သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ချောချောမွေ့မွေ့ဖြစ်ဖို့ မျှော်လင့်


ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၇ ဧပြီလ ၁ ရက်နေ့)
ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၇ ဧပြီလ ၁ ရက်နေ့)

မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူက ပြောဆိုလိုက်ပြီး လက်နက်ကိုင်အဖွဲ့တွေက ဖိအားပေးတာတွေရှိမှာကို စိုးရိမ်ခဲ့တဲ့ ရှမ်းပြည်နယ်က လဲချားမဲဆန္ဒနယ်တွေမှာလည်း အေးအေးချမ်းချမ်းပဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လာမယ် ၃ရက်နေ့ စနေနေ့မှာ ၂၀၁၈ခုနှစ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ခုမှာ လွှတ်တော်အသီးသီးက လစ်လပ်နေရာ ၁၃နေရာအတွက် ကျင်းပမှာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးမြင့်နိုင်က ရွေးကောက်ပွဲအတွက် နေရာအတော်များများမှာ အဆင်သင့်ဖြစ်နေကြောင်း အခုလို ပြောပါတယ်။

“ ပြင်ဆင်နေပါပြီ။ တစ်ချို့နေရာတွေက ပြီးပါပြီ။ အခက်အခဲတော့ မရှိပါဘူးခင်ဗျ။ ဘာမှ ကြီးကြီးကျယ်ကျယ် အခက်အခဲမရှိဘူးပေါ့။ အားလုံးအဆင်ပြေပါတယ်။ အဆင်ပြေတယ်။”

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလမှာ မြို့နယ်တချို့မှာ ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးတာမျိုးတွေရှိခဲ့ပေမဲ့ ညှိနှိုင်းလို့ မရတဲ့ ပြဿမျိုးတွေ မရှိခဲ့ကြောင်းလည်း ဦးမြင့်နိုင်က ပြောပါတယ်။

“ အဲလို ဖျက်တာလေးတွေ ဘာလေးတွေကတော့ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါလေးတော့ အနည်းအကျဉ်းတော့ ရှိတယ်။ ကျနော့်ဆီတော့ တိုင်မလာပါဘူး။ ရဲအရေးပိုင်တဲ့ အမှုကို အခန်း ၁၃။ အခန်း ၁၃ဆိုတော့ ရဲအရေးပိုင်တဲ့ပြစ်မှုတွေပေါ့။ ရဲက စုံစမ်းပြီးတော့ ဟိုဟာဖြစ်ကြမှာပေါ့နော်။ ဘာမှ ညှိနှိုင်းမရတဲ့ အခက်အခဲတွေ မရှိပါဘူးဗျ။ ”

စက်တင်ဘာလအတွင်းကလည်း ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဖိအားပေးတာမျိုးတွေ မလုပ်ဖို့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

လောလောဆည်မှာတော့ ရှမ်းပြည်နယ် လဲချားမြို့နယ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တာမတွေ့ရကြောင်းလဲချားမြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးစိုင်းကျော်ဇေယျက ပြောပါတယ်။

“ ပုံမှန်ပါပဲခင်ဗျ။ သူ့ပါတီကိုယ့်ပါတီ စည်းရုံးရေးဆင်းကြပါတယ်။ မြို့တွေမှာ ကားတွေနဲ့ စည်တန်းလှည့်လည်ကြတယ်ပေ့ါ့။ ဒီဒေသမှာက ကျနော်တို့က RCSS ထိန်းချုပ်နယ်မြေဖြစ်နေတာကိုး။ သူတို့ ဝင်ရောက်စွက်ဖက်တာ ကျနော်တို့ မကြားရပါဘူး။ ပြည်သူ့စစ်အဖွဲ့တွေကလည်း ပုံမှန်ပါပဲ။ သူတို့ ဘာမှ မပြောပါဘူး။ ”

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူကလည်း နယ်မြေအခြေအနေဟာ အေးအေးချမ်းချမ်းရှိပြီး မဲရုံတွေကိုလည်း အဆင်သင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ဖက်က အခြေအနေကိုလည်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ ဘာမှ မကြားဘူး။ အေးအေးဆေးဆေးပဲ။ ကိုယ့်ဟာနဲ့ကိုယ်မဲဆွယ်နေကြတာပဲ။ ပေးမယ့် သူတွေကလည်း အဆင်သင့် အဲလိုပဲ။”

လက်ရှိ ကျင်းပမယ့် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အကြိုဖြစ်တာကြောင့် ပြည်သူ့ဆန္ဒသဘောထား ခန့်မှန်းနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေဘက်ကတော့ အင်တိုက်အားတိုက် ပြင်ဆင်မှုတွေလုပ်နေကြတယ်နိုင်ငံရေးသုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။

လက်ရှိ ကျင်းပမယ့် ရွေးကောက်ပွဲအခြေအနေအပေါ်မှာတော့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ထားပါတယ်။

“ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားပါတီတွေက အနိုင်ရဖို့ အလားအလာများတယ်လို့ မြင်ပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းဒေသကြီးမဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ များတယ်လို့ မြင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ မဲဆန္ဒနယ် တစ်ချို့လည်း တွေ့နေရပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ်၊ နောက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲဆန္ဒနယ် အဲဒီမဲဆန္ဒနယ်တွေမှာ အာဏာရပါတီနဲ့ အခြားပါတီတွေ ယှဉ်ပြိုင်မှု ပြင်းထန်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ ”

မဲဆန္ဒရှင်ပြည်သူအတော်များများက ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှု ကျဆင်းနေတာကိုလည်း တွေ့မြင်ရကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီအရ အနုတ်လက္ခဏာဆောင်နေကြောင်းလည်း ဆက်ပြောပါတယ်။

လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ်လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီးမြင်းခြံ။

အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့

ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အတွက် ချင်းပြည်နယ်က မတူပီ၊ ရခိုင်ပြည်နယ်က ရသေ့တောင်၊ စစ်ကိုင်းတိုင်းဒေသကြီးက တမူး၊ မကွေးတိုင်းဒေသကြီးက မင်းဘူး၊ ပဲခူးတိုင်းဒေသကြီးက အုတ်တွင်း၊ ရန်ကုန်တိုင်းဒေသကြီးက ဆိပ်ကမ်း။ မန္တလေးတိုင်းဒေသကြီးက သပိတ်ကျင်းနဲ့ ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တို့ မှာ ကျင်းပမှာဖြစ်ပါတယ်။

လွှတ်တော်အသီးသီးက ကိုယ်စားလှယ်နေရာ ၁၃နေရာအတွက် ပါတီ ၂၄ပါတီက ကိုယ်စားလှယ် ၆၂ဦး၊ တစ်သီးပုဂ္ဂလ ၇ဦး စုစုပေါင်း ၆၉ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG