သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေး ခြေလှမ်းတိုးဖို့ အမေရိကန်တိုက်တွန်း


ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာကျင်းပနေတဲ့ APEC အစည်းအဝေး (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)
ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာကျင်းပနေတဲ့ APEC အစည်းအဝေး (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)

မြန်မာနိုင်ငံတွင်းမှာ ကျယ်ပြန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ပေါ်လာစေရေးအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ဒီထက်ပို အားကောင်းလာတာကို မြင်လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပြီဆိုပေမဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့တော့ စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မနေ့က APEC ညီလာခံအတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲအချို့ ခိုင်ခိုင်မာမာ တွေ့လာရပြီဆိုပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က APEC အစည်းအဝေးတွင်းမှာ ပြောသွားတာပါ။ နိုဝင်ဘာလ ၁၁ ရက်နေ့ အမေရိကန်စံချိန် ညနေပိုင်းက အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ဝန်ကြီးများအဆင့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုမြင်လာရတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ပိုပြီး အရှိန်ကောင်းကောင်းနဲ့ ဆောင်ရွက်သွားဖို့လိုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

“ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်မှုတွေ ပိုရှိလာစေဖို့အတွက် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ အခြားလူတွေ ရရှိခံစားရသလို နိုင်ငံတကာသတ်မှတ်မှု စံနှုန်းတွေအတိုင်း မြန်မာလူထုဟာလည်း ဒီအခွင့်အရေးတွေ ရရှိဖို့လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတရပ် ပေါ်လာရေးအတွက် အားတက်ကျေနပ်စရာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ပိုမို အားကောင်းလာတာကို မြင်လိုပါတယ်။ ဒီကတဆင့် မြန်မာလူထုအတွက် အကျိုးရှိစေမယ့် ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ် တဖြည်းဖြည်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”

လက်ရှိ အနေအထားမှာတော့ အမေရိကန်ဘက်က အကြီးတန်းအရာရှိတွေ မြန်မာနိုင်ငံကို မကြာခဏ သွားရောက်လာတာမျိုး ရှိနေပြီး သူတို့တွေရဲ့ အစီရင်ခံမှုအပါအဝင် အခြားနိုင်ငံတွေက မြန်မာကိုသွားတဲ့ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်အရပါ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ အပြောင်းအလဲအချို့ မြင်လာရပြီလို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ခိုင်ခိုင်မာမာ ရှိလာပါပြီ။ အလုပ်သမားဥပဒေသစ် ထုတ်ပြန်တာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ဥပဒေကို ပြောင်းလဲပြင်ဆင်တာ အပါအဝင် အရေးကြီးတဲ့ ဥပဒေပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကနဦးကြိုပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ခံပါတယ်။ ကျမတို့အနေနဲ့ကတော့ မြန်မာလူထုအနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်နိုင်ခွင့်ရတာကို မြင်လိုပါတယ်။”

ဒီလို အပြောင်းအလဲတွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အားပေးသလို တဘက်မှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာ ရှိသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

“ဒါပေမဲ့လည်း လုပ်စရာတွေ ပိုလုပ်ရပါလိမ့်ဦးမယ်။ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကျမတို့ စိုးရိမ်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ နှစ်ရှည် ထိန်းသိမ်းခံနေရဆဲ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားလူနည်းစုဒေသတွေမှာ အကြမ်းဖက်မှုတွေကို အဆုံးသတ်စေဖို့ ကျမတို့ ဆက်ပြီး တောင်းဆိုပါတယ်။ မြောက်ကိုရီယားနဲ့ ဆက်ဆံရေးပိုင်းမှာလည်း ပွင့်လင်းမြင့်သာမှုရှိဖို့ တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံကို အမေရိကန်ဘက်က အကြီးတန်းအရာရှိတွေ ဒီလပိုင်းအတွင်း သွားရောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စနာ (Michael Posner) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) တို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာပြည်ကိုသွားပြီး အစိုးရအာဏာပိုင်တွေရော၊ အတိုက်အခံတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့ပါတယ်။

အခု APEC အစည်းအဝေးအပြီးမှာလည်း အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်တို့အပါအဝင် အမေရိကန် အကြီးတန်းသံတမန်တွေဟာ အင်ဒိုနီးရှား ဘာလီမှာကျင်းပမယ့် အာဆီယံနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီမှာလည်း အမေရိကန် ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ သီးခြား တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG