သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေ အိန္ဒိယအစိုးရ မူဝါဒအပေါ် ရိုက်ခတ်


အိန္ဒိယ-မြန်မာနယ်စပ်က တံတားတစင်း
အိန္ဒိယ-မြန်မာနယ်စပ်က တံတားတစင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံလာတာကြောင့် နယ်စပ်လုံခြုံရေးနဲ့ မြန်မာစစ်ကောင်စီအပေါ်ထားတဲ့ အိန္ဒိယရဲ့ သဘောထားတွေဟာ ပြောင်းလဲကောင်း၊ ပြောင်းလဲသွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နှစ်နိုင်ငံနယ်စပ်နားက မြန်မာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AA ရခိုင်တပ်တော်က တခုပြီးတခု တိုက်ခိုက်၊ သိမ်းပိုက်ခံနေတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံကြတာပါ။ ဒီလိုအခြေအနေမှာ အိန္ဒိယဟာ ချင်းနဲ့ စစ်ကိုင်းမှာရှိတဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေအနေကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်တော့ကြောင်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော် ပြောပြမှာပါ။

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေအပါအဝင် အိန္ဒိယရဲ့ ကုလားတန်ဘက်စုံ စီမံကိန်းအတွက် အရေးပါတဲ့ ပလက်ဝဒေသထဲက အရေးပါတဲ့ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးလာတာဟာ အိန္ဒိယအစိုးရအတွက် မူဝါဒတချို့ကို ပြန်သုံးသပ်ရမဲ့ အခြေအနေ ဆိုက်ရောက်လာစေတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။ အခုဆိုရင် အိန္ဒိယနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တကြောကို ချင်းလက်နက်ကိုင် အင်အားစုတွေက နယ်မြေစိုးမိုးထားနိုင်ပြီလို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ ဥက္ကဋ္ဌဆလိုင်းမျိုးထိုက်က ဗွီအိုအေကို ပြောပါတယ်။

" ပြောရမယ်ဆိုရင် စကစတွေက မြို့ပေါ်ပဲ ခြေကုပ်ယူတဲ့ အနေအထားပေါ့နော်၊ အဲဒီတော့ ပလက်ဝမှာဆိုရင်တော့ အားလုံးသိပါတယ် မြို့ပေါ်မှာတောင်မှ စကစတွေ ခြေကုပ်လို့ မရတော့ပါဘူး။ နယ်စပ်တလျှာက်မှာ ဆိုရင်တော့ တော်လှန်ရေး အင်အားစုတွေက စိုးမိုးတဲ့ အနေအထားပါ။ အထူးသဖြင့် ချင်းပြည်နယ်ရဲ့ နယ်စပ်တလျှောက်မှာဆိုရင် စကစရဲ့ ရဲဘော်တွေဆိုတာ ဒီနေ့ နယ်စပ်ဂိတ်တွေမှာထိုင်တာ မရှိတော့ဘူးဆိုတာ ကျနော့အနေနဲ့ ပြောလို့ရပါတယ်။"

အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်၄ခုနဲ့ ကီလိုမီတာ ၁၆၀၀ ကျော်ထိစပ်နေတဲ့ မြန်မာနယ်စပ်တကြောကို မကြာခင်မှာ ခြံစည်းရိုးခတ်သွားမယ်လို့ အိန္ဒိယအစိုးရက သတင်းဌာနတွေကို မနေ့ကတနင်္လာနေ့က ထပ်ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တဖက်တချက် ဆယ်မိုင်အတွင်းမှာ ဗီဇာမလိုဘဲ သွားလာခွင့် ပြုထားတာကိုလည်း အိန္ဒိယဘက်က ပိတ်သွားဖို့ရှိနေတာပါ။ ဒါကလည်း မြန်မာဘက်က စစ်ပွဲနဲ့ စစ်ရှောင်တွေ၊ အိန္ဒိယ ဒေသတွင်း လူမျိုးရေး ပဋိပက္ခတွေကြောင့် ခြံစည်းရိုးခတ်ဖို့ စဉ်းစားလာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။​

ဒါပေမဲ့လည်း အိန္ဒိယနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်က ချင်းပြည်နယ်နဲ့ ၊ စစ်ကိုင်းတိုင်း အခြေစိုက် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ရမဲ့ကိစ္စဟာ အိန္ဒိယအတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း ပြည်သူ့ရေးရာမူဝါဒ သုတေသီတဦးဖြစ်တဲ့ R. Lakher က ဗွီအိုအေကို ပြောပါတယ်။

" အိန္ဒိယအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စကား မပြောလို့ကို မရတော့ဘူး။ သူ့ရဲ့ မူဝါဒကို မသုံးသပ်လို့ မရတော့ဘူး၊ အခု သုံးသပ်နေတယ်လို့လည်း ကျနော်တို့ တွေ့ရတယ်ပေါ့နော် ကြားရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Multi-model Kaladan စီမံကိန်းကြီးက ၁၀၀ရာခိုင်နှုန်း ပြီးပြီလို့ ပြောလို့ရတယ်။ ပလက်ဝဒေသ တည်ငြိမ်သွားပြီ AA ရဲ့ ထိန်းချုပ်မှုနဲ့ ချင်းလက်နက်ကိုင်အဖွဲ့ တချို့ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ငြိမ်သွားတယ်ဆိုရင် သူ့ရဲ့ စီမံကိန်းကြီးကို စအကောင်အထည် ဖော်လို့ရပြီ။ ဒါပေမဲ့ ဒီဟာ အကောင်အထည် ဖော်ဖို့အတွက်က AA နဲ့ ချင်းလက်နက်ကိုင် အဖွဲ့တချို့နဲ့ စကားအရင် ပြောမှရမယ်ပေါ့နော်။"

ဒါပေမဲ့လည်း အိန္ဒိယအစိုးရဟာ အစိုးရချင်း ဆက်ဆံရေးကို ဆက်ထိန်းထားဦးမယ်လို့ ထင်ကြောင်း သူက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကစပြီး ချင်းပြည်နယ်ကနေ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက်ကို အသုတ်လိုက် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီအရေအတွက်ဟာ ၉၀၀ လောက် ရှိတယ်လို့ အိန္ဒိယသတင်းမီဒီယာတွေမှာ ဖေါ်ပြချက်အရ သိရပါတယ်။ အိန္ဒိယအစိုးရကတော့ အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေတ္တခိုလှုံခွင့်ပေးထားပြီးနောက် မြန်မာစစ်ကောင်စီဆီ ပြန်လွှဲပြောင်းပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG