သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း


လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Adama Dieng
လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Adama Dieng
လက်ရှိ မိတ္ထီလာအရေးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် ထိထိရောက်ရောက် ကိုင်တွယ် အရေးယူပြဖို့ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စား လှယ်က မြန်မာအစိုးရကို တိုက်တွန်းနေပါ တယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဦးစားပေး နိုင်ငံအဆင့်အနေနဲ့ သူတို့ မျက်ခြေ မပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မစ္စတာ အဒေမာ ဒီရန် (Mr. Adama Dieng) ဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှာ လူမျိုးနွယ်တုန်း သတ်ဖြတ်ခံရမှု ဖြစ်လာနိုင်ချေတွေကို ကြိုတင်ကာကွယ်ဖို့ စောင့်ကြည့် အစီရင်ခံရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက မိတ္ထီလာအရေးအခင်းနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောပါတယ်။ လူနည်းစုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ လတ်တလော ဖြစ်ရပ်ကိုချည်း အာရုံမစိုက်ဘဲနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ လိုမယ်လို့ သူက အကြံပြုပါတယ်။ ဒါမှလည်း ရေရှည်ခံမယ့် အဖြေထုတ်နိုင်မှာ ဖြစ်တယ်လို့ ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။

“မြန်မာအစိုးရရဲ့ လူနည်းစုတွေအပေါ် ကိုင်တွယ်ပြုမူ နေတာတွေနဲ့ ပတ်သက်လို့ ကျနော် အမြဲတမ်း စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကချင်နဲ့ မြန်မာအစိုးရ တိုက်ပွဲတွေ ဖြစ်တာကြောင့် ကချင်ပြည်နယ် အတွင်းက အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေအကြား ဖြစ်တဲ့ကိစ္စတွေအပေါ်မှာ စိုးရိမ်ပူပင်ခဲ့ပါတယ်။ အခု မန္တလေးတိုင်း ဒေသကြီး အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေကိုလည်း စိုးရိမ် မကင်း ဖြစ်နေပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံ တခြားမြို့တွေကိုပါ ကူးစက်ပျံ့နှံ့သွားပြီး၊ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ကျယ်ပြန့်မသွား အောင် ကာကွယ်ဖို့ အဓိက ကိုင်တွယ် ဆောင်ရွက်ရပါမယ်။ ဒီလို ဆောင်ရွက်ရာမှာ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်သွားအောင်တင်မဟုတ်ဘဲ၊ အကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကိုပါ ရှာဖွေ ကိုင်တွယ်ဖို့ လိုပါတယ်။”

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ လူနည်းစုအပေါ် ဆက်ဆံပြုမူ နေတာတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အချိန်အတော်ကြာကတည်းက မြန်မာနိုင်ငံကို စောင့်ကြည့်နေတယ်လို့ မစ္စတာ ဒင်း က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အခု ကိစ္စမှာတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပြဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

“၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အခြေအနေကို စောင့်ကြည့် လေ့လာခဲ့တာ ပါ။ မြန်မာနိုင်ငံ အရေးဟာ ကျနော်တို့ရဲ့ ဦးစားပေး စောင့်ကြည့်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်ရှိပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုဏ်းတွေမှာ ပတ်သက်ဆက်နွယ်သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူပြဖို့ လိုပါတယ်။”

လူမျိုးနွယ်တုန်း သတ်ဖြတ်မှု ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအပေါ် သူ့ရဲ့ သုံးသပ်ချက် ကတော့၊ မြန်မာနိုင်ငံမှာ လူမျိုးနွယ်တုန်း သတ်ဖြတ်မှုဆိုတဲ့ Genocide အဆင့်အထိတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအခြေအနေပေါ် ဦးတည်ပြီးတော့ ဖြစ်လာနိုင်ချေတွေ အပေါ်မှာတော့ စိုးရိမ်တယ်လို့ ပြောပါတယ်။

“Genocide လူမျိုးနွယ်တုန်း သတ်ဖြတ်မှုလို့ ပြောနိုင်တဲ့အဆင့်နဲ့ အတော်ကြီး ဝေးပါတယ်။ အဲ့ဒီ အဓိပ္ပါယ်အရဆိုရင် မျိုးနွယ်စုကြောင့်ဖြစ်စေ၊ ဘာသာရေးကြောင့်ဖြစ်စေ စတဲ့ မတူကွဲပြားတဲ့ အုပ်စုတစု ဒါမှမဟုတ် အစိတ်အပိုင်းကို လုံး၀ အပြတ်ချေမှုန်းမယ်ဆိုတဲ့ အစီအစဉ်ကြီး ရှိရပါတယ်။ ဒါကြောင့် အခုကိစ္စက အဲ့လောက်အထိ မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ယုံကြည်ထားတာ၊ ကျနော်တို့ရဲ့ စိုးရိမ်ချက်ကတော့ မူဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ အတော်လေးကို ဆိုးရွားနေတဲ့ကိစ္စပါ။ နိုင်ငံတကာကနေ သူတို့အရေးကို မီးမောင်းထိုး ပြောနေတာကို ကြိုဆိုသလိုပဲ၊ အစိုးရဘက်ကလည်း ဒါကို အရေးယူ ကိုင်တွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီလို ခွဲခြားဆက်ဆံနေမှုတွေအပေါ် အစိုးရအနေနဲ့ အရေးယူ ဖြေရှင်းပေးဖို့ ဆိုတာကိုလည်း ကျနော်တို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ကလည်း မပြတ် တိုက်တွန်းနေရမှာပါ။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နာမည်ကောင်း ရနေတဲ့အချိန်မှာ အခုလို ဖြစ်ရပ်တွေ ပေါ်လာတာကြောင့်၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဘာသာရေးနဲ့ လူမျိုးရေးအပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့မှာ အစိုးရအနေနဲ့ အဓိက တာဝန်ရှိတယ်လို့ မစ္စတာ ဒင်း က ပြောပါတယ်။

တဘက်မှာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ မတူကွဲပြားမှုရှိတဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့အတွက် ဘာသာရေး ခေါင်း ဆောင်တွေ ဒေသခံ အရပ်ဘက် ခေါင်းဆောင်တွေနဲ့ လူမှုအသိုင်းအဝိုင်းက အရေးပါသူတွေအားလုံး ကြိုးစား ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
XS
SM
MD
LG