သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အစ္စရေးက ဟားမတ်စ်အဖွဲ့ကို စစ်ကြေညာ


အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြောင်ဒေသက Ashkelon မြို့ ဒုံးကျည်ပစ်ခတ်ခံထားရတဲ့နေရာက သားအမိနှစ်ယောက်ကို ရဲအရာရှိတယောက်က နေရာရွှေ့ပြောင်းပေးနေစဥ်။ (အောက်တိုဘာ ၇၊ ၂၀၂၃)
အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြောင်ဒေသက Ashkelon မြို့ ဒုံးကျည်ပစ်ခတ်ခံထားရတဲ့နေရာက သားအမိနှစ်ယောက်ကို ရဲအရာရှိတယောက်က နေရာရွှေ့ပြောင်းပေးနေစဥ်။ (အောက်တိုဘာ ၇၊ ၂၀၂၃)

အခု တနင်္ဂနွေနေ့မှာတော့ ဂါဇာမှာရှိတဲ့ ဟားမတ်စ်ပါလက်စတိုင်းစစ်သွေးကြွတွေကို အစ္စရေးအစိုးရကနေ တရားဝင်စစ်ကြေညာလိုက်ပါတယ်။

ဟားမတ်စ်အဖွဲ့ကနေ အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးစစ်တပ်က ကြီးမားတဲ့စစ်ရေးတုံ့ပြန်မှုလုပ်ဖို့ စိုင်းပြင်းနေပါပြီ။ ဟားမတ်ရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့အပေါ် စစ်ကြေညာလိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် Bejamin Netanyhahu က စနေနေ့က ကြေညာခဲ့ပေမယ့် တရားဝင်စစ်ကြေညာမှုကတော့ အစ္စရေးအစိုးရအဖွဲ့က တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

အစ္စရေးနိုင်ငံတောင်ပိုင်း လမ်းမတွေပေါ်မှာ အစ္စရေးစစ်သားတွေနဲ့ ဟားမတ်တိုက်ခိုက်ရေးသမားတွေကြား တနင်္ဂနွေနေ့က အပြန်အလှန်ပစ်ခတ်မှုတွေရှိသလို အစ္စရေးက ဂါဇာမှာ လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေပါတယ်။ အစ္စရေးအနေနဲ့ဂါဇာကို မြေပြင်ထိုးစစ်တွေ ဆင်နွှဲလာနိုင်ခြေရှိတယ်လို့ အရှေ့အလယ်ပိုင်းအရေး အကဲခတ်တွေက သုံးသပ်နေကြပြီး ဒီလို မြေပြင်ထိုးစစ်ဝင်မယ်ဆိုရင်တော့ ပဋိပက္ခက သိသိသာသာဆိုးဝါးလာနိုင်ပါတယ်။

အစ္စရေးသမ္မတ Issac herzog က ရုပ်သံကတဆင့် နိုင်ငံအဝှမ်းကို တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူကြောင့် အစ္စရေးဟာ ကြီးမားတဲ့စစ်ပွဲကိုရင်ဆိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် စစ်သည် ၄၄ ဦးအပါအဝင် လူ ၆၀၀ ထက်မနည်းသေဆုံးခဲ့ပြီး လူ ၁,၅၀၀ ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ အစ္စရေးဘက်က ကြေညာပါတယ်။

သေဆုံးတဲ့အထဲ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။ ဂါဇာမှာတော့ ၃၁၃ ဦးသေဆုံးပြီး ၂,၀၀၀ နီးပါး ဒဏ်ရာရတယ်လို့ ဂါဇာ တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးစစ်တပ်ကနေ စစ်သွေးကြွ ၄၀၀ ကို သုတ်သင်ပြီး ဒါဇင်နဲ့ချီ ဖမ်းမိထားတယ်လို့ အစ္စရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

တချိန်တည်းမှာတော့ ဟားမတ်စ်ဘက်ကလည်း အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အစ္စရေးအတော်များများကို ဖမ်းဆီးထားပါတယ်။ အခု တိုက်ပွဲတွေအတွင်း အမေရိကန်နိုင်ငံသား အသေအပျောက်ရှိမရှိဆိုတာကို စုံစမ်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က CNN မေးမြန်းခန်းမှာ ပြောပါတယ်။ အခုအဖြစ်အပျက်ဟာ ၁၉၇၃ ခုနှစ်က စစ်ပွဲပြီးရင် အစ္စရေးနိုင်ငံကို အဆိုးဝါးဆုံးတိုက်ခိုက်ခံရမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဟားမတ်စ် ပါလက်စတိုင်းတွေဟာ စနေနေ့အစောပိုင်းက ဒုံးကျည် ရာနဲ့ချီပြီး အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်လိုက်သလို ရာနဲ့ချီတဲ့ ဟားမတ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေး-ဂါဇာနယ်စပ်က လုံခြုံရေးအတားအဆီးတွေကို ကျော်ဖြတ်လာခဲ့ကြတာပါ။

အမေရိကန်တာဝန်ရှိသူတွေဘက်ကတော့ အစ္စရေးအနေနဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကို တိုက်ခိုက်ဖို့ လိုအပ်ချက်တွေဟာ အမေရိကန်ရဲ့ပထမဦးစားပေးဖြစ်ပြီး အစ္စရေးဘက်ကလည်း အခိုင်အမာရပ်တည်မယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG