သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စပါးအုံးမြွေကြောင့် ဖလော်ရီဒါပြည်နယ် ဂေဟစနစ်ထိခိုက်နေ


Record-Breaking Python-Florida 2021 ခုနှစ် မှာဖမ်းမိခဲ့တဲ့ စပါးအုံးမြွေ
Record-Breaking Python-Florida 2021 ခုနှစ် မှာဖမ်းမိခဲ့တဲ့ စပါးအုံးမြွေ

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုအရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် နောက်ပိုင်း Burmese Python လို့ခေါ်တဲ့ မြန်မာ့စပါးအုံးမြွေ အကောင်ရေ ၁၇,၀၀၀ ကျော်ကို ဖမ်းမိခဲ့ပေမယ့် မြန်မာ့စပါးအုံးမြွေ ထောင်သောင်းချီဟာ ပြည်နယ်ထဲက Everglades အမည်ရှိ အပူပိုင်း စိုစွတ် သဘာဝအမျိုးသားဥယျာဉ်ထဲမှာ ကျက်စားနေတုန်းပဲလို့ လေ့လာသူတွေကပြောပါတယ်။ မြန်မာ့စပါးအုံးမြွေတွေဟာ အဲဒီ ဒေသဇာတိမဟုတ်ဘဲ ဌာနေတိုင်းရင်းငှက်တွေ၊ နို့တိုက်သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေကို ဖမ်းဆီးစားသောက်တဲ့အတွက်ကြောင့် ဂေဟဗေဒစနစ်ကို ထိခိုက်လာနေတယ်လို့ ပြောပါတယ်။ သူတို့ဟာ ပိုအင်အားကြီးတဲ့အတွက် ဌာနေသတ္တဝါတွေအပေါ် အနိုင်ယူနေတယ်လို့ ဆိုပါတယ်။

Everglades အမျိုးသားဥယျာဉ်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့အသိမ်မွေ့ဆုံး ဂေဟစနစ်တွေထဲကတခု ဖြစ်ပါတယ်။ ဒီလို စပါးအုံးမြွေတွေ ကျူးကျော်ဝင်ရောက်နေမှုက စတုရန်းကီလိုမီတာ ၆ သန်းခန့် ကျယ်ဝန်းတဲ့ စိုစွတ်တဲ့မြေဆီလွှာကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ အဲဒီမှာ ရှားပါးပြီး မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေ၊ ဖလော်ရီဒါပန်သာလို့ခေါ်တဲ့ ကျားသစ်နက်နဲ့ အမေရိကန်မိကျောင်းလို ရှားပါးမျိုးစိတ်တွေ မှီတင်းနေထိုင်နေရာ ဖြစ်ပါတယ်။

ဖလော်ရီဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အဲဒီလို ပြင်ပကလာကျူးကျော်တဲ့ တိရစ္ဆာန်ပြဿနာကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ အဲဒီမှာ ပြည်နယ်တွင်း မျိုးရင်းမဟုတ်တဲ့အပင်နဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ် ၅၀၀ ကျော်ရှိနေပြီး နေရင်းဒေသကို သိမ်းပိုက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။

ဖလော်ရီဒါမှာ အဲဒီလို ကျူးကျော်ဝင်ရောက်တဲ့မျိုးစိတ်တွေနဲ့ သူတို့က ဖြစ်ပေါ်စေတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ထိန်းချုပ်နိုင်ဖို့ တနှစ်မှာ ဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲနေရပါတယ်။ အာဏာပိုင်တွေဟာ အမဲလိုက်ခွင့်ပြုထားတာအပြင် ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန် မွေးထားသူတွေကို အရေးယူမှုမရှိဘဲ အဲဒီ အကောင်တွေကို စွန့်လွှတ်စေတဲ့ အခမဲ့အစီအစဉ်တွေကို အကောင်အထည် ဖော်ပြီး ပြင်ပမျိုးစိတ်တွေကို တိုက်ဖျက်ဖို့လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် ဒေသခံလူထုကို ပညာရေးအစီအစဉ်တွေလည်း လုပ်ဆောင်နေရပါတယ်။

ဖ‌‌‌လော်ရီဒါမျိုးရင်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနေတဲ့ သတ္တဝါတွေထဲမှာ မြန်မာ့စပါးအုံးမြွေတွေအပြင် ခြင်္သေ့ငါး၊ တောခွေးရိုင်း၊ အာဂျင်တီးနားမျိုးရင်း အနက်ရောင်နဲ့အဖြူရောင် အိမ်မြှောင်တွေနဲ့ ကျူးဘားမျိုးရင်းသစ်ပင်ဖားအမျိုးအစားဖားတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







XS
SM
MD
LG