သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံမှ ရနိုင်တဲ့ အကျိုးရလဒ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေခန်းအစီအစဉ်မှာ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်တွေ ချမှတ်ဖို့ သင့်တော်တဲ့အချိန်မှာ ကျင်းပတဲ့ ညီလာခံဖြစ်တယ်လို့ ညီလာခံကို အကြံပေးတဦးအဖြစ် တက်ရောက်မယ့် ပအို့ဝ် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးခွန်ဥက္ကာ က ပြောဆိုပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေလည်း ရှိနေချိန်မှာပဲ ဦးခွန်ဥက္ကာ ကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဇန်နဝါရီလ (၁၂) ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို UNFC ခေါ် ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီမှ အဖွဲ့ဝင်တွေ တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး UNFC ခေါင်းဆောင်တွေက ပြောဆိုနေပါတယ်။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ မပါဘဲ ညီလာခံကျင်းပမယ့် အခြေအနေ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ဖြစ်ပါ့မလား။ စိုးရိမ်မကင်း ဖြစ်မိတဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆိုပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလဲ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ နောင်တက်လာမယ့် ရွေးကောက်ပွဲအနိုင်ရ အစိုးရလက်ထက်မှာ အကြပ်အတည်းတွေ ပေါ်လာအောင် နိုင်ငံရေးမူဘောင်တွေနဲ့ အတင်းအကြပ် ဖိအားပေးသလို ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာ တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဒီအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အကြံပေးကြပါတယ်။ ဒါပေမဲ့လဲ ညီလာခံကို အကြံပေးအဖြစ် တက်ရောက်မယ့် ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ကတော့ ဒီညီလာခံဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်လာရေး၊ မူဘောင်တွေ ချမှတ်ဖို့အတွက် အချိန်အခါအားဖြင့် သင့်တော်တဲ့အချိန်မှာ ကျင်းပတဲ့ ညီလာခံလို့ သူမြင်တဲ့အကြောင်း ပြောပါတယ်။ ညီလာခံ ကျင်းပတဲ့အချိန်ဟာ အချိန်အခါအားဖြင့် မစောဘူးလားလို့ မေးတဲ့မေးခွန်းကို သူက အခုလိုစပြီး ဖြေဆိုပါတယ်။

ဦးခွန်ဥက္ကာ ။ ။ ကျနော့်အမြင်ကတော့ စောသေးတယ်ဆိုတာတော့ မဟုတ်ဘူးလို့ မြင်တယ်။ စချိန်တန်ပြီးလို့တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ သမ္မတကြီးဦးသိန်းစိန် က ဒီလုပ်ငန်းတွေအတွက် ကြိုးပမ်းလာတာ (၄) နှစ် (၅) နှစ်ထဲမှာ ရောက်ပြီ။ အဲဒီလို ရောက်တဲ့အခါကြတော့ ကျနော်တို့ NCA မှာ သဘောတူထားတဲ့ လမ်းပြမြေပုံအရဆိုရင် အဆင့် (၁) ဖြစ်တဲ့ NCA လက်မှတ်ထိုးပြီးပြီ။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲဖို့ လိုမယ်။ မူဘောင်အဆင့်ကိုလည်း ကျော်ဖြတ်ပြီးတဲ့အတွက် အခု အဆင့် (၃) နဲ့ အဆင့် (၄) ကို တပြိုင်နက်ထဲ ထမ်းဆောင်ဖို့ လိုပါတယ်လို့ ကျနော် မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အဆင့် (၃) ဆိုတာက နိုင်ငံရေးလမ်းပြမြေပုံထဲမှာပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲခြင်းအဆင့်ကို ကျော်ပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲနဲ့ အဆင့်မြင့် ကျင်းပရေးဆိုတာ တခုရှိတယ်။ အဲဒါကတော့ ပြည်နယ်အဆင့်မှာ ကိုယ့်လူမျိုးအလိုက်၊ Issue အလိုက်မှာ ဒီနိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပတာနဲ့ တပြိုင်နက်ထဲမှာပဲ ယှဉ်ပြိုင်၊ အဆင့် (၄) ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း စတင်ခေါ်ယူဖို့ လိုတယ်ဆိုတာကိုလဲ တွေ့ရတယ်။ စတင်ခေါ်ယူတဲ့အတွက် အကြိတ်အနယ် ဆွေးနွေးတဲ့အဆင့် မဟုတ်သေးဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် တရားဝင်ဖောင်ဒေးရှင်း ချပေးတဲ့ ဖွင့်ပွဲအဆင့် ရှိမယ်လို့ ကျနော် ယူဆတယ်။ ဖွင့်ပွဲအဆင့်က အချိန်မစောဘူးလို့ ကျနော် ယူဆပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒါပေမဲ့ လောလောဆယ်မှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းမျိုးတွေ ကျနော်တို့ ရပါတယ်။ အဲဒီတော့ ဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့်၊ နိုင်ငံရေးမူဘောင်တွေ စပြီးတော့ ဆွေးနွေးတာ စောတယ်ဆိုပြီးတော့ တချို့အရပ်ဖက် အဖွဲ့အစည်းတွေက ဝေဖန်တာမျိုးတွေ၊ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲက အောင်မြင်ပါ့မလား။ နိုင်ငံရေးအရ ဆွေးနွေးဖို့ အခွင့်အခါကောင်း ဖြစ်ပါ့မလား။

ဦးခွန်ဥက္ကာ ။ ။ နိုင်ငံရေးဆွေးနွေးပွဲက မရောက်သေးဘူး။ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်အောင် foundation ချတဲ့ပွဲ အဆင့်ပဲ ရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ထွက်ခွါပြီးတော့ အာဏာလွှဲပြောင်းတော့မယ့် အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မဖြစ်မနေ၊ တိုင်းပြည်ရဲ့ အနာဂတ်မှာ ပေါ်ပေါက်အောင်ဖို့အတွက် ဦးတည်ချက်ထားတာ။ နိုင်ငံရေး ဦးတည်ချက်တခုအနေနဲ့ထားတော့ လက်ရှိ အစိုးရ မထွက်ခွါခင်မှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် အုတ်မြစ်ချခဲ့တယ်ဆိုတာလေးကို သူက အဓိက လိုချင်တယ်။ ဒါကြောင့် အခြေအနေတခုလုံး ကြည့်ရင်တော့ နိုင်ငံရေးဆွေးနွေးပွဲ အုတ်မြစ်ချထားတာတော့ မမှားဘူး။ သို့သော် အားလုံး ပါလာပြီးမှ တိုက်ပွဲတွေရပ်ပြီးမှ ဆွေးနွေးဖို့ဆိုတာ မှန်တယ်။ ဒါကြောင့် အခု အုတ်မြစ်ချပြီးတာနဲ့ တကယ့်ဆွေးနွေးဖို့ ဝိုင်းကိုသွားဖို့က (၃) လ (၆) လ ကြာရင်လဲကြာပေါ့။ သို့သော်လဲ အခုအုတ်မြစ်ချထားတဲ့ အဆင့်ကတော့ မမှားဘူးလို့ ကျနော်က အဲဒီလို တွက်တာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) အတွက်ကို ဆွေးနွေးခဲ့ကြတုန်းက တိုင်းရင်းသားအဖွဲ့ (၁၆) ဖွဲ့ ရှိတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ တကယ်တမ်းကြတော့ အဖွဲ့ (၈) ဖွဲ့ကပဲ လက်မှတ်ရေးထိုးတယ်ဆိုတော့ (၅၀) ရာခိုင်နှုန်းပဲ အောင်မြင်မှု ရှိတယ်လို့ လောလောဆယ် သတ်မှတ်နိုင်မယ် ထင်ပါတယ်။ အဲဒီတော့ အခုဟာ နိုင်ငံရေးဆွေးနွေးပွဲတွေစဖို့ အစပျိုး သတ်မှတ်တယ်ဆိုရင်တောင်မှ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါလာဖို့အတွက်က ဘာက အဓိက အဟန့်အတား ဖြစ်နေလို့လဲ။

ဦးခွန်ဥက္ကာ ။ ။ အဲဒါကတော့ ကျန်ခဲ့တဲ့ အဖွဲ့တွေကို ကာယကံရှင်တွေကို မေးမှ ဖြစ်မယ်။ ဘာကြောင့် ခင်များတို့ မလာသေးသလဲဆိုတာ သူတို့မှာ သူတို့အကြောင်းပြချက်တွေ ရှိကြမှာပေါ့။ ကျနော်တို့ကတော့ ပြောလို့ မသင့်တော်ဘူး။ သို့သော်လဲ (၅၀) ရာခိုင်နှုန်းဆိုတာ မှားတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ NCA စာချုပ်မှာ Partners က နှစ်ဘက်ပဲ ရှိတယ်။ Two partners ပေါ့။ Two Partners Agreement မှာ (၅၀) ရာခိုင်နှုန်းဖြစ်တဲ့ အစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်တယ်။ အစိုးရဘက်က ထိပ်သီးခေါင်းဆောင် နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲအားလုံး ပါဝင်လက်မှတ်ရေးထိုးတယ်။ ဒါကြောင့် NCA ဟာ (၅၀) ရာခိုင်နှုန်းက Fully Cooperate ဖြစ်သွားတယ်။ သို့သော် EAO ဆိုတဲ့ တိုင်းရင်းသားတွေဘက်မှာတော့ ကျနော်တို့ ဖိတ်ကြားခြင်းခံရတာ (၁၅) ဖွဲ့ ဖြစ်တယ်။ (၁၅) ဖွဲ့ထဲမှာ နာဂအဖွဲ့ကတော့ အိန္ဒိယရဲ့ ကန့်ကွက်မှုနဲ့ မပါနိုင်တဲ့အခါကြတေ့ (၁၄) ဖွဲ့ ကျန်တယ်။ တရားဝင် လက်မှတ်ထိုးပိုင်ခွင့်ရှိတဲ့ အဖွဲ့က (၁၄) ဖွဲ့ ကျန်တယ်။ အဲဒီ (၁၄) ဖွဲ့ထဲမှာ တရားဝင်လက်မှတ်ရေးထိုးပိုင်ခွင့်ရှိတဲ့ (၁၄) ဖွဲ့မှာ (၆) ဖွဲ့က ကျန်ခဲ့ပြီးတော့ (၈) ဖွဲ့က လက်မှတ်ထိုးတယ်။ (၁၄) ဖွဲ့ ထိုးရင်တော့ Two Partners Completed ဖြစ်တာပေါ့။ (၁၄) ဖွဲ့မှာ (၈) ဖွဲ့ထိုးပြီး (၆) ဖွဲ့ ကျန်ခဲ့တော့ တိုင်းရင်းသားတွေဘက်က အစုအဖွဲ့မှာ "ဟာ“ သွားတဲ့သဘောမျိုး ဖြစ်တယ်။ ဒါကြောင့် အပြည့်အစုံ မဟုတ်သေးဘူးဆိုတာ တိုင်းရင်းသားတွေဘက်က အပြည့်အစုံ မထိုးဖြစ်လို့ ကျန်တာဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေဘက်က (၁၄) ဖွဲ့မှာ (၈) ဖွဲ့ ထိုးတဲ့အတွက် တိုင်းရင်းသားတွေရဲ့ quota (၅၀) ရာခိုင်နှုန်းမှာ (၃၀) ရာခိုင်နှုန်း (၂၅) ရာခိုင်နှုန်းက ပါဝင်သလိုဖြစ်တော့ အစိုးရရဲ့ (၅၀) ရာခိုင်နှုန်းနဲ့ပေါင်းရင် ဒီစာချုပ်ရဲ့ ခိုင်မာမှုက (၇၅) ရာခိုင်နှုန်း သေချာပေါက်ရှိတယ်။ ဒါကြောင့် စာချုပ်ဟာ ထမြောက်မှုရှိတယ်။ သက်ရောက်မှု ရှိတယ်။ ဒီအပေါ်မှာ လွှတ်တော်က ထပ်ပြီးတော့ အတည်ပြုပေးလိုက်တော့ တရားဝင်မှုလည်း ရသွားတယ်။ ဒါကြောင့် အဲဒီ တရားဝင်မှု ရတဲ့အပေါ်မှာမှ အခုလို foundation ချတာတို့ ဘာတို့ ဆက်လက်လုပ်ခွင့်ရသွားတာပေါ့။ Legitimacy ရသွားတဲ့အပေါ်မှာ ဆက်လုပ်နေတယ်လို့တော့ ကျနော်တို့ ယူဆတာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ ဒီနေ့ရာမှာ ကျနော်တို့က ရွေးကောက်ပွဲပြီး ပေါ်လာမယ့် အစိုးရသစ်ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်ပြီးတော့ စဉ်းစားဖို့လိုမယ်လို့ မြင်ပါတယ်။ အဲဒီတော့ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အခါမှာ အစိုးရသစ်အနေနဲ့ အထူးသဖြင့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ ဒီ ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားမှုအပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိမယ်လို့ ခန့်မှန်းပါလဲ။

ဦးခွန်ဥက္ကာ ။ ။ ကျနော် ထင်တာတော့ အစိုးရသစ် NLD ရဲ့ မူဝါဒကလည်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုဟောပြောနေတာ ကြားရတော့၊ အလားအလာကောင်းနေပေမယ့် ကျနော် တွက်ချက်ပါတယ်။ သို့သော်လဲ technically မှာ ဘာပြဿနာ ရှိလဲဆိုတော့ Ceasefire တွေ အဆင့်အားလုံးမှာ အဆင့်က (၃) ဆင့် ရှိတယ်။ Ceasefire အဆင့် (၃) ဆင့်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုတာ Bilateral ထိုးကြပါတယ်။ အခု National Level ကြတော့ Literal ထိုးကြပါတယ်။ ဒါကြောင့် National Level အထိ (၃) ဆင့်ပြီးတဲ့အပေါ်မှာ NCA ရဲ့ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ ဆက်လုပ်တဲ့နေရာမှာ နောက်ဆုံး … လို့ခေါ်တဲ့ (၃) ဖွဲ့ အဓိက (၃) ဖွဲ့ ပါဝင်တဲ့ ကော်မတီက အဓိကကြတယ်။ အဲဒီ … မှာ ထူးခြားတာက လက်မှတ်ရေးထိုးခြင်း မရှိတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က တရားဝင် အာဏာတူ၊ power တူ အချိုးတူ ပါလာတာဖြစ်တယ်။ ဒါကြောင့် တပ်မတော်ရယ်၊ လက်ရှိ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားအင်အားစု၊ နိုင်ငံရေးပါတီများ အင်အားစုက အဲဒီကော်မတီထဲ ပါလာတဲ့အခါကြတော့ အဲဒီ နိုင်ငံရေးပါတီအင်အားစုမှာ အနိုင်ရပါတီက အဓိက အခန်းကဏ္ဍကပါတယ်။ ဒါကြောင့် လက်ရှိ ရွေးကောက်ပွဲနိုင်ထားတဲ့ နိုင်ငံရေးပါတီ NLD အနေနဲ့ ပူးတွဲပါဝင်မှု မရှိရင် အခုအဆင့်အထိ ရောက်လာဖို့ မလွယ်ဘူး။

ဦးသိန်းထိုက်ဦး ။ ။ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့က ဒီလို ယုံကြည်ထားကြပေမယ့် NLD က အစိုးရ ဖွဲ့စည်းလာတဲ့အခါ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးရဖို့ကို သူ့ရဲ့ပုံစံ၊ သူ့ရဲ့ အစီအစဉ်တွေနဲ့ လုပ်လာခဲ့မယ်ဆိုလို့ရှိရင် အခု သမ္မတဦးသိန်းစိန် အစိုးရက ကျန်နေတဲ့ သက်တမ်းအတွင်းမှာ သူ့နိုင်ငံရေးမူဘောင်နဲ့ပဲ ဆက်သွားဖို့ လုပ်နေတဲ့အတွက် နောင်အစိုးရသစ်က ချမှတ်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ကွဲလွဲချက်တွေကော မဖြစ်နိုင်ဘူးလား။

ဦးခွန်ဥက္ကာ ။ ။ ကျနော် ကြည့်တာကတော့ အခုရတဲ့ မူဘောင်က ဦးသိန်းစိန် တဖွဲ့ထဲရဲ့ မူဘောင် မဟုတ်ဘူး။ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီများဆိုတဲ့ အစုအဖွဲ့ (၃) ဖွဲ့ ပေါင်းပြီးတော့ တဖွဲ့ကို (၁၆) ယောက်နဲ့ အားလုံး (၄၈) ယောက်ပါတဲ့ ကော်မတီက သဘောတူထားတဲ့ မူဘောင် ဖြစ်တယ်။ ဒါကြောင့် အခု မူဘောင်မှာကိုက ကျနော်တို့ ကန့်ကွက်မယ်၊ ပြင်ဆင်မယ်ဆိုရင် NLD ပါတီမှာ အခွင့်အရေး အပြည့်အဝ ရှိတယ်။ ဒါပေမဲ့ အခု မူဘောင်ရဲ့ Process မှာ ပူးပေါင်းပါဝင်တဲ့အတွက် အစိုးရဟောင်း နဲ့ အသစ် နှစ်ရပ်ရဲ့ ပူးပေါင်းပါဝင်မှု။ အဲဒီအပေါ် Cooperate လုပ်တဲ့ဟာက Coodinate လုပ်ထားတာ အားကောင်းနေတဲ့အတွက် ဒီအတိုင်းပဲ ဆက်သွားလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြီးကို ဂငယ်ကွေ့ ကွေ့ဖို့၊ သိုတည်းမဟုတ် ၁၈၀ ဒီဂရီ လှည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော် ယူဆတယ်။

ဦးသိန်းထိုက်ဦး ။ ။ လမ်းကြောင်းကို ပြောင်းပြန်ပြန်သွားဖို့ ပြန်လှည့်ဖို့ မဟုတ်ရင်တောင်မှ အရပ်ဖက်အဖွဲ့အစည်းတချို့ ဝေဖန်တာက အခုနိုင်ငံရေး မူဘောင်တွေကို အတင်းအကြပ် ဆက်သွားမယ်ဆိုရင် နောင်အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ အကြပ်အတည်းတွေ ဖြစ်နိုင်တယ်ဆိုပြီးတော့ ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီတော့ အကြပ်အတည်းတွေ ဖြစ်မယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ တွက်မိပါသလား။

ဦးခွန်ဥက္ကာ ။ ။ ကျနော် ကြည့်တာတော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အခု မူဘောင်ကို အသေးစိတ် မဖတ်ကြလို့။ မူဘောင်ရေးတုန်းက မူဘောင်ရဲ့ အရေးကြီးတဲ့ ပုဒ်မတခုက ဘာလဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့အချိန်မှာ တွေ့ဆုံလာတဲ့ အခက်အခဲတွေပေါ် မူတည်ပြီးတော့ ဒီမူဘောင်ကို လိုအပ်သလို ပြင်ဆင်သွားရမယ်ဆိုတဲ့ ပုဒ်မတခု ထည့်ထားတယ်။ အဲဒါ အစိုးရသစ်က အဲဒီမူဘောင်ကို သူ့ရဲ့ ပေါ်လစီနဲ့ ကိုက်အောင်ပြင်ဆင်ပြီး လုပ်နိုင်တယ်ဆိုတဲ့ အခွင့်အလမ်းပေးထားတာ တခု။ နောက်တခုက အခု foundation ချနိုင်တဲ့အဆင့်မှာထားတဲ့ မူဘောင်က Very flexible – Flexible style နဲ့ ရေးထားတဲ့ မူဘောင်ဖြစ်တဲ့အတွက် နောက်အစိုးရအတွက် အခက်အခဲ မရှိဘူးဆိုတာလဲ သေချာတယ်။ ဒါကြောင့် NLD ပါတီအနေနဲ့သော်လည်းကောင်း၊ အစိုးရတာဝန်ယူမယ့် ပါတီကြီးအနေနဲ့သော်လည်းကောင်း အဲဒီပုဒ်မတွေ၊ ပြဌာန်းချက်တွေကို ကြည့်ပြီးတော့ အဲဒီမူဘောင်ကို သဘောတူလိုက်တာ ဖြစ်တယ်လို့ ကျနော် ယူဆတယ်။ ဒါကြောင့် လက်ရှိမှာ သဘောတူထားပြီးသာ အစိုးရဖြစ်လာမယ့် ပါတီကိုယ်တိုင်က သဘောတူပြီးသာ မူဘောင်တွေဖြစ်တဲ့အတွက် ပြင်ဆင်ပိုင်ခွင့်လည်း ဒီမူဘောင်ထဲမှာ ထည့်ပြီးရေးထားတာ ဖြစ်တဲ့အတွက် အခက်အခဲ မရှိဘူးလို့ ကျနော် ယူဆတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကနေ အခြေခံကောင်းတွေ ချမှတ်နိုင်မယ်။ နောက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လာနိုင်မယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ အပြည့်အဝ ယုံကြည်ပါလား။

ဦးခွန်ဥက္ကာ ။ ။ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ အခု foundation ချလိုက်ပြီးနောက်မှာ တကယ့် ကိစ္စရပ်တွေကို ထဲထဲဝင်ဝင် ဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲက အစိုးရသစ်လက်ထက်မှာ ဖြစ်မယ်။ အဲဒါက ဖွင့်ပွဲပြီးလို့ နောက် (၃) လ၊ (၆) လ ကြာရင်လဲကြာနိုင်တယ်။ အစိုးရသစ် လုပ်နိုင်ကိုင်နိုင်၊ ခြေနိုင်ဖြစ်နိုင် အခြေအနေအထိလဲ စောင့်နိုင်တယ်။ သို့သော် အဲဒီအချိန်ကြရင်တော့ အစိုးရသစ်အနေနဲ့ ပိုပြီးတော့ ခမ်းနားပြီးတော့၊ ပြည့်စုံမယ့် နိုင်ငံရေးဆွေးနွေးပွဲ၊ အဓိပ္ပါယ် ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အဲဒီအချိန်မှာမှ ထိုင်ဆွေးနွေးနိုင်တဲ့ အခြေအနေမျိုး ဖန်တီးမယ်ဆိုတာလဲ ဖြစ်နိုင်တယ်။ ဒါကြောင့် အစိုးရသစ်သော်လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် တပ်မတော်သော်လည်းကောင်း၊ တဘက်က ရှိနေပြီးတော့ ကျနော်တို့ အခုလောလောဆယ် အခုရောက်နေတဲ့အဆင့်အထိ မပါနိုင်သေးတဲ့ Process ထဲမှာ မဝင်နိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကော၊ ဒီဖွင့်ပွဲပြီးလို့ (၆) လလောက်မှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို ဘက်ပေါင်းစုံ ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ဒုတိယအကြိမ် ဆွေးနွေးပွဲကြီးမှာတော့ တကယ်လှလှပပနဲ့ ပြည့်ပြည့်စုံစုံ ဖြစ်မယ်လို့ အဲဒီလို မျှော်လင့်တယ်။

ဦးသိန်းထိုက်ဦး ။ ။ ဇန်နဝါရီလ (၁၂) ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အကြံပေးတယောက်အဖြစ် တက်ရောက်မယ့် ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးခွန်ဥက္ကာ ကို ကျနော် ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG