သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီးဘေးမကြုံလိုက်ရတဲ့ မြန်မာမိသားစု


ကယ်လီဖိုးနီးယားပြည်နယ်၊ Paradise မြို့နဲ့ အနီးဝန်းကျင်မှာ လောင်နေတဲ့ တောမီးကြောင့် လက်ရှိအချိန်ထိ လူ ၃၁ ဦး သေဆုံးပြီး ၂၂၈ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတောမီးဟာ တနင်္လာနေ့အထိ အရှိန်ပြင်းစွာ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးလောင်ရာဒေသ အနီးဝန်းကျင်က ဒေသခံ ပြည်သူပေါင်း တသိန်းခွဲလောက်ကိုလည်း အာဏာပိုင်တွေက ဘေးကင်းရာကို ရှောင်တိမ်း ခိုင်းထားပါတယ်။ အခု မီးအဓိက လောင်နေတဲ့ Paradise မြို့မှာ ၉ နှစ်လောက် နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ တခြားမြို့ကို ပြောင်းရွေ့သွားခဲ့တဲ့ မြန်မာနွယ်ဖွား ကိုမိုးဇော်အောင်တို့ မိသားစုဟာလည်း မီးဘေးသင့် ပြည်သူတွေအတွက် နိုဝင်ဘာလ ၁၁ ရက်နေ့က အကူအညီတွေ သွားပေးခဲ့ကြပါတယ်။ ကိုမိုးဇော်အောင်ကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Camp Fire လို့ အမည်ပေးထားတဲ့ အခုလောင်နေတဲ့ တောမီးဟာ Paradise မြို့အနီးကနေ စတင်လောင်ကျွမ်းတာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မိုင် ၆၂၀ ကျော် ပတ်လည်လောက်မှာ လောင်ကျွမ်းနေတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ် တောမီးလောင်လေ့ရှိတာမှာ တခါတလေ အင်မတန် ကြီးမားပြီး ငြိမ်းသတ်လို့ မနိုင်လောက်တဲ့အထိ လောင်ကျွမ်းလေ့ရှိပါတယ်။ အခုလောင်နေတဲ့ တောမီးကတော့ လောင်ကျွမ်းတဲ့ အကျယ်အဝန်း ကြီးမားတဲ့အပြင် လူအသေအပျောက်လည်း အများဆုံးအဖြစ် စံချိန် တင်သွားပြီ ဖြစ်ပါတယ်။

မီးဘေးသင့် ပြည်သူတွေအတွက် သူ့အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရထံရဲ့ ငွေကြေး ထောက်ပံ့မှု ရရှိနိုင်ရေးအတွက် သမ္မတက ကြေညာချက်ထုတ်ပြန်ပေးဖို့အတွက်လည်း ကျနော်တို့ တောင်းဆိုထားပါတယ်။ ကျနော်တို့ ပြည်နယ်အစိုးရ ဘက်ကလည်း ကြိုးစား ဆောင်ရွက်ပေးသွားမှာပါ။ အခုချိန်ဟာ ဒီအဖြစ်ဆိုးကြီးကနေ ရုန်းထွက် လွတ်မြောက်နိုင်ဖို့ အားလုံး တက်ညီ လက်ညီနဲ့ လုပ်ဆောင်ကြရမယ့်အချိန် ဖြစ်ပါတယ်။”

မီးဘေးသင့်ပြည်သူတွေအတွက် ဗဟိုအစိုးရရဲ့ ကူညီ ထောက်ပံ့မှုတွေ ရနိုင်အောင် မီးလောင်တဲ့ ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က ကြေညာထားပါတယ်။

သမ္မတ Donald Trump ကတော့ ကာလီဖိုးနီးယားပြည်နယ်အတွင်း အခုလို တောမီးတွေ မကြာခန လောင်နေတာဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း ဝေဖန် ပြောကြားခဲ့ပေမယ့် ဘာကြောင့် မီးလောင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် တနင်္လာနေ့မှာတော့ မီးသတ်သမားတွေ၊ အရေးပေါ် ကူညီ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ သတ္တိပြည့်ဝသူတွေဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။

တောမီးစလောင်တဲ့ Paradise မြို့မှာ ၉ နှစ်ကြာလောက် နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၄ လလောက်ကမှ တခြားမြို့ကို ပြောင်းသွားခဲ့တဲ့ မြန်မာနွယ်ဖွား ကိုမိုးဇော်အောင်တို့ မိသားစုဟာလည်း မီးဘေးသင့် ပြည်သူတွေထဲမှာ သူတို့ အသိမိတ်ဆွေတွေပါ ပါဝင်နေတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိုအပ်တဲပစ္စည်းတွေကို တပိုင်တနိုင် သွားလှူခဲ့ကြတာမှာ သူ့အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်။

မိုးဇော်အောင် ။ ။အဲဒီမြို့မှာ ကျနော်တို့ california ကိုစပြောင်းတုန်းက အခြေချနေထိုင်ခဲ့တာ ၊ ကျနော့်အမျိုးသမီးကလည်း အဲဒီမှာ ၉ နှစ်ကျော်လောက်အလုပ်လုပ်တယ်။ ပြီးခဲ့တဲ့ ၄ လလောက်ကမှ ဒီဘက်မြို့ကို ပြောင်းသွားတာ။ ကျနော့်သမီးကလည်း သူငယ်တန်းကနေပြီးတော့ အလယ်တန်းကျောင်းပြီးတဲ့အထိ နေပြီးတော့ အဲဒီမြို့နားနီးတဲ့နေရာကို ပြောင်းသွားတာ။ အဲဒီမှာဆိုရင် သူ့သူငယ်ချင်းအိမ်တွေလည်း မီးထဲမှာ ပါသွားတယ်။ ကျနော့်အမျိုးသမီး ဝန်ထမ်းတွေရဲ့ အိမ်တွေလည်း မီးထဲပါသွားတယ် အဲဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီမြို့ကိုသွားပြီးတော့ မီးဘေးဒုက္ခသည်တွေအတွက် ပစ္စည်းသွားလှူတယ်။

မေး။ ။ကို မိုးဇော်အောင်တို့လည်း ပြောရမယ်ဆိုရင် ကံသီတာပေါ့ ၊ မကြာသေးခင် လပိုင်းလောက်ကမှ ဒီဘက်ကို ပြောင်းလာတာဆိုတော့ အကိုသာ အဲဒီမှာ ရှိနေရင် ကံက္မာဆိုတာ ပြောလို့မရဘူးနော်၊ ကံကောင်းတာလို့ ပြောရမှာပေါ့။

မိုးဇော်အောင် ။ ။ဟုတ်တယ် အခုအထိ ကျနော်တို့ အဲဒီမီးလောင်တဲ့ ပုံတွေကို ကြည့်ပြီးတော့ တွေးမိလိုက်တိုင်း စိတ်ထဲမှာ အရမ်းကို ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရမ်းလည်း တုန်လှုပ်မိတယ်။

မေး။ ။ အခု Paradise မြို့က အမေရိကန်သတင်းတွေမှာ ပြောတာကတော့ ပျက်ဆီးသလောက်ဖြစ်သွားပြီ။ မြို့တောင်ပြန်တည်လို့မရတော့လောက်တဲ့အနေအထားအထိ ပျက်သွားတဲ့ ပုံစံမျိုးပြောနေကြတော့လေ ၊ မြို့က ဘယ်လောက်များကြီးသလဲ လူဦးရေခန့်မှန်းခြေဘယ်လောက်ရှိသလဲ သိသလောက်ပြောပြလို့ရမလား။

မိုးဇော်အောင် ။ ။ မြို့က လူဦးရေ ၃ သောင်းလောက်ရှိတယ်။ တောင်ပေါ်မြို့ဆိုတော့ သစ်ပင်တွေဘာတွေနဲ့ အုံ့ဆိုင်းပြီးတော့နေတယ်။ နောက်ပြီးတော့ ဒီမှာနေတဲ့ အသက်ကြီးတဲ့ retire လုပ်တဲ့လူတွေလည်းနေတယ်ခင်ဗျ။ မြို့က အေးချမ်းပြီးတော့ ဒုစရိုက်သိပ်မရှိတော့ လူနေတာများတယ်။ ဒီမြို့က ရှေးတုန်းက သူတို့တည်ခဲ့တဲ့မြို့ဖြစ်ပြီးတော့ ဒီမြို့မှာ ရွှေတွေဘာတွေလာရှာတဲ့လူတွေရှိတယ်။ နောက်ပြီး ရွေနဲ့ ပတ်သက်တဲ့ festival တွေလုပ်တာတွေရှိတယ်။ အရင်တုန်းကတွေ့တဲ့ ရွှေတုံးတွေပုံစံမျိုးလုပ်ကြတယ်ခင်ဗျ။

မေး။ ။ california gold rush တို့ဆိုတာ ဒီမြို့တွေလည်းပါတာပေါ့

မိုးဇော်အောင် ။ ။ပါတာပေါ့ တချို့တွေလည်း သူတို့ Museum တွေရှိတယ် အဲဒီမှာ ရွှေတုံးတွေတွေ့လို့ရှိရင် အတုံးလိုက်တွေ့တာတွေရှိတယ်။ ဒါပေမယ့် သေချာတာတခုကတော့ မိုးမရွာတာ ၃-၄ နှစ်လောက်ရှိတော့ အောက်မှာရှိတဲ့ မြက်တွေက ခြောက်သွေ့နေတယ် ။ တောမီးကတော့ လောင်တာပေါ့လေ ဒီတခါ လောင်တဲ့အချိန်မှာ လေကပါပင့်ပြီးတော့ လောင်တဲ့အတွက် ချက်ချင်းပြင်းထန်လောင်သွားတာခင်ဗျ။"

ဒီမြို့မှာ လက်ရှိ နေထိုင်နေတဲ့ တခြား မြန်မာမိသားစုတွေတော့ မရှိဘူးလို့ ကိုမိုးဇော်အောင်က ပြောပါတယ်။

အခုချိန်မှာတော့ မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိရသေးဘူးလို့ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown က ပြောပါတယ်။ ဒီတောမီးဟာ ဟောလိဝုဒ်က နာမည်ကြီး မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ နေထိုင်တဲ့မြို့တွေကိုပါ ကူးစက် လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး အတော်များများရဲ့ အိမ်တွေလည်း မီးထဲပါကုန်တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG