ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နီးလာတဲ့အချိန်မှာ စစ်အစိုးရက မဲပေးပုံ မဲပေးနည်းနဲ့ဆိုင်တဲ့အစီအစဉ်တွေကို ရုပ်မြင် သံကြားကနေတဆင့် ပြသနေပါပြီ။ ဒီအစီအစဉ်ဟာ ရွေးကောက်ပွဲအတွက် အကျိုးရှိစေတယ်လို့ နိုင်ငံရေးပါတီတွေကတော့ ယူဆ ပါတယ်။ ဒါပေမဲ့ လူထုကြားမှာတော့ စိတ်ဝင်စားမှု နည်းပါးပါသေးတယ်။ ဒီအကြောင်းကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးပါမယ်။
ဒီရွေးကောက်ပွဲအစီအစဉ်ကို အစိုးရပိုင် ရုပ်မြင်သံကြားတွေကနေ လွန်ခဲ့တဲ့ ငါးရက်လောက် ကတည်းက ပြသနေခဲ့တာပါ။ အခုလို အစိုးရအသံလွှင့်ဌာနတွေက ထုတ်လွှင့်ပေးနေတာတွေအပြင် တခြားဂျာနယ်တွေနဲ့ ပြည်ပရေဒီယို အသံလွှင့်ဌာနတွေက ထုတ်လွှင့် ပေးနေတဲ့အတွက် ဒီမဲပေးမှုနဲ့ဆိုင်တဲ့ ပညာပေးမှုလုပ်ငန်းတွေဟာ အကျိုးသက်ရောက်မှု ရှိတန်သလောက်တော့ ရှိပါတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“အသံလွှင့်ဌာနကလည်း လုပ်ပေးနေတာတွေ့တယ်။ နောက်ပြီးတော့လည်း ဂျာနယ်တွေကလည်း လုပ်ပေးနေတာတွေ့တယ်။ ကျနော်တို့ ကလည်း လက်လှမ်းမီသလောက်ပေါ့ဗျာ၊ လူထုကို အသိပေးတာပေါ့။ ဒါပေမဲ့ အသံလွှင့်တာကို နားထောင်တဲ့သူ၊ ဂျာနယ်ကြည့်တဲ့လူ၊ ကျနော်တို့ရောက်တဲ့နေရာကလူလောက်တော့ သိတာပေါ့နော်။ လက်လှမ်းမမီတဲ့လူတွေက အများစုကလည်း ရှိသေးတယ်လေ။ ဂျာနယ် ဖတ်တဲ့သူကလည်း ရှိတာပေါ့။ သူတို့ကနေ အနည်းငယ်တော့ ပျံ့သွားတာပေါ့။ ထိုနည်းလည်းကောင်းပဲ၊ ရေဒီယို နားထောင်တဲ့သူတွေက၊ နားလည်ပြီးတဲ့သူတွေက တဆင့်ပြန်ပြီးတော့ သူတို့ရပ်ကွက်တွေထဲမှာ ပြောကြ ဆိုကြတာတွေ ကြားပါတယ်။ ဆိုတော့ အကျိုးရှိတန် သလောက်ရှိပါတယ်။”
အခု ရုပ်မြင်သံကြားကတဆင့် ပြုလုပ်နေတဲ့ ပညာပေးအစီအစဉ်ကိုတော့ နေ့စဉ် ည ၈ နာရီသတင်းမလာခင် ဒါမှမဟုတ် သတင်းအပြီး မှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ မြန်မာ့အသံဝန်ထမ်းတွေနဲ့ ဇာတ်လမ်းတိုလေးဆင်ပြီး ပြသပေးနေတာပါ။ ဘယ်လိုပုံစံနဲ့ မဲထည့်ရမယ် ဆိုတာ မရှင်းသလို မဲပုံးတွေ အများကြီးထောင်ထားပြီး ပြသနေတာကြောင့် နားမလည်တဲ့သူတွေရှိပြီး ဒီအပေါ် စိတ်ဝင်စားတဲ့သူလည်း နည်းတယ်လို့ ရန်ကုန်မြို့ခံတဦးကတော့ ပြောပါတယ်။
“ပြတယ်ဆိုပေမဲ့ လူတွေက စိတ်မ၀င်စားဘူး။ တချို့အဲဒီဇာတ်လမ်းကို ကြည့်တောင် မကြည့်ဘူး။ မကြည့်ကြဘူးပေါ့နော်။ အာ.. ဒီမဲ ပေးတဲ့ ဇာတ်လမ်းကြီးပဲဆိုပြီး ပိတ်ပစ်လိုက်ပြီးတော့ တခြားလိုင်းပြောင်းရင်လည်းပြောင်း၊ မပြောင်းရင်လည်း ပိတ်ပစ်လိုက်တာပေါ့ နော်။ မေးလိုက်လို့ရှိရင်လည်း သေသေချာချာ ဂဃနဏ အစအဆုံးကြည့်တာမျိုး မရှိကြဘူး။ စိတ်မ၀င်စားကြဘူးပေါ့နော်။ မဲပေးတာပဲ ဆိုပြီး ပြောင်းပြောင်းပစ်လိုက်တယ်။ တချို့ကလည်း ခနကြည့်လိုက်တဲ့အချိန်မှာတဲ့ ခြစ်လိုက် ထည့်လိုက်၊ ခြစ်လိုက်ထည့်လိုက်နဲ့ ဘာတွေ မှန်းလည်းမသိဘူးတဲ့။`ရှုပ်ယှက်ခတ်နေတာပဲတဲ့။ အခုအချိန်အထိ မရှင်းကြ ဘူး။ တီဗွီထဲမှာ ကရင်ဝတ်စုံတွေနဲ့ရော၊ မွန်ဝတ်စုံတွေနဲ့ရော။ ကရင်က ကရင်ပုံးကို ထည့်၊ မွန်က မွန်ပုံးကိုထည့် အဲလိုမျိုးတွေ။ ရခိုင်ဆို ရခိုင်ပုံးကိုထည့်။ ရခိုင်ဝတ်စုံနဲ့ လူကလည်း ခြစ်၊ ခြစ်ပြီး ရခိုင်ပုံးကိုထည့်။ ဆိုတော့ ဒီက ကြည့်တဲ့သူတွေက ဟဲ့… ကရင်က ကရင်ပုံးထဲကိုထည်၊့ မွန်က မွန်ပုံးထဲကိုထည့်၊ ဘာလဲ။ ငါတို့တွေ ကရော ဘယ်လိုတွေထဲ ဘာတွေထည့်ရမှာလဲနဲ့….မရှင်းကြဘူးပေါ့နော်။ သိပ်ပြီးတော့၊ နည်းနည်းကြည့်တဲ့သူတွေကလည်း မရှင်းကြဘူးတဲ့”
လပွတ္တာမြို့ခံတဦးကလည်း အခု ရုပ်မြင်သံကြားမှာ ပြသနေတဲ့ ပညာပေး အစီအစဉ်ကို သူတို့အနေနဲ့ နားလည်ခြင်းမရှိတဲ့အတွက် အကျိုးသက်ရောက်မှု သိပ်မရှိလှဘူးလို့ ဆိုပါတယ်။
“ကျနော်လည်း နည်းနည်းတော့ ကြည့်တော့ ကြည့်နေတယ်။ တီဗွီလိုင်းကဟာတွေကို၊ ကြည့်လိုက်တဲ့အခါကျတော့ မဲပေးဖို့ဟာတွေ ကတော့ ထိရောက်မှုရှိလား မရှိလားတော့ ကျနော်တော့ သိပ်တော့မထင်ဘူး။ မဲပေးတဲ့အပိုင်းကတော့ အခု လတ်တလောတော့ ကျနော်မြင်တာကတော့ တော်တော်များများကတော့ မဲပေးတဲ့အပိုင်းကို သူတို့ ပညာပေးတဲ့အပိုင်းတို့ ဘာတို့မှာတော့ လေ့လာမိ သလောက်တော့ ဂဃနဏ သေချာသိတဲ့အပိုင်းတွေ မရှိဘူး”
စစ်အစိုးရက အခုလို မဲပေးပုံပေးနည်းနဲ့ဆိုင်တဲ့ ပညာပေးအစီအစဉ်တွေကို ပြသနေ တာဟာ ကောင်းပေမဲ့ အချိန်တိုအတွင်းမှာ တက်သုတ်ရိုက်ပြီး ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လူထု ပညာပေးလုပ်ငန်း တွေကို ဒိထက်အချိန်ပိုယူပြီး လူထုနားလည်သဘောပေါက်အောင် လုပ်ပေးသင့်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။