သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဒုက္ခသည်တွေ အတွက် ဂျပန်အကူအညီ ပေးအပ်


ဂျပန်ကိုယ်စားလှယ် Yohei Sasakawa မှ မွန်ပြည်နယ် ဒုက္ခသည်များအတွက် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော်မွန်ကို အကူအညီများ ပေးအပ်နေစဉ်။ (ဒီဇင်ဘာလ ၂၂၊ ၂၀၁၂)။
ဂျပန်ကိုယ်စားလှယ် Yohei Sasakawa မှ မွန်ပြည်နယ် ဒုက္ခသည်များအတွက် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော်မွန်ကို အကူအညီများ ပေးအပ်နေစဉ်။ (ဒီဇင်ဘာလ ၂၂၊ ၂၀၁၂)။
မွန်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဂျပန် နိပွန်ဖောင်ဒေးရှင်းအဖွဲ့ကနေ အကူအညီတွေ ပေးအပ်မှု အခမ်းအနား တရပ်ကို မော်လမြိုင်မြို့ ပြည်နယ်ခမ်းမှာ ကျင်းပသွားပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ မွန်ပြည်သစ်ပါတီ နဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရ ဘက်က တာဝန်ရှိသူတွေလည်း တတ်ရောက်ပါတယ်။ ဒီပွဲကို မော်လမြိုင်မြို့အထိ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတော့ ဒီအခမ်းအနားနဲ့ ပတ်သက်လို့ ကိုအောင်ရဲမောင်မောင်က စပြောပါတယ်။

“ဒုက္ခသည်တွေကို သူတို့က ဆန်အိတ် ၁ ထောင်ကျော်ကို သူတို့က လှူဒါန်းတာပေါ့။ အဲဒီ ၁ ထောင်ကျော် လှူဒါန်းတဲ့ အစီအစဉ်က ဘယ်ကစလဲ လို့ ပြောရမယ်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ကို ဂျပန်အစိုးရက ယန်းငွေ သန်း ၃၀၀ ပေးအပ်မယ်လို့ ကတိပေးခဲ့တယ်ဗျ။ အဲဒီ သန်း ၃၀၀ ပေးအပ်မယ်လို့ ကတိပေးခဲ့တဲ့အချိန်က စပြီးတော့ ဂျပန်အစိုးရကပေးမယ့် သန်း ၃၀၀ ထဲကနေ နိပွန် ဖောင်ဒေးရှင်းကနေပြီးတော့ သန်း ၆၀ ကို တာဝန်ယူလိုက်တယ်ဗျ။ တာဝန်ယူပြီးတော့ အဲဒီ သန်း ၆၀ ထဲကမှ ပထမအသုတ်ပေါ့၊ မွန်ပြည်နယ်က ဒုက္ခသည်တွေ အတွက် နိပွန် ဖောင်ဒေးရှင်းကနေပြီးတော့ ပထမဆုံး စတင်ပြီးတော့ ဆန်အိတ် ၁ ထောင်ကျော် ၃ သန်းဖို့ ကို စလှူဒါန်းတာ။”

ဒီနေ့ပွဲမှာ ပြည်ထောင်စု အစိုးရဘက်က ဝန်ကြီးတွေလည်း တက်တယ်လို့ သိရပါတယ်။ အဲဒီတော့ ပြည်ထောင်စု အစိုးရဘက်က ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ရော သူတို့ရဲ့ သဘောထား၊ ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာ ပြောသေးလား။ -

“ဒီနေ့ အခမ်းအနားမှာတော့ ပြည်ထောင်စု ဝန်ကြီးတွေဆိုရင် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း တက်တယ်ခင်ဗျ။ နောက်ပြီးတော့ သစ်တောရေးရာ ဝန်ကြီး ဦးသိန်းထွန်း၊ မွန်ပြည်နယ်က ဝန်ကြီးချုပ်တို့၊ မွန်ပြည်နယ်ဘက်က လွှတ်တော်ဘက်က ဥက္ကဋ္ဌတွေလည်း တက်တယ်ခင်ဗျ။ အဲဒီလိုပဲ ဒီဘက်က မွန်ပြည်နယ်ဘက်က ဆိုရင်တော့ မွန်ပြည်နယ်ရဲ့ မွန်ပြည်သစ်ပါတီပေါ့။ အစိုးရကို တချိန်က လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ ဦးနိုင်ထောမွန် လည်း တက်တယ်ဗျ။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောသွားပါတယ်။”

ဦးအောင်မင်း။ ။ “အဲဒီအထဲမှာ နံပါတ်တစ် ကတော့ လက်နက်ကိုင် တိုင်းရင်းသားများ အားလုံး စနစ်တကျ ပြန်လာကြမှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ကတော့ IDP လို့ခေါ်တဲ့ ကျေးရွာတွေမှာ လုံခြုံမှုမရှိလို့ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ တိုင်းရင်းသားတွေ ပြန်လာကြပါမယ်။ အဲဒီအင်အားဟာ ၄ သိန်း ၄ သောင်း ၆ ထောင် ရှိပါတယ်။ နောက် တတိယအမျိုးအစား ကတော့ ဒုက္ခသည်စခန်းတွေမှာ သွားရောက် နေထိုင်နေကြတဲ့ အင်အား ၃ သိန်းခွဲ ပြန်လာမှာ ဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ အဓိကအားဖြင့် နံပါတ်တစ် အနေနဲ့ သူတို့ဒေသတွေမှာ မိုင်းတွေ ရှာဖွေ ရှင်းလင်း ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ နံပါတ် နှစ် အနေနဲ့ကတော့ သူတို့ ပြန်လာတဲ့အခါမှာ သူတို့နေဖို့၊ ထိုင်ဖို့ အဆောက်အဦးတွေ ကျနော်တို့ ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ နံပါတ်သုံး အနေနဲ့ သူတို့ ပြန်လာတဲ့အခါမှာ သူတို့ စားဖို့သောက်ဖို့ အတွက် ရိက္ခာ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အချက်အနေနဲ့ကတော့ သူတို့ပြန်လာတဲ့အခါမှာ သူတို့ အလုပ်အကိုင်တွေ ရှာဖွေပေးရမှာဖြစ်ပါတယ်။”

နောက်တခုက မွန်ပြည်သစ်ပါတီဘက်ကရော ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့ပွဲမှာ ထူးထူးခြားခြား ဘာများ ပြောတာရှိလဲခင်ဗျ။ -

“မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ထောမွန် ပြောတာကတော့ ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး ပြောတာကတော့ မွန်ပြည်သစ်ပါတီနဲ့ ပြည်ထောင်စုအစိုးရက ငြိမ်းချမ်းရေး ယူထားတာဟာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီးတော့ ယူထားတာပေါ့။ အဲဒီအချိန်ကစပြီးတော့ အပစ်အခတ် ရပ်စဲပြီးတော့ ပစ်ခတ်မှုတွေကတော့ မရှိတော့ဘဲနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုတွေကတော့ ရပြီး၊ သူတို့ပြောတဲ့ စကားအတိုင်းဆိုရင်တော့ ဒုတိယအဆင့်ပေါ့၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို ဆောင်ရွက်မယ်လို့ ပြောတယ်ဗျ။ အဲဒီလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အချိန် အတွင်းမှာပဲ ဒုတိယပိုင်းနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေပေါ့၊ နိုင်ငံရေး ဒိုင်ယာလော့တွေ လုပ်ဖို့အတွက်လည်း သူတို့ ဆွေးနွေးဖို့ ရှိတယ်ပေါ့။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာ တခုကတော့ လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်ရဲ့ မွန်ပြည်သစ်ပါတီနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွေဟာ နိုင်ငံရေး စကားဝိုင်းတွေကို မဆွေးနွေးနိုင်သေးဘူးပေါ့။ ဒါကလည်း သူတို့က ပြောတာက ပြည်ထောင်စု အစိုးရဘက်က ပျက်ကွက်တာ မဟုတ်သလို၊ သူတို့ဘက်ကလည်း အခြေအနေ မပေးနိုင်တာတွေကြောင့်မိုလို့ ခုလို မပြောနိုင်သေးတာပေါ့။ ဒါကြောင့်မိုလို့ နိုင်ငံရေး စကားဝိုင်းတွေကနေ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေကို အဓိက ဖော်ဆောင်သွား ဖို့လည်း သူတို့အနေနဲ့ အားသွန်ခွန်စိုက် လုပ်ချင်တဲ့အကြောင်းကိုလည်း ဦးနိုင်ထောမွန်က ပြောဆိုသွားပါတယ်ခင်ဗျ။”

နောက်ဆုံးအချက် မေးချင်ပါတယ်။ အခု နိပွန်ဖောင်ဒေးရှင်းကနေပြီးတော့ တိုင်းရင်းသားဒေသတွေကို အကူအညီပေးသွားမယ် ဆိုတာ၊ အခု မွန်ပြည်သစ်ကတော့ စပြီးပေါ့။ တခြား ဒေသတွေလည်း သွားမယ်လို့ သိရပါတယ်။ တခြား ကချင်တို့၊ ဘာတို့နဲ့ ပတ်သက်လို့ အဓိကပေါ့နော်၊ တခြား တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ကူညီဖို့ ကိစ္စကို ဘာများ အသေးစိတ် ပြောတာ ရှိသေးလဲ။ -

“လက်ရှိအခြေအနေမှာတော့ မွန်ပြည်နယ်ကနေ စမယ်ပေါ့။ နောက်ပိုင်းမှာတော့ KNPP လို အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့တွေ ရှိမယ်လို့ သူတို့ ဒီကနေ့ ကျနော်နဲ့ သီးခြား တွေ့ဆုံ မေးမြန်းမှုတွေမှာ ပြောသွားတာတွေလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ အခု လက်ရှိသွားတာတွေ အကုန်လုံးက UNSP နဲ့ သူတို့ ချိတ်ဆက်ပြီးတော့မှ ပြည်ထောင်စုအစိုးရကို ကူညီထောက်ပံ့ဖို့နဲ့ ဒုက္ခသည်တွေကို တိုက်ရိုက် အကူအညီ ပေးအပ်ဖို့အတွက် ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ သွားတာတော့ တွေ့ရတယ်ခင်ဗျ။ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ အထွေအထူး ပြောဆိုသွားတာတွေတော့ မရှိသေးဘူးခင်ဗျ။ တခြား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ ၁၁ ဖွဲ့ပေါ့။ အဲဒီ ၁၁ ဖွဲ့နဲ့ ရထားတဲ့သူတွေကိုတော့ အရင်ဆုံး ကျနော်ထင်တယ်၊ အဲဒါတွေကိုတော့ ထောက်ပံ့ပေးသွားမယ်လို့ သူတို့ယူဆထားပုံ ရပါတယ်ခင်ဗျ။”
XS
SM
MD
LG