သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ရှုတ်ချ


Biden Israel Palestinians World Reaction
Biden Israel Palestinians World Reaction

“အမေရိကန်ပြည်ထောင်စုက အစ္စရေးနဲ့အတူ ရပ်တည်နေပါတယ်။ အစ္စရေးကို ကျောထောက် နောက်ခံပေးဖို့ ကျနော်တို့ ဘယ်တော့မှ ပျက်ကွက်သွားမှာ မဟုတ်ဘူး” လို့ သမ္မတ ဂျိုးဘိုင်ဒန်ကပြောလိုက်ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က လျှပ်တပြက်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် အစ္စရေးအပေါ် ကျောက်တောင် ကျောက်သားသဖွယ် ထောက်ခံမှု ခိုင်ခိုင်မာမာ မယိမ်းမယိုင် ပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ပြောလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုက အစ္စရေးနဲ့အတူ ရပ်တည်နေပါတယ်။ အစ္စရေးကို ကျောထောက်နောက်ခံပေးဖို့ ကျနော်တို့ ဘယ်တော့မှ ပျက်ကွက်သွားမှာ မဟုတ်ဘူး” လို့ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ ယှဥ်တွဲ ရပ်လျက် မိန့်ခွန်းပြောတဲ့ အိမ်ဖြူတော် ရုပ်သံထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အစ္စရေး အပေါ် ရန်လိုတဲ့ တခြား သူတွေကိုလည်း သမ္မတ ဘိုင်ဒန်က သတိပေးလိုက်ပြီး ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်က အစ္စရေး ပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ပြောပါတယ်။ အစ္စရေးမှာ သူ့ကိုယ်သူ ခုခံကာကွယ်ပိုင်ခွင့် အပြည့်ရှိပြီး ဟားမတ်စ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အကြောင်းပြစရာ ဘာမှ မရှိကြောင်းလည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ဟားမတ်စ် တိုက်ခိုက်မှုကို ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ကလည်း “စက်ဆုပ်ဖွယ် အကောင်းဆုံးပုံစံနဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှု” လို့ စနေနေ့အစောပိုင်းမှာ ရှုတ်ချခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ်၊ ပြင်သစ် သမ္မတ၊ ဂျာမန် အဓိပတိ၊ နယ်သာလန် ဝန်ကြီးချုပ် အစရှိတဲ့ ဥရောပခေါင်းဆောင်တွေကလည်း အစ္စရေးနဲ့ အတူရပ်တည်ကြောင်းနဲ့ အစ္စရေးမှာ ခုခံကာကွယ်ခွင့် ရှိကြောင်း ကြေညာခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဟားမတ်စ် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးပဋိပက္ခ ပိုမိုကျယ်ပြန့်မှာကို ရှောင်ရှားနိုင်ဖို့ သံတမန်ရေးရာ ကြိုးပမ်းကြဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေထဲ ဟားမတ်စ်တွေက အစ္စရေးကို အပြင်းထန်ဆုံး တိုက်ခိုက်တာ ဖြစ်တဲ့ အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ တနင်္ဂနွေနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

တူရကီကတော့ အစ္စရေးနဲ့ ပါလက်စတိုင်း ကြား ဆွေးနွေးနိုင်ရေး ဒေသတွင်းက နိုင်ငံတွေနဲ့ စနေနေ့က စကားပြောဆိုခဲ့ကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရင်းမြစ် တခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ဆော်ဒီအာရေဗျ၊ ကာတာ၊ အီရန်၊ ပါလက်စတိုင်း၊ အီဂျစ်နိုင်ငံ တွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ကြောင်း ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။

XS
SM
MD
LG