သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး ဆွေးနွေးတဲ့ ကိုင်ရို ထိပ်သီးဆွေးနွေးပွဲ အဖြေမထွက်  


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အစ္စရေး-ပါလက်စတိုင်းအရေးဆွေးနွေးတဲ့ ကိုင်ရိုထိပ်သီးဆွေးနွေးပွဲ မြင်ကွင်း။
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အစ္စရေး-ပါလက်စတိုင်းအရေးဆွေးနွေးတဲ့ ကိုင်ရိုထိပ်သီးဆွေးနွေးပွဲ မြင်ကွင်း။

အစ္စရေးနဲ့ ဟားမတ်စ်ကြား အကြမ်းဖက်ပဋိပက္ခတွေရပ်တန့်ရေး အဖြေရှာဖို့အတွက် အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုင်ရိုမြို့တော် ထိပ်သီးဆွေးနွေးပွဲဟာ စနေနေ့က သဘောတူညီချက်တစုံတရာမရရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အာရပ်နိုင်ငံခေါင်းဆောင်တွေကရှုတ်ချကြပြီး အနောက်နိုင်ငံအများစုကတော့ အရပ်သားတွေကို ကာကွယ်ပေးဖို့ အဓိက ပြောဆိုခဲ့ကြပါတယ်။ အီတလီ၊ စပိန်၊ ကနေဒါ နိုင်တွေက ဝန်ကြီးချုပ်တွေ၊ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲနဲ့ ဂျာမနီ၊ ပြင်သစ်၊ ယူကေနဲ့ ဂျပန်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ၊ အရှေ့အလယ်ပိုင်းဒေသက ခေါင်းဆောင်တွေ တက်ရောက်ကြပေမဲ့ လက်ရှိ အကြမ်းဖက် ပဋိပက္ခတွေကို ပိုမို မကျယ်ပြန့်လာအောင် ဘယ်လို ဝိုင်းဝန်း အဆုံးသတ်မလဲ ဆိုတဲ့အဖြေရဖို့အထိ ညှိနှိုင်းချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒီဆွေးနွေးပွဲကို အစ္စရေးနဲ့အမေရိကန် အကြီးတန်းအရာရှိတွေ မတက်ရောက်ပါဘူး။ စစ်ပွဲအရှိန် ပိုကျယ်ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်နေချိန်မှာ ဒေသတွင်း လက်ဘနွန် နိုင်ငံအနေနဲ့ ဒီစစ်ပွဲထဲ ပါဝင်မလာမိအောင် သတိထားဖို့၊ အဲ့ဒီလို ပါဝင်လာရင် လက်ဘနွန်ပြည်သူတွေပဲ ထိခိုက်နစ်နာရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati ကို စနေနေ့က သတိပေးခဲ့ပါတယ်။

အီရန်နိုင်ငံ ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်ကြား အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေက နေ့စဥ်ဆိုသလိုဖြစ်နေပြီး နှစ်ဘက် သေဆုံးမှုတွေရှိနေချိန်မှာ ခုလို သတိပေး ပြောဆိုတာ ဖြစ်ပါတယ်။

ဂါဇာမှာ အကြမ်းဖက် ပဋိပက္ခတွေ ပြန်လည် ပြင်းထန်လာတဲ့ လွန်ခဲ့တဲ့နှစ်ပတ်ကစလို့ သေဆုံးသူ ၅,၀၀၀ ကျော်သွားပါပြီ။ ဂါဇာကို မြေပြင်ကနေ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အစ္စရေးဘက်က ပြင်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဥ် ဆက်ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG