို့ သဘောတူထားပဲဖြစ်တယ်။ ကေအန်အေဟာ ကရင်အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ဖို့အတွက် သူတို့ကို တာဝန်က ဘယ်သူမှ မရပ်စဲထားဘူး။ သူတို့ ကရင်အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ဖို့လိုတယ်လို့ ယူဆတဲ့အခါကြတော့ သူတို့တုံ့ပြန်လိမ့်မယ်။ တုံ့ပြန်လာတဲ့အခါကြရင် အမျိုးသားတွေရဲ့ အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်မယ်လို့ ပြောတာကို ကျမတို့ ကေအန်ယူ က မလုပ်ရဘူးလို့ တားမြစ်ရမလား။ ဆိုတော့ အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို အန္တရာယ်ဖြစ်စေမယ့်၊ အန္တရာယ်ဖြစ်စေမယ်လို့ ယူဆရတဲ့ လုပ်ငန်းမျိုးကို မလုပ်ဖို့လိုမြင်တယ်။

မအေးအေးမာ ။ ။ အခုလို ဗွီအိုအေမြန်မာပိုင်းကို ဖြေကြားပေးတဲ့အတွက် မနော်မေဦး ကို အထူးကျေးဇူးတင်ပါတယ်။
XS
SM
MD
LG