သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာတွေ ကြိုတင်မဲပေးမှု မကျေနပ်မှုနဲ့ ပြီးဆုံး


ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကောင်စစ်ဝန်ရုံးနှင့် မြန်မာနိုင်ငံသားများ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်နိုင်ကြောင်း လော့စ်အိန်ဂျလိစ် ကောင်စစ်ဝန်ရုံးမှ ထုတ်ပြန်ချက်။
ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကောင်စစ်ဝန်ရုံးနှင့် မြန်မာနိုင်ငံသားများ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်နိုင်ကြောင်း လော့စ်အိန်ဂျလိစ် ကောင်စစ်ဝန်ရုံးမှ ထုတ်ပြန်ချက်။

အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့ဟာ ကြိုတင်မဲပေးခွင့်ရှိတဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ဒီလိုမဲပေးရာမှာ မဲပြား အစုံအလင်နဲ့ မဲပေးခွင့်ရသူတွေရှိသလို မဲပြား မစုံလင်တဲ့အတွက် ရသလောက်ပဲ မဲပေးခဲ့ကြသူတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ကိုဉာဏ် ဝင်းအောင်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၁၇-၁၈ နှစ်ရက်မှာ အမေရိကန်ပြည်ထောင်စုအတွင်း နေရာသုံးခုမှာ ကြိုတင်မဲပေးနိုင်တယ်လို့ မြန်မာသံရုံးက ကြေညာထားခဲ့ တာပါ။ ဝါရှင်တန်ဒီစီက မြန်မာသံရုံး ၊ နယူးယောက် မြန်မာအစိုးရကိုယ်စားလှယ်ရုံးနဲ့ Los Angeles မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေမဲသွားပေးကြရတာပါ။

Los Angeles စစ်ဝန်ချုပ်ရုံးမှာ မဲပေးခွင့်ရသူ ၈၅ ဦးရှိတယ်လို့ ကြေညာထားပါတယ်။ Los Angeles မြို့ တက္ကသိုလ်တခုမှာကျောင်းတက်နေတဲ့ ကိုကောင်းထက်ကတော့ မဲပေးပိုင်ခွင့် ရှိသူစာရင်းထဲမှာ သူ့နာမည်ပါပေမယ့် တကယ်တန်း သူအနေနဲ့ မဲခွင့်မရခဲ့ဘူးလို့ VOA ကို ပြောပါတယ်။

“LA ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ ကျနော့်နာမည်က မပါလာဘူး။ မပါလာတော့ သူတို့ကိုပြတယ်၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း-ဆိုပြီးတော့ အဲဒီထဲမှာ ကျနော့်နာမည်ပါလာတယ်။ ဒါပေမယ့် အဲဒီမှာပါလာရက်နဲ့ ဘာလို့ ကောင်စစ်ဝန်ရုံးရဲ့စာရင်းထဲမှာမပါလာတာလဲဆိုတော့ - တို့လည်း အဲဒါကို မသိဘူးတဲ့။ ရုံးထဲက ဝန်ထမ်းတွေ နှစ်ယောက်လားမသိဘူး၊ စာရင်းထဲမှာ မပါလာဘူး-ပေါ့။ အဲဒီတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပဲ သူတို့လွှဲချလိုက်တယ်။ နိုဝင်ဘာ ၈ ရက်နေ့ မြန်မာပြည်မှာ မဲပေးတဲ့အချိန်မှာ သွားပေးမှ ရလိမ့်မယ်-တဲ့။ အဲဒါအပြင်တော့ တခြား ဘာမှ လုပ်နိုင်စရာမရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ပြန်ဖို့ဆိုတာကတော့ နည်းနည်းခက်ခဲတာပေါ့။”

ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မဲသွားပေးခဲ့တဲ့ မေရီလန်းပြည်နယ်မှာနေထိုင်သူ ကိုတင်ထွန်းဦးကတော့ မဲပြား မစုံလင်တဲ့ပြဿနာနဲ့ရင်ဆိုင် ခဲ့ရတယ်လို့ ပြောပါတယ်။

“လွှတ်တော်သုံးခုအတွက် မဲပြား သုံးခု ရရမယ့်ဟာ တစ်ခုပဲရတယ်ပေါ့နော်။ အမျိုးသားလွှတ်တော်အတွက်ပဲ မဲပြားပါလာတယ်။ ကျနော့်ရဲ့ အင်းစိန်မြို့နယ် ကပေါ့နော်။ သံရုံးကတော့ ရှင်းပြတာက သူတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သံရုံးတွေကို ပို့လိုက်တဲ့အထဲမှာ ကျနော်တို့အတွက် မဲတစ်မဲ အတွက်ပဲပါတယ်။ တချို့မြို့နယ်တွေက မပါဘူးပေါ့။ ကော်မရှင်ရုံးကို ဗမာပြည်ကို ချက်ခြင်းပဲ အကြောင်းကြား ထားပါတယ် ပေါ့နော်။ သူတို့လည်း မသိသေးဘူးပေါ့။ နိုဝင်ဘာ ၈ ရက်ကို ဗမာပြည်အရောက် ပြန်လာခဲ့မယ်ဆိုလို့ရှိရင် သံရုံး၊ သံမှူးတွေဆီက ထောက်ခံစာယူပြီးလို့ သွားရင် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးလို့ရတယ်ဆိုတဲ့ ဝဘ်ဆိုက်မှာ သူတို့ကြော်ငြာတွေကို တင်ထားတယ်။ ကိုယ်တိုင်သွားပြီးပေးဖို့ဆိုတာက ဒါ မဖြစ်နိုင်တဲ့ကိစ္စပေါ့ နော်။ ”

နယူးယောက်မြု့ိက မဝေဝေနိုင်ကတော့ သူကိုယ်တိုင် မဲပေးရာမှာ အဆင်ပြေခဲ့ပေမယ့် သူ့နဲ့ တရက်ထဲ မဲပေးသူတွေမှာတော့ မဲစာရင်းထဲ မိမိ အမည်စာရင်း ပါမလာတာ၊ မဲပြားမစုံတာတွေ ရှိတယ်လို့ ရှင်းပြပါတယ်။

“အဲဒီမှာ ညီမလေးတစ်ယောက်ကိုတွေ့တယ်။ သူက မီချီဂန်ကနေတောင် လာပေးရတာ။ Form 15 တင်ပြီးပြီ-တဲ့။ တင်ပြီးပေမယ့် သူ့နာမည်က လာတဲ့ အခါမှာ ရှာလို့မတွေ့ဘူး။ သံရုံးတွေက ရှင်းပြတာကတော့ သူတို့ရဲ့ တမြို့နယ်လုံးက မပါလာဘူးလို့ ပြောတယ်။ ဗမာပြည် ပြန်ပေးပါလို့ ပြောတယ်-တဲ့။ ဗမာပြည်ကိုလည်း သူက ဘယ်လိုမှ မသွားနိုင်ဘူးဆိုတော့ အဲဒီမှာ သူက မကျေနပ်ဘူး၊ မကျေနပ်တော့ အဲဒီမှာ သူ့ကိုတော့ ထောက်ခံစာလေး ပေးလိုက် တယ်-တဲ့။ နောက် တယောက်ကကျတော့ မဲပေးခွင့်ရလိုက်ပေမယ့် မဲပြား တစ်ပြားပဲပါလာတယ်။ အမျိုးသားလွှတ်တော်ပဲ။ အဲဒီနှစ်မဲက ပါမလာတဲ့အခါကျ တော့ အဲဒီအတွက် ရှုံးသွားတဲ့သဘောမျိုးမို့လို့ မကျေနပ်ဘူး။”

အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်မဲပေးခွင့်ရဖို့ ပုံစံ ၁၅ လျှောက်ထားသူ ဦးရေ ၄၂၃ ဦးရှိတယ်လို့ အစောပိုင်းမှာ ဝါရှင်တန်ဒီစီ မြန်မာသံရုံး က ကြေညာခဲ့ပါတယ်။ တကယ်တမ်း မဲပေးချိန်မှာတော့ ဝါရှင်တန်ဒီစီမှာ ၁၃၁ ဦး၊ နယူးယောက်မှာ ၁၉၃ ဦးနဲ့ Los Angeles မှာ ၈၅ ဦး စုစုပေါင်း ၄ဝ၉ ဦးသာ မဲပေးခွင့်ရခဲ့ကြပါတယ်။

XS
SM
MD
LG