သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီး လူ၁၇ထက်မနည်း သေဆုံး


အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ် ကယ်လီဖိုးနီးယားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စလို့ လောင်ကျွမ်းနေတဲ့ တောမီးကို ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေနဲ့ ငြှိမ်းသတ်နေရပြီး လေတိုက်နှုန်းလျော့ပြီး အပူချိန် ကျလာတာကြောင့် မီးငြှိမ်းသတ်မှုမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်မှုဆိုင်ရာ ဌာနကတော့ လေတိုက်နှုန်းနဲ့ ခြောက်သွေ့တဲ့ အခြေအနေက အခက်အခဲ တရပ်အဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ သတိပေးထားပြီး မနေ့ အင်္ဂါနေ့ အထိ ဟက်တာ ၄ သောင်း ၆ ထောင့် ၅ ရာ လောင်ကျွမ်းခဲ့ရတယ်လို့လည်း ပြောဆိုထားပါတယ်။ မီးလောင်မှုနဲ့ ဆက်စပ်ပြီး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အိုးအိမ်နဲ့ စီးပွားရေး လုပ်ငန်း ခန့်မှန်းခြေ ၁၅၀၀ လောက် မီးလောင်ခဲ့ရတယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ ဒေသတွေထဲမှာတော့ ဆန်ဖရန်စစ္စကိုရဲ့ မြောက်ပိုင်းက ကမ္ဘာတလွှားက ခရီးသွားတွေကို ဆွဲဆောင်ရာ ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရှိတဲ့ Napa နဲ့ Sonoma ခရိုင်တွေလည်း ပါဝင်ပါတယ်။ Sonoma ခရိုင်မှာတော့ ပျောက်ဆုံးနေတယ်လို့ သတင်းရထားတဲ့ လူ ၂၀၀ လောက်ကို ရှာဖွေဖို့ ဆောင်ရွက်နေရပြီး လူတွေ အချင်းချင်း ပြန်တွေ့ကြဖို့ကလည်း မလွယ်လှတဲ့ အခြေအနေဖြစ်နေတယ်လို့ ခရိုင်ရဲမှူး Rob Giordano က ပြောပါတယ်။

ဒေသတွင်းကနေ လူတွေ ဘေးအန္တရာယ် ကင်းကင်း ထွက်ခွာနိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ရဲမှူးက ပြောပါတယ်။ လူပေါင်း သောင်းနဲ့ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ထားပြီး ခိုလှုံရေး စခန်းတွေမှာလည်း လူပေါင်း ထောင်နဲ့ချီ လက်ခံထားရပါတယ်။ ပြည်နယ်တွင်းက ခရိုင် ၈ ခုကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ပြည်ထောင်စု အစိုးရဘက်က အကူအညီတွေ ပေးဖို့ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း အုပ်ချုပ်ရေးမှူး Jerry Brown က ပြောပါတယ်။ အကူအညီပေးမယ့် ရန်ပုံငွေကို သမ္မတ Trump က မနေ့ အင်္ဂါနေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG