သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ


ဘာသာရေးဖိနှိပ်မှု၊ စီးပွားရေး၊ အဖိနှိပ်ဆုံး၊ မြန်မာ၊ အမေရိကန်၊ နိုင်ငံခြားရေးဌာန အစီရင်ခံစာ
မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီ အစီရင်ခံစာ မှာ နိုင်ငံအရပ်ရပ်က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြရာမှာ မြန်မာနိုင်ငံထဲ အထူးသဖြင့် လူနည်းစု ဘာသာ ဝင်တွေဟာ ပစ်မှတ်ထား ဖိနှိပ်မှုခံရနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ် ထားခြင်းမရှိပေမယ့် ဘာသာ ယုံကြည် ကိုးကွယ်မှု ဓလေ့စရိုက်တွေအပေါ်မှာ အခြေခံပြီး လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အခု အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ လူများစုနဲ့ ခရစ်ယာန်၊ မွတ်ဆလင် လူနည်းစုတွေအကြား လူမှုနယ်ပယ်အတွင်း တင်းမာမှုတွေရှိနေတယ် လို့ ထောက်ပြပါတယ်။ အချိန် အတန်ကြာကတည်းက ရှိခဲ့တဲ့ ဘာသာရေး တင်းမာမှုတွေကြောင့် ရုတ်တရက် အကြောင်းတရားတွေကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်ခဲ့ရတယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Suzan Johnson Cook က မနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံထဲ အချိန်အတော်ကြာကြာကတည်းက တအုံနွေးနွေးနဲ့ရှိခဲ့တဲ့ တင်းမာမှုတွေကနေ ပစ်ပယ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရုတ်ချည်းဆိုသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။”

အစီရင်ခံစာထဲမှာတော့ လူနည်းစု ဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသလို လူနည်းစု လူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ အပေါ်မှာလည်း စည်းမျဉ်း တင်းကြပ်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမဲ့ ဘာသာရေးအရ ထုတ်ဝေမှုတွေကိုတော့ သာသနာရေးဝန်ကြီးဌာနက ချုပ်ကိုင်ထား ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ Bible ကျမ်းစာ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ Qur’an ကျမ်းစာ ထုတ်ဝေမှုတွေမှာ ကန့်သတ်မှုတွေ ခံနေရတယ် လို့ ထောက်ပြပါတယ်။ ဒီလို ဘာသာရေး ဖိနှိပ်မှုတွေကြောင့််ပဲ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ Country of Particular Concern (CPC) အထူး စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာ ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထည့်သွင်းထားတယ်လို့ ဖော်ပြပါတယ်။ အခု အစိုးရသစ် တက်လာပြီး နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေ ရှိနေပေမဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကတော့ ထူးမခြားနားရှိနေဆဲပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဆလိုင်းဘွေလျှမ်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“တလျှောက်လုံးပေါ့နော်။ အဲဒီ မဆလ ခေတ်ကတည်းက ကျမ်းစာအုပ်တွေကို ချင်းဘာသာနဲ့သော်လည်းကောင်း ထုတ်ဝေခွင့် မရှိခဲ့ပါဘူး။ ဒါတင်မကဘူး၊ ခရစ်ယာန်ဘာသာရဲ့ အရေးကြီး အဓိက အခန်းကဏ္ဍမှာပါတဲ့ လက်ဝါးကပ်တိုင်ပေါ့နော်- အဲဒီ လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီး တာ တော်တော်လေး တွေ့ရတယ်။ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်တောင် ပိုင်း၊ မင်းတပ်မှာလည်း ဖျက်တယ်။ ကန်ပက်လက်မြို့နယ်မှာလည်း ဖျက်တယ်၊ ပြီးတော့ ချင်းပြည် နယ်မြို့တော် ဟားခါးမှာလည်း ဖျက်ဆီးတာတွေ တွေ့ရတယ်။

ဆိုတော့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ တိုးတက်မှု မရှိဘူးပေါ့နော်။ စိုးရိမ်စရာတောင် ပိုကောင်းသလားလို့ ကျနော်တို့ တွေ့နေရတဲ့အချက်တွေ ရှိတယ်။”
အခုလိုမျိုး လူနည်းစု ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အခုလို ဖိနှိပ်ခံရတဲ့ ပြဿနာက အစိုးရထဲမှာ ဒါမှ မဟုတ် နိုင်ငံတော်မှာရှိတဲ့ စံနစ်ကြောင့်လို့ပဲ ယူဆသလား၊ လူမှုအဖွဲ့အစည်းထဲ မှာကိုက ဖြစ်နေတာလား၊ ဘယ်လိုမြင်ရသလဲခင်ဗျ။

“အရေးကြီးတယ်လို့ ကျနော်ထင်တာက ကမ္ဘာမှာကြည့်လို့ရှိရင် ဘာသာရေးအခြေခံ မဟုတ်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ သာသနာရေး ဝန်ကြီး ဌာနတွေမှာ ကျနော်တို့ မတွေ့ရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာက ထူးထူးခြားခြား သာသနာရေးဝန်ကြီးဌာနက အဓိက အခန်း ကဏ္ဍမှာ ပါဝင်နေတယ်။ ဆိုတော့ ကျနော်တို့ လူနည်းစုဘာသာ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ တခြားဘာသာ အမြင်နဲ့ပဲဖြစ်ဖြစ် ပြောရလို့ရှိရင် အဲဒီ သာသာနာရေးဝန်ကြီးဌာနဟာ လူနည်းစုတွေကို ဖိနှိပ်ဖို့နဲ့ အများစု ဘာသာကို ပံ့ပိုး အားပေးပြီးတော့ မြှောက်ပင့်တဲ့ဌာနလို့ပဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။”

မြန်မာနိုင်ငံထဲ အခြားလူနည်းစု ဘာသာဝင်တွေတင် မဟုတ်ပါဘူး။ လူများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာထဲမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ အခု နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအရ စိုးရိမ်ချက်တွေနဲ့ ဗုဒ္ဓဘာသာအပေါ်မှာလည်း ဖိနှိပ်မှုတွေရှိနေတဲ့အကြောင်း သံဃာ့တပ်ပေါင်းစု ပြည်ပ တာဝန်ခံ အရှင်ပညာဇောတကလည်း မိန့်ပါတယ်။
“သံဃာတော်တွေကို သင်္ကန်းတွေ အတင်းဆွဲချွတ်ပြီးတော့ ထောင်ထဲ အထည့်ခံရတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တရားဟောခွင့် ပိတ်ပင်တာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ သာဓု ကျောင်းဆရာတော်ကို တရားဟောခွင့် ပိတ်တာတွေ ရှိတယ်။ နောက် ဒယ်အိုးဆရာတော်ကို တရားဟောခွင့် ပိတ်တာမျိုးတွေ ရှိပါတယ်။”

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အထဲမှာလည်း ရဟန်း၊ သံဃာတော် အတော်များများ ပါလာတယ်လို့ သိရပါတယ် ဘုရား။ အဲဒီတော့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာရော- အခုနကလို အလားတူ အခြေအနေက ပြောင်းလဲလာပါသလား။

“သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ ဥပမာ တချို့ကျောင်းတွေ ဆိုရင် ထောင်က လွတ်လာတဲ့ သံဃာတွေကို လက်မခံရဲ အောင်၊ လက်မခံနိုင်အောင်ပေါ့။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီး ဖိအားတွေ ပေးတာမျိုးတွေ လုပ်လာတယ်။ နောက်တခါ ထောင်ထဲ မှာလည်း သံဃာတော်တွေ အများကြီး ကျန်ပါသေးတယ်။ အခုဆိုရင် ထောင်ထဲမှာ သံဃာတော်တွေ အပါး ၆၀-၇၀ လောက် ရှိနေသေးတယ်။ တချို့သံဃာတွေကို ဘာသာရေး ပုဒ်မတွေနဲ့၊ သာသနာညှိုးနွမ်း ဆိုပြီး ဖမ်းပြီး ဥပဒေတွေ ထုတ်ပြီး ထည့်ထားတဲ့ သံဃာတော်တွေ အများကြီးပါ။”

အစီရင်ခံစာထဲမှာတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အပြုသဘောဆောင် တိုးတက် လာတဲ့အချက်တွေကိုလည်း ထည့်သွင်း ဖော်ပြပါတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ဆန္ဒပြနိုင်တဲ့ ဥပဒေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အတည်ပြု ပြဌာန်း လိုက်တာကို ချီးကျူး ထားပါတယ်။ အရင်တုန်းက ခရစ်ယာန်ဘုရားကျောင်းအချို့ ဆောက်လုပ်ရေး ပိတ်ပင်ခံရမှုအချို့ကို သာသနာရေး ဝန်ကြီးဌာနက ဖြေလျော့ပေးလာတာတွေရှိသလို နိုင်ငံအဝှမ်းမှာ မတူညီတဲ့ ဘာသာ အယူအဆတွေအကြား ဆက်စပ်ဆွေးနွေးမှုတွေ လုပ်ပေးတာတွေရှိတယ်လို့ ဖော်ပြပါတယ်။
XS
SM
MD
LG