သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ဖို့ အချိန်ယူရမည် (CRPH)


ဦးထင်လင်းအောင် CRPH နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ (17th APRIL 2021)
ဦးထင်လင်းအောင် CRPH နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ (17th APRIL 2021)

[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ လူငယ်တွေ စိတ်အားထက်သန် ပြောဆိုနေကြတဲ့ Federal Army ခေါ် ပြည်ထောင်စု တပ်မတော်ကို စနစ်တကျ ဖွဲ့စည်းနိုင်ဖို့ဆိုရင် အချိန်အနည်းငယ် ယူရလိမ့်ဦးမယ်လို့ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ)ရဲ့ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ ဦးထင်လင်းအောင်က စနေနေ့က ပြောကြားလိုက် ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဦးထင်လင်းအောင်တို့ အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ စည်းဝေးပွဲမှာ ဦးထင်လင်းအောင်က ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" အခုက အစိုးရလည်း ဖြစ်လာပြီဆိုတဲ့ အခါကျတော့ အစိုးရရဲ့ အင်္ဂါရပ်တခုဖြစ်တဲ့ တပ်မတော်ဖွဲ့စည်းဖို့ ဆိုတဲ့ဟာမျိုး ပါလာတာပေါ့။ အဲဒီဟာကို ဖွဲ့စည်းပြီးတော့ ကာကွယ်သွားဖို့ ရှိပါတယ်။ တပ်မတော် ဆိုတာကို မဖွဲ့စည်းခင်မှာ လောလောဆယ်မှာတော့ ကျနော်တို့က PDF ဆိုတဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ဆိုတာကို အသုံးချပြီးတော့မှ ၊ ကာကွယ်ရေးအဖွဲ့ ဆိုတဲ့ဟာမျိုး ဖွဲ့စည်းပြီးတော့ တုန့်ပြန် တွန်းလှန် ကာကွယ်သွားဖို့ ရှိပါတယ်ဗျ။ လူထုက အခုချိန်မှာ တကယ့်ကို အရမ်းစိတ်ဓါတ် တက်ကြွပြီးတော့ ကူညီထောက်ပံ့ချင်တယ် ၊ ပူးပေါင်းပါဝင်ချင်တယ် ဆိုတာတွေလည်း ကျနော်တို့ အများကြီး ကြားရပါတယ်။ တပ်မတော်တခု ဖွဲ့စည်းဖို့ဆိုတာက တကယ့်ကို စနစ်တကျ ဖွဲ့စည်းရမယ့် ဟာမျိုးဖြစ်တယ်။ ပရမ်းပတာ ဖွဲ့စည်းလို့ မရဘူး။ ဒါက အချိန်ယူရမယ်။ အဲလို အချိန်ယူပြီးတော့ ဖွဲ့စည်းမှသာလျှင် ပြည်သူကို ကာကွယ်ပေးမယ့် ဖက်ဒရယ်တပ်မတော် ဖြစ်လာမှာ ဖြစ်ပါတယ်။ "

ဒါ့အပြင် ပြည်တွင်းနဲ့ ကမ္ဘာတလွှားမှာရှိတဲ့ မြန်မာတွေက CRPH ကို ဝိုင်းဝန်းလှူဒါန်းတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉.၂)သန်းကျော်ထဲက တချို့ကို မြန်မာနိုင်ငံတွင်း CDM လှုပ်ရှားသူတွေထံ ပေးပို့ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ကြားဖြတ် နှောက်ယှက်မှု ခံနေရကြောင်းလည်း သူက ပြောပါတယ်။

" Over 9.2 Million ပေါ့နော် ၊ ကျနော်တို့ ရရှိထားတာ ရှိပါတယ်။ အဲဒီအလှူငွေတွေကလည်း ပြည်သူ့ဂုဏ်ရည်အဖွဲ့ကနေ ဦးဆောင်ပြီး ကောက်ခံထားပေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့ဂုဏ်ရည်ရဲ့ ဘဏ်ထဲကို အဲဒီငွေတွေ ရောက်ရှိနေပါပြီ။ အဲဒီငွေတွေထဲက အချို့ကိုလည်း ကျနော်တို့က CDM လှုပ်ရှားတဲ့လူတွေ အတွက်ကို နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့ ပို့လိုက်တာရှိပါတယ်။ အဲဒီဟာကိုလည်း အနှောက်ယှက်မျိုးစုံ အပေးခံနေရတာ ရှိပါတယ်။ CDM လုပ်ပြီး အခု အကျပ်အတည်းတွေ တွေ့ကြုံနေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး ပြီးရင်ကျန်းမာရေး အဲဒီအတွက် လိုအပ်နေတဲ့ အထောက်အပံ့တွေကို ကျနော်တို့ အနေနဲ့ ပေးပို့ချင်ပေမယ့် ဒီစစ်တပ်ကနေ နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့ကို အနှောက်အယှက် ပေးနေတာတွေ ရှိပါတယ်ဗျ။ "

တနာရီခွဲကျော် ကြာတဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံအပြင် ၊ ကနေဒါ ၊ အီတလီနဲ့ မြန်မာနိုင်ငံတွင်းက တချို့လည်း တက်ရောက်တာ တွေ့ရပြီး ၊ ဧပြီလ(၁၆)ရက်နေ့က အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိမလဲ ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာတွေကိုပါ မေးမြန်း ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။


[ Unicode ]








တိုက်ရိုက် လင့်ခ်

XS
SM
MD
LG