သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် (အပိုင်း ၂)


ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ ဗိဿနိုးမြို့ဟောင်း။
ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ ဗိဿနိုးမြို့ဟောင်း။
ဒီတပတ်တော့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တင်သွင်းထားတဲ့ မြန်မာနိုင်ငံက နေရာတွေထဲမှာ ပျူလက်ရာတွေရဲ့ထူးခြားမှုနဲ့ ဒီဒေသတွေကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ရင် နည်းပညာပိုင်းဆိုင်ရာ အကျိုးအမြတ် ဘာတွေရလာနိုင်တယ်ဆိုတာတွေကို ပြောပြပါရစေ။

ရှေးဟောင်းလူမျိုးတမျိုးဖြစ်တဲ့ ပျူလူမျိုးတွေဟာ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ တကျောမှာ နှစ်ပေါင်း ထောင်နဲ့ချီပြီး အခြေချ နေထိုင်ခဲ့ကြတာပါ။ ချင်းတွင်းနဲ့ ဧရာဝတီ မြစ်ကြောင်းတွေ မှာ အထူးသဖြင့် မြောက်ဘက်တကောင်းကနေ တောင်ဘက် ပြည် မြို့ဝန်းကျင်အထိ မြို့ပြတည်ပြီး အခြေချခဲ့ကြတဲ့ ပျူလူမျိုးတွေရဲ့ ဘာသာစကားကို ပုဂံမင်း ဆက်တွေ အုပ်ချုပ်ခဲ့တဲ့အချိန်အထိ သုံးနေဆဲဖြစ်တာကို ဘာသာလေးမျိုးနဲ့ မှတ်တမ်းတင်ထား တဲ့ မြစေတီ ကျောက်စာမှာ တွေ့နိုင်ပါတယ်။ ပျူလူမျိုးတွေဟာ အရှေ့တောင် အာရှ ဒေသတလွှား ပျံ့နှံ့နေထိုင်ခဲ့တယ်လို့ ဆိုပေမဲ့ မြန်မာနိုင်ငံထဲကပျူတွေနဲ့ ဆင်ဆင်တူတာမျိုးတော့ မတွေ့ရဘူးလို့ မန္တလေး၊ ရတနာပုံတက္ကသိုလ်က ရှေးဟောင်း သုတေသန ပါမောက္ခ ဒေါက်တာ ဦးသာထွန်းမောင် ကပြောပါတယ်။

“ပျူဒင်္ဂါးတွေပေါ့လေ။ ပျံ့နှံ့မှုက ဖူနန်တို့ဘက်ကိုလည်း ရောက်ပါတယ်။ နောက် အရှေ့ဘက်မှာဆိုရင် ယိုးဒယားက တချို့မြို့တွေ မှာလည်း ရှိပါတယ်။ အရှေ့တောင်အာရှမှာတော့ ပျူနဲ့ပတ်သက်တဲ့ ဆိုက်တွေ ရှိတယ်။ ဒါပေမယ့် သူတို့သည် ယဉ်ကျေးမှုအရ ခေတ်ပြိုင်တွေ ဖြစ်ကြတယ်။ contemporary site အနေနဲ့ ပြောရရင်တော့ ဖူနန်ပေါ့လေ။ အဓိကအားဖြင့် ဖူနန်က ကျနော် ထင်ပါတယ်။ ဗီယက်နမ် တောင်ပိုင်းမှာ ရှိပါမယ်။ ၇ ရာစု အေဒီ ကနေ ၉ ရာစုအေဒီ လောက်ကြားမှာ ထွန်းကားခဲ့တဲ့ ဆိုက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့သည် လူမျိုးးအားဖြင့်ကွဲပြားတယ်။ ယဉ်ကျေးမှု အားဖြင့်လည်း ကွဲပြားတယ်ပေါ့ခင်ဗျာ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ပျူဆိုက်တွေမှာရှိတဲ့ ဟာနဲ့ တကယ့် ဆင်ဆင်တူတဲ့ ဟာမျိုး ဆိုတာကတော့ အဲဒီဘက်တွေမှာတော့ မတွေ့ရပါဘူး။ -ဆိုတော့ ကျွန်တော်တို့ ဆီက unique ပေါ့။ ဆင်တူတာမရှိပါဘူး။”

ဒီလို ထူးထူးခြားခြား ရှိလှတဲ့ ပျူလက်ရာ အပါအဝင် ရှားပါးလှတဲ့ ရှေးဟောင်းလက်ရာတွေ အတွက် မြန်မာနိုင်ငံမှာ ထိမ်းသိမ်းမှုရှိဖို့ အရေးတကြီး လိုအပ်နေတာပါ။ တကယ်လို့ မြန်မာနိုင်ငံ ထဲက ရှေးလက်ရာတွေအတွက် ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ်အဖြစ် ထိမ်းသိမ်းဖို့ စာရင်းသွင်း ခဲ့ရင်တော့ ဒီလိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက် အထောက်အကူတွေ တော်တော် ရလာနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဒေသတွေဟာ ရှေးဟောင်းလက်ရာ မြတ်နိုးကြတဲ့ နိုင်ငံခြား ခရီးသွားတွေ ကို မျက်စိကျစေမယ့်အပြင် ကုလသမဂ္ဂကထောက်ပံ့တဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေသာမက နည်းပညာပိုင်း ဆိုင်ရာတွေအတွက်ပါ အတော် အကျိုးရှိလာနိုင်တယ် လို့ ပါမောက္ခ ဦးသာထွန်းမောင်က ပြောပါတယ်။

“နည်းပညာပိုင်းအရပြောမယ်ဆိုရင် ကျွန်တော်တို့မှာ အဓိကအားဖြင့် concept ပေါ့နော်။ ဒါကို စပြောချင်ပါတယ်။ အခု ကမ္ဘာက အသိမှတ်ပြုတယ်၊ ရှေးဟောင်းတန်ဖိုး ထားကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဒီလို တန်ဖိုးထားဖို့ အဓိက-က awareness လို့ခေါ်တဲ့ အသိမရှိဘူး။ ကျွန်တော်တို့ ပြည်သူတွေပေါ့။ အတော်များများက ရှေးဟောင်းပစ္စည်းကို သူတို့ ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာသိပြီး နားလည်တာမျိုး awareness မရှိပါဘူး။ သူတို့ ဘုရားတွေကိုပဲ ကြည်ညိုတယ်။ သဒ္ဒါလွန်တယ်။ ရှေးဟောင်းပစ္စည်း ဆိုလည်း မြတ်နိုးပြီးတော့ ဒါကြီးကို အသစ် ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ စိတ်ပဲရှိတယ်။ ဆိုလိုတာက အဟောင်းကို အဟောင်းအတိုင်း ထားခြင်းသည် ပိုပြီးတော့ ဒီဟာကိုချစ်မြတ်နိုးရာရောက်တယ်ဆိုတာကို လူတိုင်းသိဖို့ လိုပါမယ်။ ဒီအဟောင်းကို အသစ်လို ရွှေတပြောင်ပြောင်နဲ့ လုပ်လိုက်လို့ ရှိရင် ဒါသည် ရှေးဟောင်းပစ္စည်းကို တန်ဖိုးထားရာ မရောက်ပါဘူး။ ဒါ နံပါတ် (၁) awareness ပေါ့လေ”

ရှေးဟောင်းပစ္စည်းကို ထိမ်းသိမ်းစောင့်ရှောက်ရာမှာ ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို နားလည်ဖို့၊ သိဖို့က ပထမ အချက်အနေနဲ့ အရေးကြီးပါတယ်။ ဒါ့အပြင် ထိန်းသိမ်းရေး လုပ်တဲ့နေရာ မှာ ရှေးမူမပျက် ရှိစေဖို့ ဘယ်လို နည်းပညာတွေ သုံးရမယ် ဆိုတာ သိလာနိုင်တယ်လို့ ဆိုပါတယ်။

“နောက် နံပါတ်နှစ်ကတော့ နည်းပညာပိုင်းဆိုင်ရာ ဆိုသည်မှာ reservation – conservation ရှိပါတယ်။ ဒါကို standard ရှိလာအောင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ ရှေးပစ္စည်းကို ရှေးမူ မပျက်ပေါ့လေ။ ဒါကို ထိန်းသိမ်းဖို့ conserve လုပ်ဖို့လိုတာပေါ့။ ဆိုတော့ တနည်းအားဖြင့် ဒါတွေကို တခါတလေကျရင် အထင်တမျိုးလွဲပြီးတော့ reconstruction လုပ်တာလို ပြန် အသစ်ဆောက်လိုက် လို့ ရှိရင် ဒါသည် ရှေးဟောင်း ပစ္စည်းရဲ့တန်ဖိုး ပိုပြီးတော့ လျော့သွားတယ်။ ဒါ အဘက်ဘက်က မကောင်းဖြစ်သွားတာပေါ့။ အဲတော့ reservation –conservation နဲ့ပတ်သက်လို့ standard ရှိပါတယ်”

ရှေးဟောင်း လက်ရာတွေအတွက် သီးသန့်ထားပြီး နဂိုရ် မူလလက်ရာမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတာ reservation – conservation အတွက် စံနစ်တကျဖြစ်အောင် လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ရှေးဟောင်းပစ္စည်း ဒါမှမဟုတ် နေရာတနေရာကို ထိန်း သိမ်းစောင့်ရှောက်ဖို့ လုပ်တဲ့နေရာမှာ မလုပ်ခင်ကရော၊ လုပ်ငန်းခွင်ဝင်နေတဲ့ အချိန်မှာရော၊ နောက်ပိုင်းမှာပါ စံနစ်ကျဖို့ လိုပါတယ်။

“လုပ်ငန်းမဝင်ခင် အဲဒီ ပစ္စည်းတခုကို ရှေးဟောင်း မူအတိုင်း ကျွန်တော်တို့ ဓာတ်ပုံရိုက် ရတယ်။ နောက် ဝင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဘယ်လို conservation ဝင်တယ်ပေါ့လေ။ reservation ဝင်တယ်ပေါ့။ ပြီးသွားတဲ့အခါမှာလည်း ဘယ်လို ပြီးသွားတယ်ပေါ့။ ဆိုတော့ အဲဒီ သုံးပုံကို ယှဉ်ကြည့်ခြင်းအားဖြင့် ရှေးဟောင်းလက်ရာတွေကို ကျွန်တော်တို့ ဒီအတိုင်း maintain လုပ်ထိမ်းထားပါတယ်ဆိုတာကို prove သက်သေပြတဲ့ သဘောပါခင်ဗျ။ ဆိုတော့ ဒီနည်းပညာ အဆင့်တွေကို ကျွန်တော်တို့ ပိုပြီးတော့ တရင်းတနှီး ရပါမယ်။ တခြား chemical aids ဓာတု အထောက်အကူတွေနဲ့ ဘာပစ္စည်းကို ဘယ်လို ထိန်းမယ်။ ဒါတွေက ကျယ်ပြန့်သွားပြီ။ ဒါဟာ သိပ္ပံပညာ science ဖြစ်သွားပြီ။ အဲဒါမျိုးတွေမှာ အများကြီး အထောက်အကူ ရလာနိုင်ပါတယ်”

ရှေးဟောင်း သုတေသနပါမောက္ခ ဒေါက်တာဦးသာထွန်းမောင်ပါ။ နောက်တပတ်မှာတော့ အတိတ်ကို လေ့လာနိုင်ဖို့ ရှေးဟောင်းတူးဖော်တဲ့နေရာမှာ ဘာတွေ သိထားဖို့လိုတယ်ဆိုတာနဲ့ တူးဖော်ပြီးနောက်ပိုင်း လေ့လာဆန်းစစ်မှု လုပ်ရတာတွေကို ပြောပြပေးအုံးမှာပါ။
XS
SM
MD
LG